အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း ၃၄၃ - ဒုက္ခပေးသော ယွမ်လီ
ရွှီယွီချုံးလေးမှာ မျက်လုံး မှိတ်ထားသော်လည်း ဆရာဘိုးဘေးက သူ့ကို စိုက်ကြည့်နေသဖြင့် စိတ်ထဲတွင် အလွန် ထိတ်လန့်နေသည်။
ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် ဆရာဘိုးဘေး၏ အစွမ်းထက်လှသော ဒဏ္ဍာရီများကို ကြားသိခဲ့ရသည်။ ဆရာဘိုးဘေး၏ မျက်လုံးများက အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည်ဟု ဆိုကြသဖြင့် သူ့ရဲ့ဇစ်မြစ်ကို ဆရာဘိုးဘေး သိရှိသွားမည်ကို အလွန် စိုးရိမ်နေမိခြင်း ဖြစ်သည်။
သူသည် ကိုးပြည်ထောင်နယ်သား မဟုတ်ဘဲ ကောင်းကင်ငရဲပင်လယ်မှ လာခဲ့ခြင်း ဖြစ်သည်။ ငယ်ရွယ်လှသော်လည်း ကိုးပြည်ထောင်နယ်မြေသို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ သူ့အတွက်နှင့် သေဆုံးသွားခဲ့ရသော ဦးလေးဖြစ်သူကို တွေးတောမိသောအခါ ရွှီယွီချုံး၏ နှလုံးသားတခုလုံး လေးလံအုံ့မှိုင်းသွားခဲ့သည်။
"မင်းရဲ့စိတ်နှလုံးသားက ဘာလို့ ဒီလောက်တောင် ကမောက်ကမ ဖြစ်နေရတာလဲ..."
လီချင်းချိုး၏ အသံ ရွှီယွီချုံး၏ နားထဲသို့ တိုးဝင်လာသဖြင့် ထိတ်ခနဲ ဖြစ်သွားရသည်။
"ကျွန်တော် တိုးတက်ချင်စိတ်များပြီး... စိတ်စောသွားမိပါတယ်..."
လီချင်းချိုး ဤအဖြေကို မယုံကြည်သော်လည်း ရွှီယွီချုံးကို အတင်းအကျပ် ဖိအားမပေးခဲ့ပေ။
ရွှီယွီချုံး ကျင့်ကြံနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ပြီး
အချိန် နှစ်နာရီ အပြည့် ကုန်လွန်သွားပြီးနောက်မှသာ ရွှီယွီချုံးကို ထွက်ခွာခွင့် ပေးလိုက်တော့သည်။
ဆရာဘိုးဘေးနှင့် လမ်းခွဲပြီးနောက် တောင်ပတ်လမ်းအတိုင်း ရွှီယွီချုံး တစ်ကိုယ်တည်း လျှောက်လှမ်းလာရင်း စိတ်ထဲမှ တိုးတိတ်စွာ သက်ပြင်းချလိုက်မိသည်။
သူသည် ဆရာဘိုးဘေး၏ အကြီးဆုံး မြေးတပည့် ဖြစ်လာခဲ့သဖြင့် ဝမ်းသာမိသော်လည်း ဆရာဘိုးဘေးနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံရသည့်အခါ ကြီးမားသော ဖိအားကို ခံစားနေရသည်။
ရုတ်တရက် ဆရာတူဦးလေးဟူယန်ကို တွေးတောမိသည်။ ဆရာဘိုးဘေး ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သော နောက်ဆုံးတပည့်မှာ ဟူယန် ဖြစ်ပြီး ပြီးခဲ့သည့် ဓမ္မညီလာခံတွင် အနိုင်ရရှိသူလည်း ဖြစ်ကြောင်း သူ ကြားသိထားသည်။ထို့ကြောင့် ဟူယန်ကို လိုက်မှီရမည့် ပစ်မှတ်အဖြစ် စတင် သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။
သူသည် မိမိ၏ ပါရမီအပေါ် ကြီးမားသော ယုံကြည်မှု ရှိသော်လည်း ဟူယန် မည်မျှအထိ သန်မာကြောင်းကို သေချာရေရာစွာ မသိရသေးပေ။
"ဒီပါရမီရှင်တွေရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကို ကြားရုံနဲ့တင် ငါ့မိသားစုထဲက ပါရမီရှင်တွေထက် မနိမ့်ဘူးလို့ ခံစားရတယ်..." ဟု ရွှီယွီချုံး စိတ်ထဲမှ တိုးတိတ်စွာ တွေးတောလိုက်သည်။
ချင်းရှောင်ဂိုဏ်းသည် သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ကြီးမားလှသည်။ သူ့နေနှင့် မသေမျိုးလမ်းစဉ်ထဲသို့ ဝင်ရောက်ပြီး တည်ငြိမ်စွာ ကြီးပြင်းနိုင်ရန် ဂိုဏ်းငယ်လေးတစ်ခုကိုသာ ရှာဖွေလိုခဲ့ခြင်း ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းက သေးငယ်သော်လည်း ၎င်း၏ လျင်မြန်စွာ တိုးတက်လာသော ကြီးမားလှသည့် အရှိန်အဟုန်ကြောင့် ဤဂိုဏ်းသည် အနာဂတ်တွင် ဧကန်မုချ အရှင်သခင် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ဘဲ ခံစားလိုက်ရသည်။
ဤသို့သော အတွေးမျိုးစုံဖြင့် တောင်ပေါ်မှ လျှောက်လှမ်းဆင်းလာစဉ်
ရှေ့မှ လူတစ်ယောက် တောင်ပေါ်သို့ လျှောက်လှမ်းတက်လာနေသည်ယ
ရွှီယွီချုံးက အာရုံမစိုက်မိသော်လည်း သူတို့ ဘေးချင်းယှဉ်၍ ဖြတ်ကျော်သွားစဉ် ထိုသူက ရုတ်တရက် ရပ်တန့်လိုက်ပြီး…
"မင်းနာမည် ဘယ်လိုခေါ်လဲ... မင်းဆရာက ဘယ်သူလဲ..."
လီရှို့မင်က ရွှီယွီချုံးထံသို့ လှည့်ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ရွှီယွီချုံးကို မြင်လိုက်ရသည့် ထိုတစ်ခဏ၌ အကြောင်းရင်းမရှိဘဲ ရင်းနှီးကျွမ်းဝင်သည့်ခံစားချက်မျိုး ခံစားလိုက်ရသည်။
ရွှီယွီချုံး ဝေခွဲမရ ဖြစ်မနေခဲ့ချေ။ အကြောင်းမူကား နေ့စဉ်နှင့်အမျှ လူများစွာ သူ့ကို လာရောက် စကားစမြည် ပြောဆိုလေ့ ရှိသောကြောင့်ပင်။
တစ်ဘက်လူက သူ့ထက် အသက်ကြီးသည်ကို မြင်သောအခါ လက်နှစ်ဖက်ကို မြှောက်၍ အရိုအသေပြုလိုက်ပြီး….
"ကျွန်တော့်နာမည် ရွှီယွီချုံးပါ... ကျွန်တော့်ဆရာက ရွှီနင်း..."
"ဘယ်ရွှီနင်းလဲ..."
"ဂိုဏ်းချုပ်ရဲ့ တပည့်ပါ..."
"ဘာ... မင်းက စီနီယာအစ်မ ရွှီနင်းရဲ့ တပည့်လား..."
လီရှို့မင် အံ့အားသင့်သွာခဲ့သည်။ ယွမ်လီ တပည့်များ လက်ခံထားကြောင်းသာ သိရှိပြီး ရွှီနင်းကလည်း တပည့်တစ်ဦးကို လက်ခံထားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ရွှီယွီချုံးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။သူသည် ဤအဆင့်အတန်းကြောင့် သူ့ထံသို့ ပြဿနာများ ရောက်ရှိလာမည်ကို ကြောက်ရွံ့ခြင်း မရှိပေ။ ဂိုဏ်းချုပ်၏ အကြီးဆုံး မြေးတပည့် ဖြစ်လာခဲ့ကတည်းက နောက်ဆက်တွဲ အကျိုးဆက်အားလုံးကို လက်ခံထားပြီး ဖြစ်ရာ သူ့အဆင့်အတန်းကို ဖုံးကွယ်ထားမည် မဟုတ်ပေ။
လီရှို့မင်က ရွှီယွီချုံးကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်ရင်း သူ့မျက်လုံးများ ပိုမို တောက်ပလာခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တက်ကာ ရွှီယွီချုံး၏ ပုခုံးကို ဖက်၍ ရယ်မောလိုက်ပြီး…
"သွားကြစို့... စကားပြောကြတာပေါ့... ငါက လီစစ်ဖုန်းရဲ့ သား... လီရှို့မင်လို့ ခေါ်တယ်... ငါ့ကို မင်းရဲ့ ဆရာတူဦးလေးလို့သတ်မှတ်လို့ရတယ် ဒါကြောင့် ငါတို့က လူရင်းတွေပဲ."
ရွှီယွီချုံးမှာ မှင်တက်သွားခဲ့သည်။
တစ်ဘက်လူက မိမိထက် ဝါစဉ် ပိုမို မြင့်မားနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
လီစစ်ဖုန်း၏ဖိတ်ခေါ်ချက်ကို ငြင်းဆန်ခြင်း မရှိခဲ့ပေ။ ဤသည်က လီရှို့မင်မှတစ်ဆင့် ချင်းရှောင်ဂိုဏ်းအကြောင်းကို ပိုမို သိရှိနိုင်မည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်သောကြောင့်ပင်။
လီရှို့မင်က ရွှီယွီချုံးကို သူ့ခြံဝင်းထဲသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုက်ပြီး သူတို့ နှစ်ယောက် ပုခုံးချင်းဖက်လျက် တောင်ပေါ်သို့ တက်သွားကြတော့သည်။
……………………
မြင့်မားလှသော ရေခဲတောင်ကြီး၏ ထိပ်တွင် ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုဝေးနေကြသည်။
နွေဦးရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤနေရာတွင် ကောင်းကင်ယံ၌နှင်းများ ပြည့်နှက်နေဆဲပင်။
ယာယီ တည်ဆောက်ထားသော တဲနန်းတစ်ခုအတွင်း ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူ တစ်ဒါဇင်ကျော်နှင့်အတူ ချီချန်ဖုန်းထိုင်နေသည်။
သူတို့၏ အမူအရာများ အုံ့မှိုင်းနေပြီး လေထုမှာလည်း အလွန်ပင် ဖိအားများပြား လေးလံနေသည်။
ချီချန်ဖုန်းက အသက်ကို ပြင်းပြင်းရှူ၍…
"ယွမ်လီကို နှိမ်နင်းနိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလား..."
အင်အားစု နှစ်ခုမှာ လပေါင်းများစွာ စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယွမ်လီသည် ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ အကြောက်ရွံ့ဆုံးသော တည်ရှိမှု ဖြစ်လာခဲ့သည်။ သူတို့တွေ ဂိုဏ်းအတွင်း မည်မျှပင် ကျော်ကြားစေကာမူ ယွမ်လီနှင့် ရင်ဆိုင်ရလျှင် အကောင်းဆုံး ရလဒ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း ဖြစ်ပြီး အဆိုးဆုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံ မကျန်ဘဲ သေဆုံးရခြင်းပင်။
ချီချန်ဖုန်းသည်လည်း ယခင်က ယွမ်လီ၏ လက်သီးတစ်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ဖူးသည်။ သူသည် ယွမ်လီ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာ သိရှိသော်လည်း ဆုတ်ခွာရန် လမ်းမရှိပေ ယွမ်လီကို နှိမ်နင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရမည် သို့မဟုတ်ပါက ဝမ့်ယင်းဂိုဏ်းအနေဖြင့် ချင်းရှောင်ဂိုဏ်းကို ပျက်သုဉ်းစေနိုင်မည် မဟုတ်ပေ။
ထိုစဉ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ရှေ့သို့ တက်လာပြီး….
"ယွမ်လီကို နှိမ်နင်းဖို့အတွက် သူနဲ့ ထိပ်တိုက်တွေ့လို့ မဖြစ်ဘူး... သူ့ကို ရှောင်ကွင်းပြီး တခြား ချင်းရှောင်ဂိုဏ်း တပည့်တွေကို အရင် သတ်ရမယ်... နောက်ဆုံးကျမှ ယွမ်လီကို ဝိုင်း တိုက်ခိုက်ရမယ်..."
ဤစကား ထွက်ပေါ်လာသည်နှင့် အခြားကျင့်ကြံသူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
သဘောတူညီသည့် အသံများကို နားထောင်ရင်း ချီချန်ဖုန်း ဒေါသအိုး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။
"သူ့ကို ဘယ်လို ရှောင်ကွင်းမှာလဲ... ယွမ်လီရဲ့ စစ်ကူပေးတဲ့ အရှိန်က သိပ်မြန်လွန်းတယ်... တစ်ယောက်ယောက်ကတော့ သူ့လက်ထဲ အမြဲ မိနေမှာပဲ..."
ယခင်က ဤလူများကို အစွမ်းထက်သည်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော်လည်း ချင်းရှောင်ဂိုဏ်းနှင့် စစ်ပွဲ စတင်ပြီးနောက် ဤလူများမှာ အသုံးမကျသော ဖွဲအိတ်များသဖွယ် ဖြစ်နေပြီး မည်သူမျှ ယွမ်လီနှင့် မတိုက်ခိုက်ရဲကြချေ။ ယွမ်လီအပြင် ချင်းရှောင်ဂိုဏ်း၌ အခြားသော ဒုက္ခပေးလှသည့် လူအချို့လည်း ရှိသေးသည်။ ဤသည်က ချီချန်ဖုန်းအနေဖြင့် ယွမ်လီကို မရှောင်ကွင်းနိုင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
တိုက်ပွဲအတွင်း အကျပ်အတည်း ဆိုက်ရောက်သည်နှင့် ယွမ်လီက အလျင်အမြန်ပင် လာရောက် စစ်ကူပေးတတ်သည်။
သူတို့ဘက်တွင် ကျင့်ကြံသူ ပိုမို များပြားသော်လည်း တစ်ဘက်လူ၏ ဖိအားပေးမှုကို ဤမျှအထိ ခံနေရသဖြင့် ချီချန်ဖုန်းမှာ ဒေါသများ တဟုန်းဟုန်း တောက်လောင်နေရသည်။
အကယ်၍ နှစ်နှစ်အတွင်း ချင်းရှောင်ဂိုဏ်းကို မနှိမ်နင်းနိုင်ပါက သေချာပေါက် သေဆုံးရမည် ဖြစ်ရာ သူ့တွင် ဆုတ်ခွာရန် လမ်းမရှိတော့ချေ။
ချီချန်ဖုန်း၏ အမူအရာ ပိုဆိုးရွားလာသည်ကို မြင်သောအခါ အဘိုးအိုတစ်ဦးက အကြံပြုလိုက်ပြန်သည်။
"ငါတို့ ယွမ်လီရဲ့ ခွန်အားကို အသိအမှတ်ပြုရမယ်... ရွှီနင်းလို့ ခေါ်တဲ့ အဲဒီအမျိုးသမီး ကျင့်ကြံသူကလည်း ငါတို့ ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး... ငါတို့ ဘာလို့ ကျင့်ကြံရေးလောကက တစ်ကိုယ်တော် ကျင့်ကြံသူတွေကို ငှားပြီး မတိုက်ခိုက်ခိုင်းတာလဲ... သူတို့ကို နှိမ်နင်းနိုင်မယ့် ရက်စက်တဲ့သူတွေ အမြဲ ရှိနေတာပဲ..."
ဤစကားကို ကြားလိုက်ရသောအခါ အခြားသူများ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် သဘောတူလိုက်ကြသည်။
"ဟုတ်တယ်... အဲဒီတစ်ကိုယ်တော် ကျင့်ကြံသူတွေကို ယွမ်လီနဲ့ တိုက်ခိုက်ခိုင်းလိုက်တာပေါ့... အနည်းဆုံးတော့ ငါတို့ သေမယ့်အန္တရာယ် မရှိတော့ဘူး..."
"ရီကျူရှင်းကျွင်းကို အကူအညီတောင်းရင်ကော ဘယ်လိုလဲ..."
"ရီကျူရှင်းကျွင်းကို ရှာဖို့ မလွယ်ဘူး... ရွှမ်တောက်မော့ချီကို ရှာရင်ရော..."
"ယွမ်လီက ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်.. သူ့ကို နှိမ်နင်းဖို့ အစီအရင်တွေနဲ့ ချိတ်ပိတ်ခြင်း ပညာရပ်တွေကို ကျွမ်းကျင်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ကို ရှာတာ အကောင်းဆုံးပဲ..."
"ကျွန်တော့်အမြင်အရတော့ မျက်နှာတစ်ထောင်ပင့်ကူကို ငှားတာ အကောင်းဆုံးပဲ... သူ့ရဲ့ ခွန်အားက အလွန်အမင်း ကြီးမားတာမျိုး မဟုတ်ပေမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ပညာမှာတော့ ကျွမ်းကျင်တယ်..."
ခန်းမအတွင်းရှိ လူများ၏ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသံကို နားထောင်ရင်း ချီချန်ဖုန်းမှာ ဝမ်းသာခြင်း မရှိသည့်အပြင် ပိုမို၍ပင် ဒေါသထွက်လာခဲ့သည်။
တစ်ကိုယ်တော် ကျင့်ကြံသူများကို ငှားရမ်း၍ တိုက်ခိုက်ခိုင်းခြင်းမှာ စကားပြောရုံနှင့် ပြီးသည် မဟုတ်ချေ။ မည်သူက အခကြေးငွေ ပေးမည်နည်း…
သူ့အနေနှင့် ဝမ့်ယင်းဂိုဏ်း၏ အရင်းအမြစ်များကို သုံး၍ ငှားရမ်းလို့ မရနိုင်ပေ။သို့မဟုတ်ပါက နောက်ပိုင်းတွင် တာဝန်ခံရပေလိမ့်မည်။ မိမိကိုယ်ပိုင် ပစ္စည်းများကို ထုတ်ပေးရမည်ဆိုပါကလည်း အလွန်ပင် နာကျင်ရပေလိမ့်မည်။
ကျင့်ကြံရေးလောက၏ ချမ်းသာကြွယ်ဝမှုဟူသည် လောကီလူသားများ၏ ငွေကြေး မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် ကောင်းကင်နှင့်မြေပြင် ရတနာများ စသည်တို့ ဖြစ်ကြသည်။
ယွမ်လီကို သတ်ဖြတ်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကို ငှားရမ်းလိုပါက အဖိုးအခ မနည်းလှပေ။
ချီချန်ဖုန်းခင်မျာ တွေးလေလေ ပို၍ စိတ်ပျက်အားလျော့လေလေ ဖြစ်လာခဲ့သည်။
အကယ်၍ အစောကတည်းက သိရှိပါက ဤတာဝန်ကို လက်ခံခဲ့မည် မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်းကို အလွယ်တကူ ညှစ်ယူ၍ရသော မက်မွန်သီးပျော့လေးတစ်ခုဟု ထင်မှတ်ခဲ့မိသော်လည်း ဝါးရခက်လှသော အရိုးမာကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါ။
ချီချန်ဖုန်း ခေါင်းခဲနေစဉ်အတွင်း ချင်းရှောင်ဂိုဏ်းဘက်၌ ပို၍ စိတ်အေးလက်အေး ရှိလာခဲ့ကြသည်။
အနောက်ဘက်ယွီ မသေမျိုးမြို့တော်ရှိ မြို့စားမင်းအိမ်တော်အတွင်း၌….
ကုချန်ဖိန်၊ ဝေထျန်းရှုံး၊ ချူကျင်းနှင့် မသေမျိုးမြို့တော်၏ အဆင့်မြင့် အရာရှိကြီးများ ခန်းမတစ်ခုအတွင်း စုဝေးနေကြသည်။
ကျန်းယွင်ကွီလည ထိုနေရာတွင် ရှိနေသည်။ သူတို့တွင် ချီချန်ဖုန်းလို ကြီးမားသော ဖိအားမျိုး မရှိကြသော်လည်း သူတို့ကို ခေါင်းခဲစေမည့် အရာအချို့တော့ ရှိနေသည်။
"ဝမ့်ယင်းဂိုဏ်းကို အပြတ်အသတ် အနိုင်ယူဖို့ အင်မတန် ခဲယဉ်းလိမ့်မယ်..."
မသေမျိုးမြို့တော် အကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်ခြင်းပင်။
ဂိုဏ်းအတွင်းရှိ ပါရမီရှင်များကို အားကိုး၍ ချင်းရှောင်ဂိုဏ်းဘက်က အသာစီးမှုကို ဆက်လက် ရယူထားနိုင်သော်လည်း ဝမ့်ယင်းဂိုဏ်း၏ အင်အားမှာ ရေတွက်၍ မရနိုင်လောက်အောင် ရှိနေပုံရသည်။ ကျင့်ကြံသူများ အဆက်မပြတ် လာရောက် စစ်ကူပေးနေကြသဖြင့် သူတို့ကို မည်သည့်အခါမျှ သတ်ဖြတ်၍ ကုန်နိုင်တော့မည် မဟုတ်ဟု ခံစားရစေသည်။
ဝေထျန်းရှုံးက…
"ဒါက အစပဲ ရှိသေးတာ... ဝမ့်ယင်းဂိုဏ်းမှာ အင်မတန် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိနေဦးမှာ သေချာတယ်... ငါတို့ ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာတဲ့အခါမှ စစ်မှန်တဲ့ စမ်းသပ်မှုက ရောက်လာမှာ... ဝမ့်ယင်းဂိုဏ်းအတွက်တော့ ငါတို့က ပိုးကောင်လေးတွေပဲ... ပိုးကောင်လေးတွေရဲ့ အနိုင်ယူတာကို ခံရတာက တကယ့်ကို အရှက်ကွဲခြင်း ဖြစ်လို့ သူတို့က သူတို့ရဲ့ ခွန်အားကို သက်သေပြဖို့ ငါတို့ကို ရူးသွပ်စွာ ကလဲ့စားချေကြလိမ့်မယ်..."
ချူကျင်းကလည်း…..
"လက်ရှိမှာ ငါတို့က ဝမ့်ယင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုနဲ့ပဲ တိုက်ခိုက်နေရတာ... ဝမ့်ယင်းဂိုဏ်းမှာ ဂိုဏ်းခွဲ ကိုးခု ရှိပြီး အဲဒီထဲက ပထမဆုံး သုံးခုက အသန်မာဆုံးပဲ... ငါတို့ အခု စစ်ခင်းနေတဲ့ ဂိုဏ်းခွဲက အားအနည်းဆုံး မဟုတ်ပေမဲ့ အောက်ဆုံး သုံးခုထဲမှာ ပါဝင်တယ်..."
ဤစကားကို ကြားလိုက်ရသောအခါ တက်ရောက်လာကြသည့် အဆင့်မြင့် အရာရှိကြီးများ၏ အမူအရာများ တည်ကြည်လေးနက်သွားကြသည်။
ကုချန်ဖိန်က….
"ကျွန်တော် အစိုးရိမ်ဆုံးက ဝမ့်ယင်းဂိုဏ်းက ကောင်းကင်နေမင်းနယ်ပယ်က မဟာကျင့်ကြံသူတွေကို စေလွှတ်လာမှာပဲ... ယွမ်လီ၊ ရွှီနင်းနဲ့ ကျောက်ကျိန်းတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး... ဒါ့အပြင် အဲဒီ ကောင်းကင်နေမင်းနယ်ပယ်က မဟာကျင့်ကြံသူတစ်ယောက် ပေါ်လာတာနဲ့ အချိန်တိုအတွင်းမှာ ကြီးမားတဲ့ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်..."
ထိုအခါ ဝေထျန်းရှုံးက သရော်ပြုံး ပြုံးလိုက်သဖြင့် လူတိုင်း သူ့ကို လှည့်ကြည့်လိုက်ကြသည်။
"မင်းတို့ရဲ့ အယူအဆတစ်ခု မှားယွင်းနေတယ်... တခြားဂိုဏ်းတွေကို မင်းတို့လို ချင်းရှောင်ဂိုဏ်းကနေ ငယ်စဉ်ကတည်းက ပျိုးထောင်ပေးထားပြီး ချင်းရှောင်ဂိုဏ်းအတွက် အသက်ပေးမယ့်သူတွေလို့ ထင်နေတာလား... တခြားဂိုဏ်းတွေကတော့ မတူဘူး... အစွမ်းထက်တဲ့ ကျင့်ကြံသူ အများအပြားက လမ်းခုလတ်ကနေ ဝင်ရောက်လာကြတာ... အထူးသဖြင့် မဟာကျင့်ကြံသူတွေပေါ့... သူတို့က ဂိုဏ်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးကြတာ... သေချာပေါက် ဂိုဏ်းတစ်ခုတည်းမှာပဲ နေခဲ့တဲ့သူတွေလည်း ရှိပေမဲ့ အဲဒါက တကယ့်ကို ရှားပါးတယ်... ဒါ့အပြင် သူတို့ ကောင်းကင်နေမင်းနယ်ပယ်ကို ရောက်သွားတာနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားပြီ... သူတို့က အနိုင်အရှုံးထက် အသက်ရှည်မှုကိုပဲ ဦးတည် ရှာဖွေကြတော့တာ..."
ဝေထျန်းရှုံး၏ စကားများက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ဤသည်က သူတို့ ယခင်က မတွေးတောဖူးသည့် အမြင်တစ်ခုပင်။
"ဝမ့်ယင်းဂိုဏ်း ပျက်သုဉ်းမယ့် ဘေးဒုက္ခနဲ့ မရင်ဆိုင်ရသရွေ့၊ ပြီးတော့ သူတို့ရဲ့ ဂိုဏ်းချုပ် စိတ်နောက်မနေသရွေ့ ကောင်းကင်နေမင်းနယ်ပယ်က မဟာကျင့်ကြံသူတွေ ကိုယ်တိုင် လှုပ်ရှားမှာ မဟုတ်ဘူး... ဂိုဏ်းတစ်ခု တိုးတက်လာတဲ့ လမ်းစဉ်မှာ ရန်သူတွေ အများကြီးနဲ့ တွေ့ရတတ်တယ်... သူတို့တွေ အကြိမ်တိုင်းမှာ ကိုယ်တိုင် လှုပ်ရှားပေးနိုင်မှာ မဟုတ်ဘူး..."
"ဒါအပြင်..."
ဝေထျန်းရှုံက ရုတ်တရက် စကားရပ်လိုက်သည်။ သူ လီချင်းချိုးကို တွေးတောမိခြင်း ဖြစ်သည်။ အကယ်၍ ဝမ့်ယင်းဂိုဏ်း၏ ကောင်းကင်နေမင်းနယ်ပယ်မှ မဟာကျင့်ကြံသူများသာ လှုပ်ရှားလာပါက လီချင်းချိုးအနေဖြင့် သူတို့ကို အစောကြီး သတ်ဖြတ်ပစ်နိုင်ပြီး နောက်ပိုင်းတွင် ဝမ့်ယင်းဂိုဏ်းကို တိုက်ရိုက် သိမ်းပိုက်နိုင်မည် ဖြစ်သဖြင့် ကောင်းမွန်သောအရာ ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
သေချာပေါက် ဤစကားကို ထုတ်ပြောမည် မဟုတ်ချေ။ သူသည် ဤလူများကို အပျင်းကြီးခွင့် ပေးမည် မဟုတ်ပါ။
ဂိုဏ်းတစ်ခုသည် ၎င်း၏ ဂိုဏ်းချုပ်အပေါ်၌သာ အမြဲတစေ အားကိုးမနေနိုင်ပါ။ ဤကဲ့သို့သော ဂိုဏ်းမျိုးသည် ပုံသဏ္ဌာန် ပျက်ယွင်းနေပေလိမ့်မည်။
ကျန်းယွင်ကွီက ဂိုဏ်း၏ အဆင့်မြင့် အရာရှိကြီးများ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်ကို အလွန် အာရုံစိုက်၍ နားထောင်နေခဲ့သည်။ သူသည် မိမိ၏ နည်းဗျူဟာများနှင့် မဟာဗျူဟာများအပေါ် ကြီးမားသော ယုံကြည်မှု ရှိသော်လည်း ကျင့်ကြံရေးလောကအပေါ် နားလည်မှုပိုင်းတွင် အားနည်းနေသေးသည်။ ထို့ကြောင့် လက်ရှိ အခြေအနေကို အလွန် ကောင်းမွန်သည်ဟု ခံစားရပြီး ပိုမို ကြည့်ရှု၍ ပိုမို လေ့လာနေခဲ့သည်။
သူကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲပါက အမှားအယွင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေမိခြင်းလည်း ဖြစ်သည်။
အကယ်၍ ဂိုဏ်းစစ်ပွဲတစ်ခုတွင် အမှားအယွင်းများ ဖြစ်ပေါ်ပါက လူအများအပြား သေဆုံးရပေလိမ့်မည်။
ကျန်းယွင်ကွီသည် စစ်ပွဲတိုင်းင ရက်စက်ကြမ်းကြုတ်ကြောင်း သိရှိသော်လည်း ထိခိုက်သေဆုံးမှုများကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် လျှော့ချရန် မျှော်လင့်နေဆဲပင်။
ထိုအချိန်တွင် တပည့်တစ်ဦး ခန်းမအတွင်းသို့ အလျင်အမြန် ဝင်လာခဲ့သည်။
"မြို့စားမင်းနဲ့ အကြီးအကဲတို့ကို တင်ပြပါတယ်... ကျောက်ကျိန်းရဲ့ အဖွဲ့က မိစ္ဆာကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်... စစ်မှန်တဲ့ ပုံသဏ္ဌာန်ကိုတော့ ခွဲခြားလို့ မရသေးပါဘူး... သူတို့တွေ စစ်ကူ တောင်းခံနေပြီး တခြားအဖွဲ့တွေကိုလည်း သွားရောက် ကူညီဖို့ စီစဉ်ထားပြီးပါပြီ..."
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ဝမ့်ယင်းဂိုဏ်းဘက်က မိစ္ဆာများ၏ ခွန်အားကို အသုံးပြုလာလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြချေ။
ဝေထျန်းရှုံကတော့ အများနှင့်မတူဘဲ တည်ငြိမ်နေသည်။
"စစ်မှန်တဲ့ စစ်ပွဲက အခုမှ စတာ... ဝမ့်ယင်းဂိုဏ်းက မိစ္ဆာလမ်းစဉ်ဂိုဏ်း ဖြစ်တာကြောင့် ဘယ်လို နည်းလမ်းမျိုးကိုမဆို သုံးတာက သူတို့ရဲ့ စစ်မှန်တဲ့ စရိုက်ပဲ..."
ကျောက်ကျိန်းနှင့် ဟူယန်တို့ကိုပင် စစ်ကူ တောင်းခံစေနိုင်သည့် ထိုမိစ္ဆာကြီးမှာ သေချာပေါက် မရိုးရှင်းနိုင်ပေ။
ဝေထျန်းရှုံက မတ်တတ်ရပ်၍ သရော်ပြုံး ပြုံးလိုက်ပြီး….
"သူတို့က တကယ် အလေးအနက် စလုပ်ပြီဆိုတော့... ဒီအဘိုးကြီးကလည်း လက်တွန့်နေမှာ မဟုတ်ဘူး... ငါလည်း သူတို့ကို မိစ္ဆာလမ်းစဉ်ရဲ့ နည်းလမ်းအချို့ ပြပေးရတော့မှာပေါ့..."
လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး သူ့ရဲ့ မိစ္ဆာလမ်းစဉ် နည်းလမ်းများက ဘာလဲဆိုသည်ကို နားမလည်နိုင်ကြချေ။
တွေးကြည့်မည်ဆိုလျှင် သူတို့တွေ ယနေ့တိုင် ဝေထျန်းရှုံး၏ ဇစ်မြစ်ကို မသိရှိကြသေးချေ။ သူတို့ သိရှိထားသည်မှာ ဝေထျန်းရှုံးက ကျင့်ကြံမှုနယ်ပယ်မြင့်မားပြီး ဂိုဏ်းချုပ်၏ အလေးအနက် ယုံကြည်မှုကို ခံရကာ ဂိုဏ်းတိုးတက်မှုအတွက် ကြီးမားသော ပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့သူ ဖြစ်ကြောင်းသာ သိရှိထားကြသည်။