← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄ ​ရှေးဟောင်းအပျက်အစီးနယ်‌မြေ

​ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့ကြား ဖြစ်ပွားနေသော စစ်ပွဲက အကျပ်အတည်းဆိုက်လျက် ရှိနေသည်။ နှစ်ဖက်စလုံးက နည်းဗျူဟာမျိုးစုံကို အသုံးပြု၍ စစ်မြေပြင်တွင် အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြသည်။ ချင်းရှောင်ဂိုဏ်း၏ တပည့်များက များပြားလှသော ကျင့်ကြံရေးအရင်းအမြစ်များကို သိမ်းပိုက်ရရှိခဲ့ကြပြီး ကျမ်းစာများ၊အစီအရင်များနှင့် လျှို့ဝှက်ကျင့်စဉ်များ ချင်းရှောင်ဂိုဏ်း၏ ကျမ်းစာဆောင်အတွင်းသို့ အဆင်မပြတ်ရောက်လာခဲ့သည်။

​လေးလ‌ပိုင်းအကုန်တွင်….

​လီချင်းချိုးက လင်းရှောင်ခြံဝင်းအတွင်း၌ ထိုင်နေရင်း စစ်မက်ရေးရာ အခြေအနေများနှင့် ပတ်သက်၍ ရှောင်ဝူချင်း၏ တင်ပြချက်ကို နားထောင်နေသည်။

​ဝေထျန်းရှုံးက ဝမ့်ယင်းဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ဖုတ်ကောင်အုပ်စုတစ်စုကို စေလွှတ်ခဲ့ကြောင်း ကြားသိရသောအခါ လီချင်းချိုး၏ မျက်နှာထား ထူးဆန်းသွားသည်။

​ရှောင်ဝူချင်းလည်း ထိုအကြောင်းကို ပြန်လည်ပြောပြနေချိန်တွင် မျက်နှာထားထူးဆန်းနေသည်။

"ဖုတ်ကောင်တွေက အတော်လေး ထူးခြားတယ်... သူတို့က အဆိပ်မြူတွေ မှုတ်ထုတ်နိုင်ပြီး သူတို့ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ ဘာသက်ရှိမှ ကျန်မနေခဲ့ဘူး... ပြီးတော့ ဓားလှံလက်နက်တွေလည်း မတိုးဘူး..."

​လီချင်းချိုးသည် ချင်းရှောင်ဂိုဏ်းက အကြွင်းမဲ့ ဖြောင့်မတ်သော ဂိုဏ်းမဟုတ်ကြောင်း အစဉ်သဖြင့် ပြောဆိုခဲ့သော်လည်း တပည့်များအားလုံးက ကိုယ့်ကိုကိုယ် ဖြောင့်မတ်သော လမ်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားကြဆဲပင်။ထို့ကြောင့် ဝေထျန်းရှုံး၏ နည်းလမ်းများက ထိုဖြောင့်မတ်သော လမ်းစဥ်နှင့် အတန်ငယ် သွေဖည်နေသည်။

"ဖုတ်ကောင်တွေရဲ့ တိကျတဲ့ ဇစ်မြစ်ကို သိရပြီလား..."

​ "အနောက်ဘက်က မင်းဆက်တွေကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတစ်ခုကလို့ ပြောကြတယ်... ခန်းမသခင်ဝေက စစ်မြေပြင်ကနေ ကောက်ယူခဲ့တာပါ..."

​ထိုစကားကို ကြားသောအခါ လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။ ချင်းရှောင်ဂိုဏ်းကို အန္တရာယ်မပြုသရွေ့ များစွာ အာရုံစိုက်နေရန် မလိုချေ။

​"သွားတော့... အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်နေလိုက်..."

​"ဟုတ်ကဲ့..."

​ရှောင်ဝူချင့် ဂါရဝပြု၍ ပြန်လည်ထွက်ခွာသွားတော့ လီချင်းချိုးသည် မတ်တပ်ထရပ်လိုက်ပြီး ကျင့်ကြံရန် မသေမျိုးဂူဆီသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ့ မျက်စိရှေ့၌ အသိပေးချက်တစ်ခု ပေါ်လာသည်။

​【ချင်းရှောင်ဂိုဏ်းတပည့်တစ်ဦးသည် ရှေးဟောင်းအစီအရင်တခုကို ပထမဆုံးအကြိမ် စတင်လှုပ်ရှားစေခဲ့ပြီး အမည်မသိနေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခဲ့သဖြင့် သင်သည် ကံတရား၏ လမ်းညွှန်မှုအခွင့်အရေးတစ်ခုကို ရရှိပါသည်】

​ရှေးဟောင်းအစီအရင်…​နေရာရွှေ့ပြောင်းခြင်း…..

​လီချင်းချိုး၏ မျက်နှာထား ထူးဆန်းသွားပြန်သည်။

ဘယ်သူများလဲ……

​အပြင်ဘက်သို့ ရောက်ရှိနေသော တပည့်အရေအတွက် များပြားလွန်းသဖြင့် ဤကဲ့သို့သော အသိပေးချက်က မည်သည့်အရိပ်အယောင်မျှ ပြသခြင်း မရှိချေ။

​သို့သော်လည်း မည်သူပင် ဖြစ်ပါစေ မိမိအတွက် ကံတရားလမ်းညွှန်မှု အခွင့်အရေးတစ်ခု ဖြစ်ပေါ်စေခဲ့ခြင်းက ကောင်းမွန်သောအရာပင်။

​လီချင်းချိုးက မသေမျိုးဂူဆီသို့ လျှောက်လှမ်းရင်း တစ်ပြိုင်နက်ပင် ကံတရားလမ်းညွှန်မှုဆုလာဘ်ကို စတင်လိုက်သည်။

​【ကံတရားဆုလာဘ်ကို ရယူမည်】

​【ကံတရားကို စတင်မည်】

​【ကံတရားရှာဖွေခြင်းကို လုပ်ဆောင်နေပါသည်】

​【ကံတရားကို ရှာဖွေတွေ့ရှိပါသည်... ​ရှေးဟောင်းအပျက်အစီးနယ်‌မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်... ကံတရား၏ လမ်းညွှန်မှုကို လက်ခံမည်လား】

​​ရှေးဟောင်းအပျက်အစီးနယ်‌မြေနယ်‌မြေ….

​လီချင်းချိုးကတော့ ဤကဲ့သို့သော အခွင့်အရေးများကို သဘောကျသည်။အကြောင်းမူကား ၎င်းတို့ထဲတွင် ကွယ်ဝှက်ထားသော အမွေအနှစ်များ၊ အရင်းအမြစ်များနှင့် အဆင်သင့်အသုံးပြုနိုင်သော မှော်ပစ္စည်းများပင် ပါဝင်နေတတ်သောကြောင့် ဖြစ်သည်။

မသေမျိုးဂူသို့ ပြန်ရောက်သည်နှင့် ကံတရား၏ လမ်းညွှန်မှုကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။

​……………….

​ကမ်းခြေတစ်ခုပေါ်သို့ လှိုင်းလုံးများ ရိုက်ခတ်သွားသည့် အသံက သူ့ နားထဲသို့ ရောက်ရှိလာသဖြင့် ချင်ယဲ့၏ အသိစိတ် တဖြည်းဖြည်းချင်း နိုးထလာပြီး မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားသည်။

​နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ကျရောက်နေသည်။ ယခုချိန်တွင် သူ့ဝတ်ရုံများ စုတ်ပြဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စွန်းထင်နေကာ ဝမ်းဗိုက်ညာဘက်ခြမ်းမှာ အသားစများ ကြေမွပျက်စီးနေသည့် အစုအဝေးတစ်ခု ဖြစ်ပေါ်နေသဖြင့် ဖြည်းညင်းစွာ အသက်ရှူနေရသည်။

မျက်လုံးများကို ဖွင့်လိုက်သောအခါ နေရောင်ခြည်က သူ့ကို နေရထိုင်ရ ခက်ခဲစေသဖြင့် အမြင်အာရုံကြည်လင်လာသည်အထိ အချိန်အတန်ကြာအောင် ညှိယူလိုက်ရသည်။

​"ငါ... ငါ အသက်ရှင်နေသေးတာလား..."

​ချင်ယဲ့သည် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကိုသာ ခံစားနေရရင်း မိမိဘာသာ ရေရွတ်လိုက်မိသည်။

​ ယခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောလိုက်မိသည်။ သူတို့၏ ချင်မိသားစု ရေတပ်စုက ဟော်ထျန်းပင်လယ်အတွင်းရှိ ကျင့်ကြံရေးကျွန်းငယ်လေးတစ်ခုနှင့် နောက်ဆုံးတွင် ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့သည်။ သူတို့ ခြေကုတ်ယူပြီး နှစ်နှစ်ခန့်မျှသာ ရှိသေးစဉ် ကိုးပြည်ထောင်နယ်မြေသို့ ပြန်လည်ရွက်လွှင့်ခဲ့ရာ လမ်း၌ ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်။

​သူသည် ပင်လယ်ထဲသို့ ခုန်ချခဲ့ပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသာမကယ်တင်ခဲ့လျှင် သူ့အနေနှင့် ပင်လယ်ရေအောက်တွင် မြှုပ်နှံခံရပြီး ဖြစ်လိမ့်မည်။

ထို့နောက်တွင် ထိုအမျိုးသမီးနောက်သို့ လိုက်ပါကာ အခြားကျွန်းတစ်ကျွန်းသို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် ထိုအမျိုးသမီး၏ မိသားစုမှာ သတ်ဖြတ်ခံခဲ့ရပြီး သူတို့နှစ်ဦးထပ်မံထွက်ပြေးခဲ့ရပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင် ရန်သူက မညှာမတာ လိုက်လံ အမဲလိုက်ခဲ့သဖြင့် ကျွန်းတစ်ကြိမ်ပေါ်ရှိ ဂူတစ်ခုအတွင်း ပုန်းအောင်းခဲ့ရသည်။ တိုက်ဆိုင်စွာပင် ဂူအတွင်းရှိ စန္တယားယန္တရားတစ်ခုကို လှုပ်ရှားမိစေခဲ့ပြီးနောက် မေ့‌မြောသွားခဲ့သည်။

​အရာအားလုံးက မြန်ဆန်လွန်းလှသည်။ရက်အနည်းငယ်အတွင်းမှာပင် ချင်ယဲ့ ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

​ခက်ခက်ခဲခဲ ရုန်းကန်၍ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သောအခါ မိမိကို ကယ်တင်ခဲ့သည့် အမျိုးသမီးမှာ အဝေးရှိ ကမ်းခြေပေါ်တွင် သတိမေ့မြောလျက် လဲလျောင်းနေသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။

​သူ ထိုအမျိုးသမီးထံသို့ ယိမ်းထိုးလျက် လျှောက်လှမ်းသွားခဲ့သည်။

​ဤအခိုက်အတန့်တွင် သူသည် မိမိကိုယ်ကို ကိုးပြည်ထောင်နယ်မြေနှင့် များစွာ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နောင်လာမည့် အချိန်အတော်ကြာအောင် ချင်းရှောင်ဂိုဏ်းသို့ ပြန်လည်သွားရောက်နိုင်တော့မည် မဟုတ်ကြောင်းကို မသိရှိသေးချေ။

​ညနေခင်းအချိန်၌ လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ရောက်ရှိလာသည်။ သူသည် အနည်းငယ် တုံ့ဆိုင်းနေရင်း မျက်မှောင်ကြုတ်လိုက်သည်။

​ထို​ရှေးဟောင်းအပျက်အစီးနယ်‌မြေက အနောက်ဘက် တားမြစ်နယ်မြေ၏ အနောက်ဘက်တွင် တည်ရှိပြီး ကိုးပြည်ထောင်နယ်မြေနှင့် များစွာ ဝေးကွာလှသည်။ ဤသည်က ချင်းရှောင်တောင်နှင့် အဝေးဆုံးသော ကံတရားလမ်းညွှန်မှု အခွင့်အရေး ဖြစ်သဖြင့် မည်သူ့ကို စေလွှတ်ရမည်ကို ချီတုံချတုံ ဖြစ်နေသည်။

​​ရှေးဟောင်းအပျက်အစီးနယ်‌မြေများတွင် ကန့်သတ်ချက်များနှင့် အစီအရင်များ ရှိနေမည်မှာ သေချာသဖြင့် ဝိညာဉ်အသိအာရုံအဆင့်ရှိ တပည့်များအတွက် ကြီးစွာသော စမ်းသပ်မှု ဖြစ်လာပေလိမ့်မည်။

​အဖန်ဖန် တွေးတောပြီးနောက် ကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ဤသည်က အနောက်ဘက် စစ်မြေပြင်၏ အခြေအနေကို ကြည့်ရှုရန်အတွက်လည်း ကောင်းမွန်သော အခွင့်အရေး ဖြစ်ပေသည်။

​ထိုင်လိုက်ပြီးနောက် ဂိုဏ်းချုပ်တံဆိပ်ပြားကို အသုံးပြု၍ ကျန်းယွီချွန်းနှင့် ယွင်ချိုင်တို့ကို ဆင့်ခေါ်လိုက်သည်။ သူသည် ကိုယ်တိုင် တောင်အောက်သို့ ဆင်းမည်ဖြစ်ကြောင်းနှင့် အခြားသူများကို မပြောရန်၊ ဂိုဏ်းကို သေချာစွာ စောင့်ကြည့်ရန် မှာကြားလိုက်သည်။

"ဂိုဏ်းချုပ်... ဘယ်ဘက်ကို သွားမှာလဲ..."

​"အနောက်ဘက်..."

​ထိုအဖြေကို ကြားသောအခါ ကျန်းယွီချွန်း သက်ပြင်းချနိုင်ခဲ့သည်။ လီချင်းချိုး အခြားဦးတည်ချက်သို့ သွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စစ်မြေပြင်နှင့် ထိုက်ခွန်းတောင်တန်း နှစ်ခုစလုံးတွင် တစ်ပြိုင်နက် ပြဿနာတက်လာပါက သူ့အတွက် ဖိအားက ကြီးမားလှပေလိမ့်မည်။

​လီချင်းချိုး အနောက်ဘက်သို့ သွားခြင်းက ဝမ့်ယင်းဂိုဏ်းကို ဦးတည်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

​ဤသည်က လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ဖြစ်ပုံရပေသည်။

​"ငါ့အတွက် အဆင့်မြင့် သိုလှောင်အိတ် အနည်းငယ် ပြင်ဆင်ပေးပါ..."

ထိုအခါ ​ကျန်းယွီချွန်းက အသေးစိတ်ကို မမေးမြန်းဘဲ ပြင်ဆင်ရန်အတွက် လှည့်ထွက်သွားသည်။

​ယွင်ချိုင်က လီချင်းချိုးကို ကြည့်ကာ…. "ကျွန်မ ဂိုဏ်းကို ရှင်မရှိခင် သေချာပေါက် စောင့်ရှောက်ထားပါ့မယ်..."

​ဤတစ်ကြိမ်တွင် သူမ လီချင်းချိုးကို ဖက်တွယ်မနေခဲ့ချေ။ သူမသည်လည်း သူ့တွင် လျှို့ဝှက်တာဝန်တစ်ခု ရှိနေသည်ဟု ယူဆထားသည်။

​လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

​ယွင်ချိုင် ထွက်ခွာသွားပြီးနောက် လီချင်းချိုးတယောက်တည်း လင်းရှောင်ခြံဝင်းအတွင်း၌ ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

​အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်ခန့်အကြာတွင် ကျန်းယွီချွန်းတယောက် အဆင့်မြင့် သိုလှောင်အိတ် ခြောက်အိတ်ကို ယူဆောင်လာခဲ့သည်။

လီချင်းချိုးက ထိုသိုလှောင်အိတ်အားလုံးကို သူ၏ ခါးပတ်တွင် ချိတ်ဆွဲလိုက်ပြီး မသေမျိုးဂူသို့ ပြန်ကာ ထိုက်ကျွယ်နတ်ဓားကို ယူဆောင်ခဲ့သည်။

​သူသည် ကောင်းကင်လက်မှုပညာခန်းမကို ထိုက်ကျွယ်ဓားအတွက် အထူးဓားအိမ်တစ်ခု ပြုလုပ်စေခဲ့သည်။ ၎င်းကို ခါးတွင် ချိတ်ဆွဲထားလျှင် ဓားအိမ်၏ အောက်ခြေမှာ မြေပြင်နှင့် ထိလုနီးပါး ဖြစ်နေသည်။

​ပြင်ဆင်ပြီးနောက် ညဉ့်နက်သန်းခေါင်အမှောင်ထုကို အကာအကွယ်ယူပြီး အနောက်ဘက်သို့ ဦးတည်ထွက်ခွာခဲ့သည်။

​ကံတရားလမ်းညွှန်မှုမှ ရရှိထားသော မှတ်ဉာဏ်များ ရှိနေသဖြင့် ဦးတည်ချက်တစ်ခုကို တိုက်ရိုက် သတ်မှတ်၍ ပျံသန်းခဲ့သည်။ သူသည် အနောက်ဘက် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်ပင် မရပ်တန့်ဘဲ ထူထပ်သော မြူခိုးများကို ဖြတ်သန်း၍ ရှေ့သို့ တိုးဝင်ခဲ့သည်။

​ချင်းရှောင်တောင်မှ အနောက်ဘက် တားမြစ်နယ်မြေအထိ အချိန်များစွာ မကုန်ဆုံးခဲ့ချေ။ သို့သော် အနောက်ဘက် တားမြစ်နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် အရှိန်ကို လျှော့ချကာ လမ်းခရီးတစ်လျှောက်ရှိ တပည့်များ၏ အခြေအနေကို စောင့်ကြည့်ခဲ့သည်။

ထို့နောက် ​ချင်းရှောင်ဓားကို နင်းစီးလျက် လေကိုဆန်၍ ရှေ့သို့ ခရီးဆက်နှင်ခဲ့သည်။

​ထောက်လှမ်းရေး အစီရင်ခံစာများမှတစ်ဆင့် စစ်ရေးအခြေအနေကို သိရှိရခြင်းသည် မိမိမျက်စိဖြင့် တိုက်ရိုက်မြင်တွေ့ရခြင်းနှင့် လုံးဝ ကွဲပြားခြားနားလှသည်။ တပည့်များစွာ တောလမ်းခရီး၌ အနားယူနေကြသည်ကို တွေ့မြင်ခဲ့ရပြီး အချို့မှာ ဒဏ်ရာရရှိထားကြကာ အချို့ကတော့ မိမိတို့၏ ကျင့်စဉ်များကို လေ့ကျင့်နေကြသည်။

​ဤတပည့်များသည် လအနည်းငယ်ကြာအောင် ရွေ့လျားခဲ့ကြရသဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး နွမ်းနယ်နေကြပြီ ဖြစ်သည်။

​လီချင်းချိုး၏ နှလုံးသားထဲတွင် သနားဂရုဏာ အနည်းငယ် ဖြစ်ပေါ်မိသော်လည်း တတ်နိုင်သည့်အရာ မရှိချေ။ ဝမ့်ယင်းဂိုဏ်းသည် အလွယ်တကူ ရင်ဆိုင်နိုင်သော ရန်သူ မဟုတ်ပေ။

​တစ်ညလုံး တပည့်များ၏ ရှေ့မှောက်၌ ကိုယ်ထင်မပြဘဲ လျှို့ဝှက်စွာသာ စောင့်ကြည့်ခဲ့သဖြင့် သူ ရောက်ရှိလာခြင်းကို မည်သူမျှ မသိရှိခဲ့ကြချေ။

​မိုးလင်းသောအခါ လီချင်းချိုး အနောက်ဘက် တားမြစ်နယ်မြေမှ ထွက်ခွာခဲ့ပြီး ​ရှေးဟောင်းအပျက်အစီးနယ်‌မြေများဆီသို့ ပျံသန်းသွားခဲ့သည်။

​ဤမျှအထိ ဝေးကွာအောင် ပျံသန်းခဲ့သော်လည်း ခရီးစဉ်၏ တစ်ဝက်မျှသာ ရှိသေးသဖြင့် ဤ​ရှေးဟောင်းအပျက်အစီးနယ်‌မြေ မည်မျှ ဝေးကွာကြောင်း ထင်ရှားလှသည်။

​လီချင်းချိုး၏ မူလချီစွမ်းအင်မှာ လျှံပယ်နေပြီး ပျံသန်းမှုအရှိန် အလွန်တရာ မြန်ဆန်လှသည်။ ထို့နောက်တွင် ​ရှေးဟောင်းအပျက်အစီးနယ်‌မြေများဆီသို့ အရှိန်အကုန်မြှင့်၍ ပြေးဝင်ခဲ့လေသည်။

​နေ့တစ်ဝက်ခန့် ကြာပြီးနောက် ကျယ်ပြောလှသော လွင်ပြင်တစ်ခုကို ဖြတ်သန်းကာ တောင်တန်းတစ်ခုကြားသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာရှိ တောင်ထွတ်များသည် ခန့်ညားထည်ဝါလှပြီး အဆက်မပြတ် လှိုင်းတွန့်လျက် ရှိနေသည် အနောက်ဘက် တားမြစ်နယ်မြေကဲ့သို့ အဆိပ်မြူများ မရှိဘဲ လောကီမြေပြင်ပေါ်ရှိ နတ်သက်ကြွေရာ နယ်မြေတစ်ခုကဲ့သို့ ရှိနေသည်။

​ထို​ရှေးဟောင်းအပျက်အစီးနယ်‌မြေသည် တောင်ကျစမ်းချောင်းတစ်ခုအတွင်း တည်ရှိသည် မြေပြင်ပေါ်ရှိ အက်ကြောင်းတစ်ခုအတိုင်း လိုက်ပါသွားပါက အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

​လီချင်းချိုး ဤနေရာသို့ ရောက်ရှိလာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။

ထိုအက်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းအတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်ခဲ့သည်။

​ကတ္တရာစေးကဲ့သို့ မှောင်မိုက်လှသော နေရာတစ်ခုကို ဖြတ်သန်းပြီးနောက် လီချင်းချိုး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ပတ်ဝန်းကျင်တခွင်လုံး မှောင်မိုက်နေဆဲပြီး နှစ်ဖက်စလုံးရှိ တောင်နံရံများက အလွန်အမင်း ကျဉ်းမြောင်းမနေချေ။ ဤကဲ့သို့သော မှောင်မိုက်လှသော ပတ်ဝန်းကျင်တွင်ပင် သူ့အနေနှင့် လမ်းခရီးတစ်လျှောက်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။

​သို့သော် ခြေလှမ်းအနည်းငယ် မျှသာ လှောက်ရသေးစဉ် လူသားတစ်ဦး၏ တည်ရှိမှုကို အာရုံခံမိလိုက်သည်။

​"ဘာဖြစ်တာလဲ... ကံတရားလမ်းညွှန်မှုက ငါ့အတွက် ဘာအန္တရာယ်မှ မရှိစေဘူးမလား.."

​လီချင်းချိုး မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်ရက်တာအတွင်းမှာပင် တစ်စုံတစ်ခု ပြောင်းလဲသွားခြင်းလော။

​ ခဏမျှ တွေးတောလိုက်ပြီးနောက် အခြေအနေ မည်သို့ရှိသည်ကို ကြည့်ရှုရန် ထိုလူရှိရာသို့ လျှောက်လှမ်းသွားရန် ဆုံးဖြတ်လိုက်သည်။

​ဤ​ရှေးဟောင်းအပျက်အစီးနယ်‌မြေကို ချင်းရှောင်ဂိုဏ်း၏ ရတနာမြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်သဖြင့် အခြားသူများကို လက်တစ်ချောင်းမျှ အထိခံမည် မဟုတ်ပေ။

​ကွေ့ကောက်လှသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်း၍ မိုင်အနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် နောက်ဆုံးတွင် ရှေ့၌ ထွက်ပေါက်တစ်ခု ပေါ်လာခဲ့သည်။ ထွက်ပေါက်သို့ ချဉ်းကပ်၍ ရှေ့ကို ကြည့်လိုက်တော့ ကျယ်ပြောလှသော မြေအောက်လူနေခန်းမကြီးတစ်ခု သူ့ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ကြီးမားလှသော ဝိညာဉ်ရေကန်တစ်ခုက မြေအောက်ခန်းမ၏ ဗဟိုဧရိယာကို သိမ်းပိုက်ထားပြီး ရေကန်ဘေးတွင် အရွယ်အစားမျိုးစုံရှိသော ကြီးမားလှသည့် သလင်းကျောက်များ ရှိနေကြပြီး သိပ်သည်းလှသော ဝိညာဉ်ချီများက သူ့ထံသို့ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာသည်။

​လီချင်းချိုး၏ အကြည့်က ရေကန်၏ ဆန့်ကျင်ဘက်ဘက်ခြမ်းရှိ အထူးတလည် ကြီးမားသော သလင်းကျောက်တုံးကြီးဆီ ကျရောက်သွားခဲ့သည်။ ၎င်း၏အတွင်း၌ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အမှန်တကယ်ပင် ချိတ်ပိတ်ခြင်း ခံထားရသည်။ သူမ၏ မျက်လုံးများ ပွင့်နေပြီး သူမ၏ အကြည့်မှာ လီချင်းချိုးထံသို့ စူးစိုက်ကျရောက်နေသည်။

သူမ၏ ကျင့်ကြံမှုအဆင့်ကို အာရုံခံလိုက်တော့ဝိညာဉ်အသိအာရုံအဆင့်၏ ကိုးခုမြောက်အလွှာတွင် ရှိနေလောက်သည်ကို သိလိုက်ရသည်။

​သူသည် ထိုခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးထံသို့ လျှောက်လှမ်းသွားရင်း သူမ အဘယ်ကြောင့် ဤနေရာတွင် ချိတ်ပိတ်ခံထားရကြောင်းနှင့် မည်မျှကြာအောင် ရှိနေခဲ့ကြောင်းကို သိချင်စိတ် ဖြစ်ပေါ်နေသည်။

​အချိန်အတော်ကြာပြီးနောက် လီချင်းချိုး သူမ ရှေ့သို့ အေးအေးလူလူ ရောက်ရှိလာခဲ့သည်။

​ဤခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် သိမ်မွေ့လှပသော ရုပ်သွင်ရှိပြီး အသက် ၁၆ သို့မဟုတ် ၁၇ခန့်သာ ရှိပုံရသည်။ သူမ၏ ဆံနွယ်ရှည်များက ခါးအထိ ကျရောက်နေပြီး သပ်ရပ်လှပသော သရဖူတစ်ခုကို ဆင်ယင်ထားသည်။ သူမ ဝတ်ဆင်ထားသော ခရမ်းရောင် ပိုးဖဲဝတ်ရုံနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ တစ်ကိုယ်လုံးမှာ မြင့်မြတ်ပြီး ထူးကဲသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထင်ရှားလှသည်မှာ သူမသည် သာမန်နောက်ခံမှ လာသူ မဟုတ်ချေ။ သူမ၏ နောက်ကျောတွင်လည်း ဓားတစ်လက် ရှိနေပြီး ၎င်းသည်လည်း အလားတူ ချိတ်ပိတ်ခံထားရသည်။

​ရုပ်ရည်ပိုင်းအရ ဤအမျိုးသမီးသည် လီချင်းချိုး မြင်တွေ့ခဲ့ဖူးသမျှထဲတွင် ထိပ်ဆုံး သုံးယောက်အတွင်း ဝင်နိုင်ပေသည်။ အမူအရာပိုင်းတွင်မူ သူမ၌ ထူးခြားသော မြင့်မြတ်သည့် အရှိန်အဝါမျိုး ရှိနေသည်။

ဤမြင့်မြတ်မှုက မောက်မာစော်ကားခြင်း မရှိသော်လည်း လျစ်လျူရှုရန် ခက်ခဲလှသည်။

​ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက သူ့ကို မျက်တောင် အသည်းအသန် ခတ်ပြနေပြီး ကယ်တင်ရန် တောင်းပန်နေပုံရသည်။

​လီချင်းချိုး လက်ဖဝါးကို သလင်းကျောက်ပေါ် တင်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မူလချီစွမ်းအင်ကို အသုံးပြု၍ သလင်းကျောက်အတွင်းရှိ မမြင်နိုင်သော ကန့်သတ်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။

မကြာမီတွင် သလင်းကျောက်တုံးကြီးမှာ ဝိညာဉ်ချီအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးလည်း ၎င်းနှင့်အတူ အောက်သို့ ကျရောက်လာပြီး ယိမ်းထိုးလျက် မြေပြင်ပေါ်သို့ ထိုင်ရက် လဲကျသွားသည်။

​ လီချင်းချိုးကို မော့ကြည့်လိုက်သော သူမ၏ မျက်နှာတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

"ကျေးဇူးတင်ပါတယ်... တာအိုမိတ်ဆွေ..."

​သူမ မြေပြင်ပေါ်တွင် ထိုင်လျက် သူ့ကို မော့ကြည့်နေခြင်းက လီချင်းချိုးကို အနေခက်စေသည်။

​"ထပြီးမှ စကားပြော..."

​"ခဏလောက် စောင့်ပါဦး... နှစ်အတော်ကြာအောင် ချိတ်ပိတ်ခံထားရတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က နည်းနည်း ထုံကျင်နေလို့ပါ..."

​ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ လေသံတွင် ကူကယ်ရာမဲ့မှု အရိပ်အယောင်များ ပါဝင်နေသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ... ဘယ်ကလာတာလဲ... ဘာလို့ ဒီနေရာမှာ ချိတ်ပိတ်ခံထားရတာလဲ..."

​"ကျွန်မနာမည် ကျိုးလင်ဟွမ်းပါ... ထျန်းချင်းမသေမျိုးဂိုဏ်းက လာတာပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ အမဲလိုက်ခံခဲ့ရလို့ ဒီနေရာမှာ ပုန်းအောင်းခဲ့တာ... ကံဆိုးစွာပဲ ဒီနေရာက မိစ္ဆာသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်... သူက အဆိပ်မြူတွေ မှုတ်ထုတ်ပြီး ကျွန်မကို သလင်းကျောက်ထဲမှာ ချိတ်ပိတ်ပစ်ခဲ့တာ..."

ထိုအကြောင်းကို ပြောဆိုရာတွင် သူမခင်မျာ ထိုမိစ္ဆာသားရဲ ပေါ်လာမည်ကို စိုးရိမ်၍ ပတ်ဝန်းကျင်ကို ချက်ချင်း ဝေ့ဝဲကြည့်ရှုကာ သတိကြီးစွာ ထားနေသည်။

​လီချင်းချိုး၏ ဝိညာဉ်အသိအာရုံဖြင့် ဤနေရာကို စောစီးစွာကပင် စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်သဖြင့် အနီးအနားတွင် မည်သည့် မိစ္ဆာသားရဲမျှ မရှိချေ။

​ထျန်းချင်းမသေမျိုးဂိုဏ်း…..

​ဤသည်က လီချင်းချိုး အနေဖြင့် ဤဂိုဏ်း၏ အမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဂိုဏ်းတစ်ခု၏ အမည်တွင် 'မသေမျိုးဂိုဏ်း' ဟူသော နာမည်ကို ဆောင်ကျဉ်းနိုင်ရန်အတွက် ၎င်းသည် သာမန်ရိုးရှင်းသော ဂိုဏ်းတစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။

​သူသည် ယခုတွင် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ဤအမျိုးသမီးကို မည်သို့ ကိုင်တွယ်ရမည်ကို ဝေခွဲမရဖြစ်နေသည်။

​သူသည် ရန်ငြိုးမရှိဘဲ လူတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်မည့် အဆိုးတကာ့အဆိုးဆုံး လူရမ်းကားတစ်ဦး မဟုတ်ချေ။

​ကျိုးလင်ဟွမ်းကတော့ လီချင်းချိုး မည်သည်ကို တွေးတောနေကြောင်း မသိရှိချေ။

"ရှင့်နာမည်ကရော... ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲ..."

​ "ငါ့နာမည်က လီပိုင်... ငါက တကိုယ်တော်ကျင့်ကြံသူတစ်ဦးပါ... အခွင့်အရေးတွေ ရှာဖွေရင်းနဲ့ လောကအနှံ့ လှည့်လည်သွားလာနေရင်း တိုက်ဆိုင်စွာနဲ့ ဒီနေရာကို ရောက်လာခဲ့တာ..."

​"တကိုယ်တော် ကျင့်ကြံသူ ဟုတ်လား... ဘာဖြစ်လို့ ဂိုဏ်းတစ်ခုခုကို မဝင်တာလဲ..." ကျိုးလင်ဟွမ်းက ဆက်လက်မေးမြ်န်းရင်း သူမ၏ လက်များကို မြေကြီးပေါ်တွင် ထောက်ကာ ထရပ်ရန် ကြိုးစားလိုက်သော်လည်း မတတ်နိုင်ခဲ့ပေ။

All Chapters