အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း ၃၄၅ - ဖေးရှန်းတာအိုဂိုဏ်း
" အရင်က ဂိုဏ်းထဲမှာ မတရားတာတွေ ကြုံခဲ့ရလို့ အဲ့ဒီမှာ ဆက်မနေချင်တော့တာ... အခုလို ဘာမဆို လွတ်လွတ်လပ်လပ်နဲ့ အပူအပင်မရှိ နေရတာက တော်တော်လေး ကောင်းပါတယ်..."
ကျိုးလင်ဟွမ်းသည် ယခုအချိန်တွင် အပြစ်ကင်းစင်သည့် ပုံစံ ပေါက်နေသော်လည်း ဤမိန်းမမှာ ဝိညာဉ်အသိအာရုံအဆင့် နဝမအလွှာ ကျင့်ကြံခြင်းအဆင့် ရှိသူ ဖြစ်သဖြင့် သူမ၏ အသွင်အပြင်ကို ကြည့်၍ လျှော့တွက်မည် မဟုတ်ပေ။
ဤစကားကို ကြားရသောအခါ ကျိုးလင်ဟွမ်းမှာ လီချင်းချိုးအပေါ် မရည်ရွယ်ဘဲ သနားစိတ် ဝင်မိသွားသည်။
တရားဝင် လမ်းစဉ်၏ မြင့်မြတ်သော နယ်မြေတစ်ခု ဖြစ်သည့် ထျန်းချင်းမသေမျိုးဂိုဏ်းတွင်ပင် မတရားမှုများ ရှိနေတတ်ရာ အခြားသော ဂိုဏ်းငယ်များတွင် ဆိုလျှင် ပြောနေစရာပင် လိုမည် မဟုတ်ပေ။
"ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်... ရှင် ဘာပဲလိုချင်လိုချင် ကျွန်မ တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်..."
"မင်း ဒီနေရာကနေ ထွက်သွားပေးနိုင်မလား... မင်း ဒီနေရာမှာ ရှိနေရင် ငါ့အတွက် လှုပ်ရှားရတာ အဆင်မပြေဘူး... အကယ်၍ ကောင်းတဲ့ ရတနာတွေ တွေ့ရင် မင်းအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ဝင်လာနိုင်တယ်... ဒါမှမဟုတ် မင်းကို ရန်မူတာမျိုးတောင် လုပ်မိနိုင်တယ်..."
ကျိုးလင်ဟွမ်းမှာ တစ်ခဏမျှ ဆွံ့အသွားပြီး လီချင်းချိုးဘက်က ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့သော်လည်း လီချင်းချိုးက သူမကို အရင်ဆုံး ကယ်တင်ခဲ့သူ ဖြစ်သဖြင့် ဤစကားကို ကြားရုံနှင့် သူ့ကို လူယုတ်မာတစ်ဦးဟု မသတ်မှတ်မိဘဲ ဆန့်ကျင်ဘက်အနေဖြင့် စိတ်သဘောထား ဖြောင့်မတ်ပွင့်လင်းသူတစ်ဦးဟုသာ ခံစားလိုက်ရသည်။
"စိတ်ချပါ... ကောင်းတဲ့ ရတနာတွေ ရှိရင်တောင် ကျွန်မ ရှင်နဲ့ လုမှာ မဟုတ်ပါဘူး... အမှန်တိုင်း ပြောရရင် အရာ အားလုံးကို စွန့်လွှတ်ပြီး လုရလောက်တဲ့ ရတနာမျိုး ဒီနေရာမှာ ရှိလိမ့်မယ်လို့ ကျွန်မ မထင်ဘူး... ဒါ့အပြင် ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်... ဖိနှိပ်ခံထားရတဲ့ နှစ်တွေအတွင်းမှာ ဒီနေရာနဲ့ ပတ်သက်ပြီး ကျွန်မ အတိုင်းအတာတစ်ခုအထိ နားလည်ခဲ့တာတွေ ရှိတယ်..."
ကျိုးလင်ဟွမ်းက ပြောပြောဆိုဆိုနှင့် မတ်တတ်ထရပ်လိုက်ရာ ခန္ဓာကိုယ် ခွန်အားများ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။
"အကယ်၍ မင်းနဲ့ငါ စစ်ပွဲ ဖြစ်လာရင် ကညှာတာနေမှာ မဟုတ်ဘူး..."
"ရှင်က ကျွန်မထက် ကျင့်ကြံခြင်း အဆင့် မြင့်တာပဲ... ကျွန်မက ရှင့်ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး... ဒါ့အပြင် ကျွန်မ ကျိုးလင်ဟွမ်းကလည်း ကောက်ကျစ်စဉ်းလဲတဲ့သူ မဟုတ်ပါဘူး... ထျန်းချင်းမသေမျိုးဂိုဏ်းမှာ ကျွန်မအကြောင်း စုံစမ်းကြည့်ရင် ကျွန်မရဲ့ စိတ်နေစိတ်ထားကို သိနိုင်ပါတယ်... ပြီးတော့ ကျွန်မရဲ့ အဖေက..."
သူမ ပြောနေရင ရုတ်ခြည်း ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို သတိပြုမိသွားပုံ ရသည်။
သူမ၏ အဖေက အလွန် အစွမ်းထက်သည့် အရှိန်အဝါကြီးမားသူတစ်ဦး ဖြစ်ပုံရသည်။ ထျန်းချင်းမသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေမလားဟု လီချင်းချိုး ခန့်မှန်းလိုက်မိသော်လည်း ဆက်၍ မမေးတော့ဘဲ လှည့်ထွက်လာခဲ့လိုက်သည်။
"ဒါဆိုရင်လည်း နောက်က လိုက်ခဲ့တော့..."
"နေပါဦး... ကျွန်မ ခွန်အားက အခုထိ..."
ကျိုးလင်ဟွမ်း စကားပင် မဆုံးသေးမီ သူမ၏ လည်ပင်းပေါ်သို့ ငွေအပ်သုံးချောင်း စိုက်ဝင်သွားသဖြင့် ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ထို့နောက်တွင်မူ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးများ တစ်ဟုန်ထိုး လည်ပတ်လာကြောင်း ခံစားလိုက်ရသည်။
အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသည့် အပ်စိုက်ပညာပါတကား။
ကျိုးလင်ဟွမ်းမှာ စိတ်ထဲမှ တုန်လှုပ်သွားမိသည် အကယ်၍ လီချင်းချိုးကသာ သူမကို သတ်ချင်စိတ် ရှိခဲ့လျှင် သူမ သေချာပေါက် အသက်ပျောက်နေပြီ ဖြစ်ကာ သူမထံတွင်လည်း ဖျက်ဆီးမရသည့် ခန္ဓာကိုယ် ရှိနေသည် မဟုတ်ပေ။
ခွန်အားများ ပြန်လည် နိုးထလာသည်ကို တိကျစွာ ခံစားသိရှိလိုက်ရသဖြင့် သူမ ဝမ်းသာအားရဖြစ်ပြီး လီချင်းချိုး၏ ခြေလှမ်းများနောက်သို့ ကမန်းကတန်း လိုက်ပါသွားတော့သည်။
"လီပိုင်... ရှင့်ကို ဒီအတိုင်းပဲ တိုက်ရိုက် ခေါ်လို့ရမလား..."
"ရတယ်..."
"လီပိုင်... ရှင် ကောင်းကင်နေမင်နယ်ပယ်ကို ရောက်နေပြီလား..."
"မင်း မျက်စိက တော်တော် စူးရှတာပဲ..."
"ဒါကတော့ သဘာဝပဲပေါ့... ကျွန်မတို့ ထျန်းချင်းမသေမျိုးဂိုဏ်းမှာ ကောင်းကင်နေမင်နယ်ပယ် ပညာရှင်တွေ အများကြီး ရှိတယ်... ကျွန်မရဲ့ စီနီယာအစ်ကိုကြီးလည်း ဒီနယ်ပယ်မှာပဲ... ဒါပေမဲ့ ရှင်က သူ့ထက်တောင် ပိုပြီး အစွမ်းထက်သလို ကျွန်မ ခံစားရတယ်... ရှင် အသက် ဘယ်လောက်ရှိပြီလဲ..."
"မင်းကော အသက် ဘယ်လောက်ရှိပြီလဲ..."
"ကျွန်မက လေးဆယ့်ကိုးနှစ်... ရှင်ကော..."
"ရှစ်ဆယ့်ကိုးနှစ်..."
"အသက် ရှစ်ဆယ့်ကိုးနှစ်နဲ့ ကောင်းကင်နေမင်းနယ်ပယ်ကို ရောက်တာလား... ဒါက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ... ရှင် ကျွန်မကို ညာနေတာတော့ မဟုတ်ပါဘူးနော်... အမှန်တော့ ရှင်က လေလွင့်ကျင့်ကြံသူ မဟုတ်ဘဲ ဘယ်ဂိုဏ်းကြီးရဲ့ တပည့်ရင်းလဲ..."
လီချင်းချိုးနှင့် ကျိုးလင်ဟွမ်းတို့ စကားတပြောပြောနှင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြပြီး ဂူလိုဏ်ခေါင်းလမ်းတစ်ခုထဲသို့ ဝင်ရောက်လာခဲ့ကြကာ ထိုလမ်းမှာ ကျဉ်းမြောင်း ကွေ့ကောက်နေသည်။
အတန်ကြာ လျှောက်ပြီးသောအခါ လမ်းမှာ လူတစ်ယောက်သာ ဖြတ်သန်းနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသဖြင့် လီချင်းချိုးက ရှေ့မှ လျှောက်ပြီး ကျိုးလင်ဟွမ်းက နောက်မှ လိုက်ပါလာခဲ့သည်။ သူမမှာ ဖိနှိပ်ခံထားရသည်မှာ ကြာမြင့်လှပြီ ဖြစ်၍လော သို့မဟုတ် သဘာဝဗီဇကိုက ထိုသို့ ဖြစ်၍လော မသိရဘဲ တတွတ်တွတ်နှင့် စကား အလွန်များသဖြင့် လီချင်းချိုးအား သူ့ညီမလေး လီစစ်ကျင်ကို သတိရမိစေသည်။
နှစ်ယောက်စလုံးက စကားများကြသော်လည်း သူ့ညီမလေးက ပို၍ ချစ်စရာ ကောင်းသည်ဟု တွေးလိုက်မိသည်။
ကံကြမ္မာ လမ်းညွှန်ချက် မှတ်ဉာဏ်အတိုင်း ရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။ မိုင်အတော်ကြာ လျှောက်လှမ်းပြီးနောက်တွင် ကျဉ်းမြောင်းသော ဂူလမ်းမှ ထွက်မြောက်ခဲ့ပြီး သူတို့၏ ရှေ့မှောက်၌ ကျယ်ဝန်းလှသော မြေအောက်ကမ္ဘာတစ်ခု ပေါ်ထွက်လာကာ ရှေ့ဘက် တောင်နံရံပေါ်တွင် ကြီးမားလှသော ကြေးတံခါးကြီး တစ်ချပ် တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုကြေးတံခါးကြီးကို မြင်သောအခါ ကျိုးလင်ဟွမ်း မျက်လုံး ပြူးသွားပြီး ကမန်းကတန်း ရှေ့တိုးသွားတော့သည်။
"ဒါက အချက်အချာကျတဲ့ ရှေးဟောင်း မသေမျိုးစာပေတွေပဲ... ဒီနေရာရဲ့ နောက်ခံသမိုင်းက ဘယ်လိုမှ မရိုးရှင်းနိုင်ဘူး..." ဟု ကျိုးလင်ဟွမ်းက အံ့ဩတသစွာ ရေရွတ်လိုက်သည်
"ရှေးဟောင်း မသေမျိုးစာပေ ဟုတ်လား..."
"ဒဏ္ဍာရီတွေအရ ကမ္ဘာကြီးကို စတင်ဖန်ဆင်းပြီး လူသားမျိုးနွယ်တွေ မွေးဖွားလာစအချိန်က မသေမျိုးတွေနဲ့ နတ်ဘုရားတွေ ကမ္ဘာမြေကို ဆင်းသက်လာပြီး လူသားတွေ ရှင်သန်နိုင်အောင် လမ်းညွှန်ပြသခဲ့ကြတယ်... ဒီရှေးဟောင်း မသေမျိုးစာပေက အဲဒီမသေမျိုးတွေနဲ့ နတ်ဘုရားတွေ ချန်ထားရစ်ခဲ့တဲ့အရာပဲ... သာမန်လူတွေအဖို့ ဒီစာတွေကို နားလည်ဖို့ အလွန် ခက်ခဲပြီး ရှေးဟောင်း ဂိုဏ်းကြီးတွေပဲ ဒီစာပေမျိုးကို သုံးစွဲကြတာ... ကျွန်မတို့ ထျန်းချင်းမသေမျိုးဂိုဏ်းမှာတောင်ရှေးဟောင်း မသေမျိုးစာပေနဲ့ ပတ်သက်တဲ့ မှတ်တမ်းအချို့ပဲ ရှိပြီး လက်တွေ့ သုံးစွဲနိုင်ခြင်း မရှိသေးဘူး..."
စကားအဆုံးတွင် သူမက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ထိတ်လန့်တကြားဖြင့် လီချင်းချိုးကို လှည့်ကြည့်ရင်း …
"လီပိုင်... ကျွန်မ ဒီထဲက ရတနာတွေကို လုံးဝ မလောဘတက်ပါဘူး... ကျွန်မကို ကွယ်ရာကနေ မတိုက်ခိုက်ပါနဲ့နော်..."
"မင်းက ဒီစာတွေကို နားလည်တယ်ဆိုမှတော့ မင်းပဲ ရှေ့က လမ်းပြပေးပါ..."
သူက ခြေလှမ်းပြင်၍ ကျိုးလင်ဟွမ်း၏ ဘေးမှ ကျော်ဖြတ်ကာ ရှေ့သို့ လျှောက်လှမ်းလိုက်သည်။
"ဒီတံခါးမှာ ထူးခြားတဲ့ ရှေးဟောင်း တားမြစ်ချက်အစီအရင် ရှိနေတယ်... ဒါကို ဖျက်ဆီးဖို့ အလွန် ခက်ခဲလိမ့်မယ်... ကျွန်မကို..."
ကျိုးလင်ဟွမ်းက လီချင်းချိုးကို ကြည့်ရင်း ပြောလိုက်သော်လည်း စကားမဆုံးမီမှာပင် လီချင်းချိုးက လက်သီးတစ်ချက်ဖြင့် ကြေးတံခါးကြီးကို ဘုန်းခနဲ ထိုးနှက်ပစ်လိုက်သည်။ထိုအခါ ပြင်းထန်လှသော လေပြင်းများ တစ်ဟုန်ထိုး တိုက်ခတ်သွားပြီး ဖုန်မှုန့်များ ထောင်းထောင်း ထသွားတော့သည်။
ကျိုးလင်ဟွမ်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး လှပသော မျက်ဝန်းအစုံ ပြူးကျယ်သွားကာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ရှိနေတော့သည်။
အံ့ဩစရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ ခွန်အားပါလား….
ထျန်းချင်းမသေမျိုးဂိုဏ်းအတွင်းမှာပင် ဤမျှ စွမ်းအားကြီးမားသော ခန္ဓာကိုယ်ကျင့်ကြံသူမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဂိုဏ်း၏ မဟာအကြီးအကဲကြီးသာလျှင် ဤမျှ စွမ်းအားမျိုး ရှိနိုင်ပေလိမ့်မည်။ လီချင်းချိုး၏ နောက်ကျောဘက်တွင် မတ်တတ်ရပ်နေရုံမျှဖြင့် သူမ၏ ဝိညာဉ်ကို တုန်ရင်စေနိုင်လောက်သည့် ပြင်းထန်သော ဖိအားကို ခခံစားနေရသည်။
အစောက လက်သီးချက်က အရာ အားလုံးကို ထွင်းဖောက် ဖျက်ဆီးပစ်နိုင်သည်ဟု သူမ ခံစားလိုက်ရသည်
လီချင်းချိုး ဖုန်မှုန့်များကြားထဲသို့ လျှောက်ဝင်သွားတော့မှ ကျိုးလင်ဟွမ်း သတိပြန်ဝင်လာပြီး ကမန်းကတန်း နောက်မှ လိုက်ပါသွားတော့သည်။
ကြေးတံခါးကြီး၏ အတွင်းဘက်တွင် ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီး တစ်ခု ရှိနေပြီး မြင်ကွင်းမှာ အလွန် ကျယ်ပြောလှသည်။ ရွှေရောင် တိုင်လုံးကြီးများ တန်းစီ၍ မတ်တတ်ရပ် တည်ရှိနေကြပြီး ထိုတိုင်လုံးကြီးများကို ပတ်လျက် နီညိုရောင် စင်မြင့်များ ရှိနေကာ ၎င်းစင်များပေါ်တွင်မူ အမျိုးစုံလှသော ရတနာများက မျက်စိကျိန်းလောက်အောင် တောက်ပ ဝေဆာစွာ တည်ရှိနေကြသည်။
မြင့်မြတ်သော နောက်ခံရှိသည့် ကျိုးလင်ဟွမ်းပင်လျှင် ဤမြင်ကွင်းကြောင့် မှင်တက်သွားခဲ့သည်။
သို့သော်လည် အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ပြီး ဘာမှ စိတ်မဝင်စားသည့် ပုံစံ ဖမ်းလိုက်သည်။
လီချင်းချိုးက ရှေ့သို့ လျှောက်လှမ်းကာ ထိုရတနာများကို သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်ပြီး လျှောက်ရင်းနှင့် သိမ်းဆည်းနေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကျိုးလင်ဟွမ်း၏ မျက်ခုံးများ တလှုပ်လှုပ် ဖြစ်လာတော့သည်။ အတန်ကြာ နောက်မှ လိုက်ပါပြီးနောက်တွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ရှင် ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်း လုပ်ဖို့ လိုလို့လား..."
"ဘာပြဿနာ ရှိလို့လဲ..."
"ပြဿနာ ရှိတာပေါ့... ရတနာအချို့ကို သိုလှောင်အိတ်ထဲ ဒီအတိုင်း တိုက်ရိုက် ပစ်ထည့်လို့ မရဘူး..."
လီချင်းချိုးက သူမကို သံသယမျက်လုံးဖြင့် ကြည့်လိုက်တော့ သူမက ရှေ့သို့ လျှောက်လာပြီး သိုလှောင်လက်စွပ်ထဲမှ ပိုးဖဲအဝတ်စတစ်ခုကို ထုတ်ယူကာ သားရဲပုံသဏ္ဌာန် ကျောက်စိမ်းဖြူကို သေသပ်စွာ ထုပ်ပိုးလိုက်ပြီးနောက် သူ့ထံ ပြန်လည် ကမ်းပေးလိုက်သည်။
ထိုပိုးဖဲအဝတ်စက မရိုးရှင်းကြောင်း လီချင်းချိုး ခံစားလိုက်မိသည်။ ဤသို့ ထုပ်ပိုးလိုက်ပြီးနောက်တွင် သားရဲပုံသဏ္ဌာန် ကျောက်စိမ်းဖြူထံမှ ဝိညာဉ်ချီစွမ်းအင် တစ်စက်မျှပင် အပြင်သို့ ယိုစိမ့်ထွက်လာခြင်း မရှိတော့ချေ။
သူမတွင် အတတ်ပညာ အချို့ ရှိပေသည်။
လီချင်းချိုး၏ စိတ်ထဲတွင် ကျိုးလင်ဟွမ်းအပေါ် ထားရှိသော အမြင်မှာ အနည်းငယ် ပိုမို ကောင်းမွန်လာခဲ့သည်။
………………………
မိုးတိမ်မည်းကြီးများက လိပ်ပြာတောင်ပံ ခတ်သကဲ့သို့ တရိပ်ရိပ် လှိမ့်တက်လာနေပြီး မကြာမီ မိုးသည်းထန်စွာ ရွာသွန်းတော့မည့်ပုံ ပေါက်နေသည်။
ရှန်ယွဲ့ တူရွင်းကို လွှဲယမ်း၍ မြေတူးနေသည်။ သူ့ အမူအရာက အခြားသော ကျွန်များနည်းတူ နှုတ်ဆိတ်နေပြီး မောပန်းခြင်း မရှိဘဲ မနားတမ်း လုပ်ကိုင်နေသည်။
သူ့အနားရှိ တောင်ကုန်းပေါ်တွင်မူ ဝမ့်ယင်းဂိုဏ်း၏ တပည့်နှစ်ဦး မတ်တတ်ရပ်ကာ သတ္တုတွင်းကို စောင့်ကြည့်နေကြသည်။
"ဒါနဲ့... မင်း ကြားပြီးပြီလား... အရှေ့ဘက်က ဂိုဏ်းငယ်လေးတစ်ခုက အခု ငါတို့နဲ့ စစ်ဖြစ်နေတယ်..."ဟု ဝဖြိုးသော ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
အရှေ့ဘက်…..
ဤစကားလုံး နှစ်လုံးကို ကြားရသောအခါ ရှန်ယွဲ့၏ နားရွက် အနည်းငယ် လှုပ်ခတ်သွားသည်။
ခက်ထန်ကောက်ကျစ်သော ရုပ်ရည်ရှိသည့် အခြားသော ကျင့်ကြံသူ အမျိုးသားက…..
"ကြားတယ်... ချင်းရှောင်ဂိုဏ်းလို့ ခေါ်တယ် ထင်တာပဲ... အဲဒီထဲမှာ ယွမ်လီ ဆိုတဲ့ ကျင့်ကြံသူက တော်တော်လေး စွမ်းတာပဲ... သူက ဝိညာဉ်အသိအာရုံအဆင့် တစ်ခုလုံးကို အပြတ်အသတ် ချေမှုန်းနေပြီး ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ သုံးဆယ်ကျော်ကိုတောင် သတ်ပစ်လိုက်ပြီ..."
ချင်းရှောင်ဂိုဏ်း….ယွမ်လီ….
ရှန်ယွဲ့၏ မျက်စိသူငယ်အိမ်များပင် ကျုံ့သွားတော့သည်။ထို့နောက် မိမိ၏ အမူအရာကို အခြားသူများ မမြင်နိုင်စေရန် ခေါင်းကို ငုံ့ထာားလိုက်သည်။
သူ့ရင်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ လှိုင်းထန်နေချေပြီ။
ဝမ့်ယင်းဂိုဏ်းနှင့် နှစ်ပေါင်းများစွာ ပတ်သက်ခဲ့ရသဖြင့် ဝမ့်ယင်းဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ အသေအချာ သိရှိထားသည်။ မိမိ၏ ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းနှင့် စစ်မက်ဖြစ်ပွားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ထိုလူနှစ်ဦး၏ စကားအရ ဆိုလျှင် ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းကို ဦးတည်၍ စစ်ကြေညာခဲ့ခြင်း ဖြစ်ပုံရပြီး အသာစီးပင် ရနေသည် မဟုတ်ပါလော။
နှစ်အနည်းငယ်အတွင်းမှာတင် ယွမ်လီ ဤမျှအထိ အစွမ်းထက်လာခဲ့သည်လား။
ရှန်ယွဲ့သည်လည်း ဝမ့်ယင်းဂိုဏ်း၏ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖူးသည်။ ရှုံးနိမ့်ခဲ့ခြင်း မရှိသော်လည်း အများစုမှာ သရေကျရုံမျှသာ ဖြစ်ပြီး ထို့နောက်တွင်မူ ထွက်ပြေးရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်ကာ ယွမ်လီလောက်တော့ ဝမ့်ယင်းဂိုဏ်းသားများကို မသတ်နိုင်ခဲ့ချေ။
ထို့အပြင် ဤသည်က ဂိုဏ်းအချင်းချင်း စစ်ပွဲ ဖြစ်သဖြင့် တစ်ကိုယ်တော် တိုက်ခိုက်ရန် ခက်ခဲလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရသော် ယွမ်လီသည် ကမောက်ကမ စစ်ပွဲကြီးအတွင်းမှာတင် ဝိညာဉ်အသိအာရုံအဆင့် ရန်သူ သုံးဆယ်ကျော်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါ့မှာတင် အခွင့်အရေး ရှိနေတာ မဟုတ်ဘူးပဲ... ဂိုဏ်းထဲမှာ ဆက်နေရင်လည်း လျင်မြန်စွာ တိုးတက်နိုင်တာပဲ... ဘာပဲဖြစ်ဖြစ် အဲဒီလူ ရှိနေတာပဲလေ..."
ရှန်ယွဲ့ လီချင်းချိုးကို သတိရမိသွားပြီး နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွှတ်၍ ပြုံးလိုက်မိသည်။
ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းကို ထိန်းချုပ်ထားနိုင်သရွေ့ သူက ယင်ကျင်းရှင်းကို ခေါ်ဆောင်၍ အသက်ရှင်လျက် ထွက်ပြေးနိုင်မည့် အခွင့်အရေး ပိုမို များပြားလာလိမ့်မည်ဟု ခံစားလိုက်ရသည်။
ရှန်ယွဲ့က အလုပ်လုပ်ရင်းနှင့် ဝမ့်ယင်းဂိုဏ်း တပည့်နှစ်ဦး၏ စကားကို တိတ်တဆိတ် နားစွင့်နေခဲ့သည်။ တဖြည်းဖြည်းချင်းပင် ဝမ့်ယင်းဂိုဏ်းနှင့် ချင်းရှောင်ဂိုဏ်းတို့အကြား ဖြစ်ပွားနေသော စစ်ပွဲကို ပိုမို နားလည်လာခဲ့သည်။ လက်ရှိတွင် ဝမ့်ယင်းဂိုဏ်းမှာ ချင်းရှောင်ဂိုဏ်းကို အသာမရနိုင်ဘဲ ရှိနေသော်လည်း ၎င်းတို့မှာ ဒေါသအိုး ပေါက်ကွဲနေကြပြီး ပိုမို ကြီးမားသော လှုပ်ရှားမှုများကို ပြုလုပ်လာကာ ဂိုဏ်းအတွင်းရှိ ဝါရင့်အဘိုးအိုကြီးများကိုပင် စေလွှတ်လာနိုင်ခြေ ရှိပေသည်။
ဤသတင်းက ရှန်ယွဲ့ကို အနည်းငယ် စိုးရိမ်ပူပန်မိစေသော်လည်း လီချင်းချိုးကို တွေးမိလိုက်သည်နှင့် ပြန်လည် တည်ငြိမ်သွားရပြန်သည်။
ထိုလူ ရှိနေသရွေ့ ချင်းရှောင်ဂိုဏ်း သေချာပေါက် ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
ထို့နောက် ခေါင်းလှည့်၍ အဝေးရှိ ယင်ကျင်းရှင်းကို ကြည့်လိုက်သည် အသက်ငယ်ရွယ်သေးသဖြင့် ဝမ့်ယင်းဂိုဏ်းက သူ့ကို အလုပ်ကြမ်း မခိုင်းစေပေ။
ယခုအချိန်တွင် ယင်ကျင်းရှင်းတယောက် တောင်ကုန်းပေါ်တွင် ထိုင်၍ နေမင်းကြီးကို ငေးကြည့်နေသည်။
ရှန်ယွဲ့ ဤအခြင်းအရာကို ကြည့်ပြီး စိုးရိမ်မိသည်။ ဤကလေးမှာ တစ်ခုခု ပုံမှန်မဟုတ်သကဲ့သို့ ခံစားရပြီး သာမန်လူဆိုလျှင် မည်သူက နေမင်းကြီးကို ဤမျှအထိ ငေးမောကြည့်နေမည်မဟုတ်ပေ။
သို့သော်လည်း သူကိုယ်တိုင်ပင်လျှင် မိမိကိုယ်ကိုယ် မနည်း ကာကွယ်နေရသည့် အခြေအနေ ဖြစ်သဖြင့် ယင်ကျင်းရှင်းကို လမ်းညွှန်ပြသရန် အချိန်မပေးနိုင်သေးချေ။
"နောက်ထပ် နှစ်လ... အလွန်ဆုံး နှစ်လပဲ စောင့်ရမယ်..."
ရှန်ယွဲ့ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်ပြီး သူ့ မျက်ဝန်းများထဲတွင် ဓားတစ်စင်းကဲ့သို့ အေးစက်လှသော အရောင်အဝါများ လက်ခနဲ ဖြတ်သန်းသွားတော့သည်။
……………………..
ရှေးဟောင်း အပျက်အစီးနယ်မြေ နှစ်ရက်ခန့် နေထိုင်ပြီးနောက် ကျိုးလင်ဟွမ်း၏ ရှေးဟောင်း မသေမျိုးစာပေ ဘာသာပြန်ဆိုချက်များမှတစ်ဆင့် ဤအပျက်အစီးများ၏ နောက်ခံသမိုင်းကို သိရှိခဲ့ရသည်။
ဤအပျက်အစီးများမှာ ဖေးရှန်းတာအိုဂိုဏ်းဟု ခေါ်တွင်သော မသေမျိုးကျင့်ကြံရေးဂိုဏ်းတစ်ခု၏ အဆောက်အအုံ ဖြစ်သည်။ ၎င်းကို ကြီးမြတ်သော ကျင့်ကြံသူကြီးတစ်ဦးက ချန်ထားရစ်ခဲ့ခြင်း ဖြစ်ပုံရပြီး အမျိုးစုံလှသော ရတနာများဖြင့် ပြည့်နှက်နေသဖြင့် လီချင်းချိုးမှာ သိမ်းဆည်း၍ပင် မဆံ့နိုင်လောက်အောင် ဖြစ်ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးလင်ဟွမ်းက သူ့ကို သိုလှောင်လက်စွပ် တစ်ကွင်း ပေးခဲ့သည်။
ဤသိုလှောင်လက်စွပ်ကို သူမ၏ လက်မှ ချွတ်ပေးခဲ့ခြင်း ဖြစ်ပြီး အတွင်းဘက် နေရာလွတ်မှာ လီချင်းချိုးတွင် ရှိသမျှ သိုလှောင်အိတ်အားလုံး၏ နေရာလွတ်များ ပေါင်းစပ်ထားသည်ထက်ပင် ကြီးမားကျယ်ပြန့်လှသည်။ ဤသည်က ချင်းရှောင်ဂိုဏ်းနှင့် ထျန်းချင်းမသေမျိုးဂိုဏ်းကြားရှိ ကြီးမားလှသော ကွာဟချက်ကို သူ့အား သိသာထင်ရှားစွာ ခံစားမိစေသည်။
ဤကာလအတွင်း သူတို့နှစ်ဦး မိစ္ဆာများနှင့် သားရဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးက အားလုံးကို လွယ်လွယ်ကူကူပင် နှိမ်နင်းနိုင်ခဲ့သည်။
သူတို့သည် ကောင်းကင်ယံအထက်တွင် ချိတ်ဆွဲထားသော မှန်တစ်ချပ်ထဲ၌ ပုန်းအောင်းနေသည့် ကြေးမှုံ မိစ္ဆာတစ်ကောင်နှင့်ပင် ကြုံတွေ့ခဲ့ရသေးသည်။
ဤနေ့တွင် သူတို့နှစ်ဦး မြေပြင် အက်ကွဲကြောင်းကြီးထဲမှ ထွက်ခွာခဲ့ကြပြီး နေရောင်ခြည်ကို တစ်ဖန် ပြန်လည် မြင်တွေ့ခဲ့ရသည်။
လီချင်းချိုးက ရှေးဟောင်း အပျက်အစီးများထဲမှ ရတနာများကို အကုန်အစင် မရွှေ့ပြောင်းရသေးသဖြင့် နောက်မှ တစ်ခေါက် ပြန်လာရန် ဆုံးဖြတ်လိုက်သည်။
ကျိုးလင်ဟွမ်းကလည်း ဤအကြောင်းကို မည်သူ့ကိုမျှ ပြန်မပြောပါဟု ကတိပေးထားခဲ့ပြီး ဖြစ်ရာ သူမကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သို့သော်လည်း နောက်တစ်ကြိမ် လာရောက်သည့်အခါတွင် ဒီအတိုင်း တိုက်ရိုက် ဝင်ရောက်မည် မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေကို သေချာပေါက် အရင်ဆုံး စုံစမ်းစစ်ဆေးမည် ဖြစ်သည်။
"လီပိုင်... ရှင် ကျွန်မကို လိုက်ပို့ပေးလို့ ရမလား..."
နှစ်ရက်ခန့် အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် သူမ၏ စိတ်ထဲတွင် လီချင်းချိုးအပေါ် အထင်ကြီးလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့ပြီး သူ့အပေါ် ပိုမို စူးစမ်းလိုစိတ်များ ရှိလာကာ မြူခိုးများဖြင့် ဝန်းရံထားသကဲ့သို့ အလွန် နက်နဲဆန်းကြယ်သူတစ်ဦးဟု ခံစားနေရသည်။
လီချင်းချိုးက ခေါင်းခါလိုက်ပြီး…. "ငါ့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်..."
"ကျွန်မ ရှင့်ကို အခကြေးငွေ ပေးနိုင်ပါတယ်..."
"ဒါက ပိုက်ဆံနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး..."
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးမယ်..."
"မိန်းကလေး..ဒီ လုပ်စရာ မလိုပါဘူး..."
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်း..."
"ငါ့ကို စော်ကားနေတာလား..."
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်း..."
"ဘယ်ကို လိုက်ပို့ပေးရမလဲ..."