← Chapters

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆ - နယ်မြေကို ဝါးမျိုသော နယ်မြေ

လီချင်းချိုးသည် ရှေးဟောင်း အပျက်အစီးများထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော အကျိုးအမြတ်များ ရရှိခဲ့သော်လည်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်းဟူသော စကားကို ကြားလိုက်ရချိန်တွင် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရန် ခက်ခဲသွားဆဲပင်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် ကိုးပြည်ထောင်နယ်မြေတွင် အလွန် ရှားပါးလှပြီး တစ်တုံးလျှင် ချင်းရှောင်ဂိုဏ်းအတွင်း လည်ပတ်အသုံးပြုနေသော သာမန် ဝိညာဉ်ကျောက်တုံး တစ်ရာစာနှင့် ညီမျှရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်းဆိုသည်မှာ သေချာပေါက် မတန်တဆ များပြားလှသော ပမာဏပင် ဖြစ်သည်။

ကျိုးလင်ဟွမ်း၏ ရက်ရောမှုက လီချင်းချိုးကို အံ့အားသင့်သွားစေသည်။

ထို့အပြင်ထျန်းချင်းမသေမျိုးဂိုဏ်းအပေါ်တွင်လည်း သတိထားစောင့်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဤသည်က သေချာပေါက် ဧရာမ အင်အားကြီး အဖွဲ့အစည်းတစ်ခုပင် ဖြစ်ပေမည်။

ဤမျှ ကြီးမားလှသော ဆုလာဘ်ကို ရင်ဆိုင်ရချိန်တွင် လီချင်းချိုးမှာ တိုက်ရိုက် ငြင်းဆန်ရန် ခက်ခဲနေသဖြင့် ကျိုးလင်ဟွမ်း သွားမည့် နေရာကို အရင်ဆုံး နားထောင်ကြည့်လိုသည်။ အကယ်၍ အရမ်းဝေးနေပါက နှမြောတသစွာဖြင့် ငြင်းဆန်ရမည် ဖြစ်သော်လည်း သိပ်မဝေးဘဲ လမ်းကြုံနေပါက ဤအလုပ်ကို သူ လက်ခံနိုင်ပေသည်။

ကျိုးလင်ဟွမ်းက လီချင်းချိုးကို လှပယဉ်ကျေးစွာဖြင့် စူးစိုက်ကြည့်နေရာ သူ့ကို အနည်းငယ် အပြစ်ရှိသလို ခံစားသွားရစေသည်။

"ရှင့်မှာ လုပ်စရာ ကိစ္စတွေ ရှိနေမှတော့ ကျွန်မကို ထျန်းချင်းမသေမျိုးဂိုဏ်းထိ လိုက်ပို့ပေးစရာ မလိုတော့ပါဘူး... မဟာရှားမင်းဆက်ဆီကိုပဲ လိုက်ပို့ပေးပါ..."

"မဟာရှားမင်းဆက်က ဝေးလား..."

လီချင်းချိုး၏ မေးခွန်းကြောင့် ကျိုးလင်ဟွမ်း၏ အမူအရာ တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်။

လီချင်းချိုးအနေနှင့် မျက်နှာပျက်ရမည်ကို မကြောက်ရွံ့ပေ။ မဟာရှားမင်းဆက် မည်သည့်နေရာတွင် ရှိသည်ကို တကယ် မသိခြင်းသာ ဖြစ်သည်။

အနောက်ဘက် ဘေးအန္တရာယ်နယ်မြေမှ အနောက်ဘက်သို့ ဆက်သွားလျှင် မင်းဆက် အတော်များများ ရှိပေသည်။

ကျိုးလင်ဟွမ်းက သူမ၏ ရင်ထဲမှ အူကြောင်ကြောင် ဖြစ်မှုကို ဖိနှိပ်လိုက်ပြီး လက်မြှောက်ကာ လမ်းကြောင်းတစ်ခုကို ညွှန်ပြ၍…

"ဒီလမ်းကြောင်းအတိုင်း ပျံသန်းသွားပါ... လမ်းမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် အလွန်ဆုံး သုံးရက်အတွင်း ရောက်နိုင်ပါတယ်..."

"ဒီလောက် နီးတာလား... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်း ဆိုတာ သေချာရဲ့လား..."

"သေချာပါတယ်... မဟာရှားမင်းဆက်မှာ ကျွန်မတို့ ထျန်းချင်းမသေမျိုးဂိုဏ်းက လူတွေ ရှိတယ်... ရှင် ကျွန်မကို အဲဒီလူတွေဆီ ရောက်အောင် ပို့ပေးနိုင်တာနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်းကို အဲဒီနေ့မှာတင် ရှင့်လက်ထဲ အရောက်ပေးမှာပါ..."

ကျိုးလင်ဟွမ်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသန်း မဟုတ်ဘဲ သာမန် ဝိညာဉ်ကျောက်တုံး ငါးတုံးအကြောင်း ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

လီချင်းချိုး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် ချက်ချင်းပင် ချင်းရှောင်ဓားကို ဆင့်ခေါ်လိုက်ကာ ကျိုးလင်ဟွမ်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်၍ ကောင်းကင်ယံသို့ ခုန်တက်လိုက်သည်။

လီချင်းချိုး၏ ဆွဲခေါ်မှုကို ရုတ်တရက် ခံလိုက်ရသဖြင့် ကျိုးလင်ဟွမ်းမှာ အငိုက်မိသွားပြီး အချိန်တွေ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ လေထဲသို့ မြင့်တက်သွားစဉ် မျက်ဝန်းများ တဖြည်းဖြည်း ပြူးကျယ်သွားကာ လီချင်းချိုး၏ နောက်ကျောပုံရိပ်က သူမ၏ မျက်လုံးထဲတွင် ထင်ဟပ်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာတော့သည်။

လီချင်းချိုးက သူမကို ချင်းရှောင်ဓားပေါ်သို့ ဆွဲတင်ပြီးနောက် သူမ ညွှန်ပြခဲ့သည့် လမ်းကြောင်းအတိုင်း ပျံသန်းသွားလေသည်။

နှစ်အတော်ကြာ ဖိနှိပ်ခံထားရသည် ဖြစ်ရာ သူမတွင် ရန်သူများ ရှိနေလျှင်တောင်မှ သုံးရက်အတွင်း ရုတ်တရက်ကြီး ခုန်ထွက်လာမည် မဟုတ်ပေ။

လီချင်းချိုးအနေနှင့် ကျိုးလင်ဟွမ်း၏ ပြဿနာများကို ကြောက်ရွံ့နေခြင်း မရှိချေ။ သူမကို လိုက်လံ ဖမ်းဆီးနေသူမှာ ကောင်းကင်နေမင်း နယ်ပယ်ထက် မြင့်မားသည့် တည်ရှိမှု တစ်ခုတော့ မဖြစ်နိုင်ပေ။ ထိုသို့သာ ဆိုလျှင် သူမ ယခုအချိန်အထိ မည်သို့ အသက်ရှင်နေနိုင်မည်နည်း။

ရှေးဟောင်း အပျက်အစီးနယ်မြေတွင် ကြီးမြတ်သော ကျင့်ကြံသူကြီးတစ်ဦးကို တားဆီးပိတ်ဆို့နိုင်လောက်သည့် အစွမ်းထက် တားမြစ်ချက်အစီအရင်များမရှိပေ။

"မင်း ငြိမ်ငြိမ် ရပ်နေနိုင်ရဲ့လား..."

လီချင်းချိုးက နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်သည်။

"ရပ်နိုင်ပါတယ်..."

ကျိုးလင်ဟွမ်းက ပြန်ဖြေလိုက်သဖြင့် လီချင်းချိုးက ချက်ချင်း လွှတ်ပေးလိုက်သည်။ သူမ ခြေထောက်ထဲသို့ ချီစွမ်းအင်များ စီးဆင်းစေလိုက်ပြီး ဓားသွားနှင့် ကပ်လျက် ရပ်နေလိုက်သည်။

သူမ လီချင်းချိုးကို ကြည့်လိုက်ရာ ပါးပြင်နှစ်ထက်စလုံး အနည်းငယ် နီရဲနေသည်။

ဘယ်လိုလုပ် သူမ၏ လက်ကို ဤအတိုင်း တိုက်ရိုက် ဆွဲကိုင်ရဲသနည်း။

အကယ်၍ အခြားလူသာ ဆိုလျှင် သူမ သေချာပေါက် ဒေါသထွက်မိမည် ဖြစ်သော်လည်း လီချင်းချိုးကို ရင်ဆိုင်ရချိန်တွင် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ဒေါသမထွက်နိုင်သည့်အပြင် အနည်းငယ်ပင် ရှက်သွေးဖြာနေမိသည်။

ကျိုးလင်ဟွမ်းက သူမ၏ ခံစားချက်များ လမ်းလွဲနေပြီ ဖြစ်ကြောင်းကို သတိပြုမိလိုက်သဖြင့် မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်ရမည်ဟု တွေးလိုက်သည်။ သူမအနေနှင့် ကျင့်ကြံခြင်းကိုသာ ဦးစားပေးရမည် ဖြစ်ပြီး အချစ်ရေးတွင် နစ်မွန်းနေ၍ မရချေ။

ဤသည်မှာ လီချင်းချိုးကို ထျန်းချင်းမသေမျိုးဂိုဏ်းသို့ လိုက်မပို့ခိုင်းရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ဤခရီးစဉ် ပြီးဆုံးသွားပါက လီချင်းချိုးနှင့် မည်သို့မျှ ထပ်မံ ပတ်သက်စရာ အကြောင်းမရှိတော့ဘဲ ဤအတွေ့အကြုံမှာလည်း အမှတ်ရစရာ တစ်ခုအနေဖြင့်သာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

လမ်းတစ်လျှောက်တွင် မည်သည့် စကားပြောသံမျှ ထွက်ပေါ်မလာချေ။ လီချင်းချိုးက လမ်းတစ်လျှောက်ရှိ တောင်တန်းများနှင့် မြစ်ရေပြင်များကို အကဲခတ်နေခဲ့ပြီး ရှန်ယွဲ့ သို့မဟုတ် ကျန်းကျောက်ရှားတို့နှင့်များ တိုးလေမလားဟု မျှော်လင့်နေမိသည်။

ကျိုးလင်ဟွမ်းက ပြီးခဲ့သော နှစ်ရက်တာ အတွေ့အကြုံများကို ပြန်လည် တွေးတောနေခဲ့ပြီး နောင်အနာဂတ်တွင် သူတို့နှစ်ဦး ထပ်မံ တွေ့ဆုံနိုင်တော့မည် မဟုတ်ကြောင်း စဉ်းစားမိသောအခါ အနည်းငယ် လွမ်းဆွေးနေမိသည်။

သူမသည် ထျန်းချင်းမသေမျိုးဂိုဏ်း ဂိုဏ်းချုပ်၏ သမီး ဖြစ်ပြီး ကြီးမားလှသော တာဝန်ဝတ္တရားများကို ထမ်းပိုးထားရသူ ဖြစ်ရာ အချစ်ရေး ခံစားချက်များဖြင့် ချည်နှောင်ခံထား၍ မဖြစ်ပေ။ ထို့အပြင် လီချင်းချိုးကလည်း သူမအပေါ် မည်သည့် ခံစားချက်မျှ မရှိသည်မှာ သိသာထင်ရှားလှသည်။

လီချင်းချိုး၏ အမြန်နှုန်းက အလွန် မြန်ဆန်လှသည်။ နာရီဝက်ခန့် ပျံသန်းပြီးနောက် ကျိုးလင်ဟွမ်းက ဤအတိုင်းဆိုလျှင် အလွန်ဆုံး နှစ်ရက်အတွင်း မဟာရှားမင်းဆက်သို့ ရောက်ရှိနိုင်ကြောင်း ပြောပြလေသည်။

လီချင်းချိုးက မဟာရှားမင်းဆက်သို့ အမြန်ဆုံး ရောက်ရှိလိုသဖြင့် နေ့ရောညပါ မနားတမ်း ခရီးဆက်ခဲ့သည်။

ကျိုးလင်ဟွမ်းကလည်း သူ လောနေကြောင်းကို မြင်နိုင်သဖြင့် လမ်းတစ်လျှောက်တွင် စကားများများစားစား မပြောခဲ့ချေ။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင်

လီချင်းချိုးနှင့် ကျိုးလင်ဟွမ်းတို့က အနားယူရန်အတွက် မြစ်ကြီးတစ်စင်း၏ ဘေးတွင် ဆင်းသက်လိုက်ကြသည်။ အဓိက အကြောင်းရင်းမှာ ကျိုးလင်ဟွမ်း ဆက်၍ တောင့်မခံနိုင်တော့ခြင်းကြောင့် ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ သူမသည် နှစ်အတော်ကြာ ဖိနှိပ်ခံထားရသူ မဟုတ်ပါလော။

သမုဒ္ဒရာကြီးသဖွယ် ကျယ်ပြောလှသော ရှေ့မှ မြစ်ကြီးကို ကြည့်ရင်း လီချင်းချိုးမှာ လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။

လမ်းတစ်လျှောက်ရှိ ရှုခင်းများက သူ့အား ကမ္ဘာကြီး၏ ကျယ်ပြောလှမှုကို ခံစားသိရှိစေခဲ့ပြီး ကိုးပြည်ထောင်နယ်မြေ၏ အပြင်ဘက်ရှိ ကမ္ဘာကြီးမှာ တကယ်ကို ပို၍ တောက်ပ ခမ်းနားလှပေသည်။

ကျိုးလင်ဟွမ်းက ဘေးတွင် တင်ပျဉ်ခွေထိုင်၍ ချီစွမ်းအင်များကို စုပ်ယူရန် ကျင့်ကြံနေခဲ့ပြီး အချိန်ရတိုင်း ဆေးလုံးများကိုလည်း စားသုံးနေသည်။

သူမ၏ ကျင့်ကြံခြင်း ပြန်လည် ကောင်းမွန်လာမှု အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသဖြင့် လီချင်းချိုးပင် သူမ၏ ဆေးလုံးများကို လိုချင်တပ်မက်စိတ် ပေါ်လာတော့သည်။

ဤသည်ကလည်း ကိုယ်တိုင် သုံးရန် မဟုတ်ဘဲ ကျင့်ကြံရေးခန်းမမှ တပည့် ချန်ဟွေ့လန် လေ့လာရန်အတွက် ပြန်လည် ယူဆောင်သွားချင်ခြင်းသာ ဖြစ်သည်။

ရုတ်တရက် လီချင်းချိုးက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

သူတို့ လာခဲ့သည့် လမ်းကြောင်းဘက်မှ လျှောက်လှမ်းလာသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ သေချာ ကြည့်လိုက်သောအခါ ထိုသူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး ငယ်ရွယ် ချောမောသော မျက်နှာသွင်ပြင် ရှိကာ အဖြူရောင် ဆံပင်ရှည်ကြီးများက လွတ်လပ်စွာ လွင့်ပျံနေပြီး ထူးကဲသော အရှိန်အဝါများ ရှိနေသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်နေမင်းနယ်ပယ်…..

လီချင်းချိုး အံ့အားသင့်သွားခဲ့သည်။ ကျိုးလင်ဟွမ်း၏ ပြဿနာများက ဤမျှ မြန်မြန် ရောက်လာပြီလား။

ကျိုးလင်ဟွမ်းကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမက လီချင်းချိုး ကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်ရာ အဖြူရောင် ဝတ်စုံနှင့် လူ၏ ပုံရိပ်ကို မြင်တွေ့သွားလေသည်။

"ဘာလို့ သူ ဖြစ်နေရတာလဲ..သွားပြီ..."

ကျိုးလင်ဟွမ်းက ထိုအဖြူရောင် ဝတ်စုံနှင့်လူ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားသဖြင့် သူမ၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားတော့သည်။

"သူက ဘယ်သူလဲ..."

ထိုအဖြူရောင် ဝတ်စုံနှင့် လူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန် မြင့်မားပြီး ကောင်းကင် နေမင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသည့် တည်ရှိမှုတစ်ခု ဖြစ်ကြောင်းကို သူ ခံစားသိရှိနေပြီ ဖြစ်သည်။

ထိုမျှသာမက သူ့ ခါးပေါ်က ထိုက်ကျွယ်နတ်ဓားကလည်း ဆက်၍ တောင့်မခံနိုင်တော့လောက်အောင် ဖြစ်နေကြောင်းကို လီချင်းချိုး ခံစားလိုက်ရသည်။

ကျိုးလင်ဟွမ်း၏ လေသံကို ထောက်ရှုကြည့်လျှင် သူမသည် ထိုအဖြူရောင် ဝတ်စုံနှင့် လူ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရခြင်းမဟုတ်လောက်ပေ။

တစ်ဖက်လူက ထိုက်ကျွယ်နတ်ဓား၏ ဆွဲဆောင်မှုကြောင့် ရောက်လာခြင်းများ ဖြစ်နေမလား။

"သူ့နာမည်ရင်းကို ဘယ်သူမှ မသိကြဘူး... သူ့ကို ဓားမိစ္ဆာလို့ပဲ ခေါ်ကြတယ်... အရင်က အဖေ့နောက်ကို လိုက်ပြီး ခရီးထွက်တုန်းက သူ့ကို တစ်ခါ မြင်ဖူးတယ်... အဖေက ပြောတယ် သူ့ရဲ့ ဓားဆန္ဒက အလွန် ကြမ်းတမ်း ပြင်းထန်လွန်းတယ်တဲ့... ဓားလမ်းစဉ်အပေါ် နားလည်နိုင်စွမ်း ပါရမီမှာဆိုရင် မိုးပြာနဂါးနယ်မြေ တစ်ခုလုံးမှာ သူ့ကို ကျော်လွန်နိုင်တဲ့သူ မရှိဘူး..."ဟု ကျိုးလင်ဟွမ်းက အသက်ပြင်းပြင်း တစ်ချက်ရှူ၍ အလျင်အမြန် ပြောလိုက်သည်။

မိုးပြာနဂါးနယ်မြေ….

ကျိုးလင်ဟွမ်းက မိုးပြာနဂါးနယ်မြေ ဆိုသည့် စကားလုံးကို ပထမဆုံးအကြိမ် ထုတ်ပြောလာခြင်း ဖြစ်ရာ လီချင်းချိုး မျက်မှောင်ကြုံ့ပြီး သူတို့ဆီသို့ လျှောက်လှမ်းလာနေသော ဓားမိစ္ဆာကို စူးစူးရဲရဲ ကြည့်လိုက်သည်။

"လီပိုင်... ရှင် အရင် ထွက်ပြေးနှင့်တော့... ဓားမိစ္ဆာကို ရင်ဆိုင်ဖို့ ရှင်နဲ့ ကျွန်မမှာ ဘယ်လို အခွင့်အရေးမှ မရှိဘူး..."

"မင်းက ဒီနေရာမှာ သေဖို့ ဆန္ဒရှိနေလို့လား..."

"ဆန္ဒမရှိတော့ကော ဘာထူးမှာလဲ... အဲဒီလူတွေက ကျွန်မကို သတ်ဖို့အတွက် ဓားမိစ္ဆာကိုတောင် အကူအညီ တောင်းခဲ့ကြတာပဲ... ကျွန်မ ဘဝကတော့ ပြီးသွားပါပြီ... ရှင် မြန်မြန် ထွက်သွားပါတော့..."

လီချင်းချိုးက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ညာလက်ကို ထိုက်ကျွယ်နတ်ဓား၏ ဓားလက်ကိုင်ရိုးပေါ်သို့ တင်လိုက်သည်။

"ဈေးထပ်တက်ပေးလို့ ရမလား..."

ထိုအခါ ကျိုးလင်ဟွမ်း ဆွံ့အသွားပြီး….

"ရှင် ရူးနေပြီလား..."

"မင်းကို မေးနေတာ... ဈေးထပ်တက်ပေးလို့ ရမလားလို့..."

"ရပါတယ်..."

"ကောင်းပြီ..."

လီချင်းချိုးက ခြေလှမ်းရပ်တန့်လိုက်ပြီး သူ့ဆီသို့ လျှောက်လှမ်းလာနေသော ဓားမိစ္ဆာကို စောင့်ကြည့်နေလိုက်သည်။

ကျိုးလင်ဟွမ်းက ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်ထားသော လီချင်းချိုးကို ကြည့်ကာ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားရသည်။ ဓားကျင့်ကြံသူတစ်ယောက်လားဟုပင် သူမ တွေးလိုက်မိသည်။

အရင်က လီချင်းချိုးကို ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဟုသာ သူမ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ ခန္ဓာကိုယ်ကျင့်ကြံသူများ ဓားသယ်ဆောင်ခြင်းက ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်ပြီး ကျင့်ကြံသူတိုင်းလိုလို ဓားပျံတစ်လက်စီ ကိုင်ဆောင်ထားတတ်ကြသည်။

လီချင်းချိုး၏ ခွန်အားက ကြီးမားသော်လည်း ခန္ဓာကိုယ်ကျင့်ကြံသူများက ဓားကျင့်ကြံသူများကို မယှဉ်နိုင်ကြောင်း ကျိုးလင်ဟွမ်း အမြဲ ယုံကြည်ထားခဲ့သည်။ ဒေသတစ်ခုကို ကြီးစိုးလွှမ်းမိုးနိုင်သည့် ကြီးမြတ်သော ကျင့်ကြံသူကြီးများ အားလုံးနီးပါးက ဓားကျင့်ကြံသူများချည်းသာ ဖြစ်ကြပြီး သူမ၏ အဖေသည်လည်း ထို့အတူပင်...

ဓားမိစ္ဆာ၏ အကြည့်များ လီချင်းချိုးအပေါ်သို့ ကျရောက်နေပြီ ဖြစ်ရာ ကျိုးလင်ဟွမ်းအတွက် ရောက်လာခြင်း မဟုတ်သည်မှာ သေချာသွားပေပြီ။

ခြေလှမ်းများ အပြောင်းအလဲ မရှိသော်လည်း သူ့ ပုံရိပ်မှာ လက်ခနဲ၊ လက်ခနဲ ဖြစ်ပေါ်လာပြီး လီချင်းချိုးတို့နှင့် ပို၍ ပို၍ နီးကပ်လာခဲ့သည်။

ဓားမိစ္တာ ချဉ်းကပ်လာမှုက ကျိုးလင်ဟွမ်းအပေါ် ကြီးမားလှသော ဖိအားများကို သက်ရောက်စေသဖြင့် သူမလည်း ကိုယ်ပိုင်ဓားကို မသိစိတ်ကြောင့် ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

နှစ်ဖက်ကြားက အကွာအဝေးမှာ ကျန်းတစ်ရာပင် မပြည့်တော့သည့် အချိန်တွင် လောကကြီးတခုလုံး ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ယံ မှောင်မိုက်သွားပြီး လီချင်းချိုးတို့မှာ သဲကန္တာရ မြေရိုင်းတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။ သူတို့ဘေးရှိ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော မြစ်ကြီးလည်း ပျောက်ကွယ်သွားပြီး အရပ်မျက်နှာ အနှံ့အပြားတွင် မြေကြီးထဲသို့ စိုက်ဝင်နေသော ရှေးဟောင်း ဓားများ သိပ်သည်းစွာဖြင့် မရေမတွက်နိုင်အောင် ပေါ်ထွက်လာတော့သည်။

ကျိုးလင်ဟွမ်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး….

"သူ့ရဲ့ ဓမ္မပုံရိပ်နယ်မြေကို ဖွင့်လိုက်ပြီ..."

လီချင်းချိုးက ပြန်လည် ဖြေကြားခြင်း မရှိချေ။ ဓားမိစ္ဆာဘက်က ဓမ္မပုံရိပ်နယ်မြေကို ဖွင့်လှစ်လိုက်သည်နှင့် ဓားမိစ္ဆာ၏ ပုံရိပ် ပျောက်ကွယ်သွားလေသည်။

သူ့ ပုံရိပ်သာ ပျောက်ကွယ်သွားခြင်း ဖြစ်သော်လည်း ဓားဆန္ဒက နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပါ လွှမ်းခြုံထားရာ လီချင်းချိုးတို့အတွက် ထွက်ပြေးစရာ နေရာ တစ်ခုမျှပင် မရှိတော့ချေ။

ချွမ်……

လီချင်းချိုးက ခါးမှ ထိုက်ကျွယ်နတ်ဓားကို ဆွဲထုတ်လိုက်သဖဖြင့် ဓားအိမ်မှ ဓားကျွတ်သံက ကြည်လင်ပြတ်သားလှပြီး လောကတစ်ခွင်လုံး ပဲ့တင်ထပ်သွားစေသည်။

ဓား၏ အလင်းရောင်က ကျိုးလင်ဟွမ်း၏ မျက်နှာပေါ်သို့ ထိုးဟပ်သွားပြီး ထိုက်ကျွယ်နတ်ဓား၏ ဓားသွားကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများ ချက်ချင်းပင် အကြည့်မလွှဲနိုင်အောင် ဖြစ်သွားတော့သည်။

"မဟာနတ်ဓား ကိုးလက်ထဲမှာ အဆင့်သုံး ချိတ်တဲ့ ထိုက်ကျွယ်နတ်ဓားပါလား..."ဟု ကျိုးလင်ဟွမ်းက အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူမ ထိုက်ကျွယ်နတ်ဓားကို မှတ်မိနေလိမ့်မည်ဟု လီချင်းချိုး မျှော်လင့်မထားခဲ့သော်လည်း ယခုအချိန်တွင် ဓားမိစ္ဆာအပေါ်တွင်သာ အာရုံစိုက်ထားရမည် ဖြစ်သည်။

ရုတ်တရက်…ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ဓားများ ပြင်းထန်စွာ တုန်ခါလာပြီး ဓားများ၏ မြည်ဟည်းသံများ စုဆုံသွားရာ လောကကြီးတစ်ခုလုံး ငိုကြွေးနေသကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေလေသည်။

စူးရှထက်မြက်သော အသံများနှင့်အတူ ရှေးဟောင်း ဓားများ မြေကြီးထဲမှ ရုန်းထွက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး လီချင်းချိုးတို့ဆီသို့ အားလုံး ချိန်ရွယ်ထားလိုက်ကြသည်။

မရေမတွက်နိုင်သော ရှေးဟောင်း ဓားများ၏ ချိန်ရွယ်မှုကို ခံထားရသဖြင့် ကျိုးလင်ဟွမ်းမှာ ထိတ်လန့်ကြောက်ရွံ့မှုကိုသာ ခံစားနေရသည်။သူမ မလှုပ်ရှားနိုင်တော့ကြောင်း ထိတ်လန့်တကြား တွေ့ရှိလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုက သူမကို ဖုံးလွှမ်းနေချေပြီ။

ဓားမိစ္ဆာ၏ တိုက်ခိုက်မှုက အလွန် ပြတ်သားလှသည်။ ရှေးဟောင်း ဓားများ ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ထွက်သက်ဝင်သက် တစ်ကြိမ်ပင် မပြည့်မီ အချိန်အတွင်း ရုတ်တရက် ပြန်လည် ကျဆင်းလာတော့သည်။

ထောင်သောင်းချီသော ရှေးဟောင်း ဓားများက အရပ်မျက်နှာ တစ်ခုတည်းသို့ ဦးတည်၍ တိုက်ခိုက်လာရာ အဟန့်အတားမဲ့ ကြီးမားလှသော အရှိန်အဟုန်များ ပါဝင်နေသည်။

လီချင်းချိုး ရုတ်ခြည်း ခေါင်းမော့ကြည့်လိုက်ပြ ဓားကို မြှောက်မလာခဲ့သော်လည်း ဤအကြည့်တစ်ချက်က လောကကြီးကို ပြိုကွဲသွားစေသည်။ ထိုစဉ် ပိုမို မှောင်မိုက်နေသော သွေးရောင် ကောင်းကင်ယံတစ်ခု ပေါ်ထွက်လာပြီး လေထဲရှိ မရေမတွက်နိုင်သော ရှေးဟောင်း ဓားများ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင် အရပ်မျက်နှာများမှာလည်း ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတော့သည်။

သူတို့တွေ ပိုမို ကျယ်ပြောလှသော အခြား ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကြခြင်းပင်။

လောကကြီး၏ အရပ်လေးမျက်နှာတွင် မီးတောင်များ တည်ရှိနေပြီး ၎င်းတို့၏ ခြေအောက်တွင် ချော်ရည်မြစ်များနှင့် မြေပြင် အက်ကွဲကြောင်းများ ရှိနေသည်။

ကျိုးလင်ဟွမ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမကို ဖိနှိပ်ထားသော ဓားဆန္ဒလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမ မသိစိတ်မှ လှည့်ကြည့်လိုက်တော့ လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် နေရာမှာတင် အေးခဲ တောင့်တင်းသွားတော့သည်။

သူမ၏ အကြည့်များနောက်သို့ လိုက်ကြည့်လိုက်လျှင် ကမ္ဘာမြေ၏ အဆုံးသတ်၌ ဧရာမ တောင်ကြီးများကဲ့သို့ ကြီးမားလှသော ပုံရိပ် ငါးခု ပေါ်ထွက်လာသည်ကို တွေ့ရမည် ဖြစ်သည်။ ခန္ဓာကိုယ် အထက်ပိုင်းသာ ရှိသော်လည်း ၎င်းတို့မှာ အဝေးရှိ မီးတောင်များထက်ပင် မြင့်မားနေပြီး ခေါင်းများက ကောင်းကင်ကို ထိုးဖောက်တော့မည့်အလား ရှိနေသည်။

"ဒါက..."

ဤကဲ့သို့သော ဓမ္မပုံရိပ်နယ်မြေမျိုးကို ကျိုးလင်ဟွမ်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤဓမ္မပုံရိပ်နယ်မြေက ဓားမိစ္ဆာ၏ နယ်မြေထက် ပိုမို ကျယ်ပြောကြီးမားကြောင်းကို သူမ ခံစားသိရှိနိုင်သည်။

သူမ လီပိုင်၏ ခွန်အားကို လျှော့တွက်ထားခဲ့မိသည်။

ဓမ္မပုံရိပ်နယ်မြေ တစ်ခုကို အခြား ဓမ္မပုံရိပ်နယ်မြေ တစ်ခုဖြင့် ဝါးမျိုပစ်ရန်မှာ အလွန် ခက်ခဲကြောင်း သူမ၏ အဖေ ပြောခဲ့ဖူးသည်ကို သတိရမိလိုက်သည်။ ကျင့်ကြံခြင်း အဆင့်ချင်း တူညီနေချိန်တွင် ပြိုင်ဘက်ကို မိမိ၏ ဓမ္မပုံရိပ်နယ်မြေထဲသို့ အရင်ဆုံး ဆွဲသွင်းနိုင်သူက အသာစီး ရရှိပြီး အနိုင်အရှုံးကိုပင် အဆုံးအဖြတ် ပေးနိုင်သည်ဟု ဆိုရပေမည်။

အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ ဓမ္မပုံရိပ်နယ်မြေဖြင့် ပြိုင်ဘက်၏ ဓမ္မပုံရိပ်နယ်မြေကို ရိုက်ချိုး ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ထိုသူ၏ ချီစွမ်းအင်မှာ ပြိုင်ဘက်ထက် များစွာ သာလွန်နေရမည် ဖြစ်သည်။

လီပိုင်၏ ချီစွမ်းအင်က ဓားမိစ္ဆာထက် များစွာ သာလွန်နေသည် သူမ တွေးမိလိုက်သည်။

လီချင်းချိုး၏ ဓမ္မပုံရိပ်နယ်မြေ ပွင့်လာသည်နှင့်အမျှ ကျန်းပေါင်းများစွာ အကွာတွင် မတ်တတ်ရပ်နေသော ဓားမိစ္ဆာ၏ ပုံရိပ်လည်း ထွက်ပေါ်လာခဲ့သည်။

ဓားမိစ္ဆာက လီချင်းချိုးတို့ နောက်ကွယ်ရှိ ဧရာမ ဓမ္မရုပ်တုကြီး ငါးခုကို လှမ်းကြည့်လိုက်ရာ ချောမောသော မျက်နှာပေါ်တွင် တုန်လှုပ်အံ့ဩမှုများ ရှင်းလင်းစွာ ပေါ်လွင်နေတော့သည်။

All Chapters