အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း ၃၄၇ - ဂိုဏ်းမရှိ၊ ဆရာမရှိ၊ ဓားလမ်းစဉ် ရူးသွပ်သူ….
ကျိုးလင်ဟွမ်းနှင့် ဓားမိစ္ဆာတို့ လီချင်းချိုး၏ ဓမ္မပုံရိပ်နယ်မြေကို ကြည့်၍ အံ့အားသင့်နေကြစဉ် လီချင်းချိုးကတော့ တည်ငြိမ်နေဆဲပင်။
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သော်လည်း ဤရလဒ်အတွက် သူ အံ့အားမသင့်ခဲ့ချေ။
လီချင်းချိုးက ထိုက်ကျွယ်နတ်ဓားကို မြှောက်လိုက်ပြီး ဓားဖျားဖြင့် ဓားမိစ္ဆာကို လှမ်း၍ ချိန်ရွယ်လိုက်သည်။
ဤအမူအရာနှင့်အတူ ကောင်းကင်ယံအစွန်းရှိ ဧရာမ ဓမ္မရုပ်တုကြီး ငါးခုမှာလည်း လက်များကို တစ်ပြိုင်နက် မြှောက်လိုက်ကြသည်။ တစ်ခုက ဓားကို ကိုင်ဆွဲထားပြီး တစ်ခုက လက်ကို မြှောက်ထားကာ တစ်ခုက လက်သီးဆုပ်ထားပြီး တစ်ခုက လက်နှစ်ဖက်ကို ကျယ်ပြန့်စွာ ဆန့်တန်းထားကာ နောက်တစ်ခုကမူ ရှေ့သို့ ကိုယ်ကို ကိုင်းညွှတ်ထားလေသည်။
ကောင်းကင်ကို ထိုးဖောက်မတတ် ကြီးမားလှသော ဓမ္မရုပ်တုကြီး ငါးခု ရွေ့လျားလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကို ပျက်သုဉ်းစေနိုင်လောက်သော ဖိအားကြီးက ဓားမိစ္ဆာထံသို့ တရှိန်ထိုး ကျရောက်လာတော့သည်။
လီချင်းချိုး၏ နောက်ကျောတွင် ရပ်နေသည့် ကျိုးလင်ဟွမ်းပင်လျှင် ထိုဖိအားကို ခံစားလိုက်ရပြီး အသက်ရှူကျပ်လာသလို ဖြစ်သွားရသည်။
သူမကိုယ်တိုင်ပင် ဤမျှ ဖိအားကို ခံစားနေရလျှင် ၎င်း၏ ပစ်မှတ်ဖြစ်သည့် ဓားမိစ္ဆာမှာ မည်မျှ ပို၍ ဆိုးရွားမည်ကို တွေးကြည့်နိုင်ပါသည်။ ကမ္ဘာမြေကို ပျက်သုဉ်းစေနိုင်လောက်သော ဖိအားများ ဓားမိစ္ဆာထံသို့ တိုးဝင်သွားချိန်တွင် မူလချီနှင့် ဓားဆန္ဒများ အေးခဲ တောင့်တင်းသွားသည်။
သူ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ မျက်လုံးများ ပြူးကျယ်လာကာ မျက်ဝန်းအိမ်များလည်း တုန်ယင်နေတော့သည်။
သူ့မျက်ဝန်းထဲတွင်မူ လက်ဝါး သုံးခုနှင့် လက်သီး နှစ်ခု ကြီးမားလာပြီး အမြင်အာရုံတစ်ခုလုံးကို လွှမ်းခြုံသွားသည်ကိုသာ မြင်လိုက်ရသည်။ ထိုအခါရင်ထဲတွင် ကြောက်ရွံ့မှုများ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
ဓားမိစ္ဆာ၏ မျက်လုံးထဲရှိ ကမ္ဘာကြီးမှာ ပေါက်ကွဲသွားပြီး အသိစိတ်ပင် တစ်ခဏတာ လစ်ဟာသွားတော့သည်။
အိပ်မက်ဆိုးမှ နိုးထလာသလို ရုတ်တရက် လန့်နိုးလာသည့်အခါ ခြေထောက်များမှာ ခွန်အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ လက်တစ်ဖက်ဖြင့် ထောက်၍ ရပ်တည်နေရသည်။
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရင်း နဖူးပေါ်မှ ချွေးစက်များမှာ ပဲစေ့ခန့် စီးကျလာပြီး မျက်လုံးများပင် သွေးရောင် သန်းနေတော့သည်။
ဤအချိန်တွင် သူသည် အရင်ကလို အေးစက်သော မောက်မာမှုများ မရှိတော့ဘဲ အလွန်တရာ သနားစရာ ကောင်းနေလေသည်။
ထိုစဉ် နဖူးပေါ်တွင် အေးစက်စက် အထိအတွေ့ တစ်ခုနှင့်အတူ အနည်းငယ် စူးရှသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မော့ကြည့်လိုက်ေတာ့ ထိုက်ကျွယ်နတ်ဓား၏ ဓားဖျားက သူ့ မျက်ခုံးကြားတွင် စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။
သွေးများက ဓားသွားတစ်လျှောက် စီးကျလာပြီး ချောမောသော မျက်နှာပေါ်တွင် လမ်းကြောင်းများ အဖြစ် ပေါ်ထွက်နေသဖြင့် အလွန် ဆိုးရွားလှသော ပုံစံ ဖြစ်နေတော့သည်။
သူက ရှုံးနိမ့်သွားခဲ့ပြီ။ လုံးလုံးလျားလျား ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ပြိုင်ဘက်က ဓမ္မပုံရိပ်နယ်မြေ တစ်ခုတည်းကိုသာ သုံး၍ သူ့ကို အလွယ်တကူ အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။
ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ရဲ အစွမ်းအထက်ဆုံး ပညာရပ်မှာ ဓမ္မပုံရိပ်နယ်မြေ မဟုတ်သော်လည်း ပြိုင်ဘက်က မိမိ၏ နယ်မြေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခြင်းက သူတို့နှစ်ဦးကြားရှိ ကြီးမားလှသော ကွာဟချက်ကို ရှင်းလင်းစွာ ပြသနေပေသည်။
ဓားမိစ္ဆာက တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်ပေါ်မလာချေ။
သူသည် အလွန် မောက်မာဝင့်ကြွားသူ ဖြစ်သဖြင့် ရှုံးနိမ့်ခြင်းကို ဝန်မခံလိုပေ။ ယခုအချိန်တွင် သူ ဘာပြောပြော ဟာသတစ်ခုသဖွယ် ဖြစ်နေမည်သာ။
ထို့ကြောင့် ဓားမိစ္ဆာက လီချင်းချိုးကိုသာ စူးစိုက်ကြည့်နေရင်း သေခြင်းတရားကို စောင့်ဆိုင်းနေလိုက်သည်။
လီချင်းချိုး သူ့ကို ငုံ့ကြည့်လိုက်သည်။ ဤလူက ရှန်ယွဲ့နှင့် မတူညီကြောင်း တွေးလိုက်မိသည်။ နှစ်ဦးစလုံး မောက်မာသော ဓားကျင့်ကြံသူများ ဖြစ်ကြသော်လည်း ရှန်ယွဲ့က အပေါ်ယံသာ ဟန်ဆောင်တတ်သူ ဖြစ်ကာ ဤလူကတော့ အရိုးထဲအထိ မောက်မာမှုများ စွဲကပ်နေသူ ဖြစ်သည်။
ကျိုးလင်ဟွမ်း သတိပြန်ဝင်လာခဲ့ပြီး လီချင်းချိုး၏ ရှေ့တွင် ဓားမိစ္ဆာ ဒူးထောက်နေသည်ကို မြင်လိုက်ရသောအခါ ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။
လီချင်းချိုး အနိုင်ရသွားသည်မှာပင် သူမအတွက် မယုံနိုင်စရာ ဖြစ်နေခဲ့ပြီ။ အရေးကြီးဆုံးမှာ ဤမျှ လွယ်ကူစွာဖြင့် တစ်ချက်တည်းနှင့် ဓားမိစ္ဆာကို အနိုင်ယူသွားခြင်းပင် ဖြစ်သည်။
လီပိုင်က ကောင်းကင်နေမင်းနယ်ပယ်ထက် သာလွန်သည့် တည်ရှိမှုမျိုး ဖြစ်နေမလား။
ကျိုးလင်ဟွမ်း၏ အကြည့်များတွင် လီချင်းချိုးအပေါ် လေးစားအားကျမှုများ ပြည့်နှက်နေသည်။
ဓားမိစ္ဆာမှာ သာမန်လူ မဟုတ်ဘဲ ကောင်းကင်နေမင်းနယ်ပယ်အတွင်းတွင် သူ့ကို ယှဉ်နိုင်သူ အလွန် ရှားပါးလှသည်။ အနည်းဆုံးတော့ ဓားမိစ္ဆာ ရှုံးနိမ့်ဖူးကြောင်း သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။
"မင်း အသက်ရှင်ချင်သေးလား..."
လီချင်းချိုးက အမူအရာမဲ့စွာဖြင့် မေးလိုက်သည်။ ချင်းရှောင်ဂိုဏ်းမှာ ဝမ့်ယင်းဂိုဏ်းနှင့် စစ်ဖြစ်နေသဖြင့် ကောင်းကင်နေမင်း နယ်ပယ်ရှိ တိုက်ခိုက်သူ တစ်ဦးကို ထပ်မံ ရရှိလာခြင်းက ကောင်းမွန်သော ကိစ္စပင် ဖြစ်သည်။ သို့သော်လည်း ဓားမိစ္ဆာကို လက်နက်ချအောင် လုပ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
လီချင်းချိုး၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ဓားမိစ္ဆာမှာ တိတ်ဆိတ်နေခဲ့သည်။
"မင်းကို ရွေးချယ်ခွင့် နှစ်ခု ပေးမယ်... တစ်ခုက အခုချက်ချင်း သေဖို့... နောက်တစ်ခုက ငါ့အောက်မှာ အမှုထမ်းဖို့... အဲဒီအခါကျရင် မင်းကို ငါ့ကို စိန်ခေါ်ခွင့် ထပ်ပေးမယ်..."
သူသည် ဓားမိစ္ဆာကို အမှန်တကယ်ပင် လေးစားမိသည်။ ဤလူသည် နောက်ကွယ်မှ ချောင်းမတိုက်ဘဲ ပွင့်ပွင့်လင်းလင်းပင် လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဓားမိစ္ဆာက ဓမ္မပုံရိပ်နယ်မြေကို အရင်ဖွင့်ခဲ့သော်လည်း လီချင်းချိုးကို တုံ့ပြန်ရန် အချိန်ပေးခဲ့သေးသည် မဟုတ်ပါလော။
ထိုသို့သော သူမှာ အနည်းဆုံးတော့ ဖြောင့်မတ်တည်ကြည်သော စိတ်ထား ရှိသူပင် ဖြစ်သည်။ ဤစကားကို ကြားသောအခါ ဓားမိစ္ဆာ မျက်မှောင် ကြုတ်သွားသည်။ သူသည် သေခြင်းတရားကို မကြောက်သော်လည်း လီချင်းချိုးကို ပြန်လည် စိန်ခေါ်ခွင့်ရမည့် အချက်က သူ့ကို စိတ်ဝင်စားသွားစေသည်။
သူ အလက်မခံနိုင်ဆုံးအရာမှာ ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။ သူ့ရဲ့ ဓားလမ်းစဉ် သန့်စင်ခြင်း မရှိဘဲ အနိုင်ကိုသာ လိုချင်ပြီး အစွမ်းထက်ဆုံး ဖြစ်လာချင်သူသာ ဖြစ်သည်။
"မင်း စကားမပြောဘူးဆိုရင် ဒုတိယလမ်းကို ရွေးတယ်လို့ပဲ သဘောထားလိုက်မယ်..."
လီချင်းချိုးက ဓားကို ပြန်သိမ်း၍ ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ ဓားမိစ္ဆာ၏ ဒဏ်ရာများကို ကုသပေးခြင်း မပြုဘဲ ထိုသူမှာ ရွေ့လျားနိုင်သည့် ခွန်အား ရှိနေသေးသည်ဟု ယုံကြည်လိုက်သည်။
ထို့နောက် ဓားအိမ်ကို ဖြုတ်၍ ဓားမိစ္ဆာထံ ပစ်ပေးလိုက်ပြီး…
"အခုကစပြီး ငါ့ဓားကို သယ်ပေး..."
ဓားမိစ္ဆာက မသိစိတ်ကြောင့် ထိုက်ကျွယ်နတ်ဓားနှင့် ဓားအိမ်ကို ဖမ်းဆုပ်လိုက်သည်။ ၎င်းကို ကိုင်ထားရင်း လီချင်းချိုးကို မယုံနိုင်စရာ အကြည့်များဖြင့် ကြည့်လျက် ဝေဝါးသွားတော့သည်။
လီချင်းချိုးက လှည့်ထွက်ကာ ကျိုးလင်ဟွမ်းဆီသို့ လျှောက်သွားလိုက်သည်။
"သူရှင့်ကို နောက်ကွယ်ကနေတိုက်ခိုက်မှာ မကြောက်ဘူးလား... ဘာလို့ သူ့ကို ဓားပေးလိုက်တာလဲ..."
လီချင်းချိုး၏ ထိုက်ကျွယ်နတ်ဓားမှာ မရိုးရှင်းဘဲ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေကြောင်း သူမ သိရှိလိုက်သည်။
"သူက အဲလို လူစားမျိုး မဟုတ်ပါဘူး..."
သူတို့သည် ဓားမိစ္ဆာနှင့် ဆယ်လီကျော်ခန့် ဝေးကွာနေသော်လည်း ထိုစကားများကို သူ အသေအချာ ကြားနေရသည်။ ဓားမိစ္ဆာမှာ စော်ကားခံရသလို ခံစားလိုက်ရသော်လည်း အကယ်၍ သူသာ တစ်ခုခု ပြုလုပ်ရန် ကြိုးစားပါက ချက်ချင်းပင် အသက်ပျောက်သွားမည် ဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။
သေခြင်းတရားကို မကြောက်သော်လည်း လီချင်းချိုးကို ပြန်လည် စိန်ခေါ်ချင်သော ဆန္ဒမှာ ပြင်းပြနေဆဲ ဖြစ်ရာ ယခုအချိန်တွင် ပိုမို အစွမ်းထက်လာရန်သာ လိုအပ်သည်။
ဓားမိစ္ဆာက ထိုက်ကျွယ်နတ်ဓားအိမ်ကို ပွေ့ဖက်ရင်း ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။
"ခရီးမဆက်ခင် နာရီဝက်လောက် အနားယူကြမယ်..."
လီချင်းချိုးက ထိုသို့ပြောရင်း လှည့်ကြည့်၍ ဓားမိစ္ဆာကို ပြုံးပြလိုက်သည်။ ထိုက်ကျွယ်နတ်ဓားက အလွန် ကြီးမားသဖြင့် သူ့အစား ဓားသယ်ပေးမည့်သူ ရှိနေခြင်းမှာ မဆိုးလှချေ။ သာမန်လူများဆိုလျှင် ထိုက်ကျွယ်နတ်ဓား၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ခက်ခဲသော်လည်း ဓားမိစ္ဆာကတော့ မတူညီပေ။ နတ်ဓားက သူ့ကို မရွံ့မရှာဘဲ ကိုင်ဆောင်ခွင့် ပေးထားသည်။
အကယ်၍သာ လီချင်းချိုးက ဓားမိစ္ဆာကို သတ်လိုစိတ် ပေါ်ပေါက်လာပါက ထိုက်ကျွယ်နတ်ဓားမှာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ထုတ်လွှတ်၍ သူ့ကို အပိုင်းပိုင်း ဖြစ်သွားစေလိမ့်မည်။
လီချင်းချိုး ပို၍ အစွမ်းထက်လာလေလေ ထိုက်ကျွယ်နတ်ဓားလည်း ပို၍ အစွမ်းထက်လာလေလေ ဖြစ်ပြီး သူတို့ နှစ်ဦးမှာ တစ်သားတည်း ဖြစ်နေကြသည်။ ထို့ကြောင့် အခြားသူ၏ လက်ထဲသို့ ရောက်သွားရင်တောင် ထိန်းချုပ်နိုင်ဆဲပင်။
"ရှင် ကျွန်မကို ဓားမိစ္ဆာလက်ကနေ ကယ်တင်ပေးခဲ့တယ်ဆိုတော့... မဟာရှားမင်းဆက်ကို ရောက်ရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ ပြန်ဆပ်ပါ့မယ်..."
ကျိုးလင်ဟွမ်းက လီချင်းချိုးကို ကြည့်ရင်း အလေးအနက် ပြောလိုက်သဖြင့် လီချင်းချိုး အံ့အားသင့်သွားသည်။
ထျန်းချင်းမသေမျိုးဂိုဏ်းက ဤမျှ ကြွယ်ဝချမ်းသာသလော။
အရင်က ကိုးပြည်ထောင်နယ်မြေတွင် ရှိစဉ်က ၎င်းကို ဘာကြောင့် မြေရိုင်းဟု ခေါ်ခဲ့သည်ကို သူ နားမလည်ခဲ့ချေ။ အပြင်ဘက်သို့ ထွက်ခွာလာမှသာ ကိုးပြည်ထောင်နယ်မြေမှာ အရင်းအမြစ်များ အမှန်တကယ် နည်းပါးနေပြီး အပြင်ဘက် ကမ္ဘာကြီးနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ကြောင်းကို သိရှိလိုက်ရသည်။
ကျိုးလင်ဟွမ်း ပေါ့ပေါ့ပါးပါး ကမ်းလှမ်းလိုက်သော ဝိညာဉ်ကျောက်တုံး ပမာဏမှာ ချင်းရှောင်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်သည့် သူ့ကိုပင် အံ့အားသင့်သွားစေသည်။
ဓားမိစ္ဆာက ကျိုးလင်ဟွမ်းအတွက် ရောက်လာခြင်း မဟုတ်သော်လည်း လီချင်းချိုးကတော့ သူမ၏ ဆုလာဘ်ကို ဝမ်းသာအားရ လက်ခံလိုက်သည်။
မိမိဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှက်နေစရာ မလိုပေ။
"ကောင်းပြီ..."
လီချင်းချိုးက ပြန်လည် ဖြေကြားလိုက်ပြီး ဘေးသို့ သွားရောက်၍ တရားမှတ် ကျင့်ကြံနေလိုက်သည်။
ကျိုးလင်ဟွမ်းကလည်း ထိုင်ရန် နေရာတစ်ခု ရှာလိုက်သော်လည်း သူ့ အကြည့်များမှာ အဝေးတွင် ဒဏ်ရာ ကုသနေသော ဓားမိစ္ဆာထံသို့ မကြာခဏ ရောက်သွားသည်။ ဓားမိစ္ဆာကို လီချင်းချိုး အနိုင်ယူသွားသည်ကို ကိုယ့်မျက်စိနှင့် ကိုယ် မြင်လိုက်ရခြင်းမှာ မယုံနိုင်စရာ ဖြစ်နေသည်။
သူမအနေနှင့် ဤသူမှာ အတုအယောင် ဓားမိစ္ဆာများလားဟုပင် သံသယ ဝင်မိတော့သည်။
သို့သော်လည်း အစောက ဓမ္မပုံရိပ်နယ်မြေမှာ ဓားမိစ္ဆာ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြနေသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ပြန်တွေးမိတိုင်း သူမ၏ ရင်ထဲတွင် တုန်ရီနေဆဲပင်။
သူမအနေနှင့် လီချင်းချိုးက အလွန်အမင်း အစွမ်းထက်လွန်းသည်ဟုသာ ပြောနိုင်တော့သည်။
ကျိုးလင်ဟွမ်းက လီချင်းချိုးကို ကြည့်ရင်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
ဤလေလွင့်ကျင့်ကြံသူ၏ နောက်ခံသမိုင်းက ဘာများ ဖြစ်လိမ့်မလဲ….
ဓားမိစ္ဆာကို လက်အောက်ခံအဖြစ် ရရှိပြီးနောက် လီချင်းချိုးနှင့် ကျိုးလင်ဟွမ်းတို့မှာ ကျန်ရှိသော ခရီးစဉ်တွင် မည်သည့် အနှောင့်အယှက်မှ ထပ်မံ မကြုံတွေ့ရတော့ဘဲ သူမကို မဟာရှားမင်းဆက်ရှိ မြို့တစ်မြို့သို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ကျိုးလင်ဟွမ်းက ထိုမြို့ရှိ ထျန်းချင်းမသေမျိုးဂိုဏ်း၏ အိမ်တော်တစ်ခုကို ရှာတွေ့ခဲ့ပြီး ၎င်းမှာ ကုန်သည်တစ်ဦး၏ အိမ်တော် ဖြစ်နေသည်။ အိမ်တော်ရှင်က သူမကို မြင်သောအခါ အလွန် ရိုသေလေးစားစွာ ဆက်ဆံသည်။
ထိုနေ့တွင်ပင် ကျိုးလင်ဟွမ်းက လီချင်းချိုးကို သိုလှောင်အိတ် တစ်လုံး ပေးအပ်ခဲ့သည်။ သူ စစ်ဆေးကြည့်လိုက်တော့ အတွင်းတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းနှင့် အပိုဆောင်းများ ပါဝင်နေသည်မှာ တကယ်ကို မတန်တဆ များပြားလှပေသည်။
ဤမျှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ပမာဏကို ထိုသို့သော အိမ်တော်တစ်ခုကပင် သိမ်းဆည်းထားနိုင်သည်လော။ ဝိညာဉ်အသိအာရုံဖြင့် စစ်ဆေးကြည့်ရာ အိမ်တော်အတွင်းရှိ ကျင့်ကြံသူများ၏ အဆင့်မှာ ကျိုးလင်ဟွမ်းနှင့် အတူတူပင် ဖြစ်သည်။
သူတို့က လုယက်ခံရမှာ မကြောက်ကြဘူးလား…..
ဖြစ်နိုင်သည်မှာ ထျန်းချင်းမသေမျိုးဂိုဏ်း၏ စွမ်းအားကို လျှော့တွက်ထားမိခြင်း ဖြစ်ပေမည်။
"မိန်းကလေး... ဒီနေရာမှာပဲ ခွဲကြစို့... ကံပါရင် နောက်ထပ် တွေ့ဆုံကြတာပေါ့..."
လီချင်းချိုးက ကျိုးလင်ဟွမ်းကို ကြည့်၍ ပြောပြီးနောက် လှည့်ထွက်သွားလေတော့သည်။
ထိုက်ကျွယ်နတ်ဓားကို ပွေ့ဖက်ထားသော ဓားမိစ္ဆာကလည်း လှည့်၍ လီချင်းချိုး၏ နောက်မှ လိုက်ပါသွားသည်။
"လီပိုင်... ကျွန်မတို့ နောက်တစ်ခါ တကယ်ပဲ ပြန်တွေ့နိုင်ပါ့မလား..."
မေးပြီးသောအခါမှသာ ရှက်ရွံ့သွားရသည်။ သူမ ထိုသူနှင့် လမ်းခွဲရန် ဆုံးဖြတ်ပြီးသား ဖြစ်ရာ ယခုလို မေးခွန်းမျိုးကို အဘယ့်ကြောင့် မေးမိသနည်း။
အနီးအနားရှိ အိမ်တော်ရှင်မှာ သူမ၏ မေးခွန်းကို ကြားပြီးနောက် အမူအရာ တစ်မျိုး ဖြစ်သွားသည်။
လီချင်းချိုးကတော့ ပြန်လည် ဖြေကြားခြင်း မရှိဘဲ ညာလက်ကို မြှောက်ကာ နှုတ်ဆက်ပြီး အိမ်တော်မှ ထွက်သွားလေပြီ။ ဓားမိစ္ဆာကလည်း နောက်မှ လိုက်ပါသွားပြီး တစ်ချက် ပြန်လှည့်ကြည့်သွားသည်။
ကျိုးလင်ဟွမ်း ထိုနေရာတွင် ရပ်ကျန်ရစ်ခဲ့ပြီး စိတ်ထဲတွင် ဆုံးရှုံးမှု တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
လီချင်းချိုးက မနှောင့်နှေးတော့ဘဲ မြို့ထဲမှ အလျင်အမြန် ထွက်ခွာလာပြီး အရှေ့ဘက်သို့ ပျံသန်းသွားလေသည်။
ဓားမိစ္ဆာက ခွန်အား
အချို့ကို ပြန်လည် ရရှိသွားပြီ ဖြစ်ရာ သူ့ရဲ့ ပျံသန်းနှုန်းကို မီနိုင်ပေသည်။
တာအိုမျိုးဆက်ဇယားအတွင်းရှိ တပည့်အရေအတွက် မလျော့ကျသွားသည်ကို မြင်ရသဖြင့် လီချင်းချိုးက ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ကို ရှာဖွေရန် နှစ်ရက်ခန့် အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်။
ကံမကောင်းစွာဖြင့် ဤမြေပြင်မှာ အလွန် ကျယ်ပြောလှပြီး မြောက်ဘက်သို့ သွားသည်ဖြစ်စေ၊ တောင်ဘက်သို့ သွားသည်ဖြစ်စေ ကိုးပြည်ထောင်နယ်မြေထက်ပင် ပိုမို ကြီးမားလှသည်။
နှစ်ရက်အကြာတွင် လီချင်းချိုး ဘာမျှ မရရှိဘဲ ချင်းရှောင်ဂိုဏ်းသို့ ပြန်လာခဲ့ရသည်။
လီချင်းချိုးက သူ့ဘေးတွင် ဓားပေါ်၌ ပျံသန်းနေသော ဓားမိစ္ဆာကို ကြည့်၍…
"တကယ်တော့ ငါ့နာမည်က လီပိုင် မဟုတ်ဘူး…. ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီချင်းချိုးပါ... မင်း ချင်းရှောင်ဂိုဏ်းထဲ ဝင်ချင်လား..."
ထိုက်ကျွယ်နတ်ဓားကို ကိုင်ထားသော ဓားမိစ္ဆာက အမူအရာမဲ့စွာဖြင့်….
"ဝင်ရင်ရော ဘာဖြစ်မလဲ၊ မဝင်ရင်ရော ဘာဖြစ်မလဲ..."
"ဝင်လိုက်ပါ..."
"အင်း..."
ဓားမိစ္ဆာက ခပ်ပြတ်ပြတ် သဘောတူကြောင်း အသံပြုလိုက်သည်။ သူသည် လီချင်းချိုး၏ နောက်ခံသမိုင်းကို အထူးတလည် စိတ်ဝင်စားခြင်း မရှိချေ။
လီချင်းချိုးက တာအိုမျိုးဆက်ဇယားကိုဖွင့်၍ ဓားမိစ္ဆာ၏ အချက်အလက်ကို ရှာဖွေလိုက်သည်။
【နာမည် - ဓားမိစ္ဆာ】
【ကျား/မ - ကျား】
【အသက် - ၂၉၈ နှစ်】
【သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၁၂/၀ (အများဆုံး တန်ဖိုး ၁၀၀)】
【ကျင့်ကြံခြင်း ပါရမီ - ထူးချွန်】
【နားလည်နိုင်စွမ်း - ထူးကဲ】
【ကံကြမ္မာ - ဓားလမ်းစဉ် ရူးသွပ်သူ၊ သင်ကြားပေးခြင်းကို ဝါသနာပါသူ၊ အစွမ်းထက်သူများအပေါ် မောက်မာသူ】
【ဓားလမ်းစဉ်ရူးသွပ်သူ - မိမိ၏ ဓားလမ်းစဉ်အတွက် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်နိုင်သည်၊ ကိုယ်ပိုင် လျှို့ဝှက်ဓားကွက်များကို အမြဲတမ်း နားလည်နိုင်စွမ်း ရှိသည်။】
【သင်ကြားပေးခြင်းကို ဝါသနာပါသူ - အရည်အချင်းရှိသူကို တွေ့ပါက လမ်းညွှန်မှု ပေးရန် ဝန်မလေးပေ။】
【အစွမ်းထက်သူများအပေါ် မောက်မာသူ - ဘယ်တော့မှ မပျောက်ကွယ်သွားသည့် မောက်မာမှု ရှိသည်၊ မိမိထက် အစွမ်းထက်သော ရန်သူကို ရင်ဆိုင်ရချိန်တွင် ပိုမို ပြင်းထန်သော ခွန်အားများ ပေါက်ကွဲထွက်လာသည်။】
အလွန် အဖိုးတန်လှသော အချက်အလက်များပါတကား….
ထူးချွန်သည့် ကျင့်ကြံခြင်း ပါရမီနှင့် ထူးကဲသော နားလည်နိုင်စွမ်းမှာ ယွမ်လီနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
အရေးကြီးဆုံးမှာ သူသည် သင်ကြားပေးခြင်းကို ဝါသနာပါသူ ဖြစ်နေခြင်းပင်။ ဤသည်က လီချင်းချိုး လုံးဝ မမျှော်လင့်ထားခဲ့သည့် အချက်ပင်။
ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ ဓားမိစ္ဆာကို ဓားဂိုဏ်းတွင် ထားရှိခြင်းက အံ့အားသင့်စရာများ ဖြစ်ပေါ်လာနိုင်ပေသည်။
သို့သော်လည်း သစ္စာစောင့်သိမှု အလွန် နိမ့်ကျနေသဖြင့် သူ့ကို အနိုင်ယူရန် နည်းလမ်းတစ်ခုခုတော့ လိုအပ်လိမ့်မည်။
"မင်းကို ဓားမိစ္ဆာ လို့ပဲ ခေါ်တာလား... နာမည်ရင်း မရှိဘူးလား..."
"အဖေလည်း မရှိ၊ အမေလည်း မရှိ၊ ဂိုဏ်းလည်း မရှိ၊ ဆရာလည်း မရှိဘူး... ဘယ်သူကမှ ငါ့ကို နာမည် မပေးခဲ့ဘူး... ငါက ကံကောင်းလို့ အခွင့်အရေး ရရှိခဲ့ပြီး ကိုယ့်ဘာသာ တာအိုကို နားလည်ခဲ့တာ... တလောကလုံးက ငါ့ကို ဓားမိစ္ဆာလို့ ခေါ်ကြလို့ ငါက ဓားမိစ္ဆာပဲ..."
ကိုယ့်ဘာသာ တာအိုကို နားလည်ခဲ့တာ….
အသက် သုံးရာနီးပါး ရှိနေသော်လည်း ကောင်းကင်နေမင်းနယ်ပယ်တွင် ရှိနေရခြင်းမှာ မဆန်းတော့ပေ။
လီချင်းချိုးက အခါအခွင့်သင့်သည့်အခါ ဟွမ်ယွမ်ကျမ်းစာကို ဓားမိစ္ဆာထံ ပေးအပ်၍ ကျင့်ကြံခြင်း အမြန်နှုန်း တိုးတက်လာမလာ စမ်းသပ်ကြည့်မည်ဟု တွေးလိုက်မိတော့သည်။