အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း ၃၅၀ - ဂိုဏ်းချုပ်၏ စွမ်းအား….
တောင်တန်းများအကြားတွင် တည်ဆောက်ထားသော ရိုးရှင်းသည့် မြို့တစ်မြို့ရှိပြီး ထိုမြို့၏ အရပ်လေးမျက်နှာရှိ တောင်ထွတ်များပေါ်မှ ချင်းရှောင်ဂိုဏ်းသားများက အဝေးကို စောင့်ကြည့် ကြီးကြပ်နေကြသည်။
ယွမ်လီနှင့် ကျောက်ကျိန်းတို့က မိမိတို့၏ အဖွဲ့သားများကို ခေါ်ဆောင်၍ မြို့တံခါးမှတစ်ဆင့် ဝင်ရောက်လာကြသည်။ သူတို့မှာ သွေးစက်များဖြင့် ရွှဲနစ်နေကြပြီး အထူးသဖြင့် ယွမ်လီမှာ သွေးလူသားနှင့်ပင် တူနေတော့သည်။ သို့သော်လည်း လက်ရှိပုံစံက လမ်းတစ်လျှောက်ရှိ အခြားသော ဂိုဏ်းသားများကို ကြောက်ရွံ့သွားစေခြင်း မရှိဘဲ ရိုသေကိုင်းညွှတ်သည့် အကြည့်များဖြင့်သာ ကြိုဆိုခံရသည်။
ချင်းရှောင်ဂိုဏ်းမှာ ဝမ့်ယင်းဂိုဏ်းနှင့် စစ်ဖြစ်နေချိန်တွင် ယွမ်လီ သတ်ဖြတ်ခဲ့သည့် ရန်သူအရေအတွက်မှာ အခြားသူများထက် များစွာ သာလွန်လှသည်။ ကျောက်ကျိန်းနှင့် တွဲဖက်လိုက်သောအခါတွင် သူတို့ အဖွဲ့မှာ အခြားသော ဂိုဏ်းသားများ အားကျအတုယူရမည့် ပန်းတိုင်တစ်ခု ဖြစ်လာခဲ့သည်။
သူတို့ တိုက်ပွဲဆီသို့ ထွက်ခွာသွားတိုင်း ဝမ့်ယင်းဂိုဏ်းသားများကို သတ်ဖြတ်ပစ်လေ့ရှိသည်။ ယွမ်လီတင်မကဘဲ ကျောက်ကျိန်းပင် ဝမ့်ယင်းဂိုဏ်း၏ အာရုံစိုက်ခြင်းကို ခံလာရသည်။
ဟူယန်လည်း ကျောက်ကျိန်း၏ နောက်မှ လိုက်ပါလာခဲ့သည်။ တစ်နှစ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ အရင်က ကလေးဆန်မှုများမ ပျောက်ကွယ်သွားပြီး အလွန် တည်ငြိမ်လာသည်။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ယွမ်လီနှင့် ကျောက်ကျိန်းတို့က မိမိတို့အဖွဲ့မှ အဖွဲ့သားများကို မှာကြားစရာရှိသည်များ မှာကြားလိုက်ပြီး မြို့လယ်ရှိ ခန်းမဆောင်သို့ အတူတကွ လျှောက်လှမ်းသွားကြသည်။
လမ်းတစ်လျှောက်တွင် ဂိုဏ်းသားများက သူတို့ကို အလွန် စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။
"တတိယအစ်ကိုကြီး... အခုဆိုရင် အစ်ကိုကြီးရဲ့ ဂုဏ်သတင်းက တကယ်ကို ကြီးမားနေပြီ..." ဟု ကျောက်ကျိန်းက မနေနိုင်တော့ဘဲ ရေရွတ်လိုက်သည်။
သူသည် ယွမ်လီနှင့်အတူ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး ယွမ်လီ အရင်က အကဲ့ရဲ့ခံဘဝမှ ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာသည်ကို ကြည့်ရှုရင်း သူ့အား စိတ်နှလုံးအကြွင်းမဲ့ လေးစားမိသည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းကြောင်းကို စတင် ဖော်ထုတ်လိုက်ချိန်ကတည်းက ယွမ်လီ၏ အနာဂတ်က ရိုးရှင်းမည် မဟုတ်ကြောင်း သိရှိခဲ့သော်လည်း ယခုလို အံ့ဩစရာ ကောင်းလောက်အောင် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ယွမ်လီ၏ တောက်ပမှုက လွန်စွာမှပင် ပြင်းထန်လှသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ယွမ်လီ ပြသခဲ့သည့် စွမ်းအားများက သူ့ကို လုံးဝ အရှုံးပေးသွားစေခဲ့ပြီး သူ့လိုလူ ဆယ်ယောက် ပေါင်းလျှင်တောင် ယွမ်လီကို မယှဉ်နိုင်ပေ။
ကျောက်ကျိန်း ဤအမှန်တရားကို မကျေမနပ် လက်ခံနေခြင်း မဟုတ်ဘဲ ယွမ်လီကို ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်၍ သူ့ကို ကျော်ဖြတ်နိုင်ရန် ကြိုးစားသွားမည်ဟု ကတိပြုထားသည်။
သူသည် မိမိကိုယ်ကိုယ် ပါရမီအရှိဆုံးသူဟု အမြဲ ယုံကြည်ထားခဲ့ရာ ယွမ်လီကို ပန်းတိုင်အဖြစ် ထားရှိခြင်းက သူ့ကို ပိုမို လှုံ့ဆော်ပေးနိုင်ပေလိမ့်မည်။
"ဒါတွေက အချည်းနှီး ဂုဏ်သတင်းတွေပါပဲကွာ..."
ယွမ်ချီ၏ သေဆုံးမှုက သူ့ကို ပြင်းထန်စွာ ပြောင်းလဲသွားစေခြင်း မရှိပေ။ယခုဆို ပိုမို ယုံကြည်စိတ်ချရသူ ဖြစ်လာခဲ့ပြီ။
အခြားဂိုဏ်းသားများထက် သာလွန်သည့် ခွန်အားများ ရှိနေသော်လည်း ပိုမို ကြီးမားသော တာဝန်များကို ထမ်းဆောင်နေရကြောင်း သိရှိသဖြင့် နှိမ့်ချစွာပင် နေထိုင်ခဲ့သည်။
ကျောက်ကျိန်းက ရယ်မော၍….
"အစ်ကိုကြီးကလည်း နှိမ့်ချလွန်းနေပြန်ပါပြီ... အခုလို စွမ်းအားတွေသာ ကျွန်တော့်မှာ ရှိရင် ကျွန်တော် တကယ်ကို မောက်မာနေမိမှာပဲ..."
"မင်းလည်း အခု တော်တော်လေး မောက်မာနေတာပဲ... ဒါပေမဲ့ မင်းရဲ့ မောက်မာမှုမှာ ရန်လိုစိတ် မပါတဲ့အတွက် တော်တော်လေး ကောင်းပါတယ်... မင်းရဲ့ စိတ်နေစိတ်ထားကို ငါ သဘောကျတယ်... နည်းနည်းတောင် အားကျမိသေးတယ်..."
ညီအစ်ကို နှစ်ယောက် စကားတပြောပြောနှင့် မြို့လယ်ရှိ အိမ်တော်ထဲသို့ ဝင်ရောက်သွားကြသည်။
ဤမြို့မှာ စစ်ဖြစ်နေစဉ် ယာယီ တည်ဆောက်ထားသည့် ခံစစ်စခန်းတစ်ခု ဖြစ်ရာ အရာအားလုံး ရိုးရှင်းလှပြီး အာဏာစက်ကို ကိုယ်စားပြုသော ဤအိမ်တော်မှာလည်း အတူတူပင် ဖြစ်သည်။ အသေးစိတ် အလှဆင်ခြင်းများ မရှိဘဲ ခြံစည်းရိုးများတွင်ပင် အက်ကြောင်းများ ရှိနေသည်။
အဓိက ခန်းမဆောင်သို့ ရောက်ရှိချိန်တွင် ကျောက်ကျိန်းက ဝေထျန်းရှုံး၊ ချူကျင်းနှင့် ကုချန်ဖိန်တို့ထံ အခြေအနေများကို အစီရင်ခံလိုက်သည်။
ဝေထျန်းရှုံး၊ ချူကျင်းနှင့် ကုချန်ဖိန်တို့ သုံးဦးမှာ ဤစစ်ပွဲ၏ တပ်မှူးများ ဖြစ်ကြသည်။ ဝေထျန်းရှုံးက သုံးဦးစလုံး၏ ခေါင်းဆောင် ဖြစ်ပြီး အဆင်ပြေစွာ ပူးပေါင်း လုပ်ဆောင်နေကြသည်။ ဝေထျန်းရှုံးက မောက်မာတတ်သော်လည်း ခွန်အားနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းမှာ ကျန်နှစ်ဦးထက် သာလွန်လှသည်။
ဝေထျန်းရှုံးကလည်း ချူကျင်း၏ နည်းဗျူဟာပိုင်း ဆွဲဆောင်မှုနှင့် ကုချန်ဖိန်၏ တည်ငြိမ်မှုကို အလွန် တန်ဖိုးထားသည်။
ယခုဆို ဝေထျန်းရှုံး၏ အမြင်များလည်း ပြောင်းလဲလာခဲ့ပြီ။ သူသည် ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကို ရရှိထားသော ယွမ်လီအပြင် အခြားသော ချင်းရှောင်ဂိုဏ်းသားများသည်လည်း မျှော်လင့်ထားသည့်အတိုင်း ပြုစုပျိုးထောင်ပေးရန် ထိုက်တန်ကြောင်း တွေ့ရှိသွားသည်။
လီချင်းချိုး ပြောခဲ့သည်မှာ မှန်ပေသည်။ ဂိုဏ်းတစ်ခု အားကောင်းလာရန်မှာ ယွမ်လီလို ပါရမီရှင်များ ရှိရုံဖြင့် မလုံလောက်ဘဲ အခြားသော နယ်ပယ်များတွင်လည်း ပါရမီရှင်များ လိုအပ်ပေသည်။
ကျောက်ကျိန်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ကုချန်ဖိန်က စိတ်လှုပ်ရှားစွာဖြင့်….
"အစ်ကိုတို့ နှစ်ယောက်က တကယ်ကို အစွမ်းထက်လွန်းတယ်... အစ်ကိုတို့ သတ်ဖြတ်ခဲ့တဲ့ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ အရေအတွက်က ဂိုဏ်းထဲက ဝိညာဉ်အသိအာရုံအဆင့် ဂိုဏ်းသားအားလုံး ပေါင်းတာထက်တောင် များနေသေးတယ်..." ဟု ဆိုလိုက်သည်။
ဤသို့ နှိုင်းယှဉ်ချက်က ယွမ်လီ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပိုမို ထင်ရှားစေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ယွမ်လီသာ ရန်သူဖြစ်နေပြီး လီချင်းချိုးသာ မရှိပါက ယွမ်လီတယောက်တည်းနှင့်
ချင်းရှောင်ဂိုဏ်းတစ်ခုလုံးကိုပင် အမြစ်ပြတ် သတ်ဖြတ်ပစ်နိုင်ပေမည်။
ဤအချက်ကို တွေးမိလိုက်ချိန်တွင် ကုချန်ဖိန်မှာ ကြက်သီးမွှေးညှင်းများပင် ထသွားရသည်။
ဂိုဏ်းချုပ်၏ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းမှာ တကယ်ကို အံ့ဩစရာ ကောင်းလောက်အောင် အစွမ်းထက်လှသည်။ ယွမ်လီမှာ ဘဝတစ်ဝက်လောက် အကဲ့ရဲ့ခံခဲ့ရသော်လည်း ဂိုဏ်းချုပ်က သူ့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့သည်။
ယွမ်လီ ပိုမို အစွမ်းထက်လာလေလေ လီချင်းချိုး၏ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ပိုမို မှန်ကန်ကြောင်း သက်သေပြနေလေလေပင်။
ဤအကြောင်းရင်းကြောင့်ပင် ဟူယန်၏ စွမ်းဆောင်ရည်ကို လူတိုင်း စောင့်မျှော်နေကြသည်။လူတိုင်းက ဟူယန်မှာ ပိုမို အစွမ်းထက်သော ပါရမီများကို ဖုံးကွယ်ထားသည်ဟု ခံစားနေကြရသည်။
ဟူယန်သာမက ယင်ကျင်းရှင်းကိုလည်း လူတိုင်းက အလွန် မျှော်လင့်နေကြသည်။ ဂိုဏ်းချုပ်က ယင်ကျင်းရှင်းကို ခေါ်ဆောင်ရန်အတွက် ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ကို စေလွှတ်ခဲ့ကြောင်း လူတိုင်း သိရှိကြရာ ထိုမျှသော ဆက်ဆံရေးက ထိုကလေး၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြနေပေသည်။
ကျောက်ကျိန်းက ရယ်မော၍…
"ဒါက သဘာဝပဲပေါ့... တတိယအစ်ကိုကြီးနဲ့ ကျွန်တော် ပူးပေါင်းလိုက်ပြီဆိုရင် ဝမ့်ယင်းဂိုဏ်းက ဘယ်သူမှ ကျွန်တော်တို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."
ထိုအခါ ဝေထျန်းရှုံးက နှာမှုတ်၍ ….
"ယွမ်လီက ဘယ်သူနဲ့ပဲ ပူးပေါင်းပူးပေါင်း ဘယ်သူမှ မတားနိုင်ဘူး..."
ကျောက်ကျိန်းကတော့ထိုစကားကို အရေးမစိုက်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ဆက်လက် ရယ်မောနေသည်။
ယွမ်လီက ဝေထျန်းရှုံးကို ကြည့်၍ …
"ဒီနေ့ ဝမ့်ယင်းဂိုဏ်းနဲ့ တိုက်ခိုက်ချိန်မှာ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ လျှို့ဝှက် ဝိညာဉ်အသိအာရုံတစ်ခုကို ခံစားမိတယ်... ဒါပေမဲ့ ကျွန်တော် ရှာမတွေ့ခဲ့ဘူး... သူတို့ ကျွန်တော့်ကို ကြံစည်နေတာ ဖြစ်နိုင်တယ်..."
သူသည် ယခုအချိန်တွင် အလွန် အစွမ်းထက်နေပြီ ဖြစ်သော်လည်း အရာအားလုံးကို တစ်ကိုယ်တည်း ထမ်းပိုးထားမည် မဟုတ်ပေ။ ဝေထျန်းရှုံးကို ယုံကြည်သောကြောင့် ခံစားရသမျှကို ပြောပြခြင်းဖြစ်သည်။
သူသည် တစ်ခါမျှ တစ်ကိုယ်တည်း တိုက်ခိုက်ခြင်း မရှိခဲ့သလို သတ်ဖြတ်လိုစိတ်သက်သက်ဖြင့် သတ်ဖြတ်နေခြင်းလည်း မဟုတ်ပေ။
ဝေထျန်းရှုံးက ခေါင်းညိတ်၍…
"ဒါက အခြေအနေ နှစ်ခုပဲ ရှိတယ်... တစ်ခုက မင်းကို အသေသတ်ဖို့ ကြိုးစားတာ ဒါမဟုတ် မင်းကို ရှောင်ကွင်းပြီး တိုက်ခိုက်တာပဲ..."
ဤအချက်မှာ ဝေထျန်းရှုံးကို သူ လေးစားရသည့် အကြောင်းရင်း ဖြစ်သည်။သူသည် ရှုပ်ထွေးလှသော အခြေအနေများကို အမြဲတမ်း ရိုးရှင်းစွာ အနှစ်ချုပ် ပြောပြနိုင်သူ ဖြစ်သည်။
"မနက်ဖြန်ကစပြီး မင်းတို့အဖွဲ့ နှစ်ခုအပြင် ကျိယာရဲ့ အဖွဲ့ကိုပါ ပေါင်းထည့်လိုက်မယ်... အဖွဲ့သုံးခု ပူးပေါင်းပြီး လှုပ်ရှားကြ... အကယ်၍ ဝိုင်းရံခံရရင်တောင် ငါတို့ အကူအညီ ရောက်တဲ့အထိ ခံနိုင်ရည် ရှိမှာပါ..."
ယွမ်လီ တစ်စုံတစ်ရာ ဖြစ်သွားမည်ကို သူ လုံးဝ မစိုးရိမ်ပေ။ ကောင်းကင် နေမင်းနယ်ပယ်ရှိ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး မလာရောက်သရွေ့ ယွမ်လီကို မည်သူမျှ မတားဆီးနိုင်ပေ။
အကယ်၍ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးသာ လာရောက်ပါက ဤခံစစ်စခန်းကိုသာ ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုသို့သော ကြီးမြတ်သူမျိုးကို စေလွှတ်ခြင်းမှာ စစ်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်ရန် ဖြစ်ပြီး ဝိညာဉ်အသိအာရုံအဆင့်ရှိသူတစ်ဦးကို သတ်ဖြတ်ရန် အတွက် မဟုတ်ချေ။
ယွမ်လီက စိုးရိမ်တကြီးဖြင့် …
"ဒါဆိုရင် အခြား တိုက်ပွဲဝင် လမ်းကြောင်းတွေနဲ့ အဓိက စခန်းက အားနည်းသွားမှာ မဟုတ်ဘူးလား..." ဟု မေးမြန်းလိုက်သည်။
"မင်း တိုက်ပွဲဝင် လမ်းကြောင်းတိုင်းကို ဂရုစိုက်လို့ မရဘူး... လူမသေတဲ့ တိုက်ပွဲဆိုတာ ဘယ်ရှိပါ့မလဲ... လူနည်းနည်းပဲ သေရင် အကောင်းဆုံးပဲပေါ့... ငါ မောက်မာနေတာ မဟုတ်ဘူး... ဝမ့်ယင်းဂိုဏ်းက ကြီးမြတ်သူ သုံးဦး လာတိုက်ရင်တောင် ဂိုဏ်းချုပ် ရောက်လာတဲ့အထိ ငါ ခံနိုင်ရည် ရှိပါတယ်..."
သူ ရုတ်တရက် ပြသလိုက်သည့် သူရဲကောင်းဆန်မှုက အခန်းအတွင်းရှိသူများကို အံ့အားသင့်သွားစေသည်။
ပြန်စဉ်းစားကြည့်လျှင် ဝေထျန်းရှုံးမည်မျှ အစွမ်းထက်သည်ကို သူတို့ မသိရှိကြသော်လည်း သူ့ရဲ စွမ်းအားများက အလွန် နက်နဲလှကြောင်း ခံစားမိကြသည်။
မဟုတ်လျှင် ဂိုဏ်းချုပ်က သူ့ကို ဤမျှ အရေးကြီးသော တာဝန်ကို ပေးအပ်ထားမည် မဟုတ်ပေ။
"အဲဒီ ကြီးမြတ်သူ သုံးဦးက ကောင်းကင်နေမင်းနယ်ပယ်ကို ရောက်တာ နှစ်အတော်ကြာလောက်ပြီ... ဂိုဏ်းချုပ်နဲ့ ရင်ဆိုင်ရရင် အသာစီး ရသွားမလား..." ဟု ကုချန်ဖိန်က ချီတုံချတုံဖြင့် မေးလိုက်သည်။
ဝေထျန်းရှုံးက နှာမှုတ်၍ အထင်သေးသည့် ပုံစံဖြင့် ရယ်မောလိုက်သည်။ သူ့ ရယ်သံက ကုချန်ဖိန်ကို အနည်းငယ် ဝေဝါးသွားစေသည်။
ချူကျင်းက နားလည်သွားပြီး ….
"ဝေတပ်မှူးက အဲဒီ ကြီးမြတ်သူ သုံးဦးကို ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက်လို့ မသတ်မှတ်ထားတာလား..." ဟု မေးလိုက်သည်။
ဝေထျန်းရှုံးက….
"ယွမ်လီ ဝိညာဉ်အသိအာရုံအဆင့်တိုင်းကို သတ်နိုင်သလို ဂိုဏ်းချုပ်ကလည်း ကောင်းကင်နေမင်းနယ်ပယ်က လူတိုင်းကိုသတ်နိုင်တယ်…ယွမ်လီတောင် အဆင့်တက်ပြီးချင်းမှာတင် ဒီလောက် စွမ်းဆောင်နိုင်ရင် ဂိုဏ်းချုပ်ကလည်း အဆင့်တက်ပြီးချင်းမှာ အဲဒီထက် ပိုပြီး စွမ်းဆောင်နိုင်မှာပေါ့... မင်းတို့ ဂိုဏ်းချုပ်ရဲ့ စွမ်းအားကို လုံးဝ နားမလည်ကြသေးဘူးပဲ.."
ဤစကားက ယွမ်လီနှင့် ကျောက်ကျိန်းတို့အပါအဝင် အခန်းတွင်းရှိသူ အားလုံးကို အံ့ဩသွားစေသည်။
သူတို့အားလုံး လီချင်းချိုး အစွမ်းထက်ကြောင်း သိကြသော်လည်း နယ်ပယ် မြင့်မားလာလေလေ ယွမ်လီ၏ လက်ရှိနယ်ပယ်ကဲ့သို့ လွှမ်းမိုးထားနိုင်ရန်မှာ ပိုမို ခက်ခဲလေလေ ဖြစ်သည်။ ဤသည်မှာ လီချင်းချိုး၏ ပါရမီက ယွမ်လီထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုလိုခြင်း ဖြစ်မလား။
"လူတိုင်း ယွမ်လီကို မယုံကြည်တုန်းက ဂိုဏ်းချုပ် ဘာကြောင့် ဒီလောက်ထိ သေချာနေတာလဲ... သူကိုယ်တိုင် ယွမ်လီရဲ့ စွမ်းအားမျိုး ရှိနေတာလား၊ ဒါမှမဟုတ် ယွမ်လီရဲ့ စွမ်းအားက သူ့ဆီကနေ ရတာလား..." ဟု ဝေထျန်းရှုံးက သရော်သည့် လေသံဖြင့် မေးလိုက်သည်။
သူသည် ယွမ်လီ၏ ရှေးဟောင်း နတ်ဆိုးခန္ဓာမှာ လီချင်းချိုးနှင့် မသက်ဆိုင်ကြောင်း သိသော်လည်း ယွမ်လီ ထိုသို့ ဖြစ်လာခြင်းမှာ လီချင်းချိုးနှင့် မသက်ဆိုင်ဘဲ မဖြစ်နိုင်ကြောင်း ခံစားရသည်။
ဤစကားက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ဝေထျန်းရှုံး၏ အတွေးလမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သောအခါ ရုတ်တရက် နားလည်သဘောပေါက်သွားသလို ခံစားလိုက်ရသည်။
ယွမ်လီမှာ လီချင်းချိုးအပေါ် ပိုမို ကျေးဇူးတင်သွားသည်။ အတိတ်ကို ပြန်ကြည့်လိုက်လျှင် ဆရာသခင်က သူ အနာဂတ်တွင် မည်မျှ အစွမ်းထက်မည်ကို ကြိုသိနေခဲ့ပြီး ဖြစ်သလို ဆရာသခင်က သူ့ကို စမ်းသပ်နေကာ ယခုအဆင့်ထိ ရောက်ရှိလာစေရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
ဝေထျန်းရှုံးက ယွမ်လီကို ကြည့်၍…
"ယွမ်လီ... မင်း အခု အစွမ်းထက်နေပြီ ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ မင်းရဲ့ စွမ်းအားက ပေးဆပ်မှု လိုအပ်တယ်... ဒါက မင်း ဆရာသခင်ထက် ညံ့ဖျင်းတဲ့ အချက်ပဲ... သူက ဘယ်သူ့ကိုမှ ပေးဆပ်စရာ မလိုခဲ့ဘူး... ချင်းရှောင်ဂိုဏ်းက တကယ်ကို ဖွံ့ဖြိုးတိုးတက်နေပါတယ်... ငါ အပြင်ဘက်မှာ ခရီးသွားဖူးတယ်၊ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ကာကွယ်မှုအောက်မှာ ဒီလောက်ထိ ကောင်းကောင်းမွန်မွန် ဖြစ်နေတဲ့ ဂိုဏ်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး..."
ဤစကားက ယွမ်လီ၏ ရင်ထဲသို့ ဓားတစ်စင်းကဲ့သို့ စိုက်ဝင်သွားသဖြင့် မျက်မှောင် ကြုတ်လိုက်မိသည်။
ကျောက်ကျိန်းမှာ ယွမ်လီဘက်ကနေ ပြောပေးရန် ပါးစပ်ဟလိုက်သော်လည်း မိခင်၊ ခုယီနှင့် ခုအာတို့၏ သေဆုံးခြင်းကို သတိရသွားသဖြင့် မည်သည့်စကားမျှ မဆိုနိုင်တော့ပေ။
"မင်းရဲ့ အမြင်မှာ ဂိုဏ်းချုပ်က အပူအပင်မရှိ၊ အခက်အခဲ မကြုံဖူးတဲ့သူလို့ ထင်ရပေမဲ့ ငါသိရသလောက် သူက ငယ်ငယ်လေးကတည်းက မိဘမဲ့ ဖြစ်ခဲ့တာ... ဆရာဖြစ်သူနဒဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး သူတစ်ယောက်တည်း သူ့ ညီငယ်၊ ညီမငယ်တွေကို ပြုစုပျိုးထောင်ခဲ့ရတာ... ၁၆ နှစ်မှာ ဆရာဖြစ်သူ တောင်အောက် ဆင်းသွားတော့ သူကပဲ ချင်းရှောင်ဂိုဏ်းကို အခုလို ဖြစ်လာအောင် ဦးဆောင်ခဲ့တာ... သူရဲ့ ညီငယ်၊ ညီမငယ်တွေထဲက တစ်ယောက်မှ မသေဆုံးခဲ့ဘူး... ဒါက ကံကောင်းလို့လား... မဟုတ်ဘူး... သူက ညီငယ်၊ ညီမငယ်တွေကို ကာကွယ်နိုင်လောက်အောင် အစွမ်းထက်လို့ပဲ... ယွမ်လီ... မင်း အခု အစွမ်းထက်တယ် ဆိုပေမဲ့ မလုံလောက်သေးဘူး... မင်း မင်းရဲ့ ဆရာလောက် အစွမ်းထက်ရမယ်၊ ဒါမှမဟုတ် သူ့ထက် ပိုပြီး အစွမ်းထက်ရမယ်..."
"မင်း ဘာကြောင့် သူ့ထက် ပိုစွမ်းထက်ရမယ်လို့ ငါ ပြောတာလဲ သိလား... အကြောင်းက မင်းရဲ့ဆရာက အချိန်အကြာကြီး သည်းခံလာခဲ့ရလို့ပဲ... အကယ်၍ သူ့ရဲ့ ညီငယ်၊ ညီမငယ်တွေ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ ဘာဖြစ်သွားမလဲဆိုတာ ငါ မတွေးဝံ့ဘူး... အဲဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင် မင်း ချင်းရှောင်ဂိုဏ်းကိုလည်း ထိန်းသိမ်းရမယ်၊ မင်းရဲ့ဆရာရဲ့ ယုံကြည်ချက်ကိုလည်း ကာကွယ်ပေးရမယ်... မင်းရဲ့ အကြီးမားဆုံး တာဝန်က ချင်းရှောင်ဂိုဏ်းကို ကာကွယ်တာ မဟုတ်ဘူး၊ မင်းကို အကောင်းဆုံး ဆက်ဆံပေးတဲ့ ဆရာသခင်ကို ကာကွယ်ပေးဖို့ပဲ!"
ဝေထျန်းရှုံး၏ စကားလုံးများက ကျယ်လောင်ပြင်းထန်လှသဖြင့် လူတိုင်း ထိတ်လန့်သွားပြီး သူတို့၏ စိတ်နှလုံးကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။
သူတို့တွေ ဂိုဏ်းချုပ်အပေါ် ဤအမြင်မျိုးဖြင့် တစ်ခါမျှ မတွေးကြည့်ခဲ့ဖူးသလို ဂိုဏ်းချုပ်အတွက် ကာကွယ်မှု လိုအပ်သည်ဟု မတွေးဖူးခဲ့ကြချေ။
ယွမ်လီနှင့် ကျောက်ကျိန်းတို့မှာ အထိခိုက်ဆုံး ဖြစ်ကြသည်။ သူတို့နှစ်ယောက်စလုံး ဆရာသခင်အတွက် ကြိုးစားရန် တစ်ခါမျှ မတွေးခဲ့ဖူးကြပေ။ သူတို့၏ စိတ်ထဲတွင် ဆရာသခင်ကသာ အစွမ်းထက်ဆုံး ဖြစ်ပြီး ကောင်းကင်ပြိုကျလာရင်တောင် ထမ်းထားနိုင်သူဟုသာ ထင်မှတ်ထားခဲ့သည်။
ဂိုဏ်းကို ကောင်းကောင်း စောင့်ရှောက်ခြင်းကသာ ဆရာသခင်အတွက် အကြီးမားဆုံး ဆုလာဘ်ဟု ခံစားနေရသည်။
ဝေထျန်းရှုံး၏ စကားကြောင့် ညီငယ်၊ ညီမငယ်များ တစ်ခုခု ဖြစ်သွားပါက ဆရာသခင် မည်သို့ ဖြစ်သွားမည်ကို သူတို့ မတွေးဝံ့အောင် ဖြစ်သွားကြသည်။
သူတို့၏ အံ့ဩမှု နောက်တွင် နောင်တနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုများ နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည်။
သူတို့ နှစ်ဦးစလုံးမှာ ကံမကောင်းစွာဖြင့် ကွယ်လွန်သွားကြသော မိသားစုဝင်များ ရှိကြသည်။ သူတို့သည် မိမိတို့၏ ဆင်းရဲဒုက္ခကိုသာ တွေးမိပြီး ဆရာသခင် သူတို့အတွက် ကြုံတွေ့ခဲ့ရသမျှကို လျစ်လျူရှုခဲ့မိသည်။
ဆရာသခင် ကြုံတွေ့နေရမည့် အခြေအနေကို တစ်ခါမျှ မတွေးခဲ့ကြပေ။
ဝေထျန်းရှုံးက ယွမ်လီကို ကြည့်၍….
"အဲဒီစကားတွေကို ပြောတာက မင်းကို စိုးရိမ်စေချင်တာ မဟုတ်ဘူး... ဆန့်ကျင်ဘက် အနေနဲ့ မင်းရဲ့ ဆရာသခင်ကို ယုံကြည်စေချင်တာပါ... မင်း အနာဂတ်မှာ ပိုခက်ခဲတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ရလိမ့်မယ်... ဒါပေမဲ့ ဒီအကျပ်အတည်းက မင်းရဲ့ဆရာသခင်ကို ပြိုလဲသွားစေမှာ မဟုတ်ဘူး... မင်း လုပ်ရမှာက တတ်နိုင်သလောက် အစွမ်းထက်လာဖို့ပဲ... မင်းရဲ့ ဆရာသခင်နဲ့ ပခုံးချင်းယှဉ်ပြီး ဖိအားတွေကို ဝေမျှပေးနိုင်ဖို့ပဲ..."