← Chapters

အခန်း ၅၁၇

Vol. 29 Ch. 517

အခန်း ၅၁၇

Vol. 29 Ch. 517

အပိုင်း (၅၁၇) ကြီးမားသော ရိတ်သိမ်းချိန် ရောက်လာပြီ။

ပြဿနာကို စတင် ဖန်တီးခဲ့သူ၏ ဘဝမှာမူ အလွန် အေးအေးဆေးဆေး ဖြစ်နေသည်။

မနက်ပိုင်းတွင် ချူယိုယီကို ကျောင်းတော်သို့ လိုက်ပို့သည်၊ ငွေခုနစ်မူး ချန်ထားခဲ့ပြီး နေကြာစေ့ တစ်ထုပ် ဝယ်ကာ ပြည့်တန်ဆာရုံသို့ လျှောက်လည်ခဲ့၏။

ပြည့်တန်ဆာရုံများကို လည်ပတ်ပြီးနောက် ညပိုင်းတွင် ကလေးမလေးကို ကျောင်းဆင်းချိန် သွားကြိုသည်။

ချူအိမ်တော်သို့ ပြန်ရောက်သောအခါ ပထမသခင်မလေးနှင့် တစ်ခါတရံ တွေ့ဆုံပြီး အခြေအနေကို သတင်းပို့ရသော်လည်း ဤနှစ်ရက်အတွင်း သူမက ဘာမှ မမေးမြန်းခဲ့ပေ။

ထို့နောက်တွင်တော့ ကြော်ငြာတိုလေးများကို ဆက်လက်၍ ဂရုတစိုက် ရေးသား၏။

နှစ်ရက်ဆက်တိုက် ဖန်ကျန်းရီက ဤနည်းလမ်းအတိုင်းပင် ထပ်မံ လုပ်ဆောင်ခဲ့သည်။

ကြော်ငြာတိုလေးများကို နေရာအနှံ့ ကပ်ထားပြီး ၎င်းတို့တွင် ပါဝင်သော ပြည့်တန်ဆာရုံ အရေအတွက်မှာ တစ်ခုမှနေ၍ ဆယ်ခုကျော်အထိ တိုးချဲ့လာခဲ့၏။

အရက်နတ်ဆိုး ဆိုသည့် နာမည်မှာ လမ်းမကြီးများ၊ လမ်းသွယ်များ အားလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အထူးသဖြင့် ကျောင်းတော်အတွင်း၌ ဖြစ်ကာ ချူယိုယီ တက်ရောက်နေသော ကျောင်းတော်တွင်ပင် တစ်စုံတစ်ယောက်က ထိုအကြောင်းကို မကြာခဏ ပြောဆိုနေကြသည်ကို ကြားနေရသည်။

အဆင့်နိမ့်သော ရမ္မက်ဆန္ဒများမှ မလွတ်မြောက်နိုင်သေးသော စာတတ်ပေတတ်များမှာ အရက်နတ်ဆိုး အကြောင်းကို ပြောကြရာတွင် အားကျသော မျက်နှာထားများဖြင့် ပြောဆိုကြပြီး ယောက်ျားကောင်း ဆိုသည်မှာ ဤကဲ့သို့ ဖြစ်သင့်သည်ဟု အားလုံးက စိတ်ထဲတွင် တွေးထင်နေကြ၏။

ထိုပြည့်တန်ဆာရုံများသည်လည်း နာမည်ကြီးသူများ၏ သြဇာလွှမ်းမိုးမှုကြောင့် ပိုမို၍ စည်ကားလာခဲ့သည်။

ယခုအခါ ဖန်ကျန်းရီ၏ လက်ထဲတွင် ပိုက်ဆံ မရှိတော့ချေ။

စက္ကူဝယ်ရန်၊ မှင်ဝယ်ရန်နှင့် သူတောင်းစားများကို ငှားရမ်းရန်အတွက်ပင် ငွေအတော်များများ ကုန်ကျသွားခဲ့သည်။

ဒုတိယသခင်မလေးဆီမှ ထပ်ပြီး ညှစ်ထုတ်၍ မရတော့ပေ၊ ထပ်ညှစ်ထုတ်ပါက ကလေးမလေး တကယ် ရူးသွားလိမ့်မည်၊ သူမက ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်ရာ အာဟာရ ပြတ်လပ်သွားအောင် လုပ်ခြင်းက တကယ့်ကို လူမဆန်သည့် လုပ်ရပ် ဖြစ်သွားလိမ့်မည်။

ယနေ့ကတော့ ငွေကောက်ခံရမည့် အချိန် ဖြစ်ခဲ့၏။

ဖန်ကျန်းရီက ပုံမှန်အတိုင်း လမ်းမပေါ်တွင် လျှောက်လည်နေသော်လည်း ယခုတစ်ကြိမ်တွင် ပြည့်တန်ဆာရုံ အသစ်သို့ မသွားတော့ဘဲ ချွန်းယွီရုံဘက်သို့ ကွေ့ဝင်သွားသည်။

သူက အကျွမ်းတဝင်ရှိစွာဖြင့် အထဲသို့ ဝင်သွားလိုက်၏။

နေ့ခင်းဘက်တွင် အထဲ၌ အမှောင်ကျနေဆဲ ဖြစ်သော်လည်း လေထုထဲတွင် လွင့်ပျံလာသော အနံ့အသက်များက အနည်းငယ် မဖွယ်မရာ ဖြစ်နေသည်... ကြည့်ရသည်မှာ စီးပွားရေး တကယ် ကောင်းနေသောပုံပင်။

ဖန်ကျန်းရီက ခဏထိုင်နေစဉ် ယွီနျန်က သတင်းရသဖြင့် အောက်ထပ်သို့ အပြေးအလွှား ဆင်းလာပြီး အောက်သို့ မရောက်ခင်မှာပင် ဖန်ကျန်းရီကို တစ်ချက်တည်း မြင်လိုက်ရသည်။

သူမ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားမှုများ ပေါ်ထွက်လာ၏။

“အို... သခင်လေးအရက် .. သခင်လေး ရောက်လာပြီပဲ။ ကျွန်မ စောင့်နေတာ ကြာလှပြီ။ လူလာကြစမ်း … သခင်လေးကို လက်ဖက်ရည် မြန်မြန် လာဆက်ကြစမ်း။” ယွီနျန်က အလွန် နွေးထွေးစွာဖြင့် အပြေးအလွှား လာရင်း ကြီးထွားသော ရင်သားများကို ကော့ကာ အော်ဟစ်လာခဲ့သည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့လေး ချိတ်ဆွဲထားပြီး ယွီနျန်က သူ့အပေါ်သို့ ပြုတ်ကျလာမည့်ပုံ ပေါ်နေသည်ကို မြင်သောအခါ အလျင်စလို မလုပ်ဘဲ လက်ညှိုးတစ်ချောင်း ထုတ်ကာ ယွီနျန်ကို တားလိုက်သည်။

“စကားပြောစရာ ရှိရင် စကားပဲ ပြောပါ၊ လက်တွေ ခြေတွေ မပါနဲ့။”

ယွီနျန်မှာ အရှက်ပြေ နေရာတွင် ရပ်နေလိုက်၏။

ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ “ဒီရက်ပိုင်း ချွန်းယွီရုံရဲ့ စီးပွားရေး ဘယ်လိုနေလဲ။”

ယွီနျန်က ချက်ချင်း ပြုံးကာ ပြန်ဖြေလိုက်၏။ “သခင်လေးရဲ့ ကျေးဇူးကြောင့် ချွန်းယွီရုံရဲ့ စီးပွားရေးက အရမ်းကို ကောင်းနေပါတယ် ရှင်။ သခင်လေးရဲ့ အိမ်တော်က ဘယ်မှာလဲတော့ မသိဘူး၊ ကျွန်မ ဒီရက်ပိုင်း လူလွှတ်ပြီး လိုက်ရှာခိုင်းတာ လုံးဝ ရှာမတွေ့ဘူး ဖြစ်နေတယ်။”

လက်ဖက်ရည်ပွဲ ရောက်လာသောအခါ ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို တည်ငြိမ်စွာ ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ “ကျုပ်ဘယ်မှာ နေတယ်ဆိုတာက အရေးမကြီးပါဘူး။ ထိုင်ပါအုံး … မေမေကြီးကို ဘယ်လို ခေါ်ရမလဲ။”

“ရုံထဲကို လာတဲ့ ဧည့်သည်တွေက ကျွန်မကို ယွီနျန်လို့ ခေါ်ကြပါတယ် ရှင်။” ယွီနျန်က ပြောပြီးသည်နှင့် ဖန်ကျန်းရီ၏ ဘေးတွင် အလျင်အမြန် ဝင်ထိုင်ကာ သတိထား၍ အကဲခတ်နေခဲ့၏။

ယွီနျန်၏ စိတ်ထဲတွင် အလွန် သတိထားနေပြီး သူ့ရှေ့ရှိ သခင်လေးကို သေချာပေါက် ကောင်းကောင်း ပြုစုရမည်ဟု တွေးထားသည်။

သူမက နှစ်ပေါင်းများစွာ ပြည့်တန်ဆာရုံကို ဖွင့်လှစ်လာခဲ့ပြီး လောကရေးရာ အခြေအနေများကို အစောကြီးတည်းက ကောင်းစွာ သိရှိထားသူ ဖြစ်ရာ ပုံမှန် စီးပွားရေး ကောင်းလျှင်တောင် ယခုရက်ပိုင်းလောက် အခြေအနေ ကောင်းမည် မဟုတ်ကြောင်း သိထား၏။

ချွန်းယွီရုံက ကောင်းမွန်စွာ လည်ပတ်နေသော်လည်း ယူတိန့်မြို့ကလည်း တစ်နေ့တခြား စည်ကားလာသဖြင့် အသစ်ပေါ်လာသော ပြည့်တန်ဆာရုံများက နောက်ကနေ အနီးကပ် လိုက်လာကြသည်။

ပြည့်တန်ဆာရုံ ဆိုသည်မှာ အရွယ်တင် နုပျိုမှုကို အားထားရသည့် အလုပ်ဖြစ်ပြီး အရင်းအမြစ်များ မကောင်းပါက ဘယ်နေ့ ပြိုလဲသွားမည်ကို မသိနိုင်ပေ၊ ထို့ကြောင့် အန္တရာယ်ရှိနိုင်သည်ဆိုသော အသိက အမြဲတမ်း ရှိနေပြီး ယခု ဤမျှ ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာချိန်တွင် အခြားသူများ လက်ဦးမှု ရယူသွားခြင်းကို လုံးဝ အဖြစ်မခံနိုင်ချေ။

“သခင်လေးအရက် .. ဒီရက်ပိုင်း သခင်လေး မလာတော့ ကျွန်မ သခင်လေးကို သတိရနေတာ။ သန့်ရှင်းရေးတွေလည်း ပြန်လုပ်ထားပြီးပြီ။ ဒီနေ့ သခင်လေး ဘယ်ကောင်မလေးကို သဘောကျလဲ၊ ကျွန်မ ဒကာခံပါ့မယ်။” ယွီနျန်က ပြောလိုက်သည်။

“ရှို့အာ အခြေအနေ ဘယ်လိုရှိလဲ။”

ရှို့အာ ဆိုသည့် နာမည်ကို ကြားသည်နှင့် ယွီနျန်၏ မျက်နှာမှာ တဖြည်းဖြည်း မူမမှန် ဖြစ်လာသည်။

စိတ်ထဲတွင်လည်း လူကို ဆဲဆိုချင်စိတ်များ ပေါက်လာ၏။

ရှို့အာ … သခင်လေးကြောင့် ရှို့အာက ဝက်အူချောင်းလို ရောင်ကိုင်းနေပြီး ခြေဖဝါးက အရေခွံ နှစ်ထပ်တောင် ကွာကျသွားပြီ။

ကံကောင်းလို့ တခြား ကောင်မလေးတွေကို ရှို့အာ ဆိုပြီး ချက်ချင်း နာမည် ပြောင်းပေးလိုက်ရတယ်၊ မဟုတ်ရင် ရှို့အာ တစ်ယောက်တည်းဆို ဒီအချိန် အသက်တောင် ရှိတော့မှာ မဟုတ်ဘူး။

“ရှို့အာ သူက... နေမကောင်းဖြစ်သွားလို့ အိမ်မှာ နားနေပါတယ် ရှင်။” ယွီနျန်က ပြောလိုက်သည်။

ဖန်ကျန်းရီက နှမြောတသစွာဖြင့် ပြောလိုက်၏။ “တကယ် နှမြောစရာပဲ၊ ကျုပ်က ဒီနေ့ ရှို့အာနဲ့ တွေ့ချင်လို့ လာတာ၊ သူ နေမကောင်းဘူးဆိုမှတော့ ကျုပ်လည်း ဆက်နေစရာ အကြောင်းမရှိတော့ဘူး၊ သွားတော့မယ်။”

“သခင်လေး နေပါအုံး ရှင်။” ယွီနျန်က အလျင်စလို တားလိုက်သည်။

ဖန်ကျန်းရီ ဖင်မကြွခင်မှာပင် ယွီနျန်က အလျင်အမြန် တောင်းဆိုလိုက်၏။

“သခင်လေး … ကျွန်မမှာ တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ... လမ်းမပေါ်က ကြော်ငြာစာရွက်တွေက သခင်လေး လက်ရာတွေလား ရှင်။ အဆင်ပြေမယ်ဆိုရင် သခင်လေးက ချွန်းယွီရုံအတွက် နောက်ထပ် နှစ်ရွက်လောက် ထပ်ရေးပေးနိုင်မလား။ အလကား ရေးပေးဖို့ မပြောပါဘူး၊ ရွှေငွေတွေနဲ့ ပြန် ပေးဆပ်ပါ့မယ်။”

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ ဒါပေမဲ့ အဲဒါတွေက စိတ်ပါလို့ ရေးလိုက်တဲ့ ကစားစရာလေးတွေပါ။ ပြည့်တန်ဆာရုံကို လာပြီး ပျော်ပါးတယ်ဆိုတာ ယဉ်ကျေးတဲ့ ကိစ္စတစ်ခုပါ၊ ခင်ဗျား က ရွှေငွေတွေနဲ့ လာပြီး ကျုပ်ကို စော်ကားနေတာလား။”

“သခင်လေး .. ကျွန်မ စကားမှားသွားတာပါ။ သခင်လေး ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပါ။ သခင်လေး ဆက်ရေးဖြစ်အုံးမလားတော့ မသိဘူးနော်။” ယွီနျန်က သတိထားပြီး မေးလိုက်၏။

ဖန်ကျန်းရီက ခဏမျှ စဉ်းစားဟန် ပြလိုက်သည်။ “စိတ်အခြေအနေပေါ် မူတည်တာပေါ့။ သခင်လေး ကျုပ်က အလုပ်များတယ်လေ။ ယူတိန့်မြို့မှာ အခြေချဖြစ်သွားတာကလည်း မထင်မှတ်ဘဲ ဖြစ်သွားတာ။ သူငယ်ချင်း တချို့နဲ့ သိကျွမ်းခဲ့ပေမဲ့ သူတို့က အကောင်းစား ပြည့်တန်ဆာရုံတွေ ဘယ်မှာရှိမှန်း မသိကြဘူး၊ အဲဒါကြောင့် စုတ်တံကို ယူပြီး ဒီစာမူလေးကို ရေးလိုက်တာပါ။ အလကားနေရင်း စပ်စုချင်တဲ့သူတွေက ကူးရေးပြီး လမ်းမပေါ်မှာ သွားကပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒါပေမဲ့ဒါက ပြည်သူတွေကို အကျိုးပြုလိုက်တာလို့လည်း ဆိုလို့ ရတာပေါ့။”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ရှင်။ သခင်လေးက တကယ့်ကို လူကောင်းကြီးပါ၊ လူဘယ်နှစ်ယောက်အတွက် ငွေကုန်သက်သာသွားစေလဲ မသိပါဘူး။” ယွီနျန်က ထောက်ခံလိုက်၏။

ယွီနျန်၏ စိတ်ထဲတွင်တော့ မကောင်းတော့ဘူးဟု တွေးလိုက်မိသည်။ ဒီလူ့ကို ထွက်ပြေးခွင့် ပေးလို့ လုံးဝ မဖြစ်ဘူး။ မဟုတ်ရင် ကြီးပွားမဲ့ အခွင့်အရေးကြီးက လက်ထဲကနေ လွတ်ထွက်သွားမှာပဲ။

“ဒါဆို... သခင်လေးက ချွန်းယွီရုံကို ဘယ်လိုမြင်လဲ ရှင်။ မကျေနပ်တဲ့ နေရာတွေ ရှိရင်၊ ကျွန်မ လူလွှတ်ပြီး ပြင်ခိုင်းပါ့မယ်၊ သခင်လေး ကျေနပ်တဲ့အထိ ပြင်ပါ့မယ်။” ယွီနျန်က မေးလိုက်သည်။

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ယူကာ မျက်လုံးရှေ့သို့ တေ့ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။

“အင်း … ချွန်းယွီရုံက မြို့ထဲမှာတော့ မဆိုးဘူးလို့ ပြောလို့ ရပေမဲ့ သခင်လေး ကျုပ်အမြင်မှာတော့ အဆင့်နိမ့်ထဲမှာပဲ ရှိသေးတယ်။ တခြားဟာတွေကို မပြောနဲ့အုံး … ဒီလက်ဖက်ရည် တစ်ခုတည်းကိုပဲ ပြောရအောင်။ စကားလုံး လေးလုံးတည်းပဲ။ အလွန်ကို ရိုးအီလွန်းတယ်။ ကျုပ်မေးမယ် .. ခင်ဗျား တို့ ချွန်းယွီရုံက အမြဲတမ်း ဒီလို လက်ဖက်ရည်မျိုးကိုပဲ သုံးတာလား။”

“ဒီလက်ဖက်ရည်ကို သမီးကညာ လက်ဖက်ရည်လို့ ခေါ်ပါတယ်၊ မြို့ထဲက ပြည့်တန်ဆာရုံ တော်တော်များများက ဒီလက်ဖက်ရည်ကိုပဲ သုံးကြတာပါ၊ ဘာ … ဘာမှားနေလို့လဲ ရှင်။” ယွီနျန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

ဖန်ကျန်းရီက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်၏။ “မှားတယ်၊ တအားကို မှားနေတယ်။ တခြားသူတွေ သုံးရင် ခင်ဗျားတို့က လုံးဝ မသုံးသင့်ဘူး၊ လူတိုင်းက အသစ်အဆန်းကိုပဲ လိုချင်ကြတာလေ။ ဧည့်သည် ဘယ်နှစ်ယောက် က ပြည့်တန်ဆာရုံတွေမှာ မိန်းကလေး တစ်ယောက်တည်းကို ထပ်ခါတလဲလဲ ခေါ်ချင်မှာလဲ။ စဉ်းစားကြည့်စမ်း … ဒါကြောင့် လက်ဖက်ရည် အသစ်တွေ သုံးရမယ်။ ပြီးတော့ လူတွေကို အသစ်အဆန်း ဖြစ်စေဖို့ မကြာခဏ လဲလှယ်ပေးရမယ်။ လက်ဖက်ရည်အသစ် မရှိရင် ဘယ်သူက ခင်ဗျားတို့ဆီ လာပြီး အားပေးတော့မှာလဲ။”

“ဟုတ်တယ် ဟုတ်တယ်၊ သခင်လေး ပြောတာ မှန်ပါတယ် ရှင်။” ယွီနျန်က ကြက်ကလေး ဆန်စားသကဲ့သို့ ခေါင်းကို ဆက်တိုက် ညိတ်ကာ ထောက်ခံလိုက်သည်။

ဖန်ကျန်းရီက ဆက်လက်၍ ဝေဖန်ပြောဆိုနေခဲ့၏။ “ခင်ဗျားတို့ရဲ့ အလှဆင်မှုတွေ၊ စင်မြင့်တွေ၊ မီးရောင်တွေကလည်း အမှားတွေချည်းပဲ။ ကျုပ်က မြစ်တစ်ဖက်ကမ်းကနေ တောင်တစ်ဖက်ကမ်းအထိ သွားလာခဲ့ပြီး ပြည့်တန်ဆာရုံ ပေါင်းများစွာကို မြင်ဖူးခဲ့တယ်။ ညံ့တယ်။

ခင်ဗျားတို့ဆီက ကောင်မလေးတွေကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ တခြား အရည်အသွေးပိုင်းတွေက အရမ်း နိမ့်ကျနေတော့ ကျုပ်ကို တကယ် ရင်နာစေတယ်။ ထားလိုက်ပါတော့ … ခင်ဗျား စိတ်ဆိုးမှာစိုးလို့ အများကြီး မပြောတော့ဘူး။ ကျုပ်ကို အပြစ်လာရှာပေးဖို့ ဖိတ်ခေါ်ထားတဲ့ တခြား ပြည့်တန်ဆာရုံတွေလည်း ရှိသေးတယ်။ ဒီနေ့က လမ်းကြုံလို့ ချွန်းယွီရုံကို ဝင်ပြီး ရှို့အာကို လာကြည့်တာပါ၊ သူ့ကို အလားအလာ ရှိတယ်လို့ မြင်လို့ ကိုယ်တိုင် သင်ကြားပေးမလို့ စဉ်းစားထားတာ။ ရေစက်မပါဘူး ဆိုမှတော့လည်း ထားလိုက်ပါတော့လေ။”

ပြောပြီးသည်နှင့် ထပ်မံ ထွက်သွားရန် ပြင်လိုက်သည်။

ဒါက ပြည့်တန်ဆာရုံတွေရဲ့ နတ်ဘုရားပဲ။ တခြား ပြည့်တန်ဆာရုံတွေကို သွားအုံးမလို့လား။ သူ့ကို လုံးဝ ပေးသွားလို့ မဖြစ်ဘူး။

ယွီနျန်က ရှေ့တိုးကာ ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး ဖားယားကာ ပြောလိုက်၏။ “ဝမ်းသာတာပေါ့ ရှင်။ သခင်လေးက ညွှန်ကြားပေးချင်တယ်ဆိုတော့ ကျွန်မ အရမ်း ဝမ်းသာမိပါတယ်။ သခင်လေး .. ကျွန်မက သခင်လေးကို ချွန်းယွီရုံအတွက် နည်းနည်းလောက် ပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ အဲဒီအပြင် ကြော်ငြာလေးပါ တစ်ခါတည်း လုပ်ပေးပါလား ရှင်။ ဘယ်လောက် ပေးရမလဲ။ သခင်လေး ဈေးသာ ခေါ်လိုက်ပါ။”

All Chapters