← Chapters

အခန်း ၅၂၁

Vol. 29 Ch. 521

အခန်း ၅၂၁

Vol. 29 Ch. 521

အပိုင်း (၅၂၁) ယောက်ျားလေး ဟန်ဆောင်ပြီး ပြည့်တန်ဆာရုံထဲ ဝင်ခြင်း။

ကျိုးထျဲ့က စင်မြင့်ပေါ်တွင် စကားများကို တရစပ် ပြောနေသည်။

လူအုပ်ထဲတွင် ရပ်နေသည့် သေးသွယ်သော ပုံရိပ်လေး တစ်ခုကမူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး အန်ချင်နေသည့် အမူအရာမျိုး ဖြစ်နေ၏။

ဘာကြီးလဲ။ ဒါက ပြည့်တန်ဆာရုံလား။ ဘာလို့ ယောက်ျားတွေချည်းပဲ ရှိနေရတာလဲ။ ငါ ထင်ထားတာနဲ့ လုံးဝ မတူဘူး။

ပြီးတော့ စင်ပေါ်က ထူးဆန်းတဲ့ အကောင်ကြီး … အင်္ကျီချွတ်ထားပြီး တစ်ကိုယ်လုံး ဆီတွေ လူးထားတာ၊ ကြည့်ရတာ အရမ်း ရွံစရာကောင်းတာပဲ။

ပါးစပ်ကလည်း ဘာတွေပြောနေတာလဲ မသိဘူး။ တကယ့်ကို အရှက်မရှိ ယုတ်ညံ့လိုက်တာ။

ချူယိုယီ၏ မျက်လုံးများတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

ယနေ့ ကျောင်းတော်၌ တစ်နေ့တာလုံး အရက်နတ်ဆိုးကြီး၏ အကြောင်းများကိုသာ ကြားနေခဲ့ရ၏။ လူအများစုက ချွန်းယွီစံအိမ်သို့ အတူတကွသွားရောက်ရန် ချိန်းဆိုနေခဲ့ကြသော်လည်း သူမကိုမူ မည်သူကမှ ခေါ်ဆောင်ခြင်း မရှိခဲ့ချေ။

ခဏတာမျှ ဒေါသအမျက်ထွက်သွားခဲ့ရသည့်အပြင် စူးစမ်းလိုစိတ်ကလည်း ပြင်းပြနေခဲ့သည်ဖြစ်ရာ ဤနေရာသို့ တကူးတက ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား အတွင်းဘက်၌ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

မုတ်ဆိတ်မွေးတု တပ်ဆင်ရန် အချိန်ကုန်ခံကာ ပြုလုပ်ခဲ့ရသည်မှာလည်း အချည်းနှီးသာ ဖြစ်သွားရသည်။

ချူယိုယီက မုတ်ဆိတ်ရှည်ကြီးကို တပ်ထားပြီး လူအုပ်ထဲတွင် မျက်နှာသေဖြင့် ရပ်နေရင်း စိတ်ထဲတွင် ပို၍ပင် နောင်တရနေမိ၏။

အခု ပြန်သွားရမလား၊ ဆက်နေရမလား။ ဒီနေရာက တကယ့်ကို ပျင်းစရာကောင်းတယ်၊ နောက်ပိုင်းလည်း စိတ်ဝင်စားစရာ တစ်ခုမှ ရှိလာမယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ ခဲခဲယဉ်းယဉ်း တစ်ခေါက် ရောက်လာတာ ဆိုတော့ ဒီအတိုင်း ပြန်သွားရတာ နည်းနည်းတော့ နှမြောစရာ ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အရက်နတ်ဆိုး ဆိုတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးက ဘယ်လို ပုံစံမျိုးလဲ ဆိုတာတောင် မတွေ့ရသေးဘူးလေ။

ဟိုတွေးဒီတွေးနှင့် နောက်ဆုံးတော့ ဆက်နေဖို့ပဲ ဆုံးဖြတ်လိုက်သည်။

ချူယိုယီက ရွံရှာမှုကို အတင်းအောင့်အည်းကာ စင်ပေါ်သို့ ထပ်မံ ကြည့်လိုက်ပြန်၏။

“အရက်နတ်ဆိုးကြီးရဲ့ မိသားစု လျှို့ဝှက်ဆေးဖော်စပ်နည်းက အာနိသင် ချက်ချင်း သိသာတယ်။ ခုနစ်ရက် မဟာနတ်ဆေးက နာရီဝက်အတွင်း ချက်ချင်း အာနိသင် ပြမယ်လို့ ရဲရဲကြီး အာမခံတယ်။

ခုနစ်ရက်ပြည့်အောင် သောက်ရင် ခန္ဓာကိုယ် အခြေအနေကိုပါ ပြောင်းလဲပေးနိုင်တယ်။ ယောက်ျားတွေ သောက်ရင် ခွန်အားတွေ ပြည့်ဖြိုးလာမယ်။ မိန်းမတွေ သောက်ရင်တော့ အသားအရေ စိုပြေပြီး လှပ လာစေတယ်။” ကျိုးထျဲ့မှာ အရက်ရှိန် တက်နေပြီး လူအုပ်ကြီး၏ အော်ဟစ်အားပေးမှုများကြောင့် ပို၍ အရှိန်ရလာခဲ့သည်။

ချူယိုယီ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ဤနတ်ဆေးက အလှအပအတွက်ပါ အကျိုးရှိသည်လား။ တစ်အိုးလောက် ယူပြီး မြည်းကြည့်လျှင်လည်း မဆိုးပေ။

ဒါပေမဲ့ သူမဆီမှာ ပိုက်ဆံ မရှိတော့ဘူး... မုတ်ဆိတ်မွေးတောင် အကြွေးနဲ့ ဝယ်ထားရတာ...။

ဖန်ကျန်းရီက ကြောင်တောင်တောင်ဖြင့် နားထောင်နေ၏။

မိန်းမတွေ သောက်ရင် အသားအရေ စိုပြေပြီး လှပလာတယ်တဲ့လား။ ဒီခွေးကောင် … ကိုယ့်ဘာသာတောင် ထပ်ဖြည့်ပြီး ပြောနေသေးတယ်။

သို့နှင့် ရှဲ့ရှန်းဘက်သို့ လှည့်ကာ မေးလိုက်သည် “ခင်ဗျားကို ပေးထားတဲ့ ငွေက သိပ်မများဘူး၊ ဆေးရည်က အာနိသင် ရှိပါ့မလား။”

“ရှိတာပေါ့။ ကျုပ်ဆေးတွေ ပိုဝယ်ထားတယ်၊ အရက်က နည်းနေတော့ ပုံမှန်ထက်တောင် အာနိသင် ပိုပြင်းလိမ့်မယ် ထင်တယ်။ ပြီးတော့ အဲဒီ အရက်ကလည်း အကောင်းစား မဟုတ်ဘူး။ သောက်လိုက်တာနဲ့ တန်းမူးသွားလောက်တယ်။” ရှဲ့ရှန်းက ပြန်ပြောပြ၏။

“သောက်ကျိုးနည်း …. တခြားသူတွေကို ဒုက္ခရောက်အောင် မလုပ်နဲ့နော်။ စီးပွားရေး လုပ်ရာမှာ စေတနာထားရမယ်။”

“အဲဒီလို မဖြစ်ပါဘူး။ သခင်လေးစိတ်ချပါ …. လုံးဝ အန္တရာယ်ကင်းတယ်။ ကျုပ်ခဏခဏ ဖော်စပ်နေကျပဲ။ အမှားမဖြစ်...” ရှဲ့ရှန်းက ရုတ်တရက် စကားမှားသွားမှန်း သိလိုက်သဖြင့် အလျင်အမြန် ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်၏။

ဖန်ကျန်းရီက သူ့ကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည် “ကျွတ် ကျွတ် ကျွတ်၊ မထင်ရဘူးနော် လောင်ရှဲ့ … ဒါနဲ့ .. ဒီဟာကို မိန်းမတွေ သောက်ရင် ဘာမှ မဖြစ်ဘူးမလား။ အဲဒီ အရူးတွေ ဝယ်သွားပြီး မိန်းမတွေကို တိုက်မှာ စိုးလို့။”

ရှဲ့ရှန်းက မျက်နှာကို ရှေ့တည့်တည့် ထားကာ၊ မျက်နှာရဲရဲဖြင့် စကားမပြောဘဲ နေလိုက်၏။

“ကိစ္စမရှိဘူး။ မြင်းမတွေလည်း သုံးလို့ ရတယ်၊ အာနိသင်က ပိုတောင် ကောင်းသေးတယ်။ မြင်းထီး အကောင် တော်တော်များများကိုတောင် အသာလေး နိုင်တယ်။”

ကျောက်လျဲ့က ဝင်ပြောလိုက်သည်။ “ခရိုင်ထဲက ဝက်မတွေ မျိုးစပ်တဲ့အခါလည်း ဒီဆေးကိုပဲ သုံးတာလေ။”

“ဒါဆိုလည်း တော်သေးတာပေါ့... တော်သေးတာပေါ့...” ဖန်ကျန်းရီက အနည်းငယ် စိတ်အေးသွားပြီး စင်ပေါ်သို့ ကြည့်လိုက်၏။

“နတ်ဆိုးကြီး သီးသန့် သိမ်းဆည်းထားတဲ့ ဆေး။ ဆယ်နှစ်ကြာမှ ဖော်စပ်လို့ ရတာ။ အခုချိန်မှာ အိုးနှစ်ဆယ်ပဲ ကျန်တော့တယ်။”

ဖန်ကျန်းရီက အချိန်ကျပြီဟု ယူဆသဖြင့် လက်နှစ်ဖက်ကို အော်လံပုံစံ လုပ်ကာ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ “ဒါဆိုရင်... ဘယ်မှာ ဝယ်လို့ ရမလဲ။ ဘယ်လောက် ပေးရမလဲ။”

ကျိုးထျဲ့က လူအုပ်ဘက်သို့ လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။ “မေးတာ အရမ်းကောင်းတယ်။ အခွင့်အရေးက ရှားပါးတယ်၊ ဒီနေ့ ချွန်းယွီရုံ တစ်နေရာတည်းမှာပဲ ရောင်းမယ်။ အိုးနှစ်ဆယ် ကုန်တာနဲ့ ကုန်ပြီ။ ဒီလို အံ့ဖွယ်ဆေးမျိုး လောကမှာ နောက်ထပ် မရှိတော့ဘူး။”

“ဒီလောက် အံ့ဩစရာကောင်းတဲ့ နတ်ဆေးက ဘယ်လောက်တောင် ပေးရမလဲ။ ငွေတုံး တစ်ထောင့်ကိုးရာကိုးဆယ့်ကိုး ….. မလိုပါဘူး။”

လူအုပ်ကြီး အနည်းငယ် ထိတ်လန့်သွားသည်၊ ငွေတုံး ကိုးရာကိုးဆယ့်ကိုးများ တောင်းမလို့လား။

“ငွေတုံး ကိုးရာကိုးဆယ့်ကိုးလည်း မလိုပါဘူး။”

လူအုပ်ကြီးက သက်ပြင်းရှည်ကြီး ချလိုက်မိမည်။

“ငွေတုံး ကိုးဆယ့်ကိုးလည်း မလိုပါဘူး။”

လူအုပ်ကြီးက တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး လူတိုင်းက ကျိုးထျဲ့ကို စိတ်ဝင်တစား ကြည့်နေကြ၏၊

ငွေကိုးတုံးဆိုရင်တော့ ကျုပ်ဝယ်နိုင်တယ်။

ကျိုးထျဲ့က ဆက်လက်၍ ဈေးဆွဲထားဆဲ ဖြစ်သည်။ “ဒါဆိုရင်... ဘယ်လောက်နဲ့ ရောင်းမလဲ ဆိုတာကို အားလုံး ခန့်မှန်းကြည့်လို့ ရပါတယ်။ ကျုပ်ကြိုပြောထားနိုင်တာ တစ်ခုကတော့... ဒီတစ်ခေါက် ဈေးနှုန်းက... တကယ့်ကို... လန်ထွက်နေတာပဲ။”

အောက်ဘက်ရှိ လူများမှာ စိတ်မရှည်တော့ဘဲ အော်ဆဲချင်စိတ်များ ပေါက်လာကြသည်။

အားလုံးက နတ်ဆေးသောက်ပြီး လိင်တံကြီးထွားလာမယ့် အချိန်ကို မျှော်လင့်နေကြတာ၊ ခင်ဗျား က ဒီမှာ ဈေးဆွဲ ခေါ်နေသေးတယ်ပေါ့လေ။

“မြန်မြန်လုပ်ပါကွာ။ စကားတွေ အများကြီး ပြောမနေနဲ့တော့။”

“ဟုတ်တယ်။ ခင်ဗျား ပါးစပ်က အလကား စကားတွေ ပြောနေတယ်။”

ကျိုးထျဲ့မှာ အနည်းငယ် အရှက်ရသွားပြီး ဖန်ကျန်းရီဘက်သို့ ကြည့်လိုက်၏။

ဖန်ကျန်းရီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။

ကျိုးထျဲ့က ချက်ချင်းပင် လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်၏။ “ဈေးမဆွဲတော့ဘူး။ အဖြေကို ကြေညာမယ်၊ ကနဦး ဈေးနှုန်းက... ငွေကိုးတေလ်းနဲ့ ကြေးပြားကိုးဆယ်။”

“…….”

လူအုပ်ကြီး တစ်ခဏမျှ တိတ်ဆိတ်သွားပြီး လေထုထဲတွင် လူသတ်ချင်စိတ်များ တဖြည်းဖြည်း ပြည့်နှက်လာကာ လူတိုင်းက ကျိုးထျဲ့ကို ခက်ထန်စွာ စိုက်ကြည့်နေကြသည်။

ကနဦး ဈေးနှုန်း ဟုတ်လား။ ကျုပ်တို့ကို ကစားနေတာလား။

သောက်ကျိုးနည်း။

အချိန်အကြာကြီး ဈေးဆွဲထားပြီးတော့ လေလံပစ်တာတဲ့လား။

“ဒီကောင့်ကြည့်ရတာ ဆေးတုရောင်းတဲ့ ကောင်နဲ့ တူတယ်၊ ကျုပ်တို့ကို မျောက်တွေလို ကစားနေတာ။ သူ့ကို ဝိုင်းချကြ။”

လူအုပ်ထဲမှ လူယုတ်မာ တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဆွေမျိုးများပါ ပါသည့် ဆဲရေးတိုင်းထွာသံများက ကျိုးထျဲ့ဆီသို့ တပြိုင်နက် ပျံသန်းလာ၏။

ကျိုးထျဲ့က စစ်မြေပြင်ကို ရောက်ဖူးသူ ဖြစ်သော်လည်း အနည်းငယ်တော့ ထိတ်လန့်သွားခဲ့သည်။

ချီးတဲ့မှ … ဒီတစ်ခါတော့ သခင်လေးရဲ့ ကစားတာကို ခံလိုက်ရပြီ။

“မြန်မြန်... မြန်မြန် ခုနစ်ရက် မဟာနတ်ဆေးတွေကို ယူလာခဲ့ကြ။”

ကျိုးထျဲ့က အလျင်အမြန် အော်ဟစ်လိုက်ရာ နောက်ကွယ်တွင် ကြိုတင် ပြင်ဆင်ထားသော စားပွဲထိုးများက မြင်းဆေးများ ရောစပ်ထားသည့် အရည်အသွေးညံ့ အရက်အိုး နှစ်ဆယ်ကို စင်ပေါ်သို့ သယ်ဆောင် လာကြသည်။

ဒေါသတကြီး ဝိုင်းဝန်းတိုက်ခိုက်နေသော လူအုပ်ကြီးမှာ ချက်ချင်း ရပ်တန့်သွားကြသည်။

မည်သူကမှ ဤမျှ တန်ဖိုးကြီးမားသော ပစ္စည်းကို မဖျက်ဆီးချင်ကြပေ၊ အကယ်၍ မလျော်ပေးနိုင်လျှင် မည်သို့လုပ်မည်နည်း။

ထို့အပြင် လူအုပ်ထဲတွင် တကယ်ကို ပိုက်ဆံရှိသူများ ပါဝင်နေပြီး လေလံပစ်သည်ကိုပင် လက်ခံနိုင်ကြ၏။

ယွီနျန်မှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး သူမ ပြည့်တန်ဆာရုံ ဖွင့်လာသည့် တစ်လျှောက်လုံး ယနေ့ကဲ့သို့ ရှုပ်ထွေး ပွက်လောရိုက်သည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ပြဿနာကို စတင် ဖန်တီးသူကတော့ အရက်အိုးကို ကိုင်ကာ တစ်ငုံပြီးတစ်ငုံ သောက်နေပြီး ဘာမှ မဖြစ်သကဲ့သို့ နေ,နေသည်။

သာမန်မဟုတ်ဘူး။ တကယ်ကို သာမန်မဟုတ်ဘူး။ ဖန်သခင်လေးက ကြည့်လေ ပိုပြီး အထင်ကြီးစရာ ကောင်းလေပဲ။

ကျိုးထျဲ့က လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဆဲဆိုသံများကို လျစ်လျူရှုကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အခု လေလံ စတင်ပါပြီ။ တစ်ကြိမ် ဈေးခေါ်ရင် အနည်းဆုံး ငွေဆယ်တေလ်း တိုးရပါမယ်။”

“ငွေနှစ်ဆယ်။” ရှဲ့ရှန်းက ဖန်ကျန်းရီ၏ မျက်ရိပ်ပြမှုကို ရရှိပြီးနောက် ချက်ချင်း အော်ဟစ်လိုက်သည်။

လူအုပ်ကြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သိပ်မကြာခင်မှာပင် ဈေးစတင် ခေါ်လာကြ၏။

လူလိမ်များ၏ နှိုးဆွမှုကြောင့် အခြေအနေက အလျင်အမြန် ပူညံပူညံ ဖြစ်လာသည်။

အိုးနှစ်ဆယ်သာ ရှိသဖြင့် တစ်အိုး ဝယ်လိုက်လျှင် တစ်အိုး လျော့သွားမည် မဟုတ်ပါလား။ ဤတစ်အိုးတွင် ပမာဏ အများကြီး ပါဝင်သဖြင့် တစ်ဆင့် ပြန်ရောင်းလျှင်ပင် အမြတ်ထွက်နိုင်သေးသည်။ အာနိသင် မရှိလျှင်လည်း ပြဿနာ မရှိပေ။ ဝယ်သူက နည်းပါးသဖြင့် အပြင်တွင် လျှောက်ပြောမည် မဟုတ်သလို၊ အပြင်တွင်လည်း အခြေအနေကို နောက်ကျမှ သိသည့် အရူးများက ဝယ်ယူရန် အဆင်သင့် ရှိနေကြမည်။

အချုပ်အားဖြင့်ဆိုရလျှင် ဝယ်လိုက်လျှင် မရှုံးနိုင်သောအရာပင်။

တစ်အိုးပြီး တစ်အိုး လေလံအောင်သွားသည်ကို မြင်သောအခါ ချူယိုယီ အနည်းငယ် စိုးရိမ်လာခဲ့၏။

တစ်အိုးလောက် တကယ် လိုချင်တယ်။ တစ်ပန်းကန်လောက်ပဲ မြည်းကြည့်လို့ ရရင်တောင် အဆင်ပြေတယ်၊ တကယ်ပဲ အလှအပအတွက် အကျိုးရှိရင် ဘယ်လောက်ကောင်းမလဲ။

အရင်တုန်းက ပိုက်ဆံတွေကို နည်းနည်း ချွေတာသုံးပြီး မုန့်ဖိုးလေးတွေ ပိုစုထားမိရင် ကောင်းမှာပဲ။

“ငွေငါးဆယ့်ကိုးတေလ်း ကိုးပြား၊ ဆယ့်လေးအိုးမြောက် ခုနစ်ရက် မဟာနတ်ဆေးကို ဟိုဘက်က သခင်လေး ရရှိသွားပါပြီ။ သခင်လေး နာမည် ဘယ်လို ခေါ်ပါသလဲ ရှင်။”

လုရှို့ဝမ်က ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “လု လို့ ခေါ်တယ်။”

ကျိုးထျဲ့က လက်ခုပ်တီးကာ ကျယ်လောင်စွာ အော်လိုက်၏။ “ဂုဏ်ယူပါတယ် သခင်လေးလု၊ အခုပဲ လူလွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်။”

စားပွဲထိုးလေး တစ်ယောက်က ရှေ့တိုးလာပြီး အရက်အိုးကို လုရှို့ဝမ်၏ အနားသို့ သွားပို့ကာ ငွေကို တစ်ပါတည်း ယူဆောင်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများက လုရှို့ဝမ်၏ စားပွဲပေါ်ရှိ အရက်အိုးကို အားကျစွာ ကြည့်နေကြပြီး၊ လုရှို့ဝမ်ကလည်း အခြားသူများ၏ အားကျနေသော အကြည့်များကို ရှောင်လွှဲခြင်း မရှိဘဲ ဂုဏ်ပြုစကားများကို လက်သီးဆုပ်ကာ ပြန်လည် တုံ့ပြန်နေခဲ့၏။

ဂုဏ်ယူဝင့်ကြွားသော မျက်လုံးများက ဟိုဟိုဒီဒီ လိုက်ကြည့်နေစဉ် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုပုံရိပ်၏ ပိုင်ရှင်ကလည်း သူ့ကို အလွန် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေ၏။

ယို... ယိုယီလား။

အဲဒီလူက လှပတဲ့ မုတ်ဆိတ်မွေးလေး ရှိပေမဲ့ ဝတ်စားဆင်ယင်ပုံက အဆင်မပြေဘူး။ မျက်နှာပေါက်ကို ကြည့်ရတာ ချူယိုယီ ထင်တယ်။

လုရှို့ဝမ် မှင်တက်သွားပြီးနောက် ချူယိုယီကို အလိုအလျောက် လက်လှမ်းပြလိုက်မိသည်။

All Chapters