← Chapters

အခန်း ၅၂၃

Vol. 29 Ch. 523

အခန်း ၅၂၃

Vol. 29 Ch. 523

အပိုင်း (၅၂၃) ခင်ဗျား ဟုတ်တယ်ဆိုတာ ဘယ်လို သက်သေပြမလဲ။

ချူယိုယီသည် လုရှို့ဝမ်၏ အင်္ကျီလက်စကို အလျင်အမြန်ဆွဲကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

“သခင်လေးလု မပြောပါနဲ့တော့။ ဒီမှာ လူတွေ အများကြီးပဲ။”

စင်ပေါ်ကလူမှာ တကယ်ပင် ဖန်ထန်ကျင့် ဖြစ်နေလျှင်တောင် လုရှို့ဝမ်ကို သွားပြီး ပြဿနာရှာခိုင်း၍ မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ ဖန်ထျန်ကျင့်က သူမဘက်၌ ရပ်တည်ပေးပြီး ကိုယ်အလေးချိန်ကအောင် ကူညီပေးခဲ့သည်။

ဒီလူ သုံးရက်တစ်ခါလောက် ခွင့်ယူပြီး ဟိုဟိုဒီဒီ သွားနေတာ ကြာပြီ။ သူ တစ်ခုခု ခိုးကြောင်ခိုးဝှက် လုပ်နေတယ်လို့ အစောကတည်းက ထင်ထားတာ။ ပြည့်တန်ဆာရုံမှာ သွားပြီး ရှုပ်နေတာကိုး။

သူ ဘယ်ကနေ ပိုက်ဆံတွေ ဒီလောက် အများကြီး ရလာတာလဲ။

ချူယိုယီ၏ အခြေအနေကို မြင်သောအခါ လုရှို့ဝမ်၏ စိတ်ထဲတွင် အကြောင်းမဲ့ ဒေါသတစ်ခုက ပိုမို ပြင်းထန်လာပြီး ကျယ်လောင်စွာ ဆက်လက် အော်ဟစ်လိုက်၏။

“အားလုံးပဲ။ ဒီကောင်က လုံးဝ အတုကြီး။ စင်ပေါ်တက်ပြီး ဟန်ဆောင်ကာ လူလိမ်နေတာ။”

ပြောပြီးသည်နှင့် ချူယိုယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ယိုယီ …. သူက မင်းရဲ့ စာဖတ်အစေခံလေ။ သူ ထပ်ပြီး လိမ်ညာနေတာကို လွှတ်ထားလိုက်ရင် နောက်ပိုင်း သတင်းပြန့်သွားတဲ့အခါ မင်းရဲ့ နာမည်ဂုဏ်သတင်း ထိခိုက်သွားမှာပေါ့။”

ချူယိုယီမှာ ရှက်လည်းရှက် စိုးရိမ်လည်း စိုးရိမ်ဖြစ်ကာ ပြောလိုက်၏။ “သခင်လေးလု မပြောပါနဲ့တော့။ အိမ်ပြန်ရောက်ရင် ကျွန်မကိုယ်တိုင် သွားမေးလိုက်ပါ့မယ်။”

စင်ပေါ်တွင် ဖန်ကျန်းရီသည် လုရှို့ဝမ်ကို ကြည့်ကာ မျက်နှာထား တဖြည်းဖြည်း အေးစက်လာသည်။

သူ သိနေပြီးသားပင်။ လူများလာလျှင် ပြဿနာရှာသည့် ကောင်စုတ်လေး တစ်ယောက်လောက်တော့ အမြဲတမ်း ပေါ်လာတတ်သည်။ ဤသို့ အသေးအဖွဲ ကိစ္စလေးများကလည်း ထင်ထားသည့်အတိုင်းပင် ဖြစ်၏။

လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး ဖန်ကျန်းရီသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟိုက သခင်လေး …. ကျုပ်က ဟန်ဆောင်ပြီး လိမ်ညာနေတယ် ဆိုတာကို ခင်ဗျားမှာ သက်သေ အထောက်အထား ရှိလို့လား။ ချီးကို ဖြစ်သလို စားလို့ရပေမဲ့ စကားကို ဖြစ်သလို ပြောလို့ မရဘူးနော်။”

ပွဲကြည့်နေသော ပြည်သူများက ချက်ချင်း ရယ်မောလိုက်ကြ၏။

စိတ်ထဲတွင်လည်း ချကြ ချကြ။ ဒီနေ့ ပွဲက တဖြည်းဖြည်း အရသာရှိလာပြီ ဟုတွေးနေကြသည်။

ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ရယ်သံများကို ကြားရသောအခါ လုရှို့ဝမ်မှာ အလွန် အရှက်ရသွားသော်လည်း အသိတရားတော့ ရှိနေသေး၏။

ဘာပဲဖြစ်ဖြစ် ဘေးမှာ မိန်းမတစ်ယောက် ရှိနေတာဆိုတော့ အခုအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးပေးလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ လူကြီးလူကောင်း ပုံစံလေးတော့ ရှိရမယ်။

လုရှို့ဝမ်က ဖန်ကျန်းရီကို ထပ်မံ လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျုပ်သူ့ကို မြင်ဖူးတယ်။ သူ့နာမည်က ဖန်ထန်ကျင့် သာမန် စာဖတ်အစေခံ တစ်ယောက်ပဲ။ ဒီနေ့ လူသိရှင်ကြား စင်ပေါ်တက်လာတာကလည်း နာမည်တစ်ခုရဖို့အတွက် အခွင့်အရေး ယူချင်လို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ ငွေတွေကို လိမ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ ကျုပ် ပြောတာကို ယုံပါ။ ဒီကောင်ရဲ့ လှည့်ကွက်ထဲ လုံးဝ မကျသွားစေနဲ့။”

ရှဲ့ရှန်းသည် နောက်လှည့်ကာ လုရှို့ဝမ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံး၍ ခေါင်းယမ်းလိုက်၏။

“ဒီအရူးက အခုလေးတင် အလိမ်ခံလိုက်ရတာ မဟုတ်ဘူးလား။ တကယ်ကို နေရာတိုင်းမှာ သေချင်နေတဲ့ ကောင်တွေ အမြဲတမ်း ပေါ်လာတတ်တာပဲ။”

ကျိုးထျဲ့က အထုပ်နှစ်ထုပ်ကို ဆွဲကာ ရောက်လာပြီး စားပွဲပေါ်သို့ ဒုန်းခနဲ ပစ်တင်လိုက်သည်။

“ဟေ့ ပိုက်ဆံတွေ အကုန် ကောက်ပြီးပြီ။ သခင်လေးက ဘာလို့ အပေါ်ရောက်သွားတာလဲ။”

“ခဏ နားလိုက်အုံး … ဒီနေ့ ပွဲကြည့်ရတော့မယ်။”

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ထပ်မံ ဖြန့်ကားကာ လူအုပ်ကြီးဘက်သို့ လှည့်ပြီး နှစ်ပတ်လောက် လည်ပြကာ အနည်းငယ် ပြုံး၍ ပြောလိုက်၏။

“အားလုံးပဲ .. သူက ကျုပ်ကို စာဖတ်အစေခံတဲ့။”

စင်အောက်မှ ပရိသတ်များမှာ ဖန်ကျန်းရီကို သေချာစွာ ကြည့်ရှုလိုက်ကြပြီးနောက် တဟားဟား ရယ်မောလိုက်ကြလေသည်။

စာဖတ်အစေခံတဲ့လား။ မျက်လုံး ဘယ်လောက် ကန်းနေသောကြောင့် စင်ပေါ်က တင့်တယ်လှသည့် သခင်လေးကို စာဖတ်အစေခံဟု မြင်ရမည်နည်း။

“သခင်လေးလု .. ခင်ဗျား လူမှားနေတာတော့ မဟုတ်ပါဘူးနော်။ သူ့ကို ကြည့်ရတာ စာဖတ်အစေခံနဲ့ လုံးဝ မတူပါဘူး။”

“ဟုတ်တယ်။ ဒီလို ဝတ်စားဆင်ယင်ထားတဲ့ စာဖတ်အစေခံမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး။”

“ခင်ဗျား အရက်နတ်ဆိုးကြီး ရေးထားတဲ့ ကြော်ငြာစာရွက်ကို မဖတ်ဖူးဘူးလား။ နည်းနည်းတော့ ရိုင်းပေမဲ့ ဒီလို အတွေ့အကြုံမျိုးဆိုတာ စာဖတ်အစေခံ တစ်ယောက် ရေးနိုင်တာမျိုး လုံးဝ မဟုတ်ဘူး။”

မယုံသင်္ကာ ဖြစ်နေသော အသံများက လုရှို့ဝမ်၏ နားထဲသို့ ရောက်လာသောအခါ နားထောင်ရသည်မှာ အလွန် နားလည်ရခက်နေခဲ့၏။

စင်ပေါ်က ဖန်ထန်ကျင့်သည် သူ့ကို တည့်တည့်တောင် မကြည့်ချေ။ အထူးသဖြင့် ချူယိုယီက ထိုသူ့ကို စိတ်ဝင်တစား ကြည့်နေတာကို မြင်တော့ လုရှို့ဝမ်၏ စိတ်ထဲတွင် ဒေါသများ ပိုမို ထွက်ပေါ်လာသည်။

ဖန်ထန်ကျင့်ဆိုတဲ့ ခွေးယုတ်မာ။ ဒီကောင် အရင်တုန်းက ငါ့ရှေ့မှာ လုပ်ပြနေတာ အားလုံးက ဟန်ဆောင်နေတာတွေပဲ ဖြစ်ရမယ်။

ချူယိုယီသည် မနေနိုင်ဘဲ ညည်းညူလိုက်၏။

“သခင်လေးလု .. ထားလိုက်ပါတော့။ သူ့ကို ဘာလို့ ပြဿနာ သွားရှာနေရတာလဲ။ ဘာပဲဖြစ်ဖြစ် သူက ကျွန်မရဲ့ စာဖတ်အစေခံလေ။”

“ထားလိုက်ရမလား။ ယိုယီ သူများတွေ ဘယ်လို ပြောပြော ကိစ္စမရှိဘူး။ မင်း ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ။ သူက လူလိမ်လေ .. မင်းအနားမှာ ရှိနေရင် မင်းလည်း တစ်နေ့ အလိမ်ခံရမှာပဲ။”

“မလိမ်ပါဘူး .. သူ ကျွန်မအပေါ် အရမ်း ကောင်းပါတယ်။” ချူယိုယီက ပြန်လည် ငြင်းဆိုလိုက်သည်။

လုရှို့ဝမ်သည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ချူယိုယီကို ဆက်မပြောချင်တော့ဘဲ လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အားလုံးပဲ ကျုပ်ကိုယ်တိုင် မြင်တွေ့ခဲ့တာ။ ဒါက အတုဖြစ်နိုင်လို့လား။ ဖန်ထန်ကျင့် … မင်းက အရက်နတ်ဆိုးကြီးဆိုတာ ဘယ်လို သက်သေပြမလဲ။”

ဖန်ကျန်းရီသည် စင်ပေါ်တွင် အေးဆေးစွာ လမ်းလျှောက်နေသည်။ စောစောက ထိုင်နေစဉ်ကတော့ အဆင်ပြေသော်လည်း ယခု မတ်တပ်ရပ်လိုက်တော့ အရက်ရှိန်က တဖြည်းဖြည်း တက်လာပြီး ပိုပိုမူးလာ၏။

လုရှို့ဝမ်က အဆက်မပြတ် ပြဿနာရှာနေသည်ကို ကြားသောအခါ ဖန်ကျန်းရီသည် စင်အောက်ရှိ လူအုပ်ကြီးကို ပြန်မေးလိုက်သည်။

“အားလုံးပဲ ဒီလောကမှာ အရှက်အကင်းမဲ့ဆုံး ကိစ္စက ဘာလဲဆိုတာ သိကြလား။”

“မသိဘူး။” စင်အောက်မှ ဟိုတစ်စ ဒီတစ်စ ပြန်ဖြေသံများ ထွက်ပေါ်လာ၏။

ဖန်ကျန်းရီ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး လက်ညှိုးနှစ်ချောင်း ထောင်ကာ အထင်သေးစွာ ပြုံးလိုက်သည်။

“ဒီလောကမှာ အရှက်အကင်းမဲ့ဆုံး ကိစ္စနှစ်ခု ရှိတယ်။ တစ်ခုက လူတွေကို ဘက်ရွေးခိုင်းတာ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြခိုင်းတာပဲ။”

“ကျုပ်က အရက်နတ်ဆိုးကြီး အစစ်ပါလို့ ပြောနေတာကို တစ်ယောက်က ထွက်လာပြီး မဟုတ်ဘူးလို့ ငြင်းတယ်။ ပြီးတော့ ကျုပ်က အရက်နတ်ဆိုးပြီး ဟုတ်တယ်ဆိုတာကို သက်သေပြခိုင်းတယ်။ ဒါဆို အားလုံးကို ကျုပ် မေးပါရစေ။ တကယ်လို့ နေ့တိုင်း အဲဒီလို လူမျိုးတွေ ထွက်လာပြီး ကျုပ်ကို မေးခွန်းထုတ်နေရင် ကျုပ် တခြား ဘာအလုပ်မှ လုပ်စရာ မလိုတော့ဘူးပေါ့။”

“ဒီက သခင်လေး … ခင်ဗျားက လုဆိုတဲ့ မျိုးရိုးမလား။ ခင်ဗျားက တရားမဝင် မယားငယ်က မွေးတဲ့ ကလေးလို့ ကျုပ်ကြားတယ်။ ကျေးဇူးပြုပြီး ခင်ဗျားက ခင်ဗျားအဖေရဲ့ တရားမဝင် မယားငယ်က မွေးတဲ့ ကလေး မဟုတ်ဘူး ဆိုတာကို သက်သေပြနိုင်မလား။ ပြီးတော့ ခင်ဗျားအဖေက ခင်ဗျားအဖေ ခင်ဗျားအမေက ခင်ဗျားအမေ ဆိုတာကိုကော ဘယ်လို သက်သေပြမလဲ။ ဒါဆို ခင်ဗျားအဖေက ခင်ဗျားအဘိုးရဲ့ သားအရင်းကော ဟုတ်ရဲ့လား။”

“ကောင်းတယ်။”

စင်အောက်မှ မိုးကြိုးပစ်သကဲ့သို့ ဝက်ဝက်ကွဲ လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးများ ပေါ်လွင်လာသည်။

အဆင့်အတန်းဆိုတာ ဘာလဲ။ လူအုပ်ထဲမှာ ပုန်းနေပြီးတော့ အဆင့်အတန်းက ဘာလုပ်ရမှာလဲ။

ပွဲကြည့်တာ ပြဿနာကြီးလေ ကောင်းလေပဲ။ ဒီနေ့ ပွဲက တကယ်ကို ကြည့်ကောင်းလာပြီပဲ။

ပတ်ဝန်းကျင်မှ လှောင်ရယ်သံများကို ကြားရသောအခါ လုရှို့ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ ထောင်ထလာကာ မျက်နှာတစ်ခုလုံး ပူထူနေ၏။

ဤသို့သော စကားမျိုးက လူပုဂ္ဂိုလ်ကို တိုက်ခိုက်သည်နှင့် အတူတူပင်။ ဘေးပတ်ဝန်းကျင်က လှောင်ရယ်သံတွေပါ ပေါင်းလိုက်တော့ လုရှို့ဝမ်၏ ခေါင်းထဲတွင် တဂျိန်းဂျိန်းမြည်ကာ ဆူညံနေတော့သည်။

ချူယိုယီသည်လည်း မတ်မတ် ထိုင်နေပြီး ထပ်မတားရဲတော့ပေ။

ဖန်ကျန်းရီ၏ ထိုသို့သော စကားရပ်များကို ကြားလိုက်ရချိန်တွင် သူမကိုယ်တိုင်ပင် ဒေါသအလျောက် ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာမိသည်။ တစ်ပါးသူအပေါ် ဤမျှတိုင် စော်ကားရက်လေသည်လား။ စကားကို ပြေပြစ်ယဉ်ကျေးစွာ ဆိုလေ့မရှိပေ။ ဤသည်မှာ ဖန်ထန်ကျင့်၏ စစ်မှန်သော စရိုက်လက္ခဏာပင် ဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လုရှို့ဝမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဖန်ထန်ကျင့် … မင်း သေချင်နေတာလား။” ပြောရင်းဆိုရင်း စင်ပေါ်သို့ ပြေးတက်ရန် ပြင်လိုက်သည်။

သို့ပေမည့် ဘေးဘက်တွင် ဆွဲထားသူများ ရှိနေခြင်းနှင့် အရှေ့တွင် လူများလွန်းခြင်းတို့ကြောင့် အောင်မြင်စွာ မတက်ရောက်နိုင်ခဲ့ချေ။

“သူ ဒေါသထွက်သွားပြီ။ သူ ဒေါသထွက်သွားပြီ။ အားလုံးပဲ ကြည့်ကြ သူ ဒေါသထွက်သွားပြီ။” ဖန်ကျန်းရီက ရယ်ကျဲကျဲဖြင့် စင်ပေါ်တွင် ဘယ်ညာ လှည့်ပတ်ကာ သွေးထိုးပေးနေသည်။

“ဟားဟားဟားဟားဟား”

စင်အောက်တွင် တစ်ခဏအတွင်း ပျော်ရွှင်စရာ ပင်လယ်ပြင်ကြီး ဖြစ်သွားခဲ့၏။

စင်အောက်တွင် ကျိုးထျဲ့တို့သုံးယောက်က ဖန်ကျန်းရီ စင်ပေါ်မှ လှုံ့ဆော်ပေးနေသည်ကို ပြုံးကာ ကြည့်နေကြသည်။

ရှဲ့ရှန်းက သက်ပြင်းချကာ ပြောလိုက်၏။

“ကျုပ်ကြည့်ရတာ... သခင်လေးကို သွားကယ်ဖို့ ခင်ဗျားတို့တွေ အပိုလုပ်နေတာပဲ။ နောက်ထပ် လအနည်းငယ်လောက်ဆိုရင် သူကိုယ်တိုင် ဝူမင်းသားကို ဖမ်းချုပ်ပြီး မြို့တော်ကို သင်္ဘောစီး ပြန်လာလောက်တယ်။”

ကျိုးထျဲ့သည် စားပွဲပေါ်ရှိ ငွေများကို ရေတွက်နေရင်း ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်နော်။ သခင်လေးရဲ့ ပါးစပ်က ကျုပ်ရဲ့ ဓားထက်တောင် ပိုထက်သေးတယ်။ ဟားဟား … ဒီလို ငွေရှာရတာ ကစားနေရသလိုပဲ။ သခင်လေးဆီကနေ ကျုပ် ပိုသင်ယူရမယ်။”

ကျောက်လျဲ့ တစ်ယောက်သာ မျက်လုံးထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များဖြင့် ဖန်ကျန်းရီကို ငေးကြည့်နေပြီး တိုးညင်းစွာ ပြောလိုက်၏။ “သူ အရင်တုန်းက ဒီလို မဟုတ်ပါဘူး။”

ကျိုးထျဲ့နှင့် ရှဲ့ရှန်းတို့ နှစ်ယောက်လုံးသည် ကျောက်လျဲ့ကို တပြိုင်နက် ကြည့်လိုက်ကြပြီး စိတ်ဝင်စားသွားကြသည်။

“ဒါဆို အရင်တုန်းက ဘယ်လိုပုံစံလဲ။”

ကျောက်လျဲ့သည် ခေါင်းငုံ့ကာ ခဏမျှ အတိတ်ကို ပြန်လည် သတိရသွားပြီးနောက် ခေါင်းမော့ကာ ပြောပြလိုက်၏။

“အဲဒါက ဟိုးတုန်းက ကိစ္စတွေပါ။ ကျုပ်က ဟန်ကျန်းမြို့ လမ်းမပေါ်မှာ တောင်းစားနေတာ ငတ်သေတော့မလို့။” သခင်လေးက လူတစ်စုကို ခေါ်လာတော့ ကျုပ်ကို တွေ့သွားတယ်။ ပေါင်မုန့် တစ်ဝက်ပေးပြီး ကျုပ်ကို အတူတူ လိုက်ခဲ့ဖို့ ခေါ်တယ်။ နောက်တော့ သူက ကျုပ်ကို လမ်းမပေါ် ခေါ်သွားပြီး အတူတူ တောင်းစားခိုင်းတယ်။

အဲဒါက ပထမဆုံးအကြိမ် ဖြစ်မယ် ထင်တယ်။ သူ အော်ချင်ပေမဲ့ အော်လို့ မထွက်ဘူး။ အဲဒါနဲ့ ကျုပ်ကို ဆွဲပြီး လမ်းဘေးမှာ မနက်ကနေ ညအထိ ရပ်နေခဲ့တယ်။ စကားတစ်ခွန်းမှ မပြောသလို ပိုက်ဆံတစ်ပြားမှလည်း မတောင်းခဲ့ဘူး... ကျုပ်လက်ကောက်ဝတ်တောင် သူ ညှစ်ထားလို့ ကျိုးမတတ် ဖြစ်ခဲ့ရတယ်။

နောက်မှ ကျုပ်သိလိုက်ရတာက သူက ခရိုင်ဝန် တစ်ယောက်တဲ့။ ကျုပ်မြင်ဖူးသမျှထဲမှာ အသနားဆုံး ခရိုင်ဝန်ပဲ။ ရက်အတော်ကြာ ဘာစားစရာမှ မရတော့ သူ့နောက်ကလူတွေက ကွယ်ရာမှာ သူ့ကို တိတ်တိတ်လေး ဆဲကြတယ်။

တကယ်တော့ သခင်လေး အကုန်သိပါတယ်။ နောက်ပိုင်းတော့ ငတ်လွန်းလို့ ထင်တယ်။ သူ ပြောင်းလဲသွားတယ်။ တကယ့် သူတောင်းစားစစ်စစ် တစ်ယောက်နဲ့ ပိုပိုတူလာတယ်... ဒါပေမဲ့ ဘဝကြီးကလည်း တစ်နေ့တခြား ပိုကောင်းလာခဲ့ပါတယ်။”

ကျောက်လျဲ့ ပြောပြီးသောအခါ မျက်လုံးများ အနည်းငယ် နီရဲလာပြီး အင်္ကျီလက်စဖြင့် မျက်ထောင့်များကို နှစ်ချက်မျှ ပွတ်သုတ်လိုက်သည်။

ကျိုးထျဲ့နှင့် ရှဲ့ရှန်းတို့သည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြပြီးနောက် အရက်ခွက်ကို ကောက်ကိုင်ကာ ဖန်ကျန်းရီဘက်သို့ မြှောက်ပြလိုက်ကြ၏။

“သခင်လေးအတွက်။”

ကျောက်လျဲ့က ပြုံးလိုက်ပြီး အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။

“သခင်လေးအတွက်။”

All Chapters