အခန်း ၅၂၇
Vol. 29 Ch. 527
အခန်း (၅၂၇) သူရဲကောင်းက အလှမယ်ကို ကယ်တင်ပြီး အိမ်ပြန်ပို့ပေးခြင်း။
နောက်ထပ် တစ်ပန်းကန် ထပ်သောက်လိုက်၏။
ချူယိုယီက ကမ္ဘာကြီး လည်နေသကဲ့သို့ ခံစားရပြီး သွားရန် ထရပ်လိုက်သော်လည်း ခြေမခိုင်ဘဲ နေရာတွင် ပြန်ထိုင်ကျသွားသည်။
လုရှို့ဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ သူမ အရှေ့သို့ လျှောက်သွားပြီး တိုးညင်းစွာ ပြောလိုက်၏။ "ယိုယီ .. ပူတယ်ဆိုရင် အဝတ်အစားတွေ ချွတ်လိုက်လေ၊ ဒီအခန်းက တကယ်တော့ နည်းနည်း ပူတယ်။"
သူလည်း သုံးပန်းကန်တောင် သောက်ထားပြီး ဖြစ်ရာ ဆေးအရှိန်က အလွန် ပြင်းထန်ကြောင်း သတိထားမိနေပြီ ဖြစ်သည်။
ဟားဟား၊ လေးပန်းကန်တောင် ဆိုတော့ ယိုယီလည်း ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။
ချူယိုယီက မူးဝေစွာဖြင့် ပြောလိုက်၏။ "ရှင် ထွက်သွား။"
"ငါက ထွက်သွားပြီး ဘယ်သွားရမှာလဲ။"
လုရှို့ဝမ်က ရမ္မက်ပြင်းပြသော အပြုံးဖြင့် ပြောလိုက်သည်။ "အင်း... ဒီည ငါတို့ ဒီမှာပဲ အိပ်လိုက်ကြမယ်လေ။ မနက်ဖြန်ကျမှ အတူတူ ကျောင်း သွားကြမယ်။"
ဆေးအရှိန် အရမ်း ပြင်းသွား၍လား မသိ၊ လုရှို့ဝမ်၏ လည်ပင်းတစ်ခုလုံး နီရဲနေ၏။
ချူယိုယီက ဗိုက်ကို ဖိကာ စားပွဲပေါ်တွင် မှောက်နေသဖြင့် ဤရွံစရာကောင်းသော မြင်ကွင်းကို မမြင်လိုက်ရပေ။ ကျန်ရှိနေသေးသော အသိတရား အနည်းငယ်ဖြင့် ပါးစပ်မှ ရေရွတ်နေဆဲ ဖြစ်သည်။
"ရှင် ထွက်သွား … ကျွန်မ အိမ်ပြန်မယ်။ ကိုယ့်ဘာသာ ပြန်မယ်၊ ရှင် လိုက်ပို့စရာ မလိုဘူး … ဖန်ထန်ကျင့်။ ဖန်ထန်ကျင့်။"
ဖန်ထန်ကျင့် … သောက်ကျိုးနည်း ဆေးသောက်ထားတာတောင် ဖန်ထန်ကျင့်ကို အော်နေသေးတာလား။
လုရှို့ဝမ်၏ ရင်ဘတ်ထဲမှ အကြောင်းမဲ့ ဒေါသမီးများ ပေါက်ကွဲထွက်လာပြီး ချူယိုယီ၏ လက်မောင်းကို ဆွဲကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း သူ့ကို ဘာလို့ အော်ခေါ်နေတာလဲ။ မင်းက အဲဒီ စာဖတ်အစေခံနဲ့ ပတ်သက်နေတာလား။"
ချူယိုယီက သူ၏ လက်ကို အတင်း ရုန်းဖယ်လိုက်ပြီး မျက်လုံးများ ဝေဝါးနေသော်လည်း အော်ပြောလိုက်၏။ "ထွက်သွား … ကျွန်မကို လာမထိနဲ့။ ဖန်ထန်ကျင့် .. ဖန်ထန်ကျင့် ..ကျွန်မကို အိမ်ပြန်ပို့ပေး။"
လုရှို့ဝမ်က ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
"အိမ်ပြန်မယ် ဟုတ်လား။ ဒီနေ့ မင်းကို အိမ်ပြန်ရောက်သွားသလို ကောင်းအောင် လုပ်ပေးမယ်။ မနက်ဖြန်ကျရင် ငါ့ရဲ့ မယားငယ် အဖြစ် အေးအေးဆေးဆေး လိုက်လာခဲ့တော့။"
ပြောပြီးသည်နှင့် ရှေ့တိုးကာ အတင်းအဓမ္မ လုပ်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပဲ ဒုန်းခနဲ အသံနှင့်အတူ တံခါးကြီးက အင်အားပြင်းပြင်းဖြင့် ကန်ဖွင့်ခြင်းခံလိုက်ရသည်။
ဖန်ကျန်းရီက ဒေါသများ အပြည့်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ ချူယိုယီ၏ လက်ကောက်ဝတ်ကို ဆွဲထားသော လုရှို့ဝမ်ကို တစ်ချက်တည်း မြင်လိုက်ရ၏။
ဘေးနားရှိ ချူယိုယီကတော့ စားပွဲပေါ်တွင် မှောက်ကာ ဖန်ထန်ကျင့် ဟု တစ်ယောက်တည်း ရေရွတ် အော်ခေါ်နေဆဲ ဖြစ်သည်။
ဖန်ကျန်းရီ၏ နဖူးပေါ်တွင် သွေးကြောတစ်ချောင်း ထောင်ထလာသည်။ နောက်တစ်စက္ကန့်တွင် လူတစ်ကိုယ်လုံး အနောက်သို့ ခြေနှစ်လှမ်း ဆုတ်ကာ အရှိန်ယူ၍ ပြေးဝင် ခုန်ကန်လိုက်၏။
လုရှို့ဝမ်မှာ သတိမထားမိလိုက်ခင်မှာပင် မထင်မှတ်ထားသော ကန်ချက်ကြောင့် နံရံဆီသို့ အရှိန်ပြင်းပြင်းဖြင့် လွင့်စင်သွားသည်။
"သောက်ကျိုးနည်း လုရှို့ဝမ်။ သေချင်နေရင် ဒီနေ့ မင်းကို သေအောင် လုပ်ပေးမယ်။"
ဖန်ကျန်းရီက ဒေါသတကြီး ဆဲဆိုလိုက်ပြီး မိုးပေါက်များကဲ့သို့ လက်သီးချက်များက လုရှို့ဝမ်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
အရက်ရှိန် မပြေသေးသဖြင့် လက်သီး တစ်ချက်ချင်းစီတွင် အင်အား အပြည့် ပါဝင်နေပြီး လုရှို့ဝမ်၏ မျက်နှာကို ရက်စက်စွာ ထိုးနှက်နေခဲ့၏။
စောစောက ခုန်ကန်လိုက်သည့် အရှိန်ကြောင့် လုရှို့ဝမ်မှာ အသက်ရှူမဝသေးပေ။ လုံးဝ ပြန်မခုခံနိုင်တော့ဘဲ အဆက်မပြတ် ကာကွယ်နေရုံသာ တတ်နိုင်တော့သည်။
ရှဲ့ရှန်းတို့က ချူယိုယီ၏ အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ရှေ့သို့ ပြေးသွားကြသည်။ သေချာ စစ်ဆေးပြီးနောက် သက်ပြင်းချလိုက်နိုင်၏။
"အရက်မူးနေတာပါ .. ဘာမှ မဖြစ်ဘူး။ အမူးပြေဟင်းရည် နှစ်ပန်းကန်လောက် သွားရှာကြ။"
ယွီနျန်က တံခါးဝတွင် ရပ်နေသည်။ ဖန်ကျန်းရီက လုရှို့ဝမ်ကို ရိုက်နှက်နေသည်ကို ဘာလုပ်ရမှန်းမသိ ကြည့်နေပြီး ခဏအကြာမှ အလန့်တကြား အော်ဟစ်လိုက်သည်။ "သခင်လေးဖန် စိတ်လျှော့ပါ။ သူက သာမန်လူ မဟုတ်ဘူးရှင်။"
ကျိုးထျဲ့က ယွီနျန်၏ အရှေ့တွင် ပိတ်ရပ်ထားပြီး လူသတ်ချင်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။
"ခင်ဗျား မှတ်ထားလိုက်၊ ဒီမြို့မှာ ကျုပ်တို့ သခင်လေးထက် ပိုအစွမ်းထက်တဲ့သူ မရှိဘူး။ သူ့ကို ရိုက်သတ်လိုက်ရင်တောင် ဘာမှမဖြစ်ဘူး။ အမူးပြေဟင်းရည် မြန်မြန် သွားယူခဲ့စမ်း။"
ကျိုးထျဲ့၏ အရှိန်အဝါကြောင့် လန့်သွားသဖြင့် ယွီနျန်လည်း ထပ်မမေးရဲတော့ဘဲ အမူးပြေ ဟင်းရည် ယူရန် အလန့်တကြား ပြေးသွားသည်။
ဖန်ကျန်းရီ ဘက်တွင်လည်း အဝရိုက်နှက်ပြီးသွားပြီဖြစ်သည်။ ချွေးနည်းနည်း ထွက်သွားသဖြင့် စိတ်က အနည်းငယ် ကြည်လင်လာခဲ့၏။
ကြမ်းပြင်ပေါ်တွင် ပျော့ခွေနေသော လုရှို့ဝမ်ကို ကြည့်ကာ မျက်နှာကို တစ်ချက် ထပ်ကန်လိုက်ပြီးမှ ချူယိုယီ ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျိုးထျဲ့က လုရှို့ဝမ် အနားသို့ လျှောက်သွားပြီး အောက်ပိုင်းကို ကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။
"ကောင်စုတ်လေး … ဒီလောက် သေးသေးလေးနဲ့တောင် လူကြီးတွေလို ပြည့်တန်ဆာရုံ လာချင်သေးတာလား။"
ထို့နောက် တစ်ချက် ထပ်ကန်လိုက်၏။
ရှဲ့ရှန်းက သူ့အနောက်မှ ခေါင်းပြူထွက်လာပြီး သေချာစွာ နှစ်ချက်ခန့် ကြည့်လိုက်သည်။ ပြီးနောက် အထင်သေးသည့် အမူအရာဖြင့် ခြေထောက်မြှောက်ကာ တစ်ချက် ထပ်ကန်လိုက်ပြီး နောက်လှည့် ထွက်သွားသည်။
ထို့နောက် အနောက်မှ သန်မာသော လူကြီးနှစ်ယောက်ကလည်း အနီးသို့ ရောက်လာကြ၏။ သို့ပေမည့် မကန်တော့ချေ။
ချူယိုယီ၏ လက်မောင်းကို ဆွဲထူလိုက်ပြီး သူမ၏ ဝေဝါးနေသော မျက်လုံးများနှင့် ပန်းနုရောင် သန်းနေသော မျက်နှာလေးကို ကြည့်ကာ ဖန်ကျန်းရီမှာ စကားမပြောနိုင် ဖြစ်သွားခဲ့၏။
ဒီကောင်မလေး ဘာရောဂါ ထလာတာလဲ။ ကိုယ့်ဘာသာ ပြည့်တန်ဆာရုံ လာလည်တာလား ဒါမှမဟုတ် လုရှို့ဝမ် ခေါ်လာတာလား။
ချူယိုယီက ဖန်ကျန်းရီ ဖြစ်နေသည်ကို မြင်သောအခါ ရူးကြောင်ကြောင် ပြုံးလိုက်သည်။
"ဖန်ထန်ကျင့် .. ရှင် ဘာလို့ အခုမှ လာတာလဲ။"
"အာ ကျုပ် သခင်မလေးအတွက် ဝိတ်ကျဆေး သွားဝယ်နေလို့။ သခင်မလေး အရက်မူးနေပြီ။ ကျုပ်တို့ အိမ်ပြန်ကြမယ်။"
"အမူးပြေ ဟင်းရည် ရပါပြီ။"
ယွီနျန်က ဟင်းရည်နှစ်ပန်းကန်ကို ကိုင်ကာ အလျင်အမြန် ရောက်လာ၏။
ဖန်ကျန်းရီက ဟင်းရည်ကို ယူကာ သူမကို တိုက်ရန် ပြင်လိုက်သည်။
"အမူးပြေ ဟင်းရည်၊ သောက်လိုက်ရင် ကောင်းသွားလိမ့်မယ်။"
ချူယိုယီက နှုတ်ခမ်းကို စေ့ထားပြီး ခေါင်းလှည့်ကာ ရေရွတ်လိုက်သည်။ "ကျွန်မ တကယ် မသောက်နိုင်တော့ဘူး။"
"ဝိတ်ကျဟင်းရည် …. မြန်မြန်သောက်။"
ချူယိုယီက ပန်းကန်ကို အလုအယက် ယူကာ သောက်ချလိုက်ပြီးနောက် လေချဉ် တစ်ချက် တက်လိုက်သည်၊ ထို့နောက် စားပွဲပေါ်တွင် မှောက်ကျသွား၏။
ယွီနျန်က စိုးရိမ်သော မျက်နှာဖြင့် ရှေ့တိုးလာသည်။
"သခင်လေးဖန် ... သခင်လေးတော့ ပြဿနာ ကြီးကြီးတက်တော့မယ် ထင်တယ်၊ သခင်လေးလု ရဲ့ မိသားစုက ..."
ဖန်ကျန်းရီက သူမကို ကြည့်ကာ ပြုံးလိုက်၏။
"ယွီနျန် … စိတ်ပူစရာ မလိုပါဘူး၊ သာမန် စာမေးပွဲအောင်တဲ့သူလေး တစ်ယောက်ကို ကျုပ်က ဂရုမစိုက်ပါဘူး။ ဒီနေ့ ဘာမှ မဖြစ်ခဲ့သလိုသာ သဘောထားလိုက်ပါ၊ လူလာရင်လည်း ခင်ဗျား ဘာမှ မပြောနဲ့၊ ကျုပ် ကိုယ်တိုင် ရှင်းလိုက်မယ်။"
အစောတည်းက သူ့ကို အဆင့်အတန်း မြင့်မားသူဟု ထင်ထားခဲ့ပြီး ယခု ဖန်ကျန်းရီက ဤမျှ ရဲတင်းနေသည်ကို မြင်သောအခါ ယွီနျန်က အံ့ဩစွာ မေးလိုက်၏။ "သခင်လေးဖန်က ဘယ်လို အဆင့်အတန်း ..."
"ကျုပ်အထက်မှာ လူရှိတယ်၊ အများကြီး မမေးနဲ့။"
ဖန်ကျန်းရီ၏ မျက်နှာအမူအရာက နက်နဲခက်ခဲနေသည်။
ယွီနျန်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားပြီး သတိထားကာ မေးလိုက်ခဲ့၏။
"သခင်လေး … ဒီနေ့ သခင်လေး စပ်ခဲ့တဲ့ ကဗျာကို ချွန်းယွီရုံမှာ ချိတ်ဆွဲထားလို့ရမလား ရှင်။ ဒါဆို နာမည်ကိုကော ဘယ်လို တပ်ရမလဲ။"
"လီပိုင်။"
"ဒါဆို ကျွန်မ သခင်လေးကို မနှောင့်ယှက်တော့ပါဘူးရှင်။"
ယွီနျန်က ခေါင်းညိတ်လိုက်ပြီး ဘာလို့ လီပိုင် ဖြစ်ရသလဲ ဆိုသည်ကို ထပ်မမေးတော့ဘဲ ခြေလှမ်း သေးသေးလေးများဖြင့် နောက်လှည့်ထွက်သွားသည်။
"ကျိုးထျဲ့ … သူ့ကို ကျောပိုးပြီး ကျုပ်နောက်က လိုက်ခဲ့။ ကြမ်းပြင်ပေါ်ကကောင်ကို ပြန်ခေါ်သွားပြီး ညီအစ်ကိုတွေကို ရှင်းခိုင်းလိုက်။ ကိုယ်မကြိုက်တဲ့ အရာကို သူများအပေါ် မလုပ်ရဘူး ဆိုတာ ဘာလဲဆိုတာ သူ သဘောပေါက်သွားအောင် လုပ်ပေးလိုက်။" ဖန်ကျန်းရီက ညွှန်ကြားလိုက်သည်။
ကျိုးထျဲ့မှာ အခက်တွေ့နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
"ကျုပ် သူ့ကို ကျောပိုးရမှာလား။ အဲဒါ မကောင်းဘူး ထင်တယ်နော် သခင်လေး။ သူက သခင်လေးရဲ့ မိန်းမလေ ... ယောက်ျားနဲ့ မိန်းမက ထိတွေ့လို့ မရဘူးလေ။"
"လျှောက်မပြောနဲ့။ သူနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။"
"ရှင်သာ လျှောက်ပြောနေတာ။ ရှင်က ကျွန်မရဲ့ စာဖတ်အစေခံလေ။ ရှင် ကျွန်မကို ကျောပိုးပြီး အိမ်ပြန်ပို့ပေး။" ချူယိုယီက ယိမ်းယိုင်ယိုင်ဖြင့် ခေါင်းမော့ကာ ဖန်ကျန်းရီကို ပြောလိုက်၏။
အခန်းထဲ ပြည့်နေသော ရိုင်းစိုင်းသည့် ယောက်ျားများက ဖန်ကျန်းရီနှင့် ချူယိုယီကို မသဲကွဲသော အကြည့်များဖြင့် ကြည့်နေကြသည်။
"သခင်လေး …. သခင်လေးပဲ သူ့ကို ကျောပိုးပြီး ပြန်လိုက်ပါလား။ အရက်မူးလည်း ပြေသွားတာပေါ့။ ကျုပ် ကြည့်ရတာ သူက ပေါင်ရှစ်ဆယ်တောင် ပြည့်မယ့်ပုံ မပေါ်ဘူး ... ချူမိသားစုက တကယ်ကို လွန်လွန်းတယ်၊ သမီးမိန်းကလေးဆို ပြည့်ပြည့်စုံစုံ ထားရမယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။" ကျိုးထျဲ့က မေးစေ့ကို ပွတ်ကာ ဇဝေဇဝါဖြင့် ပြောလိုက်၏။
ချူယိုယီက မျှော်လင့်တကြီး ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက သက်ပြင်းချလိုက်ပြီး သူမကို ကျောပေးကာ ထိုင်ချလိုက်သည်။
"ကောင်းပြီ … သခင်မလေးကို အရှုံးပေးလိုက်ပြီ၊ မြန်မြန် သွားကြစို့။"
ချူယိုယီက ရယ်ကျဲကျဲဖြင့် ဖန်ကျန်းရီ၏ ကျောပေါ်သို့ တက်လိုက်၏။
ဖန်ကျန်းရီက မျက်နှာထား တင်းတင်းဖြင့် အောက်ထပ်သို့ ဆင်းသွားတော့သည်။
ချွန်းယွီရုံ အပြင်ဘက်တွင် ဧည့်သည်များကို အိမ်ပြန်ပို့ရန် စောင့်နေသော မြင်းလှည်းနှင့် လူထမ်းယာဉ် အနည်းငယ် ရှိနေသေးပြီး ကျိုးထျဲ့တို့က မြင်းလှည်း တစ်စီးကို ရှာကာ ဖန်ကျန်းရီ အရှေ့သို့ ခေါ်လာခဲ့၏။
လှည်းပေါ် တက်ခါနီးတွင် ချူယိုယီက ထပ်မံ အော်ဟစ်လိုက်သည်။
"ကျွန်မ လှည်း မစီးဘူး။ လမ်းလျှောက်ပြန်မယ်။ လမ်းလျှောက်ပြန်ပြီး ဝိတ်ချမယ်။"
သောက်ကျိုးနည်း …. တကယ့်ကို ကိုယ့်တွင်း ကိုယ်ပြန်တူးမိတာပဲ။
ဖန်ကျန်းရီက ဂရုမစိုက်ဘဲ လှည်းပေါ်သို့ တန်းတန်းမတ်မတ် ဝင်ရန် ပြင်လိုက်သော်လည်း ချူယိုယီက ခြေထောက်ကို ဆန့်ထုတ်ကာ လှည်းတံခါးဘောင်ကို တင်းကျပ်စွာ ထောက်ထားပြီး သူ့ကို ပေးမဝင်ဘဲ ပါးစပ်မှ ရေရွတ်နေ၏။
"ကျွန်မ လမ်းလျှောက်ပြန်မယ်လို့ ပြောနေတယ်လေ။ ရှင် စကားနားမထောင်ရင် ပြန်ရောက်ရင် အစ်မကို တိုင်ပြောမယ်။"
ဘေးနားတွင် လူတစ်စု ပွဲကြည့်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက မျက်နှာထား တင်းသွားပြီး နောက်လှည့်၍ ချူယိုယီကို ကျောပိုးပြီး ထွက်သွားတော့သည်။
လမ်းတွင် လေအေးများ တိုက်ခတ်နေပြီး ဖန်ကျန်းရီ၏ စိတ်ထဲတွင် သက်ပြင်းများသာ ချနေမိသည်။ ကျောပြင်မှာ နူးညံ့မှုဟူ၍ လုံးဝမရှိပေ။
ဒီနေ့တော့ ရှက်စရာတွေဖြစ်ကုန်ပြီ။ မနက်ဖြန်ကစပြီး အရက်ကို ကန့်သတ်သောက်ရမယ်။
ချူယိုယီက သူ့ကျောပေါ်တွင် မှောက်နေဆဲ ဖြစ်ပြီး အရက်မူးနေသော ပါးစပ်မှ အဆက်မပြတ် ရေရွတ်နေသည်။
"လူလိမ် ဖန်ထန်ကျင့် …. ရှင်က တကယ့် လူလိမ်ကြီးပဲ။"
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။
မုန့်ဖိုးကို လိမ်ထားတာ သိသွားပြီလား။ ဒီကောင်မလေး ဉာဏ်အလင်းပွင့်သွားတာလား။
"ရှင်က ဝိတ်ချတတ်တယ်၊ ကြယ်တွေကို ဖမ်းတတ်တယ်၊ ကဗျာလည်း စပ်နိုင်တယ်၊ သီချင်းလည်း ရေးနိုင်တယ် ... ဘာလို့ စာဖတ်အစေခံ ဟန်ဆောင်နေတာလဲ။ တကယ်တော့ ရှင်က ဘယ်လို အဆင့်အတန်းလဲ။ ကျွန်မအနား ကပ်လာတာ ဘာရည်ရွယ်ချက် ရှိလို့လဲ။"
"ကျုပ်က သခင်မလေးရဲ့ အစ်မကို သဘောကျလို့လေ။ပြီးရင် ချူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယူမလို့။" ဖန်ကျန်းရီ၏ စိတ်ထဲတွင် ပေါ့ပါးသွားခဲ့၏၊
"ဟားဟား … ဒါဆိုလည်း အစောကြီးကတည်းက ပြောပါလား။ ရှင် သွားပြီး အဲဒီကဗျာကို သူ့ကို ရွတ်ပြလိုက်လေ၊ သူ အရမ်း သဘောကျမှာ။ ဝမ်းသာသွားရင် ရှင့်ကိုတောင် လက်ထပ်ချင် လက်ထပ်သွားမှာ ဟားဟား။"
သူမ လျှောက်ပြောနေသည်များကို ကြားသောအခါ ဖန်ကျန်းရီက ခါးသက်စွာ ပြုံးလိုက်ပြီး ချူအိမ်တော်သို့ အမြန် ပြေးသွားသည်။
ချူယိုယီကို ကျောပိုးထားရသည်မှာ တကယ်ကို ပေါ့ပါးလွန်းလှ၏။ မူလကတည်းက ပိန်ပါးနေသည်ကို ဤရက်ပိုင်း ဘယ်လောက်တောင် ပေါင်ချိန် ကျသွားလဲ မသိပေ။
"ဖန်ထန်ကျင့် … ကျွန်မ အရမ်း နေရခက်နေတယ်၊ ပိုပိုပြီး နေရခက်လာတယ်၊ ခံစားရတာ အရမ်း ထူးဆန်းတယ်၊ ကျွန်မတို့ ဆေးခန်း သွားကြမလား။" ချူယိုယီက မျက်လုံး တစ်ဝက်မှိတ်ကာ ဖန်ကျန်းရီ၏ ပခုံးကို အတင်း ရိုက်ရင်း ပြောလိုက်သည်။
ဖန်ကျန်းရီက အေးစက်စွာ ရယ်မောလိုက်ခဲ့၏။
"သခင်မလေးက ထူးဆန်းတဲ့ ရမ္မက်ဆန္ဒကြွဆေး မိထားတာ … ကျုပ် သခင်မလေးကို အိမ်ခေါ်သွားပြီး အတွင်းအားနဲ့ ကုသပေးမယ်၊ ဆေးခန်း သွားစရာ မလိုဘူး။"
"ဟွန့် .. ရှင် လျှောက်ပြောနေတာ ... ကျွန်မကို ရှင့်လို တုံးတယ် ထင်နေတာလား။ ကျွန်မ ဗိုက်ဆာလာပြန်ပြီ ... ဒီနေ့ ခေါက်ဆွဲ တစ်ဝက်ပဲ စားရတာ၊ မနက်ဖြန်ကျရင် မစား ဘဲ နေရတော့မလား။ တကယ်တော့ ညဘက်လည်း နည်းနည်း စားချင်တာပဲ၊ ဒါပေမယ့် ဝလွယ်တယ် ... အဲဒါကြောင့် ကျွန်မ မစား ရဲဘူး။"
"..."
"နည်းနည်း ပျင်းစရာ ကောင်းတယ် ... ရှင့်ဆီမှာ တခြား ဘာအရည်အချင်းတွေ ရှိသေးလဲ။ ဖုံးကွယ်မထားနဲ့တော့ … ကျွန်မကို နည်းနည်းလောက် ပြစမ်းပါ။ ဟားဟား ….။"
သူမက နားနားတွင် အဆက်မပြတ် ပြောနေသဖြင့် ဖန်ကျန်းရီမှာ အလွန် စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
"ကျုပ် သီချင်းလည်း ဆိုတတ်သေးတယ်၊ သခင်မလေး စကားမပြောဘဲ နေလို့ ရမလား၊ ကျုပ် အခု ခေါင်းကိုက်နေပြီ။"
"ဒါ ... ဒါဆို၊ ဒါဆို ရှင် တစ်ပုဒ်လောက် ဆိုပြလေ။ ကျွန်မ မပြောတော့ဘူး။"
"ဟူး .. သခင်မလေးကို အကြွေးတင်တယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်၊ မိန်းမလှပန်း ဆိုတဲ့ သီချင်းကို သခင်မလေးအတွက် ဆိုပြမယ်။ ကျုပ်မှာ ပန်းတစ်ပွင့် ရှိတယ်၊ ကျုပ်ရင်ထဲမှာ ရှင်သန်နေတယ်၊ ဖူးပွင့်ဖို့ စောင့်နေတဲ့ ... မိန်းမလှပန်း၊ လောကီ လူ့ဘောင်မှာ ယိမ်းနွဲ့နေတယ် ... လေနဲ့အတူ ဖြည်းညှင်းစွာ ယိမ်းနွဲ့နေတယ်၊ ရင်ထဲက ... အထီးကျန်မှုတွေကိုပဲ မျှော်လင့်ရင်း~~"
"ဝေါ့ ... သောက်ကျိုးနည်း။"