အခန်း ၅၃၀
Vol. 29 Ch. 530
အခန်း (၅၃၀) ဂိုဏ်းချုပ် နေရာယူခြင်း။
အနောက်ဘက် ရပ်ကွက်ရှိ ဘုရားကျောင်းပျက်။
သူတောင်းစား တစ်စုက အမှောင်ထဲတွင် စုဝေးနေကြပြီး စကားပြောသူက ပြော၊ အိပ်သူက အိပ်နေကြသည်။
တစ်ခုတည်းသော ဆီမီးခွက်မှာ ဂိုဏ်းချုပ် လျန်ဆန် ပိုင်ဆိုင်ပြီး ၎င်းမှာ အုပ်ချုပ်သူ၏ အမြင့်ဆုံး အခွင့်အရေးပင် ဖြစ်၏။
လျန်ဆန်က ပူဇော်ပွဲ စားပွဲရှေ့တွင် ထိုင်နေပြီး သူ့အနောက်တွင် ကျိုးပဲ့နေသော ဘုရားဆင်းတုတော် ရှိကာ၊ သူ၏ ဖင်အောက်တွင် တခြားသူများထက် ဖျာနှစ်ချပ် ပိုခံထားသဖြင့် အနည်းငယ် ပိုမြင့်နေသည်။
သူ့အရှေ့ရှိ ကြမ်းပြင်ပေါ်တွင် ကြေးပြားများ ပြည့်နှက်နေပြီး တစ်ပြားချင်းစီ ရေတွက်နေကာ ဆယ်ပြားပြည့်တိုင်း မြေကြီးပေါ်တွင် တစ်ပုံစီ စုပုံထားလိုက်၏။
ရေတွက်ရင်း ရေတွက်ရင်း... ကြေးပြား နှစ်ရာ့သုံးဆယ့်ခြောက်ပြား ရှိကြောင်း တွေ့လိုက်ရရာ လျန်ဆန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
ဒီအသုံးမကျတဲ့ ကောင်တွေ၊ မနေ့ကထက်တောင် ကြေးပြား နှစ်ဆယ်ကျော် လျော့နေသေးတယ်။
ကြေးပြား ခြောက်ဆယ်ကို အင်္ကျီလက်စထဲသို့ တိတ်တဆိတ် ထည့်လိုက်ပြီး ဘေးနားရှိ သူတောင်းစားကို ခြေထောက်ဖြင့် ကန်ကာ ပြောလိုက်သည်။
“ဒီပိုက်ဆံတွေကို ကျန်တဲ့ ညီအစ်ကိုတွေကို သွားဝေပေးလိုက်။”
ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့ … ပိုက်ဆံဝေမယ်။ ဒီနေ့က မနေ့ကထက် ကြေးပြား သုံးဆယ် လျော့နေတယ်၊ မနက်ဖြန် အားလုံး ကြိုးစားကြပါ၊ နောက်လကျရင် အားလုံးကို အသားဟင်းရည် တိုက်မယ်။”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။”
သူတောင်းစား တစ်စုက ပျင်းရိစွာ အော်ဟစ်လိုက်ပြီး ပိုက်ဆံသွားယူရန် ထရပ်လိုက်ကြသည်။
နေ့ခင်းဘက်တွင် အများကြီး တောင်းရခဲ့သော သူတောင်းစားများက စိတ်ထဲတွင် ကြိတ်ပြီး ဆဲဆိုနေကြ၏။
အလုပ်လုပ်တာ များပေမဲ့ ရတာ နည်းတယ်၊ ပိုက်ဆံဝေတိုင်း နစ်နာရတယ် … မနက်ဖြန် အလုပ်မလုပ်တော့ဘူး။
သောက်ကျိုးနည် …. သူက ဒီဘုရားကျောင်းပျက်ကို ယူထားပြီး ညဘက်ဆို အေးလို့သာ သူ့နောက် လိုက်နေရတာ။ ကျုပ်တို့အတွက် အကျိုးအမြတ် မရှိပါလား။
ပိုက်ဆံ တန်းစီ ယူနေကြစဉ် အဖိတ်မခံရသော ဧည့်သည်တစ်စုက ရုတ်တရက် ဝင်ရောက်လာပြီး မူလတည်းက ပျက်စီးနေသော တံခါးကြီးကို အရှိန်ပြင်းပြင်းဖြင့် ကန်ဖွင့်လိုက်သည်။
လူနှစ်ဆယ်ကျော်က မီးတုတ်များ ကိုင်ဆောင်ကာ ဘုရားကျောင်းပျက် အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြရာ ဘုရားကျောင်းပျက် အတွင်း ချက်ချင်းပင် လင်းထိန်သွား၏။
ဖန်ကျန်းရီက နှာခေါင်းကို အုပ်ကာ ဘုရားကျောင်းပျက် အတွင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
ပျင်းရိတယ်... ဘာစည်းကမ်းမှ မရှိဘူး၊ ဒီသူတောင်းစားဂိုဏ်း ဆိုတာကလည်း တခြား နေရာတွေလိုပဲ ရိုးရှင်းတဲ့ စည်းမျဉ်းလေးတွေပဲ ရှိပြီး ဘာစီမံခန့်ခွဲမှုမှ မရှိဘူးဆိုတာ သိသာတယ်။
လျန်ဆန်၏ လက်များက အင်္ကျီလက်စထဲတွင် ကြေးပြားများကို အကြိမ်ကြိမ် ရေတွက်နေရင်း အသံကျယ်ကြီး ကြားလိုက်ရသဖြင့် အလျင်အမြန် ခေါင်းမော့ကြည့်လိုက်၏။
လူတစ်စုက တင်းမာခက်ထန်သော မျက်နှာထားများနှင့် အခန်းထဲ ရပ်နေသည်ကို မြင်သောအခါ အလန့်တကြား မေးလိုက်သည်။
“ဘာလာလုပ်ကြတာလဲ။”
ဖန်ကျန်းရီ၏ အကြည့်များက လျန်ဆန်ထံသို့ ရောက်သွားပြီး မေးလိုက်၏။
“ခင်ဗျားက ဂိုဏ်းချုပ်လား။”
“ဟုတ်တယ်၊ ကျုပ်ပဲ။” လျန်ဆန်က ဖန်ကျန်းရီကို မယုံသင်္ကာ ကြည့်ကာ ပြန်ဖြေလိုက်သည်။
“အရမ်းကောင်းတယ် .. ဒါပေမဲ့ခင်ဗျား အခု မဟုတ်တော့ဘူး။ အခုချိန်ကစပြီး သူတောင်းစားဂိုဏ်းက ကျုပ်အုပ်ချုပ်မှု အောက်မှာပဲ။ ခင်ဗျားတို့ လူတွေ ဒီလောက်ပဲ ရှိတာ မဟုတ်ဘူးမလား။ အကုန်လုံးကို ခေါ်လာခဲ့၊ ကျုပ် ကြည့်ရအောင်။” ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။
“ညီအစ်ကိုတို့ လက်နက်ယူကြ။ အစိုးရက ကျုပ်တို့ကို အသက်ရှင်ခွင့် မပေးတော့ဘူး။” လျန်ဆန်က ဘာမှ မစဉ်းစားဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။
ဖန်ကျန်းရီက ရယ်မောလိုက်သော်လည်း ချက်ချင်း အံ့ဩသွားသည်။
ဘုရားကျောင်းပျက်၏ ဘေးဘက် အခန်းများမှ သူတောင်းစား အယောက်ကျုပ်းဆယ်ကျော်ခန့် အံ့ဖွယ်နည်းဖြင့် ထွက်ပေါ်လာပြီး ထိုသူများက သစ်သားတုတ်များ ကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားကြရာ ဂိုဏ်းချုပ်၏ သစ္စာခံ သက်တော်စောင့်များ ဖြစ်မည်မှာ သေချာ၏။
ဒီကောင့် ကြည့်ရတာ တုံးအအ နဲ့ပေမဲ့ တကယ်တော့ အရည်အချင်း ရှိတာပဲ။
ကျိုးထျဲ့ ဦးဆောင်သော လူတစ်စုက စတင် လှုပ်ရှားရန် ပြင်လိုက်ကြသည်၊ ဤစုတ်ပြတ်နေသော သူတောင်းစားများက လူများသော်လည်း တကယ်တမ်း တိုက်ခိုက်လျှင် အလွယ်တကူ အနိုင်ယူနိုင်သည်။
လိုင်ကော်အာမှာ လူအုပ်ကြားတွင် ညှပ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက လမ်းပြရုံသာ ပါလာခြင်း ဖြစ်ပြီး အခုထိ ဘာတွေ ဖြစ်နေမှန်း နားမလည်သေးချေ။
အစ်ကိုကြီးရဲ့ အဆင့်အတန်းက တစ်နေ့တခြား ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ် လာတာပဲ။
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ လူများကို တားဆီးလိုက်သည်။
“ညီအစ်ကိုတို့ မလှုပ်ကြနဲ့၊ ကျုပ်တို့က သူတောင်းစားများ စောင့်ရှောက်ရေး အသင်းကပါ။ ခင်ဗျားတို့ ဆင်းရဲဒုက္ခ ရောက်နေတာကို မြင်ရတာ စိတ်မကောင်းလို့ သူတောင်းစားဂိုဏ်းကို ပြန်လည် ဖွဲ့စည်းပြီး အားလုံးကို ဘဝသစ် ရအောင် လုပ်ပေးချင်လို့ပါ။
ဟိုလေ... ခင်ဗျားက လျန်ဂိုဏ်းချုပ် မလား။ ညီအစ်ကိုတွေကို ထိခိုက်ဒဏ်ရာ မရစေချင်ဘူး၊ ဒါပေမဲ့ ဂိုဏ်းချုပ် နေရာကိုတော့ လိုချင်တယ်၊ ခင်ဗျား မကျေနပ်ရင် သိုင်းလောက စည်းမျဉ်းအတိုင်း တစ်ယောက်ချင်း ချကြမလား။”
သူတောင်းစား တစ်စုမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး... လျန်ဆန်လည်း ထိုနည်းတူပင် ဖြစ်၏။
ဒီအဝတ်အစား ကောင်းကောင်း ဝတ်ထားတဲ့ ကောင်က ဝင်လာလာချင်း သူတောင်းစားဂိုဏ်းချုပ် လုပ်ချင်တယ်လို့ ပြောတယ်ပေါ့။ ဘယ်သူဌေးသားက ခေါင်း တံခါးညှပ်ခံရလို့ ဘဝသစ်ကို လာခံစားချင်နေတာလဲ။
သို့ပေမည့် အုပ်ချုပ်သူ နေရာကို ထိန်းသိမ်းခြင်းက ယောက်ျားများ၏ သဘာဝ ဗီဇပင် ဖြစ်သည်၊ အထူးသဖြင့် ဂိုဏ်းသားများ ကြည့်နေချိန်တွင် သူတောင်းစား တစ်ယောက် ဖြစ်လင့်ကစား ဤကိစ္စမျိုးတွင် မျက်နှာအပျက်ခံ၍ မရပေ။
လျန်ဆန်က ဖန်ကျန်းရီကို ကြည့်ကာ သေချာ စဉ်းစားလိုက်သည်။
ဒီလို အသားဖြူဖြူ ကောင်လေးကို ရိုးရိုး တိုက်ခိုက်ရင် ကျုပ်ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး။ တစ်ခုတည်းသော စိုးရိမ်စရာက တခြားလူတွေ နောက်ကွယ်ကနေ ဝင်ကူမှာကိုပဲ...
“ကောင်းပြီ။ ခင်ဗျားနဲ့ ကျုပ် ချမယ်။ ဒါပေမဲ့ ခင်ဗျား ခေါ်လာတဲ့ လူတွေက ကျုပ်ညီအစ်ကိုတွေကို ဒုက္ခမပေးရဘူး။”
ဖန်ကျန်းရီက ရယ်မောလိုက်သည်။
ဒီသူတောင်းစား ခေါင်းဆောင်က လူတွေရဲ့ စိတ်ကို ဆွဲဆောင်တတ်သေးတာပဲ။
“ရတယ်။ ဒီနေရာက ကျဉ်းတယ်။ အပြင်ထွက် ချကြတာပေါ့။ လျန် ဂိုဏ်းချုပ် … ကြွပါ။”
ပြောပြီးသည်နှင့် တံခါးဝတွင် ရပ်ကာ ဖိတ်ခေါ်သည့် ဟန်အမူအရာ လုပ်ပြလိုက်၏။
လျန်ဆန်က ထရပ်ပြီး ဖန်ကျန်းရီကို သေချာ အကဲခတ်လိုက်သည်။ မိမိကိုယ်တိုင်က ဖုန်ပေနေသဖြင့် မျက်နှာပျက်စရာ ကောင်းသည်ဟု ခံစားရသဖြင့် စုတ်ပြတ်နေသော အင်္ကျီကို ခါယမ်းလိုက်ရာ ဟန်ပန်က အနည်းငယ် ပို၍ရုပ်ထွက်သွားသည်။
ဖန်ကျန်းရီက ပြုံးရွှင်သော မျက်နှာထားဖြင့် ရှိနေဆဲ ဖြစ်၏။
လျန်ဆန်က သူ၏ ရှေ့မှ ဖြတ်သွားကာ ဘယ်ဘက်ခြေထောက် တံခါးခုံကို ကျော်ပြီး ပခုံးချင်း ယှဉ်မိချိန်တွင် အပြုံးများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
တစ်ခဏအတွင်းမှာပင် လက်ဝါးကို လက်သီးဆုပ်ကာ လျန်ဆန်၏ နောက်စေ့ကို အားကုန် လွှဲထိုးလိုက်၏။
ဘုန်း ခနဲ အသံနှင့်အတူ လျန်ဆန် မျက်လုံးနှစ်လုံး ပြာသွားကာ သတိလစ်သွားပြီး လဲကျမတတ် ဖြစ်သွားချိန်တွင် ကျိုးထျဲ့ ဘေးရှိ ညီအစ်ကို တစ်ယောက်က အချိန်မီ ဖမ်းထိန်းလိုက်ပြီး နောက်တစ်ယောက် ထပ်ရောက်လာသည်။
တစ်ယောက်က ခေါင်းကို ကိုင်၊ တစ်ယောက်က ခြေထောက်ကို ပွေ့လိုက်၏။
လူနှစ်ယောက် အတူတူ အားယူလိုက်ပြီး လျန်ဆန်ကို ဘုရားကျောင်းပျက်ထဲမှ အပြင်ဘက်သို့ လွှင့်ပစ်လိုက်ကြသည်။
လိုင်ကော်အာမှာ မျက်လုံးများ ပြူးထွက်ကာ ခြေထောက်နှစ်ဖက် တုန်ယင်နေပြီး ဘေးဘက်ရှိ လူကြီးများကို မလုံခြုံစွာ ကြည့်နေမိ၏။
ဘယ်လို လူတွေလဲ။ ဒါတွေက ဘယ်လို လူတွေလဲ။
“လူလာကြ .. ပစ္စည်းတွေ အကုန် ယူလာခဲ့။” ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတောင်းစားများ သတိမဝင်လာခင်မှာပင် အပြင်ဘက်မှ လူအတော်များများက စက္ကူထုပ်များကို ကိုင်ဆောင်ကာ ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်လာကြ၏။
ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ရာ စက္ကူများ ပေါက်ပြဲသွားပြီး အထဲမှ ရွှေဝါရောင် ပေါက်သည်အထိ ကြော်ထားသော ကြက်ကင်များ ထွက်ပေါ်လာကာ အနံ့မွှေးများ အဆက်မပြတ် ပျံ့လွင့်လာသည်။
သူတောင်းစားများက မြေကြီးပေါ်ရှိ ကြက်ကင်များကို ဇဝေဇဝါဖြင့် ကြည့်လိုက်၊ ဖန်ကျန်းရီကို ကြည့်လိုက်ဖြင့် ကြောင်အမ်းအမ်း ဖြစ်နေကြ၏။
သို့သော်ငြား ထိုအနံ့မွှေးများက နှာခေါင်းထဲသို့ တိုးဝင်လာရာ လူအတော်များများမှာ သွားရည်များ အဆက်မပြတ် ကျဆင်းလာကြသည်။
မည်သူမှ မလှုပ်ရှားသည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်ဖြန့်လိုက်ရာ၊ ရှဲ့ရှန်းက ငွေများ အပြည့်ပါသော အိတ်ငယ်လေးကို သူ၏ လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်၏။
မြေကြီးပေါ်သို့ အားကုန် ပေါက်ချလိုက်ရာ ငွေများ အားလုံး ပြန့်ကျဲသွားသည်။
ဖန်ကျန်းရီက ပူဇော်ပွဲ စားပွဲရှေ့သို့ သွားကာ ဖျာပေါ်တွင် ဖြစ်သလို ထိုင်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်၏။
“ကိုယ့်ဘာသာ ကြက်ကင် ယူစားကြ၊ ပြီးရင် ငွေတစ်တုံး ယူ၊ ဒီကို လာပြီး ဂိုဏ်းချုပ်လို့ တစ်ခွန်း ခေါ်လိုက်၊ နောင်ဆိုရင် အားလုံးက ညီအစ်ကိုတွေပဲ။ သဘောမတူဘူး ဆိုရင်တော့၊ ဟိုကနေ ထွက်သွားလို့ ရတယ်။”
ဖန်ကျန်းရီက ကျိုးထျဲ့ ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ရာ၊ လူသတ်ချင်သည့် မျက်နှာထားဖြင့် လူကြီးတစ်စုက ဘုရားကျောင်း တံခါးကို အလုံပိတ်ထားသည်ကို တွေ့လိုက်ရသည်။
သူတောင်းစားများ ကြောင်အမ်းသွားကြသည်။ သောက်ကျိုးနည်း ဘာရွေးစရာ ရှိသေးလို့လဲ။ အပြင်ထွက်ရင် အရိုက်ခံရပြီး သေမှာပေါ့။ ခင်ဗျားက တကယ့် လူယုတ်မာကြီးပဲ။
“ကျုပ် ခင်ဗျားတို့ကို လှည့်စားဖို့ ကြံစည်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့ကို အလုပ်လုပ်ဖို့ ခေါ်တာပါ။ အစိုးရက ရာဇဝတ်ကောင် တချို့ကို ဖမ်းဝရမ်း ထုတ်ထားတယ်။ သူတို့ကို ရှာတွေ့ရင် ငွေရမယ်။
ဒါပေမဲ့ အဆက်အသွယ် မရှိရင် ခင်ဗျားတို့ ဒီငွေကို ရမှာ မဟုတ်ဘူး၊ ခင်ဗျားတို့က ကျုပ်အတွက် သွားရှာပေးရင်း တခြား သူတောင်းစားတွေကိုပါ ဂိုဏ်းထဲ ဝင်ဖို့ ခေါ်လာခဲ့၊ သူတောင်းစား တစ်ယောက် ခေါ်လာရင် ငွေတစ်မတ် ဆုချမယ်။ သတင်းအချက်အလက် ပေးနိုင်ရင် ငွေတစ်တေလ်း။ ဖမ်းဝရမ်း ထုတ်ထားတဲ့သူကို မြင်လို့ လာသတင်းပို့ရင် ငွေဆယ်တေလ်း ဆုချမယ်။”
ဖန်ကျန်းရီ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်ကို ကြားသောအခါ သူတောင်းစားများ၏ သံသယများ အတော်လေး လျော့ကျသွား၏။
ဒီလို လုပ်တယ်ဆိုတာ ဆုငွေ အများကြီး ရမှာ သေချာတယ်၊ ဒါဆိုရင် ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပေါ့။
ထိုသို့ တွေးမိပြီးနောက် ရဲတင်းပြီး အစားမက်သော သူတောင်းစား တစ်ယောက်က ရှေ့ထွက်လာကာ ကြက်ကင် တစ်ထုပ်နှင့် အကြီးဆုံးဟု ထင်ရသော ငွေတုံး တစ်တုံးကို ကောက်ယူပြီး ဖန်ကျန်းရီ အရှေ့သို့ သွားကာ သတိထားပြီး ပြောလိုက်သည်။ “ဂိုဏ်းချုပ် မင်္ဂလာပါ။”
ဖန်ကျန်းရီက တောက်ပစွာ ပြုံးပြလိုက်၏။ “ကောင်းတယ်၊ အရမ်းကောင်းတယ်။ နောင်ဆိုရင် ကျုပ်တို့က ညီအစ်ကိုတွေ ဖြစ်သွားပြီ။ ကြက်ကင်ကို စားလိုက်၊ အခု ချက်ချင်း စား။”
ထိုသူတောင်းစားမှာ အလွန် ဝမ်းသာသွားပြီး စက္ကူထုပ်ကို ဖြဲကာ အားရပါးရ ကိုက်စားလိုက်သည်၊ အရိုးများကိုပါ ဝါးစားရင်း ကျေနပ်စွာ ညည်းတွားလိုက်သည်။ “ကောင်းလိုက်တာ။”
ဤသို့ စားပြလိုက်သည်နှင့် ချက်ချင်းပင် လူအများစုက မနေနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြတော့သည်။
“ဂိုဏ်းချုပ် မင်္ဂလာပါ။”
“ဂိုဏ်းချုပ် မင်္ဂလာပါ။”
“ဂိုဏ်းချုပ် မင်္ဂလာပါ။”
“ဟားဟားဟားဟားဟား၊ ကောင်းပြီ၊ ညီအစ်ကိုတို့ အားမနာကြနဲ့။”
ဂိုဏ်းချုပ် မင်္ဂလာပါ ဆိုသည့် အသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ဖန်ကျန်းရီ၏ ရူးသွပ်သော ရယ်မောသံနှင့် ရောနှောနေသည်။
ရှဲ့ရှန်းတို့က ပါးစပ်ကို အုပ်ကာ တိတ်တဆိတ် ရယ်မောနေကြပြီး လိုင်ကော်အာ တစ်ယောက်သာ လူအုပ်ထဲတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေ၏။
ဒါက ကျုပ်သိတဲ့ အစ်ကိုကြီး ဟုတ်သေးရဲ့လား။
နာရီဝက်ခန့် အကြာတွင် သူတောင်းစား အားလုံး ငွေယူပြီးသွားကြပြီး ကြက်ကင်များကို အားရပါးရ စားသောက်နေကြသည်။
ရှဲ့ရှန်းက ဖန်ကျန်းရီ အနားသို့ ကပ်ကာ ပြောလိုက်၏။ “သခင်လေး... ဒီလို ပိုက်ဆံတွေ အများကြီး သုံးနေရင် ကျုပ်တို့ရဲ့ ငွေတွေ လောက်တော့မှာ မဟုတ်ဘူး။”
“ဟွန့် … မလောက်လည်း သုံးရမှာပဲ။ မနက်ဖြန် ကျုပ် ငွေသွားရှာအုံးမယ်၊ အစိုးရထက် အရင် အဲဒီ လေးယောက်ကို အရင် ရှာတွေ့အောင် လုပ်ရမယ်။ မဟုတ်ရင် အဲဒီ လေးယောက်လုံး သေသွားရင် ကျုပ်တို့ အလကား ဖြစ်သွားလိမ့်မယ်။
ပြီးတော့ ခင်ဗျားတို့တွေ … နောက်ဆိုရင် ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို ကျုပ်ကို လာမခေါ်နဲ့တော့။ ကြည့်စမ်း … ခင်ဗျားတို့ အားလုံး ဝဝဖြိုးဖြိုးတွေ ဖြစ်နေပြီး ရိုက်နှက်တတ်တာကလွဲရင် တခြား ဘာမှ မလုပ်တတ်တော့ဘူးလား။”
ဖန်ကျန်းရီက လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
“ကျောက်လျဲ့၊ ခင်ဗျား မရှောင်နဲ့။ ကျုပ် ခင်ဗျားကို ပြောနေတာ။ အစောဆုံး လိုက်လာခဲ့ပြီးတော့ ဘာမှ မသင်ယူထားဘူးလား။”
ကျောက်လျဲ့က အရှက်ပြေ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “သခင်လေး... သခင်လေးရဲ့ လုပ်ရပ်တွေက လိုက်လုပ်ဖို့ အရမ်း ခက်လွန်းလို့ပါ၊ မတတ်မြောက်ပါဘူး။”
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့၊ ရှဲ့ရှန်းကိုပဲ တာဝန်ပေးလိုက်တော့မယ်။ ငွေသုံးရမှာကို မကြောက်နဲ့၊ မလောက်ရင် ကျုပ်ဆီ လာတောင်း။ အမြန်လုပ်... ကျုပ်လည်း အနားယူတာ လုံလောက်ပြီ၊ ကျုပ်တို့ မြို့တော်ကို ပြန်ရတော့မယ်။”