အခန်း ၅၃၂
Vol. 29 Ch. 532
အခန်း (၅၃၂) ဖန်ကျန်းရီအား ရှာဖွေခြင်း
ယူတိန့်မြို့ အစိုးရရုံး အတွင်း။
ဖုန်းဟန်က သူ့ရှေ့ရှိ လူကို ကြည့်ကာ စိုးရိမ်တကြီး ဖြစ်နေပြီး အစေခံ လက်ဖက်ရည် လာချပေးမှသာ သတိထားပြီး ပြောလိုက်၏။ “မိန်းမစိုးဝေ့ .. လက်ဖက်ရည် သုံးဆောင်ပါအုံး။”
မိန်းမစိုးဝေ့က လက်ဖက်ရည်ခွက်ကို ယူကာ လက်သန်းလေးကို ထောင်ပြီး ချွဲနွဲ့စွာ ရယ်မော ပြောလိုက်သည်။
“အမတ်မင်းဖုန်း … အားနာနေစရာ မလိုပါဘူး။”
“မိန်းမစိုးကြီးက နယ်စပ်မြို့မှာ ရှိနေရမှာ မဟုတ်ဘူးလား။ ယူတိန့်မြို့ကို ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ။ ကြီးမားတဲ့ ပြဿနာ တစ်ခုခုများ ဖြစ်နေလို့လား။” ဖုန်းဟန်က သတိထားပြီး မေးလိုက်၏။
သူ့ရှေ့ရှိ မိန်းမစိုးဝေ့မှာ ရာထူး သိပ်မကြီးသော်လည်း အဆင့်အတန်းကတော့ အလွန် ထူးခြားသည်။
နယ်စပ်မြို့တွင် တာဝန်ကျနေသော မိန်းမစိုးကြီး တစ်ယောက်က ယူတိန့်မြို့အထိ အဝေးကြီး လာရသည့် အကြောင်းရင်းမှာ ဝူမင်းသား ပုန်ကန်မှု အမှုကို စစ်ဆေးရန်လား။
မိန်းမစိုးဝေ့၏ လက်ဖက်ရည်ခွက်က ပါးစပ်နား ရောက်ခါနီးတွင် ရုတ်တရက် ပြန်ချလိုက်၏။
ပြီးနောက် ဖုန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကိစ္စက ကြီးတယ်လို့လည်း မဆိုနိုင်ဘူး၊ သေးတယ်လို့လည်း မဆိုနိုင်ဘူး၊ အမတ်မင်းဖုန်း... အမတ်မင်း ဖန်ကျန်းရီ ပျောက်သွားတဲ့ ကိစ္စကို ခင်ဗျား မသိတာတော့ မဟုတ်ပါဘူးနော်။
ကျန်းမြစ် တောင်ဘက် တစ်ခွင်လုံးမှာ အရေးပေါ် သတင်းတွေ ပို့ပြီး ဒေသခံတပ်ဖွဲ့တွေကို ရှာဖွေခိုင်းထားတယ်လို့ ကျုပ် ကြားတယ်။ တချို့နေရာတွေမှာ စစ်တပ်တွေပါ ဆင်းပြီး ရှာနေကြပြီ။ ခင်ဗျားဆီမှာ ဘာလို့ ဘာသံမှ မကြားရတာလဲ။”
ဖုန်းဟန်က အရှက်ပြေ ရယ်မောလိုက်ပြီး စိတ်ထဲတွင် ကြိတ်၍ အဆက်မပြတ် ဆဲဆိုနေမိ၏။
ခွေးကျိုးမိသားစု၊ ဝူမင်းသား က သူတို့ကို သတ်ဖြတ်သွားပြီး သိပ်မကြာခင်မှာပဲ ဝူမင်းသား ပုန်ကန်တဲ့ သတင်း ရောက်လာတယ်။ သေချာ စုံစမ်းကြည့်တော့ ကျိုးမိသားစုက ဝူမင်းသားနဲ့ အဆက်အသွယ် ရှိနေတာပဲ။
ဒီခွေးကောင်တွေက နှစ်တိုင်း ငါ့ကို လက်ဆောင်တွေ ပေးနေပြီး အခုတော့ အကြောင်းမဲ့ သူပုန်နဲ့ အပေါင်းအပါတွေ ဖြစ်သွားပြီ။
ဝူမင်းသားက မျိုးပြုတ်အောင် သတ်သွားတယ်။ ဒါပေမဲ့ အကုန်လုံးတော့ မသေဘူး။ ကျုပ်က သူ့ကို နောက်ကနေ လိုက်ရှင်းပေးရအုံးမယ်။
သန်းခေါင်စာရင်း အရ ရှာကြည့်တော့ ကျိုးမိသားစုဝင် လေးယောက်နဲ့ သခင်လေး တစ်ယောက် လွတ်သွားတယ်၊ အဲဒီ လေးယောက်က အဲဒီအချိန် မြို့ထဲမှာ ရှိနေတာ၊ အခု အချိန်မှာ ဖန်ကျန်းရီကို ရှာဖို့ ဘယ်မှာ စိတ်ကူး ရှိတော့မှာလဲ။
အဲဒီ လေးယောက်ဆီပ လျှို့ဝှက်ချက် တစ်ခုခုကို သိသွားရင် ကျုပ် အရင် သေရလိမ့်မယ်။
“ဒီကိစ္စကို ကျုပ် သိတာပေါ့။ မိန်းမစိုးကြီး စိတ်ချပါ၊ ကျုပ် လျှို့ဝှက် လူလွှတ်ပြီး ရှာခိုင်းထားပါတယ်။ ဒါပေမဲ့... မိန်းမစိုးဝေ့က ဘာလို့ ကိုယ်တိုင် ရောက်လာတာလဲ။”
မိန်းမစိုးဝေ့က သက်ပြင်းချလိုက်သည်။
“ဟူး... ကျုပ်ရဲ့ ခေါင်းကိုင်အဖေက စိတ်မချလို့ အရေးပေါ် စာလွှာပို့ပြီး ကျုပ်ကို ကိုယ်တိုင် လူခေါ်ပြီး လာရှာခိုင်းတာပါ။ အခု ကျင်းယီဝေ တပ်ဖွဲ့တွေက တောင်ဘယ်နှစ်လုံးကို ကျော်ပြီး ရွာဘယ်နှစ်ရွာကို ရှာပြီးပြီလဲတောင် မသိတော့ဘူး။
ဒါပေမဲ့ မကြာသေးခင်က သတင်းရတာက ယူတိန့်မြို့အနီးက တောင်ပေါ်မှာ လူတွေ အမှတ်အသား ချန်ထားခဲ့တာနဲ့ လူအများကြီး လှုပ်ရှားခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်တဲ့၊ ဒါကြောင့် ကျုပ် ထင်တာက ဦးလေးဖန် က ယူတိန့်မြို့မှာ ရှိနေဖို့ အခွင့်အရေး အရမ်း များတယ်လို့ ထင်တယ်။
အထက်ကနေ အရမ်း ဖိအားပေးနေတယ်။ အရှင်မင်းမြတ် က စစ်တပ်ကို သေချာ ရှာခိုင်းထားတယ်၊ အိမ်ရှေ့စံခင်ဗျားသားကလည်း လျှို့ဝှက် လူလွှတ်ပြီး ရှာနေတယ်၊ ကျွန်တော့်ရဲ့ ခေါင်းကိုင်အဖေက ပိုပြီးတောင် စိုးရိမ်နေသေးတယ်။
အမတ်မင်းဖန် က ဘယ်သူလဲ။ သူက အခု အရှင်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကျင်းယီဝေတပ်ဖွဲ့ တပ်မှူး၊ အဆင့်သုံး အမတ်လေ။ ကျုပ်ရဲ့ ခေါင်းကိုင်အဖေက သူ့ကို ညီအစ်ကိုလို သဘောထားတာ ဆိုတော့ သူက ကျုပ်ရဲ့ ဦးလေးပေါ့။
သူက အစိုးရရုံးကို ကိုယ်တိုင် လာရှာသင့်တာ ဒီလောက် ကြာတာတောင် သတင်းမရဘူးဆိုတော့ ဒုက္ခသည် ဒါမှမဟုတ် ကျွန်တွေလိုများ အဖမ်းခံထားရပြီလား မသိဘူး။ အို .. သနားစရာကောင်းတဲ့ ကျုပ်ရဲ့ ဦးလေးဖန် .. ဘယ်လောက်တောင် ဒုက္ခရောက်နေပြီလဲ မသိဘူး။”
ဤသို့ ပြောရင်း မိန်းမစိုးဝေ့က မျက်ရည်များကို ဟန်ဆောင်ကာ သုတ်လိုက်၏။
“ကျင်း... ကျင်းယီဝေ ဆိုတာ ဘာလဲ။” ဖုန်းဟန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ကျင်းယီဝေ ဆိုသည်ကို တစ်ခါမှ မကြားဖူးသေးချေ။
မိန်းမစိုးဝေ့က ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။
“ခင်ဗျား မသိတာလည်း မဆန်းပါဘူး၊ ကျုပ်လည်း သိတာ သိပ်မကြာသေးဘူးလေ။ အရှေ့နန်းတော်ရဲ့ သတင်းတွေက အရမ်း မြန်တယ်၊ နေ့ရောညပါ ခရီးဆက်လာတာ လမ်းမှာ မြင်းဘယ်နှစ်ကောင် သေသွားပြီလဲတောင် မသိဘူး။
ဒီ ကျင်းယီဝေ ဆိုတာက အရှင်မင်းမြတ် အသစ် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပဲ၊ ရှင်းရှင်းပြောရရင် တစ်နိုင်ငံလုံးက အမှုအခင်းတွေကို စုံစမ်းဖို့၊ အရှင်မင်းမြတ် တစ်ပါးတည်း အတွက်ပဲ တာဝန်ယူရတာ။”
ဖုန်းဟန်၏ မျက်လုံးများ ပြူးကျယ်သွား၏။
တစ်နိုင်ငံလုံးက အမှုအခင်းတွေကို စုံစမ်းဖို့၊ အရှင်မင်းမြတ် တစ်ပါးတည်း အတွက်ပဲ တာဝန်ယူရတယ်... ဒီလို အာဏာမျိုး အပ်နှင်းလိုက်တာကို နန်းတွင်းက အမတ်တွေက သဘောတူပါ့မလား။
အစိုးရအဖွဲ့ကြီးတော့ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မယ်။
“အမတ်မင်းဖုန်း၊ ကျုပ် မြို့ထဲ ဝင်လာတည်းက ခင်ဗျားတို့က မိသားစုတစ်ခုလုံး အသတ်ခံရတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဖို့ လူတွေ အများကြီး သုံးနေတာ တွေ့တယ်။ အဲဒီလို အသေးအဖွဲ ကိစ္စတွေကို ခဏ ထားလိုက်ပါအုံး … ကျုပ်ဦးလေးဖန် ကို ရှာဖို့က အရေးကြီးဆုံးပဲ။”
“ဟုတ်... ဟုတ်ကဲ့။ မိန်းမစိုးကြီး ပြောတာ မှန်ပါတယ်၊ ကျုပ် မြို့ထဲမှာ အမတ်မင်းဖန်ကို ရှာဖို့ လူတွေ ချက်ချင်း ထပ်လွှတ်လိုက်ပါ့မယ်။” ဖုန်းဟန်၏ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားသည်။
“အင်း … တိတ်တိတ်ဆိတ်ဆိတ်ပဲ လုပ်နော်။ ကျုပ်ဦးလေးဖန် လို အရေးကြီးတဲ့သူ အရပ်သားတွေ ကြားမှာ ပျောက်နေတယ် ဆိုတာ သတင်းထွက်သွားရင် အစိုးရအတွက် မျက်နှာပျက်စရာပဲ။”
မိန်းမစိုးဝေ့က နေရာတွင် ပြန်ထိုင်လိုက်ပြီး စကားလွှဲကာ ပြောလိုက်၏။ “အမတ်မင်း ဖုန်း … ဒီတစ်ခေါက် ကျုပ် ရောက်လာတာ အစောဆုံးပဲ။ ထူးခြားတာ မရှိရင် နောက်ထပ် လူတွေလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားဆီ ရောက်လာလိမ့်အုံးမယ်။
ကျုပ်က ခင်ဗျားဆီကို အရင်ဆုံး ရောက်လာတာ။ ပြီးတော့ ကျုပ်ဦးလေးက ယူတိန့်မြို့ကို ရောက်ခါစဆိုရင် အနားယူပြီးတာနဲ့ ခင်ဗျားဆီ ကိုယ်တိုင် လာကောင်း လာနိုင်တယ်။ သတင်းရရင် ကျုပ်ကို အရင်ဆုံး အကြောင်းကြားရမယ်နော်။
ခင်ဗျား စဉ်းစားကြည့်၊ ကျုပ်ခေါင်းကိုင်အဖေက အရှေ့နန်းတော်ကို အုပ်ချုပ်တယ်၊ ကျုပ်ဦးလေးဖန် က ကျင်းယီဝေကို တာဝန်ယူတယ်၊ ဒါတွေက တကယ့် ဆွေမျိုးရင်းချာတွေပဲ။ ဦးလေးကို ရှာတွေ့ရင် ခင်ဗျားက ကျေးဇူး နှစ်ခု ရမှာပဲ။ အဲဒီအကြောင်း ကျုပ်ခေါင်းကိုင်အဖေကို သတင်းပို့လိုက်ရင် သူက အရှင်မင်းမြတ် ရှေ့မှာ ခင်ဗျားအတွက် စကားကောင်းတွေ ပြောပေးမှာပေါ့၊ အဲဒီအခါကျရင် ခင်ဗျားရဲ့ ရာထူးတက်လမ်းက ဖြောင့်ဖြူးသွားမှာ မဟုတ်ဘူးလား။”
ဖုန်းဟန်က အဆက်မပြတ် သဘောတူလိုက်၏။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဒီလို အရေးကြီးတဲ့ ကိစ္စကို ကျုပ် ဦးလေးဖန် ကို မဖြစ်မနေ... ဟင် … အာ မဟုတ်ဘူး။ အမတ်မင်းဖန် ကို မဖြစ်မနေ ရှာတွေ့အောင် လုပ်ပါ့မယ်။”
ဟွန့်။
မိန်းမစိုးဝေ့က သူ့ကို ချွဲနွဲ့စွာ မျက်စောင်းထိုးလိုက်သည်။ အဲဒါ ကျုပ်ဦးလေးလေ၊ ခင်ဗျားက လျှောက်ခေါ်ရဲသေးတာလား။
“ကောင်းပြီ အမတ်မင်းဖုန်း၊ ကျုပ်လည်း အများကြီး အနှောင့်အယှက် မပေးတော့ပါဘူး၊ သတင်းရရင် ကျုပ်ကို အကြောင်းကြားဖို့ မမေ့နဲ့နော်၊ သွားတော့မယ်။”
“မိန်းမစိုးဝေ့ ဖြည်းဖြည်းသွားပါ။”
မိန်းမစိုးဝေ့ကို ပို့ဆောင်ပြီးနောက် ဖုန်းဟန်က ရုံးခန်းထဲတွင် စိတ်ပျက်လက်ပျက် ထိုင်နေခဲ့၏။
သွားပြီ။ အခုထိ ဟိုခွေးကောင် လေးကောင်ကို ရှာမတွေ့သေးဘူး။ မြို့တော်က ကိစ္စတွေကို ငါ မတတ်နိုင်ပေမဲ့ ယူတိန့်မြို့က ကိစ္စတွေကိုတော့ သန့်ရှင်းအောင် ရှင်းလင်းထားမှ ဖြစ်မယ်။
အခု အနှောင့်အယှက်တွေ ထပ်ဝင်လာပြန်ပြီ။ မြို့ထဲမှာလည်း အင်အားစုတွေ ရှုပ်ထွေးနေတယ်... ဒါကို ဘယ်လို လုပ်ရမလဲ။
ခဏမျှ စဉ်းစားပြီးနောက် ဖုန်းဟန်က မလှမ်းမကမ်းတွင် ရှိနေသော ဒုမြို့ဝန်စွန်းကို လက်ယပ်ခေါ်ကာ မေးလိုက်သည်။
“ကျိုးမိသားစုက ရာဇဝတ်ကောင် လေးယောက်ကို ရှာတာ ဘယ်လိုနေပြီလဲ။ ဘာသတင်းမှ မရသေးဘူးလား။”
“အမတ်မင်း … သတင်း အစအနလေးတောင် မရသေးဘူး။ ဒါပေမဲ့ စိတ်ချပါ .. ကျုပ်တို့ ချက်ချင်းပဲ မြို့တံခါးတွေကို ပိတ်ပြီး အဝင်ပဲ လက်ခံပြီး အထွက်ကို ပိတ်ထားတာပဲ၊ သူတို့ မြို့ထဲမှာပဲ ရှိနေအုံးမှာပါ၊ ကျုပ်တို့ လက်ထဲကနေ လွတ်မသွားနိုင်ပါဘူး။” ဒုမြို့ဝန်စွန်းက ပြောလိုက်သည်။
“လျှောက်မပြောနဲ့။ အခု မြို့တော်က လူတွေ ရောက်နေပြီ။ အရှေ့နန်းတော်က လူတွေ မြို့ထဲမှာ လျှို့ဝှက် ရှာဖွေနေကြတယ်၊ သူတို့သာ တစ်ခုခု သိသွားရင် ကျုပ်တို့ ခေါင်းတွေ မြဲပါအုံးမလား။ ကျိုးမိသားစုရဲ့ ပိုက်ဆံတွေကို ခင်ဗျား မယူထားဘူးလား။”
ဖုန်းဟန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “အခု ချက်ချင်း …. ဒီရက်ပိုင်းအတွင်း အဲဒီ ရာဇဝတ်ကောင်တွေကို အပြင်းအထန် ရှာစမ်း။ သူတို့ကို ရှာတွေ့တာနဲ့ လူပုံအလယ်မှာ ခေါင်းဖြတ်သတ်ပစ်။”
ဒုမြို့ဝန်စွန်းက နောက်ကျမှ သတိဝင်လာပြီး ယခုမှ အခြေအနေ မကောင်းကြောင်း ခံစားလိုက်ရကာ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“ဒါဆို အမတ်မင်းဖန် ကိုကော ရှာရအုံးမလား။”
“ဟန်ပြ လုပ်ရုံလောက်ပဲ လုပ်လိုက်။ ဝူမင်းသား ပုန်ကန်မှုကို သူ ကိုယ်တိုင် စုံစမ်းနေတာ။ ကျိုးမိသားစုရဲ့ ကိစ္စတွေကို သူသာ သိသွားရင် ကျုပ်တို့ ကောင်းကောင်း နေရပါ့မလား။ အခု အကောင်းဆုံးက ကျိုးမိသားစုဝင် အကုန်လုံးကို သတ်ပစ်ဖို့ပဲ။ အဲဒီအခါကျရင် ကျိုးမိသားစုက ဝူမင်းသားနဲ့ ပူးပေါင်းတယ်လို့ တစ်ယောက်ယောက် က စုံစမ်းသိရှိသွားရင်တောင် အနည်းဆုံးတော့ ကျုပ်တို့ အသက်ကို ကယ်နိုင်သေးတယ်။
သောက်ကျိုးနည်း၊ ဒီလူတွေ ဘယ်မှာ ပုန်းနေကြတာလဲ။ လမ်းမတွေ အကုန် ရှာပြီးပြီလေ၊ လေထဲ ပျောက်သွားတာများလား။”
ဒုမြို့ဝန်စွန်းက စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အမတ်မင်း …. ကျုပ်တို့က လမ်းမတွေပေါ်မှာပဲ ရှာရသေးတာ၊ ပြီးတော့ ကျိုးမိသားစုနဲ့ ရင်းနှီးတဲ့ မိသားစုတွေကိုလည်း ရှာပြီးပြီ။ တကယ်လို့ သူတို့က တခြား လူတစ်ယောက်ယောက်ရဲ့ အိမ်မှာ ပုန်းနေရင်ကော။”
ဖုန်းဟန်က မျက်မှောင်ကုတ်သွား၏။
“သူများအိမ်မှာ၏ … တစ်မြို့လုံး ဖမ်းဝရမ်း ထုတ်ထားတာကို၊ ဘာပတ်သက်မှုမှ မရှိဘဲ ဘယ်သူက သူတို့ကို လက်ခံရဲမှာလဲ။”
“တကယ်လို့... ကျိုးမိသားစုမှာ လျှို့ဝှက် ငွေတိုက် တစ်ခုခု ရှိနေပြီး ငွေနဲ့ ပေါင်နှံထားရင်ကော။ အဲဒီ ကုန်သည်တွေက အကျိုးအမြတ် မရှိဘဲ ဘာမှ မလုပ်ကြဘူးလေ၊ ငွေအတွက်ဆိုရင် ခေါင်းဖြတ်ခံရမယ့် အလုပ်ကိုတောင် လုပ်ရဲကြတာပဲ။”
“ဟိုက်။”
ဖုန်းဟန်က ချက်ချင်း တက်ကြွသွားသည်။ “ခင်ဗျား ပြောတာ မှန်တယ်။ အဲဒါကို သတိမထားမိလိုက်ဘူး၊ ဘာလို့ ဒါကို မေ့နေရတာလဲ။”
“အခု ချက်ချင်း။ မြို့ထဲက ချမ်းသာတဲ့ အိမ်တွေကို တစ်အိမ်ချင်းစီ လိုက်ရှာစမ်း။ တခြားသူတွေ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ် လုပ်နော်။”
...
အစိုးရရုံး အပြင်ဘက်တွင် ….
မိန်းမစိုးဝေ့က နောက်လှည့်ကာ အတွင်းဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် အစောင့်များကို လှည့်ပြောလိုက်သည်။
“ခင်ဗျားတို့ လူနည်းနည်း လွှတ်ပြီး သူတို့ လူတွေနဲ့ အတူတူ လိုက်သွား၊ သတင်းရတာနဲ့ ကျုပ်ဆီ ချက်ချင်း ပြန်လာ သတင်းပို့။”
“မိန်းမစိုးကြီး .. သူတို့က သွားရှာနေပြီ မဟုတ်ဘူးလား။”
“ဟွန့် … ကျုပ်ဦးလေးဖန် ကို ရှာတဲ့သူတွေ အများကြီးပဲ။ တကယ်လို့ သူက တခြားသူကို သွားပြောပြရင်ကော။ အခု ကျုပ်တို့ အရှေ့နန်းတော်ရဲ့ မျက်နှာက ပျက်သလောက် ဖြစ်နေပြီ။ ခေါင်းကိုင်အဖေက အရမ်း စိုးရိမ်နေလို့သာ ခွင့်ပြုချက် မရှိဘဲ နယ်စပ်မြို့ကနေ ကျုပ်ကို အလောတကြီး သွားခိုင်းတာပေါ့။ ဒီတစ်ခါ ကျုပ်တို့က အရင်ဆုံး ဦးလေးဖန် ကို ပြန်ခေါ်လာနိုင်ရမယ်။”
ပြောရင်းဆိုရင်း ရင်ဘတ်ထဲမှ ပုံတူပန်းချီကား တစ်ချပ်ကို သတိထား၍ ထုတ်ကာ ဖြန့်ပြလိုက်ရာ၊ ထိုပန်းချီကားပေါ်တွင် ဖန်ကျန်းရီ၏ ပုံတူကို ရေးဆွဲထားပြီး အရောင်များပင် ခြယ်သထားသည်။
ပန်းချီကားထဲတွင် ဖန်ကျန်းရီက နှင်းဖုံးနေသော တောင်ခါးပန်းတွင်၊ ဆောင်းရာသီ ဝတ်စုံကို ဝတ်ဆင်ကာ မြင်းစီးပြီး လက်တစ်ဖက်ဖြင့် ကောင်းကင်သို့ ညွှန်ပြနေသည်။
အယ်လ်ပ်တောင်တန်းကို ဖြတ်ကျော်နေသော ဖန်ကျန်းရီ၏ ပုံစံပင် ဖြစ်၏။
မိန်းမစိုးဝေ့က လက်လှမ်းကာ အလွန် သဘောကျသော မျက်နှာထားဖြင့် နှစ်ချက်ခန့် ပွတ်သပ်လိုက်ပြီး ချီးကျူးလိုက်သည်။
“ကျွတ် ကျွတ် ကျွတ် … ဒီပန်းချီကားက တကယ် ထူးခြားတာပဲ။ ကြည့်ရတာ အမြဲတမ်း ခံစားချက် အသစ်တွေ ရနေသလိုပဲ။ ကျုပ်ဦးလေးဖန် က တကယ်ကို ချောတာပဲ။ နန်းတွင်းက ပန်းချီဆရာတွေ ဆွဲတာတွေက ဘာတွေလဲ မသိဘူး၊ နည်းနည်းလေးတောင် မတူဘူး။ ဒါက ခေါင်းကိုင်အဖေက တောက်ယွမ်ခရိုင်ကနေ အထူးတောင်းလာတာ၊ နည်းနည်းလေး ပျက်စီးသွားရင် ခင်ဗျားတို့ အသက်ရှင်ခွင့် မရဘူးလို့သာ မှတ်။ ကျုပ် ဒါကို အမှတ်တရ သိမ်းထားအုံးမှာ။”
“ကောင်းပါပြီ။”