အခန်း ၅၃၃
Vol. 29 Ch. 533
အပိုင်း (၅၃၃) ကြိုးစားပမ်းစားရှိလှသော မင်းသမီး။
ပြဿနာ အနည်းငယ် ပြီးဆုံးသွားပြီးနောက် မြို့တော်သည် ယခင်ကဲ့သို့ အေးချမ်းသွားခဲ့ပြီ ဖြစ်၏။
လီယွမ်ကျောက်လည်း ယခင်ကဲ့သို့ပင် တဖြည်းဖြည်း အလုပ်များလာခဲ့သည်။
အရှေ့ဘက် ဆင်ခြေဖုံးရှိ ပထမအဆင့် မှန်လုံအိမ် စိုက်ခင်းများကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကာ ရာသီပေါ် မဟုတ်သော ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်၏။
ဈေးကွက်ထဲသို့ ရောက်ရှိသွားသောအခါ လီယွမ်ကျောက်၏ ကြိုးစားအားထုတ်မှုများလည်း အများကြီး ပါဝင်နေမည်မှာ သေချာသည်။
ဖန်ကျန်းရီ၏ နည်းလမ်းများအတိုင်း အတိအကျ လိုက်လံတုပကာ လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်၏။
နွေဦးပြန် ဟင်းသီးဟင်းရွက်များ ဟု အမည်တပ်ကာ သတင်းစာတိုက်များမှတစ်ဆင့် အရှိန်အဟုန် ကောင်းကောင်းဖြင့် ကြော်ငြာစေခဲ့သည်။
ဤကဲ့သို့သော ရှားပါးလှသည့် အရာများကို မြို့တော်ရှိ အထက်တန်းလွှာများက အလွန် မျက်စိကျနေကြပြီး သာမန် ဟင်းသီးဟင်းရွက်များထက် အဆများစွာ ပိုမို ဈေးကြီးသော်လည်း အလုအယက် ဝယ်ယူသွားကြသည်။
သို့ပေမည့် အရေအတွက် ကန့်သတ်ချက် ရှိသဖြင့် ငွေအမြောက်အမြား မြတ်သည်ဟုတော့ မဆိုနိုင်ဘဲ အစမ်း သဘော လုပ်ဆောင်ကြည့်ခြင်းသာ ဖြစ်၏။
အရှေ့ဘက် ဆင်ခြေဖုံး အပြင် လီယွမ်ကျောက် အသွားအများဆုံး နေရာမှာ ပန်းရှန်း အထည်စက်ရုံပင် ဖြစ်သည်။
အခြား အထည်ကုန်သည်များကလည်း ကိုယ်ပိုင် ရက်ကန်းစင်များ စတင် တပ်ဆင်လာကြသဖြင့် ပန်းရှန်း အထည်စက်ရုံမှာ ဆောင်းရာသီ အဝတ်အထည်များ အလောတကြီး လိုအပ်နေချိန်ကလောက် အလုပ် မများတော့ချေ။
သို့သော်ငြား မင်းသမီးမြောင်ဟန် ကိုယ်တိုင် ကြီးကြပ်နေသဖြင့် လီယွမ်ကျောက်ကလည်း အနည်းငယ် ပို၍ ဂရုစိုက်ပေးနေခဲ့၏။
ရက်အနည်းငယ်ခြားတစ်ခါ ထုတ်လုပ်မှု မှတ်တမ်းများနှင့် စာရင်းစာအုပ်များကို မင်လွမ်နန်းဆောင်သို့ ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးလေ့ ရှိသည်။
လူငယ်ဆိုသည်မှာ အမြဲတမ်း ခွန်အားများ ပြည့်ဝနေတတ်ရာ သူကလည်း အလုပ်ရှုပ်သည်ဟု မခံစားရဘဲ အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေခဲ့၏။
အချိန်ကြာလာသောအခါ အလုပ်လုပ်ရာတွင်လည်း ပို၍ ရင့်ကျက် တည်ငြိမ်လာခဲ့သည်။
ယနေ့လည်း ထိုနည်းတူပင် ဖြစ်ကာ လီယွမ်ကျောက်က အထည်စက်ရုံမှ ထုတ်လုပ်မှု မှတ်တမ်းများနှင့် စာရင်းများကို ယူပြီးနောက် မင်လွမ်နန်းဆောင်သို့ အလျင်စလို ထွက်ခွာလာခဲ့၏။
နန်းဆောင် အတွင်းသို့ ခြေလှမ်းချလိုက်သည်နှင့် ရင်းနှီးပြီးသားဖြစ်သလို စိမ်းသက်နေသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ထို့နောက် အတွင်းဘက်သို့ သတိထားကာ လျှောက်သွားလိုက်၏။
ခြေလှမ်း အနည်းငယ်မျှ လျှောက်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ အရှေ့ဘက်သို့ ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
မင်းသမီးမြောင်ဟန်က ရက်ကန်းစင် တစ်ခုကို မကျွမ်းမကျင် လည်ပတ်နေပြီး ဘေးနားတွင် အစေခံမလေး နှစ်ယောက် သုံးယောက်ခန့်က ကူညီပေးနေသည်ကို မြင်လိုက်ရ၏။
မင်းသမီးမြောင်ဟန်၏ လှုပ်ရှားမှုများက မသပ်ရပ်သော်လည်း အမူအရာကတော့ အလွန် လေးနက်နေပြီး လီယွမ်ကျောက် အနားသို့ ရောက်လာသည်ကိုပင် သတိမထားမိချေ။
ခဏမျှ လုပ်ဆောင်ကြည့်ပြီးနောက် နည်းလမ်းကို ရှာတွေ့သွားပုံရကာ ကုလားထိုင်ပေါ်တွင် ထိုင်၍ စည်းချက်ကျကျ စတင် လည်ပတ်နေတော့၏။
လီယွမ်ကျောက်လည်း စကားမပြောဘဲ သူမ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေလိုက်ပြီး မင်းသမီးမြောင်ဟန်က အဝတ်စတိုတိုလေး တစ်စကို ရက်လုပ်ပြီးသွားကာ နဖူးတွင် ချွေးစေးလေးများ သန်းလာပြီး အပြုံးလေး ပေါ်လာချိန်မှသာ စကားစလိုက်သည်။
“မြောင်ဟန် … နင် ရက်ကန်းစင်ကို ဘယ်လိုလုပ် နန်းတော်ထဲ သယ်လာတာလဲ။”
မင်းသမီးမြောင်ဟန်မှာ ပထမဆုံးအကြိမ် အောင်မြင်မှု၏ ဝမ်းသာပီတိများထဲတွင် နစ်မြောနေဆဲ ဖြစ်ပြီး အသံကြားမှသာ အလန့်တကြား နောက်လှည့်ကြည့်လိုက်၏။
လီယွမ်ကျောက် ဖြစ်နေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အစ်ကိုတော် .. လမ်းလျှောက်တာ ဘာလို့ အသံမကြားရတာလဲ။ ဒီရက်ကန်းစင်ကို မနေ့က မိန်းမစိုးကော်ကို အကူအညီတောင်းပြီး ယူလာခိုင်းတာ၊ အထည်စက်ရုံကို စီမံခန့်ခွဲနေပေမဲ့ ကိုယ်တိုင် မစမ်းကြည့်ဖူးတော့ စမ်းကြည့်ချင်လို့ ယူလာတာ၊ ဒါမှလည်း အလုပ်သမား အမျိုးသမီးတွေ နေ့စဉ် ဘယ်လို အလုပ်လုပ်နေရလဲ ဆိုတာကို အတိအကျ သိနိုင်မှာလေ။ ဒါပေမဲ့ အခု ကြည့်ရတာ သိပ်ခက်ခဲတဲ့ပုံ မပေါ်ပါဘူး။”
မင်းသမီးမြောင်ဟန်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးလေး တစ်ခု ဖြတ်ပြေးသွားခဲ့၏။
လီယွမ်ကျောက်က ရယ်မောလိုက်ပြီး ထုတ်လုပ်မှု မှတ်တမ်းများနှင့် စာရင်းစာအုပ်များကို ရက်ကန်းစင်ပေါ်သို့ တင်လိုက်ကာ ဆက်ပြောလိုက်သည်။
“ဟားဟား၊ ဟုတ်တာပေါ့။ အရမ်း လွယ်ပါတယ်၊ ဝက်တစ်ကောင် လက်ပါလာရင်တောင် အထည် ရက်နိုင်သေးတယ်။ ဒီပစ္စည်းကို ငါတစ်ချက်ကြည့်ရုံနဲ့ နားလည်တယ်။ နန်းတော်ထဲအထိ သယ်လာဖို့တောင် လိုလို့လား။”
မင်းသမီးမြောင်ဟန်၏ မျက်နှာအမူအရာမှာ ချက်ချင်း တောင့်တင်းသွားပြီးနောက် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။ “အစ်ကိုတော် ဘာလာလုပ်တာလဲ။ မြန်မြန် ပြန်တော့။”
လီယွမ်ကျောက်က နှုတ်ခမ်းဆူကာ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ဟေ့.. ငါ ဖန်ကြီး သတင်း ရလာလို့ လာပြောပြတာ၊ နင်က ငါ့ကို ပေးမနေဘူးဆိုတော့လည်း သွားတော့မယ်လေ။”
ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်၏။
“မသွားနဲ့။” မင်းသမီးမြောင်ဟန်က အင်္ကျီစကို ဆုပ်ကိုင်ကာ အလန့်တကြား အော်ဟစ်လိုက်ပြီး လီယွမ်ကျောက် ကို ကြည့်သည့် မျက်လုံးများတွင် စိုးရိမ်မှုများ ပိုမို ပါဝင်လာခဲ့သည်။ “ဘာသတင်း ရလာတာလဲ၊ မြန်မြန်ပြော။”
ငါထင်တဲ့အတိုင်းပဲ၊ ဖန်ကြီးဆိုတဲ့ ခွေးကောင်က ငါ့ညီမလေးကို တကယ်ပဲ လှည့်စားထားတာကိုး။ ဒီအရှက်မရှိတဲ့ ကောင်၊ သူ့လက်အောက်က အစေခံမလေးနဲ့တောင် ရှင်းရှင်းလင်းလင်း မရှိသေးဘဲ ငါ့ညီမလေးကို ပရောပရည် လုပ်ရဲသေးတယ်ပေါ့လေ။
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သူ သေသွားပြီ။”
သေသွားပြီ။
မင်းသမီးမြောင်ဟန်၏ နှလုံးသားပေါ်သို့ သံတူကြီး တစ်ချောင်းဖြင့် အားကုန် ထုချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာလေးမှာလည်း ချက်ချင်း ဖြူရော်သွားခဲ့သည်။
တစ်ခဏအတွင်း ကမ္ဘာကြီး လည်ထွက်သွားသလို ခံစားရပြီး ရင်ဘတ်ထဲတွင်လည်း အလွန် မွန်းကျပ်သွားခဲ့၏။
သို့ပေမည့် လီယွမ်ကျောက်၏ မျက်နှာအမူအရာကို ချက်ချင်း ပြန်လည် မြင်တွေ့လိုက်ရသောအခါမှ သဘောပေါက်သွားသည်။ စိတ်ထဲတွင် ဒေါသထွက်သွားကာ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ဆူပူလိုက်သည်။
“အစ်ကိုတော် … သူသေပါစေလို့ ဘာလို့ ကျိန်ဆဲနေရတာလဲ။ သူက အစ်ကိုတော့်ကို အရင်းနှီးဆုံး သူငယ်ချင်းလို သဘောထားတာ၊ အစ်ကိုတော် ဒီလိုစကားမျိုး ပြောထွက်ရက်တယ်ပေါ့လေ။ ထွက်သွား … အစ်ကိုတော့်ကို မမြင်ချင်ဘူး။”
ခေါင်းလှည့်ကာ နှုတ်ခမ်းလေးကို ဆူပြီး ရက်ကန်းစင်ပေါ်တွင် ပြန်လည် အလုပ်လုပ်နေလိုက်၏။
သူမ တကယ် ဒေါသထွက်သွားမှန်း သိသောအခါ လီယွမ်ကျောက်လည်း ထပ်မစရဲတော့ဘဲ အလျင်အမြန် ပြောလိုက်သည်။
“ညီမလေး ငါက နောက်နေတာပါ။ ငါတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာတာ၊ ဒီလောက် ကြာကြာ အတူနေလာတာတောင် ဖန်ကြီးလောက်တောင် မကောင်းဘူးလား။ နင် သူနဲ့ သိတာ ဘယ်လောက် ကြာသေးလို့လဲ။”
“အစ်ကိုတော်က သူနဲ့ ယှဉ်ရင် အများကြီး ကွာသေးတယ်။” မင်းသမီးမြောင်ဟန်က သက်ပြင်းချကာ ပြောလိုက်၏။
ဂျိန်း ….။
လီယွမ်ကျောက်၏ ခေါင်းပေါ်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတစ်ကိုယ်လုံး တိမ်မည်းများ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
လီယွမ်ကျောက်မှာ အကြီးအကျယ် စိတ်ထိခိုက်သွားသည့် ပုံစံဖြင့် အနောက်သို့ နှစ်လှမ်း ဆုတ်သွားကာ မင်းသမီးမြောင်ဟန် ကို လက်ညှိုးထိုးပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ “နင်... နင် နောက်တစ်ခေါက် ပြန်ပြောပြစမ်း။ ငါ သူ့ထက် ဘာတွေ ညံ့နေလို့လဲ။”
“အားလုံး ညံ့တယ်။ သူက တိုင်းပြည်အတွက် တွေးပေးတယ်၊ သဘောထား ကြီးမြတ်တယ်၊ လူကြီးလူကောင်း ပီသတယ်၊ ရင့်ကျက်တည်ငြိမ်တယ်... စကားပြောလည်း ကောင်းတယ်။ အစ်ကိုတော်မှာ အဲဒီအချက်တွေ တစ်ခုလောက် ပါလို့လား။”
လီယွမ်ကျောက်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ရှုံ့မဲ့သွားခဲ့သည်။
ငါ့ညီမလေး ဦးနှောက်ကို ခွေးစားသွားတာလား။ အဲဒီ စကားလုံးတွေက ဖန်ကြီးနဲ့ ဘယ်နေရာမှာများ သက်ဆိုင်နေလို့လဲ။ အရင်တုန်းက မသိခဲ့ပေမဲ့ ဖန်ကြီးက တခြားနေရာတွေထက် မိန်းမတွေကို လှည့်စားတဲ့ နေရာမှာ ပိုပြီး တော်တယ်ဆိုတာ အခုမှ သိတော့တယ်။
“ကောင်းပြီလေ။ နင်ပြောတာတွေ အကုန် မှန်တယ်။ ငါသွားပြီ။” လီယွမ်ကျောက်က အင်္ကျီလက်စကို ခါလိုက်ပြီး ဒေါသတကြီး ထွက်သွားရန် ပြင်လိုက်၏။
“ခဏနေမုံး။” မင်းသမီးမြောင်ဟန်က သူ့ကို ထပ်မံ တားလိုက်ပြန်သည်။
လီယွမ်ကျောက်က စိတ်မရှည်စွာဖြင့် နောက်လှည့်ကြည့်ကာ မေးလိုက်၏။ “ဘာဖြစ်ပြန်ပြီလဲ။”
“ကျွန်မကို ငွေနည်းနည်းလောက် ချေးပါ။”
ငွေချေးတယ်၊ ဒီလိုကိစ္စမျိုးက တကယ်ကို ရှားပါးတယ်၊ ပထမဆုံးအကြိမ်ပဲ။
လီယွမ်ကျောက်၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်လာပြီး မေးလိုက်သည်။
“နင် ငွေချေးပြီး ဘာလုပ်မလို့လဲ။”
မင်းသမီးမြောင်ဟန်က စဉ်းစားပြီးနောက် ရှင်းပြလိုက်၏။
“မြို့တော်ထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးတွေ အများကြီး ရှိတယ်လို့ အောက်ကလူတွေ ပြောတာ ကြားတယ်၊ အထူးသဖြင့် မိန်းကလေးတွေပေါ့။ အဲဒါ သူတို့ကို ကူညီဖို့ ငွေနည်းနည်းလောက် စုချင်လို့ပါ။ ကျွန်မ တွက်ကြည့်တာ၊ ကျွန်မ လစာနဲ့ ရတနာတွေက လောက်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် အစ်ကိုတော့်ဆီကနေ ငွေငါးရာလောက် ချေးချင်လို့ပါ။ နောက်ပိုင်း ပိုလိုလာနိုင်သေးတယ်။”
လီယွမ်ကျောက်က ခေါင်းမော့ကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒါက ကောင်းတဲ့ ကိစ္စပါပဲ၊ ဒါပေမဲ့ နင် ကိုယ့်ဘာသာ ငွေစိုက်ထုတ်နေရင် အဆုံးအစ ရှိမှာ မဟုတ်ဘူး။ ဒီလို လုပ်ပါလား .. အထည်စက်ရုံက အမျိုးသမီး အလုပ်သမားတွေရဲ့ လစာကို နည်းနည်း ဖြတ်လိုက်လေ။ ပိုလာတဲ့ ငွေတွေကို စွန့်ပစ်ခံ ကလေးတွေကို ကူညီဖို့ သုံးလို့ ရတာပေါ့၊ ငွေမလောက်ရင်လည်း နည်းနည်းပဲ ကူညီလိုက်ပေါ့။”
မင်းသမီးမြောင်ဟန်က ချက်ချင်း အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်၏။
“အစ်ကိုတော် ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်မပိုက်ဆံနဲ့ ကျွန်မ ကူညီတာ ရပေမဲ့ ဘယ်လိုလုပ် အလုပ်သမားတွေရဲ့ ပိုက်ဆံကို သွားယူလို့ ရမှာလဲ။”
“တကယ်တော့ အလုပ်သမားတွေရဲ့ ပိုက်ဆံကို ယူတာ မဟုတ်ပါဘူး။ အထည်စက်ရုံက အမျိုးသမီး အလုပ်သမားတွေကို ငှားတာ သူတို့ရဲ့ လက်နှစ်ဖက်ကို ငှားတာလေ။ ဒါပေမဲ့ ငါတို့က လူတစ်ကိုယ်လုံး စာအတွက် ပိုက်ဆံ ပေးနေရတာ။ အခု လစာဖြတ်လိုက်ရင် ပုံမှန် ဈေးနှုန်းကို ပြန်ရောက်သွားတာပေါ့။ အင်း …. တကယ်ကို အဲဒီလိုပါပဲ။” လီယွမ်ကျောက်က မေးစေ့ကို ပွတ်ကာ ပြောလိုက်၏။
လစာ ဘယ်လောက် ဖြတ်ရမလဲ ဆိုတာကို စဉ်းစားနေစဉ် ဒေါသထွက်နေသော မင်းသမီးမြောင်ဟန်၏ အကြည့်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် လက်ကို အလျင်အမြန် ချလိုက်ပြီး မေးလိုက်သည်။ “နင့်အကြည့်က ဘာသဘောလဲ။”
“အစ်ကိုတော် ပြောတာ လူပြောတဲ့ စကားလား။” မင်းသမီးမြောင်ဟန်က ဒေါသတကြီး ပြောလိုက်၏။
“ဒါပေမဲ့ ဒီစကားတွေက ဖန်ကြီး ပြောခဲ့တာလေ။” လီယွမ်ကျောက်က အပြစ်ကင်းသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
ဖန်ကျန်းရီ မထွက်သွားခင်က အလုပ်သမားနေရာ လုသူတွေ များလာသဖြင့် လစာတွေ အများကြီး ပေးမိပြီ၊ ခံစားခွင့်တွေ အများကြီး ပေးမိပြီ၊ ကုန်ကျစရိတ်တွေကို ထိန်းချုပ်ရမယ် ဆိုပြီး နေ့တိုင်း ညည်းတွားနေခဲ့သည် မဟုတ်ပါလား။
“သူ့ကိုတောင် လျှောက်ပြောရဲသေးတယ်ပေါ့။ ထွက်သွား … အစ်ကိုတော့်ကို မမြင်ချင်တော့ဘူး။” မင်းသမီးမြောင်ဟန်မှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် မမှန်တော့ဘဲ နန်းဆောင် အပြင်ဘက်သို့ လက်ညှိုးထိုးကာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
လီယွမ်ကျောက်က အရှက်ပြေ ရယ်မောပြီး ပြောလိုက်သည်။
“ငါ … ငါက နောက်နေတာပါ။ နောက်ကျရင် ငွေနှစ်ထောင် လာပို့ပေးခိုင်းလိုက်ပါ့မယ်။ နင်လည်း ဖန်ကြီး အကြောင်းချည်းပဲ တွေးမနေပါနဲ့၊ သူက အရမ်း လည်တာ၊ သေချာပေါက် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ သူ့ဘာသာ အနားယူချင်လို့ အခွင့်အရေး ယူပြီး ပြည့်တန်ဆာရုံ တစ်ခုခုမှာ သွားပြီး ရှုပ်နေတာလည်း ဖြစ်နိုင်တယ်။ ငါ သွားပြီနော်။”
“မြန်မြန် ထွက်သွားစမ်း။”
သူ အဝေးသို့ ရောက်သွားသည်ကို မြင်သောအခါ မင်းသမီးမြောင်ဟန်၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီရဲနေပြီး ဖန်ကျန်းရီကို သတိရလိုက်တိုင်း ရင်ထဲတွင် ဗြောင်းဆန်လာသလို ခံစားရ၏။
ခဏမျှ စဉ်းစားပြီးနောက် အတွေးများ ပိုမို ရှုပ်ထွေးလာသဖြင့် ရက်ကန်းစင်ပေါ်သို့ လက်တင်ကာ ပြန်လည် လည်ပတ်နေလိုက်သည်။
ဘေးနားရှိ အစေခံမလေးက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“မင်းသမီး … ဆက်မရက်ပါနဲ့တော့။ အချိန်ကြာရင် လက်မှာ အသားမာတွေ တက်လာပါလိမ့်မယ်။”
မင်းသမီးမြောင်ဟန်က ခေါင်းယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါ့ ကို ဂရုမစိုက်ပါနဲ့၊ အလုပ်တစ်ခု လုပ်ရင် တစ်ဝက်တစ်ပျက်နဲ့ မရပ်ရဘူး၊ အထည်နှစ်လိပ် ပြီးအောင် အရင် ရက်လိုက်အုံးမယ်။ အလုပ်များနေရင် ဘာမှ တွေးစရာ မလိုတော့ဘူးလေ။”