← Chapters

အခန်း ၅၃၄

Vol. 29 Ch. 534

အခန်း ၅၃၄

Vol. 29 Ch. 534

အပိုင်း (၅၃၄) ယူတိန့်မြို့ကို မှောက်လှန်ပစ်မည်။

“သခင်လေးဖန် .. ဒီအင်အားက အဆင်ပြေရဲ့လား ရှင်။”

“နည်းနည်း ပိုဖိပေး၊ ကျုပ်က အကြမ်းခံနိုင်တယ်။” ဖန်ကျန်းရီက လဲလျောင်းကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး သူ၏ အနောက်တွင် ရှို့အာက ပခုံးများကို နှိပ်နယ်ပေးနေ၏။

ဘေးနားတွင် လှပသော ကောင်မလေး တစ်ယောက်က သစ်သီးခြောက်များကို ခွံ့ကျွေးနေသည်။

အောက်ဘက် ဘယ်ညာ နှစ်ဖက်တွင် ပြည့်တန်ဆာရုံမှ နာမည်ကြီး မိန်းကလေး နှစ်ယောက်က ခြေထောက်များ ကို ဖြည်းညှင်းစွာ ထုနယ်ပေးနေ၏။

အရှေ့ဘက်တွင် စင်မြင့် ရှိပြီး၊ စင်မြင့်ပေါ်တွင် ပြည့်တန်ဆာရုံမှ အကမယ်များက အလွန်တိုသော စကတ်တိုများကို ဝတ်ဆင်ကာ အလွန် ညံ့ဖျင်းသော ဂီတသံစဉ်များဖြင့် ကခုန်နေကြသည်။

တစ်ခါတစ်ရံ ခါးကို ညွှတ်ချလိုက်၊ တစ်ခါတစ်ရံ ခြေထောက်များကို ပွတ်သပ်လိုက်ဖြင့် အလွန် မြှူဆွယ် ဆွဲဆောင်မှု ရှိသော အကအခုန်များ ဖြစ်ပြီး၊ လူအရေအတွက်ကလည်း များပြားလှရာ ကြီးကျယ်ခမ်းနားလှ၏။

အနောက်ဘက် စားပွဲဝိုင်း အနည်းငယ်တွင် လက်အောက်ငယ်သား တစ်ချို့က ထိုင်ကာ အကအခုန်များကို ကြည့်ရှုနေကြသည်။

ယွီနျန်က မလှမ်းမကမ်းတွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ထားပြီး သခင်လေးဖန် ကိုယ်တိုင် ချွန်းယွီရုံသို့ လာရောက် လမ်းညွှန်ပြသပေးသည်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေ၏။

တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် အလွန် အံ့ဩနေမိသည်။

ဤကဲ့သို့သော ညစ်ညမ်းသည့် တေးဂီတများနှင့် အောက်တန်းကျသော အကအခုန်များကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။ ပြည့်တန်ဆာရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သော်လည်း ဤအရာများကို မြင်ရသည်မှာ အလွန် မျက်စိနောက်စရာ ကောင်းသည်ဟု ခံစားရ၏။

သခင်လေးဖန်က ငယ်ငယ်ရွယ်ရွယ်နှင့် ဘာတွေများ ဖြတ်သန်းလာခဲ့ရသလဲ မသိဘူး၊ ခေါင်းထဲမှာ ဒီလို ကိုယ်ကျင့်တရားမဲ့တဲ့ ထူးဆန်းတဲ့ အတွေးတွေ ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေရတာလဲ။

ဤမြင်ကွင်းကို အပြင်လူတွေ ကြည့်လျှင် လွတ်လပ်ပျော်ရွှင်နေသည်လို့ ထင်ရသော်လည်း ဖန်ကျန်းရီ၏ စိတ်ထဲမှာတော့ အလွန် ခါးသက်နေ၏။

သူက အဆင့်နိမ့် ရမ္မက်ဆန္ဒများမှ လွတ်မြောက်လာခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး စိတ်ထဲတွင် အရေးကြီး ကိစ္စများကိုသာ တွေးတောနေသော်လည်း၊ လူနေမှု ဘဝမှာတော့ အနည်းငယ် ဇိမ်ကျနေခဲ့သည်။

ချူယိုယီ ဘက်တွင် ဘာပြဿနာတွေ တက်နေလဲ မသိဘူး၊ နှစ်ရက်တောင် ရှိပြီ လူလုံးလာမပြဘူး။ ငါ့ကို တမင် ရှောင်နေသလိုပဲ။ ဒါကြောင့် ကျောင်းတော်ကိုလည်း မလိုက်သွားတော့ဘူး။ ချူအိမ်တော်မှာ ဒုံဖူ ဆိုတဲ့ သူလျှို ရှိနေတော့ ငါအပြင်ဘက်မှာ တစ်နေကုန် လွတ်လပ်စွာ နေလို့ ရနေတယ်။

ချူယိုယီတစ်ယောက် ဤမျှ သောက်ကြူးထားသည်ဖြစ်ရာ လုံးဝ သတိလစ်မေ့မြောနေလောက်ပြီဟု သူ ယူဆမိသည်။ အကယ်၍များ တစ်စုံတစ်ရာကို မှတ်မိနေသေးပါက အတော်လေး အခက်တွေ့ပေမည်။

သို့သော်ငြား ဤသည်မှာ အသေးအဖွဲကိစ္စရပ်မျှသာဖြစ်၍ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။

ယခုရက်ပိုင်းအတွင်း သူတောင်းစားဂိုဏ်း၏ အင်အားမှာ တစ်နေ့တခြား ကြီးထွားလာခဲ့သည်။ သူတောင်းစားဂိုဏ်းသို့ ဝင်ရောက်ပါက ငွေကြေးရရှိမည်ဟူသော သတင်းစကားများကြောင့် ဆင်းရဲနွမ်းပါးသူ ပြည်သူအများအပြားမှာ မိမိတို့၏ ဂုဏ်သိက္ခာကိုပင် ပမာမထားတော့ဘဲ ဂိုဏ်းတွင်းသို့ အလိုအလျောက် ဝင်ရောက်လာခဲ့ကြသည်။

နှစ်ရက်အတွင်းမှာတင် သူတောင်းစားဂိုဏ်းက လူအင်အား နှစ်ထောင်နီးပါး အထိ တိုးချဲ့လာနိုင်ခဲ့ပြီး၊ ယခုမှ ရှာဖွေထားသော ငွေတွေ၏ တစ်စိတ်တစ်ပိုင်းကို သုံးလိုက်ရပြီ ဖြစ်၏။

ဒေါသထွက်စရာ အကောင်းဆုံးကတော့ ပြည့်တန်ဆာရုံ ဘက်မှာလည်း ဘာသတင်းမှ မရတဲ့အပြင်၊ သူတောင်းစား အင်အား နှစ်ထောင်လောက် တစ်မြို့လုံး အနှံ့ ရှာတာတောင် ဘာရလဒ်မှ ထွက်မလာခြင်းပင်။

ကျိုးမိသားစု လူတွေက ကြွက်တွေများလား၊ ဘယ်မြေတွင်းထဲမှာ သွားပုန်းနေကြလဲ မသိဘူး။

အစိုးရရုံးရဲ့ လှုပ်ရှားမှုတွေကလည်း အတော်လေး မသင်္ကာစရာ ကောင်းတယ်၊ ရှာဖွေရေး လုပ်နေတဲ့ ရဲမက်တွေ သိသိသာသာ နည်းသွားတယ်။

ဖန်ကျန်းရီသည် ကျိုးမိသားစုဝင်များ ဖမ်းဆီးခံရကာ အကျဉ်းထောင်တွင်းသို့ ရောက်ရှိသွားပြီလားဟု တစ်ခဏမျှ သံသယဝင်မိသေး၏။ သို့ရာတွင် ဟိုမှဒီမှ လိုက်လံရှာဖွေနေသူများ ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့ကို ရှာမတွေ့သေးသည်မှာ သေချာလှသည်။

ခဏမျှ စဉ်းစားကြည့်သော်လည်း ဘာသဲလွန်စမှ မရသဖြင့် ဖန်ကျန်းရီက ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

ရှို့အာက သူ သက်ပြင်းချသည်ကို မြင်သောအခါ အနားရှိ လက်ဖက်ရည်ခွက်ကို အလျင်အမြန် ယူကာ ကမ်းပေးပြီး ဂရုတစိုက် မေးလိုက်သည်။

“သခင်လေးဖန် … ဘာများ စိတ်ညစ်စရာ ရှိလို့လဲ ရှင်။”

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်၏။ “ခက်တယ်၊ အလုပ်လုပ်ရတဲ့ ယောက်ျားတွေရဲ့ ရင်ထဲမှာ အပူတွေ အများကြီး ရှိတယ်။ ဟူး... မင်း နားမလည်ပါဘူး။”

ရှို့အာက ပါးစပ်ကို အုပ်ကာ တိုးညင်းစွာ ရယ်မောလိုက်သည်။

လောကဓံ အခက်အခဲများကို ညည်းတွားနေစဉ် ယွီနျန်က ဘေးမှ ရုတ်တရက် ရောက်လာပြီး နားနားသို့ ကပ်ကာ ပြောလိုက်၏။

“သခင်လေးဖန် … အပြင်မှာ ရှင်းကျူ ဆိုတဲ့ ကောင်မလေး တစ်ယောက် သခင်လေးကို လာရှာတယ်၊ သခင်လေး သူ့ကို သိလား။”

ဖန်ကျန်းရီ မျက်မှောင်ကုတ်သွားသည်။

ရှင်းကျူလား။ သူက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။

“အင်း … ခင်ဗျားတို့ လူတွေကို အကုန် ထွက်သွားခိုင်းလိုက်တော့၊ သူ့ကို ခေါ်လာခဲ့လိုက်။”

သိပ်မကြာခင်မှာပင် ရှင်းကျူက စိုးရိမ်တကြီး မျက်နှာဖြင့် အပြေးအလွှား ဝင်လာပြီး ဖန်ကျန်းရီကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်သွားကာ သူ့အနားသို့ အမြန် ပြေးလာပြီး အမောတကောဖြင့် ပြောလိုက်သည်။

“အစ်ကိုဖန် … ရှင် တကယ်ပဲ ဒီမှာ ရှိနေတာကိုး။ ဒီမှာ ဘာလုပ်နေတာလဲ။”

“အမ်…. ငါက အကြောအဆစ် ဖြေလျှော့နေတာပါ... မင်းက ဘာလို့ ဒီရောက်လာတာလဲ။ ငါ ဒီမှာ ရှိမှန်း ဘယ်လိုလုပ် သိတာလဲ။”

ရှင်းကျူက အကြောအဆစ် ဖြေလျှော့သည် ဆိုတာ ဘာမှန်း စဉ်းစားချိန် မရတော့ဘဲ အလျင်အမြန် ပြောလိုက်၏။

“ပြဿနာ ကြီးကြီး တက်နေပြီ။ ရှင် လုသခင်လေးကို ဒေါသထွက်အောင် လုပ်ခဲ့တာ မဟုတ်လား။ ဒီနေ့ လုသခင်လေးက လူတစ်စု ခေါ်ပြီး ချူအိမ်တော်ကို လာပြဿနာ ရှာနေတယ်။ ရှင့်ကို သတ်ပစ်မယ် လို့တောင် ပြောနေတယ်။

ဒုတိယသခင်မလေးက ရှင် ဒီမှာ ရှိလောက်မယ်လို့ ပြောပြီး ရှင့်ကို မြန်မြန် ထွက်ပြေးဖို့ ကျွန်မကို လာပြောခိုင်းတာ... အစ်ကိုဖန် … မြန်မြန် ပြင်ဆင်လိုက်တော့။ ဒီမှာ ဒုတိယသခင်မလေး ပေးလိုက်တဲ့ ငွေတွေ၊ ပြန်မလာနဲ့တော့တဲ့။”

ပြောပြီးသည်နှင့် ရှင်းကျူက ရင်ဘတ်ထဲမှ ငွေထုပ် တစ်ထုပ်ကို ထုတ်ပေးလိုက်သည်။

ဖန်ကျန်းရီက ချက်ချင်း မယူဘဲ စဉ်းစားနေလိုက်ပြီး၊ ခဏအကြာတွင် နဖူးကို ရိုက်ကာ မကောင်းတော့ဘူး ဟု အော်လိုက်၏။

ဟိုညက လုရှို့ဝမ်ကို ရိုက်နှက်ပြီးနောက် အဲဒီကောင်လေးကို လုံးဝ မေ့သွားတာပဲ။ အခု ပြဿနာက ဒီလောက် ကြီးသွားပြီး ချူမိသားစုကိုပါ ဒုက္ခပေးနေပြီလား။

“ရှဲ့ရှန်း …. လု ဆိုတဲ့ ကောင်လေးကို ဘယ်သူ တာဝန်ယူတာလဲ၊ သူ့ကို ခေါ်လာခဲ့စမ်း။”

ရှဲ့ရှန်းက ခဏ စဉ်းစားပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သွားသည်။ သိပ်မကြာခင်မှာပင် လူကြီးတစ်ယောက်ကို ခေါ်လာခဲ့သည်။

ထိုသူမှာ လျန်ကွေ့ ပင် ဖြစ်၏။

လျန်ကွေ့က ဖန်ကျန်းရီ အရှေ့သို့ ရောက်လာပြီး မေးလိုက်သည်။

“သခင်လေး … အဲဒီကောင်လေးကို ရှင်းပြီးသွားပြီလေ။ ဘာပြဿနာ ရှိလို့လဲ။”

“ဘယ်လို ရှင်းလိုက်တာလဲ။”

“ဘယ်လို ရှင်းရမလဲ။ မြည်းဆေး နည်းနည်း တိုက်ပြီး ဟိုနေရာကို ကြိုးနဲ့ တုပ်ထားလိုက်တာပေါ့၊ မနေ့ညကမှ အလျှော့ပေးသွားလို့ လမ်းမပေါ် ပစ်ချထားလိုက်တယ်။”

“မနေ့ညက။”

ဖန်ကျန်းရီ အလွန် အံ့ဩသွား၏။ “လူကို ရိုက်တာ နှစ်ရက်တောင် ရိုက်တယ်လား။”

လျန်ကွေ့က ပြန်စဉ်းစားကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“အင်း … သခင်လေး... သူက သခင်လေးကို အမြဲ ဆဲနေတာလေ၊ အဲဒါနဲ့ ကျုပ် ညီအစ်ကို သုံးယောက်ကို ခေါ်ပြီး သူ့ကို ဝိုင်းထိုးလိုက်တာ။ မနေ့ကမှ ငြိမ်သွားတယ်၊ ဘာမှ မပြောတော့ဘဲ ငိုပဲ ငိုနေတော့တာ။ ဒါပေမဲ့ ဒီကောင်လေးက တော်တော်တော့ အကြောမာတယ်။ ချည်ထားတာ နှစ်ရက်တောင် ရှိပြီဆိုတော့ အဲဒီနေရာက ပုပ်သွားလောက်ပြီ။”

ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ပြီး ဖန်ကျန်းရီမှာ ကြက်သီးထသွားကာ သူ့လက်အောက်က လူတွေက တစ်နေ့တခြား ပိုပိုပြီး စိတ်ရောဂါ ရလာသလားဟု တွေးမိ၏။

ဖန်ကျန်းရီက မနေနိုင်ဘဲ ဆူပူလိုက်သည်။

“ခင်ဗျားတို့ အရမ်း လွန်လွန်းတယ်။ ခင်ဗျားတို့ကို ဆော့ကစားခိုင်းတာလေ၊ လူကို ညှဉ်းပန်းနှိပ်စက်ဖို့ မခိုင်းထားဘူး။ ဒါက ကိုယ်ကျင့်တရားမဲ့တဲ့ လုပ်ရပ်ပဲ။”

လျန်ကွေ့က မျက်နှာငယ်လေးဖြင့် ပြန်ပြောလိုက်၏။

“သခင်လေး... အပြင်မပစ်ထုတ်ခင် သူ့ဖင်ကို ဆေးလူးပေးလိုက်ပါသေးတယ်၊ ဘယ်လိုလုပ် ကိုယ်ကျင့်တရားမဲ့တာ ဖြစ်ရမှာလဲ။ သူက မိန်းကလေးတွေကို အတင်းအဓမ္မ လုပ်ချင်နေတာလေ၊ ဒီလိုလူမျိုးကို ကျုပ်တို့ ခရိုင်ထဲမှာ ဆိုရင် တန်းပြီး သတ်ပစ်လိုက်တာပဲ မဟုတ်ဘူးလား။”

ဖင်ကို ဆေးလူးပေးတယ်တဲ့လား။

ဖန်ကျန်းရီ၏ ခေါင်းထဲတွင် မကောင်းသော ပုံရိပ်များ ထပ်မံ ပေါ်လာပြန်သဖြင့် ကြက်သီး ထပ်ထသွားပြန်သည်။

“တော်ပြီ … သိပြီ။ သွားတော့။”

“ရှင်းကျူ … .ချူအိမ်တော် ဘက်မှာ အခြေအနေ ဘယ်လို ရှိလဲ။ သေချာ ပြောပြစမ်း။”

ရှင်းကျူ၏ အကြည့်များက လျန်ကွေ့နှင့် ဖန်ကျန်းရီ ကြားတွင် အဆက်မပြတ် ရွေ့လျားနေပြီး၊ စောစောက သူတို့နှစ်ယောက် ပြောသွားသည့် စကားများကို တစ်လုံးမကျန် ကြားလိုက်ရ၏။

လုသခင်လေးကို ညှဉ်းပန်းနှိပ်စက်တယ်...။ ... အတင်းအဓမ္မ လုပ်တယ်... အစ်ကိုဖန် က အစေခံနဲ့ လုံးဝ မတူဘူးပဲ။

သူမ ကြောင်အမ်းနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ထပ်မေးလိုက်သည်။ “ဘယ်လို လာကြတာလဲ။”

ရှင်းကျူက သတိပြန်ဝင်လာပြီး ပြောလိုက်၏။ “အာ... လုသခင်လေးက လူတွေ အများကြီး ခေါ်လာတယ်။ အစောင့်တွေကော၊ သူတို့ ရွာက လယ်သမားတွေကော၊ လက်နက်တွေလည်း ကိုယ်စီ ကိုင်ထားကြတယ်၊ အယောက် တစ်ရာလောက် ရှိမယ် ထင်တယ်။

အခု အကုန်လုံး ချူအိမ်တော်မှာ ရောက်နေကြတယ်၊ ပထမ သခင်လေးနဲ့ ပထမသခင်မလေး က သူ့ကို ထိန်းထားရတယ်၊ အခု လုသခင်လေးက သခင်လေးကို ခေါ်လာဖို့ စောင့်နေတာ။ ကျွန်မ ကြားတာတော့ လုမိသားစုက အစိုးရရုံးနဲ့လည်း အဆက်အသွယ် ရှိတယ်တဲ့၊ အစ်ကိုဖန် .. အစ်ကို သူတို့ကို နိုင်မှာ မဟုတ်ဘူး၊ မြန်မြန် ထွက်ပြေးပါတော့။”

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာ၏။

လူတစ်ရာကျော်တောင် ခေါ်လာတယ် ဆိုတော့ ငါ့ကို သတ်ဖို့ တကယ် ရည်ရွယ်ထားတာပဲ။ ဒီလုရှို့ဝမ် ဆိုတဲ့ ကောင်စုတ်လေးက ရှေ့ရော နောက်ရော အပြင်းအထန် ဒဏ်ရာရထားတာတောင် အဖေ့ကို သွား တိုင်ရဲသေးတယ်ပေါ့လေ။

“ရှင်းကျူ … မင်း စိတ်မပူပါနဲ့၊ ဒီကိစ္စကို ငါ ဖြေရှင်းလိုက်ပါ့မယ်။ ဒုတိယသခင်မလေး က ငါ့အပေါ် ဒီလောက် ကောင်းတာ။ ဘယ်လိုလုပ် တာဝန်မဲ့ ထွက်ပြေးလို့ ရမှာလဲ။ မင်း အရင် ပြန်သွားတော့။”

ရှင်းကျူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့...”

“ငါ့ စကားကို နားထောင်ပါ၊ ဘာမှ မဖြစ်ဘူး။ ယွီနျန်၊ ပန်းနီအသင်း အဖွဲ့ဝင်တွေ အားလုံးကို ချက်ချင်း အကြောင်းကြားပြီး၊ သူတို့ရဲ့ လူမိုက်တွေကို ချူအိမ်တော်ဆီ ခေါ်လာဖို့ ပြောလိုက်။ ကျုပ် အင်အား နည်းနည်းလောက် ပြချင်လို့။”

ယွီနျန်က ဤကဲ့သို့သော ပြဿနာမျိုးတွင် မပါဝင်ချင်သော်လည်း ဖန်ကျန်းရီ၏ ယုံကြည်မှု အပြည့်ရှိသော ပုံစံကို မြင်သောအခါ အလိုအလျောက် ခေါင်းညိတ်လိုက်မိ၏။

“ရှဲ့ရှန်း … အပြင်က ညီအစ်ကိုတွေကို အကုန် ပြန်ခေါ်၊ ပြီးတော့ သူတောင်းစားဂိုဏ်းက လူတွေကိုပါ အကုန် ခေါ်လာပြီး ချူအိမ်တော်ကို ဝိုင်းထားလိုက်။ လုဆိုတဲ့ ကောင် ခေါ်လာတဲ့ လူတွေ တစ်ယောက်မှ ထွက်မပြေးစေနဲ့။”

ရှဲ့ရှန်းက အနားသို့ ကပ်လာပြီး တိုးညင်းစွာ ပြောလိုက်သည်။

“သခင်လေး... အဲဒါ လူနှစ်ထောင်ကျော်တောင် ရှိတာနော်။ အဲဒီ လူနှစ်ထောင်က အရည်အချင်းစုံ ပါတယ်ဆိုတော့ သိပ်အသုံးကျမှာ မဟုတ်ဘူး။ ဒီလောက် လူအများကြီး စုရုံးလိုက်ရင် အစိုးရရုံးက သိသွားလိမ့်မယ်၊ အဲဒီအခါကျရင် ကျုပ်တို့ အကုန်လုံး ပေါ်သွားမှာပေါ့။ တကယ်လို့ သူတို့က ဝူမင်းသားနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုရင် .. သခင်လေးရဲ့ အဆင့်အတန်းကို သိသွားတာနဲ့ အသေအလဲ တိုက်ခိုက်တော့မှာ မဟုတ်လား။”

ဖန်ကျန်းရီ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာ၏။

“တကယ်တော့ သိပ်အသုံးမကျပါဘူး။ ဒါပေမဲ့ လူတွေကို ခြောက်လှန့်ဖို့တော့ ကောင်းတယ်။ ကျုပ် ကြည့်ရတာ ကျိုးမိသားစုဝင်တွေကို ရှာတွေ့ဖို့ အခွင့်အရေး မရှိတော့ဘူး ထင်တယ်။ ဒီအတိုင်း ဆက်ဆွဲထားရင်လည်း အဖြေမထွက်နိုင်ဘူး၊ ပြီးတော့ ကျုပ်က ချူမိသားစုပေါ် ကျေးဇူးကြွေး တင်နေသေးတယ်။ ပြဿနာ ဖြစ်လာရင် မကူညီဘဲ နေလို့ မရဘူးလေ။

အစိုးရရုံးက လူတွေ လာရင် ကျုပ်ရဲ့ အဆင့်အတန်း အမှန်ကို တန်းပြောလိုက်မယ်။ ညီအစ်ကို တစ်စုကို လူအုပ်ထဲမှာ ပုန်းခိုင်းထားလိုက်။ တကယ်လို့ သူတို့က တစ်ခုခု လှုပ်ရှားဖို့ ကြိုးစားရင် ခင်ဗျားတို့ ချက်ချင်း ဝင်ပြီး ခေါင်းဆောင်ကို ဖမ်းချုပ်လိုက်။

အရင်ကတော့ တိတ်တိတ်ဆိတ်ဆိတ် ဖြေရှင်းပြီး မြို့တော်ကို ပြန်မလို့ စဉ်းစားထားတာ။ အခု အေးအေးဆေးဆေး လုပ်လို့ မရဘူး ဆိုမှတော့ အကြမ်းဖက်ရတော့မှာပေါ့။ လူအင်အား များတဲ့ အခွင့်အရေးကို ယူပြီး ယူတိန့်မြို့ကို မှောက်လှန်ပစ်လိုက်မယ်။”

All Chapters