အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) အစောင့်အရှောက်သခင်၊ ခွေးများ၏ဘုရင်၊ ကော့ကေးရှန်း သိုးထိန်းခွေးအတွက် ငါးကြီးတစ်ကောင်
"ရဲဘော်လေး မင်း ဘာနဲ့ လဲချင်တာလဲ..."
လောင်ဟူသည် လီလန်အား အနည်းငယ် အံ့သြသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
"အဘိုးတို့ရဲ့ ကော့ကေးရှန်း သိုးထိန်းခွေးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ခွေးပေါက်လေးတွေ မွေးထားတယ်လို့ ကျွန်တော် ကြားထားတယ်... အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို တစ်ကောင်လောက် ရောင်းပေးနိုင်မလား..."
လီလန်က သူ၏ အတွေးများကို မျှဝေလိုက်လေသည်။
ဟူလောင်ပါးဆိုသည်မှာ ဒုတိယခေါင်းဆောင်ရွှီ ပြောပြဖူးသော ကော့ကေးရှန်း သိုးထိန်းခွေးများကို မွေးမြူထားသည့် စန်းဟော့ရွာမှ မုဆိုးတစ်ဦးပင် ဖြစ်ပေသည်။
"အော် မင်းက အဲ့ကိစ္စကို ပြောတာလား... ကိစ္စမရှိပါဘူး၊ ငါ မင်းကို ပေးပါ့မယ်..."
လောင်ဟူက ရယ်မောလိုက်လေသည်။
အဘိုးအိုသည် လီလန်အား မိတ်ဆွေဖွဲ့လိုနေသည်ကို သူ စောစောကတည်းက ရိပ်မိထားခဲ့ပြီး လီလန်ဘက်မှ တောင်းဆိုလာသည့်အခါ ရေစုန်မျောကာ ခွေးပေါက်လေးတစ်ကောင် ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
"ကျွန်တော် အလကား မယူပါဘူး... အဲဒီအစား ငါးနဲ့ လဲလှယ်ပါ့မယ်..."
ကော့ကေးရှန်း သိုးထိန်းခွေးပေါက်လေးတစ်ကောင်၏ တန်ဖိုးမှာ ခေါင်းကြီးငါးကြင်းတစ်ကောင်ထက် များစွာ ပိုမိုတန်ဖိုးကြီးမားလှပေသည်။
လီလန်သည် ငါးများ ထည့်ထားသော ဂုန်နီအိတ်ကို ဖွင့်ပြလိုက်လေသည်။
"ဦးလေးဟူ ကျွန်တော့်ဆီမှာရှိတဲ့ ငါးတွေထဲက ကြိုက်တာကို ရွေးယူနိုင်ပါတယ်... ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး..."
ဟူလောင်ပါးသည် ဂုန်နီအိတ်ထဲသို့ ငုံ့ကြည့်လိုက်ရာ ငါးကြီးများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်တရာ အံ့သြသွားတော့သည်။
ဗဟုသုတကြွယ်ဝလှသော လောင်ဟူပင်လျှင် ဤအခိုက်အတန့်၌ တည်ငြိမ်မှု ကင်းမဲ့သွားလေသည်။
အဘိုးဟူသည် အံ့အားသင့်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"လီလေး ဒီငါးတွေအားလုံးကို မင်း ဖမ်းထားတာလား..."
"ဟုတ်ပါတယ်..."
လီလန်က ချက်ချင်း ဝန်ခံကာ ခေါင်းညိတ်ပြလိုက်လေသည်။
"ငါးကြင်းကြီးတွေ၊ ကျိယွီငါးကြင်းတွေနဲ့ မြက်ငါးကြင်းတွေပါလား... ငါးတွေ အများကြီးပဲ... မင်း ဘယ်လိုများ ဖမ်းခဲ့တာလဲ..."
လောင်ဟူက မျက်လုံးပြူးကာ အံ့သြတကြီး မေးမြန်းလိုက်လေသည်။
"အခုလိုပဲ ငါးဖမ်းတာလေ... ဒီအောက်မှာ ငါးတွေ အများကြီး ရှိတာဖြစ်မယ်.."
လီလန်က မစဉ်းစားဘဲ ချက်ချင်းပင် ဖြေကြားလိုက်လေသည်။
စနစ်မှ ပေးအပ်ထားသော အထူးငါးစာမှာ သူ၏ လျှို့ဝှက်ချက်ဖြစ်ပြီး ဤလူနှစ်ယောက်ကို ပေးသိ၍ မရနိုင်ပေ။
ထိုလူနှစ်ယောက်က သူ၏ စကားကို ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကိုမူ လီလန် ဂရုမစိုက်ခဲ့ချေ။
"ဒီကောင်လေးက... ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ..."
အဘိုးဟူသည် ပါးနပ်သောသူတစ်ယောက်ဖြစ်ပြီး လီလန်၏ စကားများအရ သူ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သိရှိနိုင်လေသည်။
သို့သော် လီလန်၏ ငါးဖမ်းစွမ်းရည်နှင့် ကံကောင်းမှုတို့မှာ ထိပ်တန်းအဆင့်တွင်ရှိပြီး ပတ်ဝန်းကျင်ရွာများကြားတွင် အကောင်းဆုံးဖြစ်ကြောင်းကိုမူ သူ ဝန်ခံရမည် ဖြစ်ပေသည်။
လုံမင်မြစ်၏ ရေခဲပြင်အောက်တွင် ငါးကြီးများစွာ ရှိနေသော်လည်း ငါးမျှားတံတစ်ချောင်းတည်းဖြင့် ဖမ်းယူရန်မှာ မလွယ်ကူလှပေ။
မလွယ်ကူရုံသာမက အလွန်တရာ ခက်ခဲလှပေသည်။
ထို့အပြင် လီလန်ဖမ်းမိထားသော ဂုန်နီအိတ်တစ်ဝက်ခန့်ရှိသည့် ငါးများမှာ အလေးချိန်အားဖြင့် ကျင်းနှစ်ရာခန့်ပင် ရှိနေလေသည်။
ဤသည်မှာ သာမန်ငါးဖမ်းသမားတစ်ဦး လုပ်ဆောင်နိုင်သော အရာမဟုတ်ဘဲ ဆယ်စုနှစ်များစွာ ငါးဖမ်းခဲ့သော ဝါရင့်တံငါသည်တစ်ဦးပင်လျှင် အလွန်ခက်ခဲမည် ဖြစ်ပေသည်။
အဘိုးဟူသည် သူ၏တူဖြစ်သူအား အကြည့်တစ်ချက် ပေးလိုက်လေသည်။
ဟူလောင်ပါးသည် ချက်ချင်းပင် နားလည်သွားတော့သည်။
"ငါးတွေ ပေးစရာမလိုပါဘူး၊ ခွေးပေါက်လေး တစ်ကောင်တည်းပါ... မိတ်ဆွေဖွဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ မင်းကို ပေးပါ့မယ်..."
"ငါ့ဦးလေးက ဘာမှလုပ်စရာမရှိရင် လုံမင်မြစ်ကိုလာပြီး ငါးဖမ်းရတာကို သဘောကျတယ်... မင်းက ငါးဖမ်းတော်တဲ့သူဆိုတော့ ငါ့ဦးလေးကို လမ်းညွှန်မှုလေးတွေ ပေးနိုင်ပါတယ်..."
"အဟွတ် အဟွတ်..."
ဟူလောင်ပါး စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အဘိုးဟူသည် သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
*မင်း ကောင်းကောင်း စကားမပြောတတ်ဘူးလား၊ ခွေးကောင်... *
*လမ်းညွှန်မှုပေးတယ်ဆိုတာက ဘာသဘောလဲ... သူ့လို လူငယ်လေးတစ်ယောက်က ငါ့လို အဘိုးကြီးတစ်ယောက်ကို လမ်းညွှန်မှုပေးဖို့ မင်းက မျှော်လင့်နေတာလား…*
"ဖွဖွ... ငါ့ပါးစပ်ကိုပဲ ကြည့်ပါဦး..."
ဟူလောင်ပါးသည် သူ့ကိုယ်သူ ပါးရိုက်လိုက်လေသည်။
"လီလန် ငါ့ဦးလေးကလည်း ငါးဖမ်းရတာကို သဘောကျပြီး လုံမင်မြစ်ကို မကြာခဏ လာလည်တတ်တယ်... မင်း အားလပ်ချိန်လေးတွေရှိလို့ ငါ့ဦးလေးနဲ့ တိုက်ဆိုင်စွာ ဆုံဖြစ်ခဲ့ရင် သူ့ကို ငါးဖမ်းနည်းပညာလေးတွေ ဖလှယ်ပေးလို့ မရဘူးလား..."
ဤသည်ကမှ နားထောင်လို့ ပိုကောင်းပေသည်။
မိတ်ဆွေများကြား ဖလှယ်ခြင်း၊ ကျွမ်းကျင်သူများကြား ဆွေးနွေးခြင်းဆိုသည်မှာ မည်သည့် "
လမ်းညွှန်မှုမျိုးထက်မဆို ပိုမိုကောင်းမွန်လှပေသည်။
ဤသည်ကမှ အနေတော်ပင် ဖြစ်လေသည်။
လီလန်သည် အဘိုးဟူအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
*အဘိုး၊ ကျွန်တော့်ကို ငါးဖမ်းနည်း သင်ပေးစေချင်တယ်ဆိုရင်လည်း တိုက်ရိုက်သာ ပြောလိုက်ပါ... ဘာတွေများ ရှက်နေစရာ လိုလို့လဲ...
ကျွန်တော်က အသက်လည်း ကြီးနေပြီ၊ အရာအားလုံးကိုလည်း မြင်တွေ့ဖူးနေပြီပဲ... ငါးဖမ်းနည်း နည်းလမ်းအချို့ သင်ပေးရုံနဲ့ ဘာများ ရှက်စရာရှိလို့လဲ…*
လီလန်သည် အခြေအနေကို ရိပ်မိသော်လည်း ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပါပြီ..."
ထိုအခါမှသာ အဘိုးဟူက ကျေနပ်သွားတော့သည်။
"ရော့... ငါတို့ကြားမှာ အသက်အရွယ် ကွာဟမှုတွေ ရှိနေပေမယ့် ဒါကို ငါတို့တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်အနေနဲ့ ယူလိုက်ပါ..."
အဘိုးဟူသည် ငါးမျှားတံကို လီလန်ထံသို့ ရက်ရောစွာ ပစ်ပေးလိုက်ရာ လီလန်သည် ချက်ချင်းပင် ဖမ်းယူလိုက်လေသည်။
"ငါးမျှားတံကို ပေကျင်းမှာ ငါ့ဦးလေးက အထူးတလည် ဝယ်ထားတာ... မင်းရဲ့ သုံးပိုင်းဆက် ရှေးဟောင်းပစ္စည်းထက် အများကြီး ပိုခိုင်ခံ့တယ်..."
ဟူလောင်ပါးက ဘေးမှနေ၍ သတိပေးလိုက်လေသည်။
"ဒီငါးမျှားတံက အရမ်းတန်ဖိုးကြီးလွန်းတယ်၊ ကျွန်တော် လက်မခံနိုင်ပါဘူး..."
မြို့တော်မှ အထူးတလည် ဝယ်ယူလာသော အဆင့်မြင့်ပစ္စည်းများမှာ အလွန်တန်ဖိုးကြီးမားမည်မှာ သေချာလှပေသည်။
"မင်း ယူထားလိုက်ပါ ကောင်လေးရယ်... ငါ့ဆီမှာ ဒီလိုငါးမျှားတံမျိုး ဆယ်ချောင်းလောက် ရှိသေးတယ်..."
အဘိုးဟူက လီလန်အား မျက်စောင်းထိုး၍ ပြောလိုက်လေသည်။
လီလန်… ..*သူတို့က ချမ်းသာပြီး သြဇာအာဏာရှိတဲ့သူတွေဆိုတော့ သူတို့လုပ်ချင်တာကို လုပ်လို့ရတာပေါ့…*
"ဒါနဲ့ လီလန်၊ မင်းက ရွှမ်းရွှေရွာ မုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင်လို့ ငါ မှတ်မိတယ်၊ ဟုတ်တယ်မလား..."
ဟူလောင်ပါးက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးမြန်းလိုက်လေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော်က အခု မီးနဂါးမုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင်ပါ..."
လီလန်က ခေါင်းညိတ်ပြလိုက်လေသည်။
"အဆင်ပြေသားပဲ... မင်းတို့ ရွှမ်းရွှေရွာက တိရစ္ဆာန်အရေခွံတွေ အားလုံးကို ငါ စုဆောင်းတယ်... မင်းတို့ သားကောင်တွေ ဖမ်းမိရင် အရေခွံတွေကို ငါ့ဆီသာ ပို့လိုက်ပါ၊ ငါ ဈေးကောင်းပေးပါ့မယ်..."
ဟူလောင်ပါးသည် လီလန်အား အဘိုးဟူကို ငါးဖမ်းနည်း သင်ပေးသည့် ကျေးဇူးကို တုံ့ပြန်သည့်အနေဖြင့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။
လီလန်မှာ မှင်တက်သွားတော့သည်။ တိရစ္ဆာန်အရေခွံတွေလား။ ဤသည်မှာ အလွန်အဆင်ပြေလှပေသည်။ လွန်ခဲ့သောရက်အနည်းငယ်က သူ အမဲလိုက်ဖမ်းမိခဲ့သော တောယုန်နှင့် တောဝက်အရေခွံများကို မည်သို့လုပ်ရမည်နည်းဟု သူ စိတ်ပူနေခဲ့ခြင်း ဖြစ်လေသည်။
"အစ်ကိုလန် မြန်မြန် သဘောတူလိုက်လေ..."
ကျန်းဝေ့ကော်က တိုက်တွန်းလိုက်လေသည်။
အဘိုးဟူ၏ တိရစ္ဆာန်အရေခွံလုပ်ငန်းမှာ အလွန်ကြီးမားပြီး ၎င်းတို့ကို ဝယ်ယူရန် ဈေးကောင်းပေးနေခြင်း ဖြစ်သည်။
*လီလန် မင်းတော့ အနာဂတ်မှာ သေချာပေါက် ချမ်းသာတော့မှာပဲ…*
"ဒါဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးဟူ..."
လီလန်က ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
တစ်ဖက်လူသည် အဘိုးအို၏ မျက်နှာကို ထောက်ထား၍ သူ့အား ကူညီပေးနေခြင်းဖြစ်ကြောင်းကိုလည်း သူ သိရှိထားလေသည်။
"ရပါတယ်.. ရပါတယ်... ငါတို့အားလုံးက တောတောင်ရေမြေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ မုဆိုးတွေချည်းပါပဲ... ဒီနေ့ မင်းကို ငါကူညီပေးမယ်၊ နောင်တစ်ချိန်ကျရင်လည်း မင်းက ငါ့ကို ပြန်ကူညီပေးနိုင်တာပဲလေ..."
ဟူလောင်ပါးက ပြုံး၍ ပြောလိုက်လေသည်။
"ကဲ... အပိုစကားတွေ ပြောမနေနဲ့တော့၊ လီကောင်လေးအတွက် ခွေးပေါက်လေးတွေ သွားယူပေးလိုက်..."
အဘိုးဟူက လက်နောက်ပစ်ကာ လှည့်၍ ထွက်သွားလေသည်။
လုံမင်မြစ်နှင့် အနီးဆုံးရွာမှာ စန်းဟော့ရွာ ဖြစ်သည်။ လမ်းကြုံနေသဖြင့် လီလန်သည် အဘိုးဟူတို့နောက်သို့ လိုက်ကာ ခွေးပေါက်လေးများကို သွားယူရန် ဆုံးဖြတ်လိုက်လေသည်။
"ဝေ့ကော် မင်း ဒီနေရာမှာနေပြီး ငါးတွေကို စောင့်နေခဲ့... ငါ ခဏနေရင် ပြန်လာခဲ့မယ်..."
လီလန်က ကျန်းဝေ့ကော်၏ ပခုံးကို ပုတ်၍ မှာကြားလိုက်လေသည်။
"စိတ်မပူပါနဲ့ အစ်ကိုလန်၊ ကျွန်တော် ဘယ်မှမသွားပါဘူး..."
ကျန်းဝေ့ကော်သည် ငါးများ အပြည့်ပါသော ဂုန်နီအိတ်ပေါ်သို့ ထိုင်ချလိုက်လေသည်။
လီလန်သည် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ မလှမ်းမကမ်းတွင်ရှိနေသော စွန်းရှန်ရီနှင့် အခြားမြို့မှ ပညာတတ်လူငယ်များအား အဓိပ္ပာယ်ပါပါ အကဲခတ်ကြည့်ရှုလိုက်လေသည်။
ထို့နောက် အဘိုးဟူနှင့် ဟူလောင်ပါးတို့နောက်သို့ လိုက်ကာ စန်းဟော့ရွာဘက်သို့ ဦးတည်သွားကြလေသည်။
"ဘာလို့ အဘိုးဟူက အဲါလူငယ်လေးကို သဘောကျသွားရတာလဲ... သူ့ကို ဘယ်ခေါ်သွားတာလဲ..."
"လီလန်က တကယ်ကို ကံကောင်းတာပဲ၊ အချမ်းသာဆုံးပုဂ္ဂိုလ်ဟူရဲ့ အရှိန်အဝါကို မှီခိုခွင့်ရသွားပြီ..."
"စောစောက လီလန် ငါးဘယ်လောက်ဖမ်းမိလဲဆိုတာ မင်းတို့ မမြင်လိုက်ဘူးလား... အနည်းဆုံး ကျင်း(၁၀၀)လောက်တော့ အလေးချိန်ရှိမှာ သေချာတယ်... အဘိုးဟူက ငါးဖမ်းရတာကို ရူးသွပ်တဲ့သူဆိုတော့ သူ့ကို ငါးဖမ်းနည်းတွေ မေးမြန်းဖို့ ခေါ်သွားတာ ဖြစ်ရမယ်..."
"ဟူး... ငါ့ရဲ့ ငါးဖမ်းစွမ်းရည်က မလုံလောက်သေးဘူး... အဲ့လိုမှမဟုတ်ရင် ငါလည်း အဘိုးဟူကို ဆွဲဆောင်နိုင်ပြီး သူ့ရဲ့ မိတ်ဆွေတစ်ယောက်တောင် ဖြစ်လာနိုင်တယ်..."
"စန်းဟော့ရွာရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ ပတ်သက်မိသွားပြီဆိုတော့ လီလန်ကတော့ ချမ်းသာတော့မှာပဲ... ငါတော့ အရမ်းကို အားကျမိတယ်..."
"..."
ပတ်ဝန်းကျင်ရှိ တံငါသည်များကြားမှ ပြောဆိုဆွေးနွေးသံများကို ကြားလိုက်ရသောအခါ စွန်းရှန်ရီ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
ငွေရောင်ဆံပင်များနှင့် အဘိုးအိုကို သူ မှတ်မိလေသည်။ ထိုသူမှာ စန်းဟော့ရွာ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မြို့နယ်နှင့် ခရိုင်အတွင်းရှိ တိရစ္ဆာန်အရေခွံလုပ်ငန်းများကို ပိုင်ဆိုင်ထားသော သူဌေးကြီးတစ်ဦး ဖြစ်သည်။ သူ ရွှမ်းရွှေရွာသို့ ရောက်ရှိလာပြီး ကျေးလက်ဒေသတွင် အလုပ်လုပ်နေစဉ် ပေကျင်းရှိ သူ၏ မိသားစုထံမှ စာတစ်စောင် ရောက်လာခဲ့ကာ ဟူရွှယ်ယန်ထံသို့ အထူးတလည် သွားရောက်လည်ပတ်ရန် တောင်းဆိုခဲ့လေသည်။
စွန်းရှန်ရီသည် ဟူရွှယ်ယန်ထံသို့ သွားရောက်လည်ပတ်ခဲ့သော်လည်း အဘိုးအိုက သူ့အား တွေ့ဆုံရန် ငြင်းဆန်ခဲ့လေသည်။
သူ အပယ်ခံခဲ့ရသည်။
ဤသည်မှာ လီလန်အတွက် အဘိုးအိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း အဘိုးအိုက သူ့အား ပြုံးရွှင်စွာ စကားပြောဆိုရင်း အိမ်သို့ပင် ခေါ်ဆောင်သွားခဲ့လေပြီ။
*ဘာကြောင့် ငါကျတော့ မရရတာလဲ…*
မလှမ်းမကမ်းရှိ ဂုန်နီအိတ်ပေါ်တွင် ထိုင်နေသော ကျန်းဝေ့ကော်အား စူးရဲစွာ စိုက်ကြည့်နေသည့် စွန်းရှန်ရီ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လှပေသည်။
အခြားတစ်ဖက်တွင်မူ လီလန်သည် ဟူရွှယ်ယန်၏ အိမ်ထဲသို့ လိုက်ဝင်သွားလေသည်။
ဟူရွှယ်ယန်သည် စန်းဟော့ရွာ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သော်လည်း သူ၏အိမ်မှာ အနည်းငယ် ပိုကြီးမားပြီး ခြံဝင်းမှာ အနည်းငယ် ပိုကျယ်ဝန်းသည်မှလွဲ၍ အခြားရွာသားများ၏ အိမ်များနှင့် ကွာခြားမှု မရှိလှပေ။
လီလန် ဝင်သွားသည်နှင့် တပြိုင်နက် သူ့အား ရိုင်းစိုင်းစွာ ဟောင်နေသော ကြီးမားလှသည့် ကော့ကေးရှန်း သိုးထိန်းခွေးကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။
ကော့ကေးရှန်း သိုးထိန်းခွေးကြီး ဟောင်လိုက်သည်နှင့် တပြိုင်နက် ခြံဝင်း၏ အခြားထောင့်တစ်နေရာမှ နားစည်ကွဲမတတ် ဟောင်သံအချို့ ထွက်ပေါ်လာလေသည်။
လီလန် ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်သွားတော့သည်။
"အဲဒါတွေက..."