အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) စွန်းရှန်ရီကို လူရာမသွင်းခြင်း... ဆာတိုရှန်ရီလော
"အဖွဲ့ခေါင်းဆောင်လီ ဘယ်မှာလဲ... အဖွဲ့ခေါင်းဆောင်လီ ဘယ်မှာလဲ..."
"အဖွဲ့ခေါင်းဆောင်လီက ပညာတတ်လူငယ် ရဲဘော်တွေကို သွားရှာဖို့ တောအုပ်စိုက်ခင်းဘက် သွားတယ်လေ... အဲဒီ ပညာတတ်လူငယ်တွေက လူရိုက်ပြီး တောအုပ်စိုက်ခင်းထဲမှာ ပုန်းနေကြတယ်လို့ ကြားတယ်..."
"ဘုရားရေ... အဲ့ခွေးကောင်နှစ်ကောင် ဘယ်လိုလုပ်ပြီး ထိပ်တိုက်တွေ့သွားကြတာလဲ... ဘာဆိုးရွားတာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ..."
"..."
"ဟေ့... အဖွဲ့ခေါင်းဆောင်ဝမ်... ခင်ဗျားလည်း ဘယ်လေတိုက်လို့ ဒီနေရာသို့ ရောက်လာတာလဲ..."
"ခေါင်းဆောင်ကျိုး... တစ်ယောက်ယောက်က ကျွန်တော်တို့ရွာထဲမှာ လူလာရိုက်ပြီး လုယက်သွားလို့လေ... အဲဒါ သူတို့ကိုဖမ်းဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ခေါ်လာခဲ့ရတာပေါ့..."
"ဘယ်သူ့ကို ဖမ်းမှာလဲ... စွန်းရှန်ရီကိုလား... ခင်ဗျား တော်တော်သတ္တိကောင်းတာပဲ... သူက ပေကျင်းကလာတဲ့ ပညာတတ်လူငယ်ဟောင်းတစ်ယောက်လေ... သူ့ကို ဖမ်းရဲလို့လား..."
"ဘာလို့ မဖမ်းရဲရမှာလဲ... အဘိုးကြီးကိုယ်တိုင် ကျွန်တော့်ဆီ လာပြီး ခွင့်ပြုချက်ပေးသွားတာလေ..."
"ဘာ..."
"..."
လူအုပ်ကြီးသည် တောင်ခြေတွင် စုရုံးကာ မြက်ခင်းပြင်တောင်၏ တောင်ခါးပန်းဆီသို့ ခမ်းနားကြီးကျယ်စွာ ချီတက်သွားကြလေသည်။
မြက်ခင်းပြင်မှာ သိပ်မကြီးမားလှဘဲ တောင်ကုန်းငယ်လေးတစ်ခုသာ ဖြစ်သည်။ ရွှမ်းရွှေကွန်မြူနစ်အဖွဲ့၏ တောအုပ်စိုက်ခင်းမှာ တောင်ခါးပန်းတွင် တည်ရှိလေသည်။
"ဒုက္ခပါပဲ... ဘာဆိုးရွားတာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ..."
ရှန်းဖူကွေ့သည် တောအုပ်စိုက်ခင်း၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။ မြို့နယ်ခေါင်းဆောင်များက စွန်းရှန်ရီအား အထူးဂရုစိုက်ပေးရန် သူ့ကို တကူးတက မှာကြားထားခဲ့သည်။ ဤပေကျင်းမှ ပညာတတ်လူငယ်သည် အတော်လေး ထူးခြားသော နောက်ခံရှိလေသည်။
ရှန်းဖူကွေ့က စွန်းရှန်ရီအား သူ၏နောက်ခံမှာ မည်သို့ရှိသနည်းဟု မေးမြန်းခဲ့ဖူးသည်။ မြို့နယ်ခေါင်းဆောင်ကမူ "ခင်ဗျား သူ့ကို သေသေချာချာ ဂရုစိုက်ပေးဖို့ပဲ လိုတယ်... သူ မြို့ကို ပြန်သွားတဲ့အခါကျရင် အဖွဲ့အစည်းက ခင်ဗျားကို ကျေးဇူးဆပ်လိမ့်မယ်" ဟုသာ ပြောခဲ့လေသည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ရှန်းဖူကွေ့မှာ အံ့အားသင့်သွားခဲ့သည်။ ကျေးလက်သို့ ဆင်းလာပြီး အလုပ်လုပ်ရန် စေလွှတ်ခံရသော ဤပညာတတ်လူငယ်များသည် မြို့သို့ တကယ်ပဲ ပြန်နိုင်မည်လား။ ပညာတတ်လူငယ်တစ်ယောက်အနေဖြင့် မြို့သို့ ပြန်ရန်မှာ မလွယ်ကူလှပေ။ ယေဘုယျအားဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူ အနည်းငယ်သာလျှင် ပြန်ခွင့်ရတတ်သည်။
၁။ အလုပ်ခန့်အပ်ခြင်း။
၂။ ဖျားနာမှုကြောင့် အနားယူခြင်း။
၃။ လှုံ့ဆော်ခြင်း။
အလုပ်ခန့်အပ်ခြင်းမှာ လွယ်ကူသည်ဟု ဆိုစရာမလိုပေ။ မြို့ပေါ်ရှိ နိုင်ငံပိုင်စက်ရုံများတွင် လူအင်အား လိုအပ်နေတတ်သည်။ အကြံပြုစာ ရယူနိုင်ရန် ဩဇာလွှမ်းမိုးမှုရှိသော ခေါင်းဆောင်တစ်ဦးကို ရှာဖွေနိုင်ပြီး ထောက်ခံစာပါပါက အလုပ်လုပ်ရန် စေလွှတ်ခံရသော ကျေးလက်ဒေသမှနေ၍ မြို့ကြီးပြကြီးဆီသို့ ပြန်လည်ရောက်ရှိနိုင်ပေသည်။
ကျေးလက်သို့ စေလွှတ်ခံရပြီးနောက် နေမကောင်းဖြစ်ခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိကာ အလုပ်လုပ်နိုင်စွမ်း ဆုံးရှုံးသွားသော ပညာတတ်လူငယ်များအနေဖြင့် ဖျားနာမှုကြောင့် အနားယူရသည့် ပညာတတ်လူငယ်များအဖြစ် မြို့သို့ ပြန်နိုင်ကြောင်းကိုကား နားလည်ရ လွယ်ကူလေသည်။
ရှန်းဖူကွေ့သည် ကွန်မြူနစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ သူ၏အမြင်တွင်မူ စွန်းရှန်ရီ၌ အဆက်အသွယ်များရှိပြီး မြို့သို့ ပြန်လိုသောကြောင့် ပြောင်းရွှေ့ခံရရန် အခွင့်အလမ်း အလွန်များပြားကြောင်း တွေးမိလေသည်။ မူလနေရပ်မှ ကျေးလက်ဒေသသို့ တစ်စုံတစ်ဦးအား ပြောင်းရွှေ့ရန်အတွက် အခွင့်အာဏာအချို့ လိုအပ်ပေသည်။ လုပ်ငန်းစဉ်မှာ ရှုပ်ထွေးပြီး မပီပြင်လှသောကြောင့် သာမန်လူများအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"ဟူး..."
ရှန်းဖူကွေ့က သက်ပြင်းတစ်ချက် ချလိုက်၏။
စွန်းရှန်ရီအား တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့လျှင် သူသည် ကွန်မြူနစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေနိုင်မည် မဟုတ်တော့ပေ။
လူအုပ်ကြီးသည် တောအုပ်စိုက်ခင်းဆီသို့ လျှောက်သွားစဉ် စိုက်ခင်းထဲသို့ပင် မဝင်ရသေးခင်မှာ "အား" ဟူသော အော်ဟစ်သံများကို တစ်ခုပြီးတစ်ခု ကြားလိုက်ရလေသည်။ ရှန်းဖူကွေ့၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး သူအကြောက်ဆုံးအရာမှာ တကယ်ပင် ဖြစ်လာခဲ့ချေပြီ။
အဝေးမှကြည့်လိုက်လျှင် လီလန်က စွန်းရှန်ရီအား ဖိထားပြီး မျက်နှာကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်နေသည်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ စွန်းရှန်ရီ၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖူးရောင်နေပြီး ပါးပြင်ပေါ်တွင် သွေးကွက်များ ပြည့်နှက်နေကာ ဝက်ခေါင်းကြီးတစ်လုံးနှင့်ပင် တူနေတော့သည်။
"အား..."
"မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... နာတယ်..."
ဖြန်း…
"လီလန်... မင်းလို ခွေးကောင်... ငါ ပေကျင်းကို ပြန်ရောက်တာနဲ့ မင်းကို သတ်ပစ်မယ်..."
ဖြန်း... ဖြန်း...
"မင်း..."
ဖြန်း... ဖြန်း... ဖြန်း...
ရှန်းဖူကွေ့၊ ကျိုးလျဲ့ရှန်းနှင့် သူတို့၏လူအုပ်ကြီးမှာ ရှေ့တွင်ဖြစ်ပျက်နေသော မြင်ကွင်းကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေကြလေသည်။
"ဒါ... ဒါက... အဖွဲ့ခေါင်းဆောင်လီက အရမ်း... အရမ်းကြမ်းတမ်းလွန်းတယ်..."
ကျိုးလျဲ့ရှန်းက မျက်လုံးပြူးကာ အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။
တောအုပ်စိုက်ခင်းတစ်ခုလုံးမှာ လုံးဝကို ဖရိုဖရဲ ဖြစ်နေတော့သည်။ မလှမ်းမကမ်းတွင် မီးပုံတစ်ခုမှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးခိုးငွေ့များ ထွက်ပေါ်နေကာ လေထဲတွင် ငါးကင်နံ့များ ပြန့်လွင့်နေလေသည်။ သို့သော် သူတို့ရှေ့တွင်မူ လူအုပ်ကြီးမှာ ဟိုတစ်ယောက် ဒီတစ်ယောက် လဲကျနေကြပြီး အားလုံးမှာ မြို့မှ ပညာတတ်လူငယ်များသာ ဖြစ်ကြ၏။ သူတို့တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် ပွန်းပဲ့ဒဏ်ရာများရှိနေပြီး နှာခေါင်းနှင့် ပါးပြင်များမှာ ဖူးရောင်ကာ ဗိုက်ကို ဖက်၍ နာကျင်စွာ ညည်းတွားနေကြလေသည်။
ဤပညာတတ်လူငယ်များထဲတွင် စွန်းရှန်ရီမှာ အဆိုးရွားဆုံး ခံစားနေရသည်။
မူလက ချောမောပြီး အသားဖြူသော စွန်းရှန်ရီမှာ ပြင်းထန်စွာ ရိုက်နှက်ခံထားရသဖြင့် သူ၏ခေါင်းမှာ ဝက်ခေါင်းကြီးအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ မျက်နှာပေါ်ရှိ အင်္ဂါရပ်များမှာ စုပြုံနေပြီး မူလရုပ်ဆင်းသဏ္ဌာန်ကိုပင် မမြင်နိုင်တော့ချေ။
"ဒီလူအားလုံးက အဖွဲ့ခေါင်းဆောင်လီရဲ့ လက်ချက်တွေချည်းပဲလား..."
ဝမ်ဟုန်ရှင်းမှာ အံ့အားသင့်သွားခဲ့သည်။ ဤလူများသည် ကလောင်ကိုင်၍ မင်သောက်ခဲ့ကြသော ပညာတတ်လူငယ်များ ဖြစ်သော်ငြားလည်း သူတို့သည် အရွယ်ရောက်ပြီးသော အမျိုးသားများဖြစ်ကြပြီး အရေအတွက်အားဖြင့်လည်း အတော်လေး များပြားလှပေသည်။ စွန်းရှန်ရီ အပါအဝင်ဆိုလျှင် စုစုပေါင်း ခုနစ်ယောက်တိတိ ရှိလေသည်။
ခုနစ်ယောက်စလုံးမှာ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေကြသည်ကို တွေ့ရသည်။ ဤခုနစ်ယောက်စလုံးကို လီလန်က အနိုင်ယူခဲ့သည်လော။ အဖွဲ့ခေါင်းဆောင် လီလန်က လူခုနစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ပေါ့။
ဝမ်ဟုန်ရှင်းသည် အံ့အားသင့်နေသော မျက်နှာဖြင့် အရပ်ရှည်ရှည် ထိုလူကို ကြည့်လိုက်မိသည်။ မနေ့က အလေးချိန် ကျင်း (၆၀၀)ကျော်ရှိသော တောဝက်ကြီးတစ်ကောင်ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့သည့် လီလန်၏ ဒဏ္ဍာရီဆန်ဆန် စွမ်းဆောင်ရည်ကို သူ ကြားဖူးသော်လည်း ယခုလို မျက်မြင်ကိုယ်တွေ့ မြင်ရသည်မှာ ပို၍ ယုံကြည်စရာ ကောင်းနေလေသည်။ လူတစ်ယောက်တည်းက လူခုနစ်ယောက်ကို ရင်ဆိုင်နိုင်သည်ဆိုသည်မှာ တကယ့်ကို အံ့မခန်းပင် ဖြစ်သည်။
[ဒင်... ဝမ်ဟုန်ရှင်း၏ နှစ်သက်ခြင်းအမှတ်+၁၀၀…]
[ဒင်... ဝမ်ဟုန်ရှင်း၏ နှစ်သက်ခြင်းအမှတ်+၁၀၀…]
ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝမ်ဟုန်ရှင်းသည် လက်နက်မဲ့တိုက်ခိုက်ရေးတွင် အတော်လေး ကျွမ်းကျင်ပြီး သေနတ်ပစ်လည်း ကောင်းမွန်သူတစ်ဦး ဖြစ်သည်။ သို့သော် သူက လူခုနစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်ဆိုလျှင်တောင် သေချာပေါက် ဒဏ်ရာအချို့ ရရှိမည်ဖြစ်ကြောင်း သူ့ကိုယ်သူ မေးခွန်းထုတ်မိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤပညာတတ်လူငယ်များအားလုံးတွင် လက်နက်များရှိကြပြီး စွန်းရှန်ရီတွင် ဆွစ်ဇာလန်စစ်သုံးဓားတစ်ချောင်းပင် ရှိနေသေးသည် မဟုတ်ပါလော။
"အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို အံ့မခန်းပဲ..."
လီလန်၏ အရပ်ရှည်ရှည်ကို ကြည့်ရင်း ဝမ်ဟုန်ရှင်းမှာ တိတ်တဆိတ် လေးစားသွားမိလေသည်။
"ဟူး..."
သူ၏စိုးရိမ်မှုများ တကယ်ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ ရှန်းဖူကွေ့မှာ ခါးသက်သော ဆေးဖက်ဝင်အပင်များကို မြိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခံစားရခက်မှုကို ဖော်ပြရန် စကားလုံးပင် မရှိတော့ချေ။
လီလန်သည် ဆက်ဆံရေးနှင့် သစ္စာတရားကို တန်ဖိုးထားတတ်သူဖြစ်ကြောင်း သူသိထားပြီး ကျန်းဝေ့ကော်အား စွန်းရှန်ရီနှင့် သူ၏လူများက ရိုက်နှက်ခဲ့သောကြောင့် လီလန်သည် စွန်းရှန်ရီအပေါ် သေချာပေါက် လက်စားချေမည်ဖြစ်သည်။ နှစ်ဖက်စလုံးတွင် ရန်ငြိုးရန်စများရှိနေပြီး သူသည် ဤပြဿနာကို ဖြေရှင်းရန်၊ ပြဿနာကြီးကို အသေးအဖွဲဖြစ်အောင် ပြောင်းလဲရန်နှင့် အရာအားလုံးကို အေးချမ်းစွာ ဖြေရှင်းရန် အထူးတလည် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် အချိန်နှောင်းသွားချေပြီ။
လီလန်၏ တိုက်ခိုက်မှုများမှာ ရက်စက်ပြီး ကရုဏာကင်းမဲ့လှသည်။ သူသည် မြို့မှ ပညာတတ်လူငယ်အားလုံးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး စွန်းရှန်ရီမှာမူ လူနှင့် တိရစ္ဆာန်ပင် ခွဲခြားမရလောက်အောင် ရိုက်နှက်ခံထားရကာ သူ၏မျက်နှာမှာ ဝက်ခေါင်းကြီးကဲ့သို့ ဖူးရောင်နေပြီး အကောင်းပကတိဖြစ်နေသော အသားတစ်စပင် မကျန်တော့ချေ။
"ထားလိုက်ပါတော့... ဖြစ်ပြီးတဲ့ကိစ္စလည်း ပြီးသွားပြီပဲ... ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ စဉ်းစားကြတာပေါ့..."
စွန်းရှန်ရီ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း ရှန်းဖူကွေ့မှာ ရင်နာမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရလေသည်။
"ဝါး... အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို အံ့မခန်းပဲ..."
"သူက စွန်းရှန်ရီကိုတောင် ရိုက်ရဲတယ်ပေါ့..."
"ယွီရှု... ကြည့်စမ်း... ဟိုစိတ်ပျက်စရာကောင်းတဲ့ စွန်းရှန်ရီဆိုတဲ့ကောင်ကို အဖွဲ့ခေါင်းဆောင်လီက သေလောက်အောင် ရိုက်နေတာ..."
"ဟုတ်တယ်... ဟုတ်တယ်... အဖွဲ့ခေါင်းဆောင်လီ... သူ့ကို ပိုပြင်းပြင်းလေး ရိုက်လိုက်... သူ့မျက်နှာကို ပြင်းပြင်းလေး ရိုက်လိုက်... ဘယ်ဘက်ကို ရိုက်... ပြီးရင် ညာဘက်ကို ရိုက်... ပိုပြင်းပြင်းလေး..."
"အဲဒါ အရမ်းကောင်းတာပဲ... အဲဒီခွေးကောင်ကို ငါကိုယ်တိုင် ပါးချင်လာအောင် ယားနေပြီ..."
တုံယွီရှု…
"အစ်မအန်းနာ... နည်းနည်းလောက် ထိန်းပါဦး... အစ်မက အမျိုးသမီးတစ်ယောက်လေ..."
လုအန်းနာတစ်ယောက် လက်သီးများကို ဆုပ်ကာ ဘယ်ညာ လွှဲယမ်းရင်း အံကြိတ်ကာ အကြမ်းဖက်သမားတစ်ဦးကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ တုံယွီရှုမှာ အံ့အားသင့်သွားလေသည်။ အန်းနာက ဘယ်လိုလုပ်ပြီး ဤသို့သော အကျင့်မျိုး ရှိနေရတာလဲ။
သူက ကခုန်ခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို တတ်ကျွမ်းသော ပညာတတ်မိသားစုမှ တိတ်ဆိတ်ပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦး မဟုတ်ဘူးလား။ ဘာလို့ ရွာထဲက မုဆိုးတွေလို အကြမ်းဖက်မှုကို ကိုးကွယ်နေရတာလဲ။ တုံယွီရှုမှာ ဆွံ့အသွားတော့သည်။
"ယွီရှု... စွန်းရှန်ရီက ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလဲဆိုတာ နင်မှမသိတာ... သူ့ကို ငါမကြိုက်ဘူးလို့ အကြိမ်ရာနဲ့ချီပြီး ပြောပြီးပြီ... ဒါပေမဲ့ သူက ငါ့ကို အနှောင့်အယှက်ပေးနေတုန်းပဲ... တကယ့်ကို စိတ်ပျက်စရာကောင်းတာ..."
"သူက အရမ်းရိုင်းစိုင်းတယ်... စကားပြောရင်လည်း လူမိုက်တစ်ယောက်လိုပဲ... လုပ်ရပ်တွေကလည်း ရွံစရာကောင်းတယ်..."
"အစ်ကိုလီက ဒီနေ့ အဲ့ခွေးကောင် စွန်းရှန်ရီကို ဝက်ခေါင်းကြီးဖြစ်သွားတဲ့အထိ ရိုက်နှက်လိုက်တာက ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ပေးလိုက်တာနဲ့ အတူတူပဲ..."
"စွန်းရှန်ရီက တကယ့် လူယုတ်မာပဲ... သူက ပညာပေးခံရဖို့ ထိုက်တန်တယ်..."
"လုပ်ပါ... အစ်ကိုလီ... သူ့ကို ရိုက်လိုက်... ပိုပြင်းပြင်းလေး ရိုက်လိုက်... ပိုပြင်းပြင်းလေး ထုလိုက်..."
လုအန်းနာသည် ဘေးမှနေ၍ လီလန်အတွက် အားပေးနေလေသည်။
[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀…]
[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀…]
လုအန်းနာ ရောက်လာသည်ကို မြင်သောအခါ လီလန်သည် စွန်းရှန်ရီအား မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်လေသည်။ စွန်းရှန်ရီသည် သူသဘောကျသော ပညာတတ်အမျိုးသမီးလေးက သူ၏ရန်သူကို အားပေးနေပြီး သူ့ကို ရိုက်နှက်ရာတွင်ပင် ရန်သူကို ထောက်ခံနေကြောင်း ကြားလိုက်ရသောအခါ သူ၏စိတ်ထဲတွင် ဗလာဟင်းလင်းဖြစ်သွားပြီး လုံးဝကို အသိစိတ်လွတ်သွားတော့သည်။
သူ၏ စိတ်ပျက်အားငယ်နေသော အခြေအနေကို မြင်လိုက်ရသောအခါ လီလန်သည် ခေါင်းမခါဘဲ မနေနိုင်တော့ချေ။
ဤကောင်လေးက ဘယ်လို ယုတ်မာတဲ့ အလုပ်မျိုးကို လုပ်ခဲ့လို့ ဤမျှလောက်တောင် အမုန်းခံနေရတာလဲ။ တောအုပ်စိုက်ခင်းသို့ ရောက်လာသော လူအုပ်ကြီးထဲတွင် သူ့ကို တားဆီးရန် အစပြုသူ အလွန်နည်းပါးလှပေသည်။
*မင်းတို့သာ အမြန်မတားဘူးဆိုရင် ငါ တကယ်ပဲ ဒီခွေးကောင်ကို သေတဲ့အထိ ရိုက်မိတော့မှာ…*
"အစ်ကိုလီ... မရပ်လိုက်နဲ့... ဆက်လုပ်..."
"ဒီလူက မျိုးမစစ်... သူက လူယုတ်မာဂျပန်စုတ်ပဲ.."
လုအန်းနာက အဝေးမှ အော်ပြောလိုက်လေသည်။
"ဟင်..."