← Chapters

ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချခြင်း

Vol. 15 Ch. 153

ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချခြင်း

Vol. 15 Ch. 153

မုတ်ဆိတ်ဖြူ...။

ချူကျန့်သည် လျန်တူမြို့ကို အုပ်ချုပ်ခဲ့သည်မှာ ဆယ်ရက်နီးပါး ရှိခဲ့ပြီ ဖြစ်ရာ ဆွေ့ကျိုးနယ်တစ်ခွင်မှ သတင်းအချက်အလက် အမျိုးမျိုးမှာ သူ၏လက်ထဲတွင် စုဝေးနေသည်။ ထိုသတင်းများထဲတွင် သူ အလေးအနက်ဆုံး ထားရှိသည်မှာ မြန်ဆန်လွန်းပြီး ဖျက်ဆီးအား ကြီးမားလှသော အရှေ့ပင်လယ် မဟာမိတ်အဖွဲ့ ပင် ဖြစ်၏။

အရှေ့ပင်လယ် မဟာမိတ်အဖွဲ့ကို ခီတန်မြင်းတပ်နှင့် ဟန်လူမျိုး ဓားပြများဖြင့် တစ်ဝက်စီ စုဖွဲ့ထားခြင်း ဖြစ်၏။ အဖွဲ့ခေါင်းဆောင် ခူကဲ ကို သူကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့သော်လည်း ဒုတိယခေါင်းဆောင် မုတ်ဆိတ်ဖြူနှင့် အဓိက အင်အားစုဖြစ်သော မြင်းစီးဓားပြ တစ်ထောင်ကျော်မှာမူ ကျန်ရှိနေဆဲ ဖြစ်သည်။ မုတ်ဆိတ်ဖြူသည် ခူကဲထက် မလျော့သော ရက်စက်ကြမ်းကြုတ်မှု ရှိသည့်အပြင် အလွန်တရာ ကောက်ကျစ်စဉ်းစားတတ်သူ ဖြစ်သဖြင့် အစ်မရန် ကပင် သူ့ကို အရှေ့ပင်လယ် မဟာမိတ်အဖွဲ့၏ ဦးနှောက်ဟု တင်စားခဲ့ဖူး၏။

ယခုအချိန်မှာ နေဝင်ရီတရော အချိန်ဖြစ်ရာ ခရီးသွားယာဉ်တန်းများ ပင်ပန်းနွမ်းနယ်နေချိန်လည်း ဖြစ်သည်။ မုတ်ဆိတ်ဖြူသည် ဤအချိန်ကို ရွေးချယ်ကာ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ခြင်းမှာ အချိန်အခါကို ပါးရည်နပ်ရည် ရှိရှိ အသုံးချတတ်ခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ချူကျန့်သည် ကင်းထောက်များကို ရှေ့ပြေးစေလွှတ်ခဲ့သဖြင့် မုတ်ဆိတ်ဖြူ၏ ဓားပြအဖွဲ့ကို ကြိုတင်သိရှိခဲ့ရခြင်း ဖြစ်၏။ မဟုတ်ပါက သူတို့အားလုံးမှာ ဘာမှမသိလိုက်ရဘဲ ဝိုင်းရံချေမှုန်းခံရပေလိမ့်မည်။ ရန်သူ့သတင်းကို ကြားလိုက်ရသည်နှင့် ယာဉ်တန်းရှိ ကိုယ်ရံတော် အယောက်နှစ်ဆယ်စလုံးမှာ တင်းမာသွားကြတော့၏။ သူတို့သည် ချူကျန့်၏ အမိန့်ကိုပင် မစောင့်တော့ဘဲ လက်နက်များကို ဆွဲထုတ်ကာ အသင့်အနေအထား ပြင်လိုက်ကြ၏။

ချူကျန့်က ရှေ့သို့ လျင်မြန်စွာ တိုးသွားပြီး ဒဏ်ရာရလာသော ကိုယ်ရံတော်၏ ပခုံးမှ မြှားကို ဆွဲထုတ်ကာ ဆေးထည့်၍ ပတ်တီးစည်းပေးလိုက်၏။

"စိတ်မပူကြနဲ့... မြှားထိပ်မှာ အဆိပ်မပါဘူး... အရိုးလည်း မထိထားဘူး... တစ်ပတ်၊ ဆယ်ရက်လောက်ဆိုရင် ပျောက်သွားမှာပါ... ကျူးချွမ်... ကျန်တဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို မြန်မြန် ပတ်တီးစည်းပေးလိုက်ဦး..."

ကင်းထောက် သုံးဦးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြပြီး ရှေ့ဆုံးမှ တစ်ဦးက လေသံအကျယ်ကြီးဖြင့် ပြောလိုက်၏။

"စစ်သူကြီးချူ... ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့... တိုက်ပွဲအတွက် အမြန်ပြင်ရအောင်..."

ချူကျန့်၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း သူသည် ဤယာဉ်တန်းတစ်ခုလုံး၏ အဓိက ကျောရိုးဖြစ်နေသဖြင့် ပျာယာခတ်၍ မဖြစ်ကြောင်း ကောင်းစွာ သိထားသည်။ သူက ခပ်ပြုံးပြုံးဖြင့်ပင် ပြန်ပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး... ဒီလို ဓားပြ တစ်ထောင်လောက်က အရေးမကြီးပါဘူး..."

ထင်သည့်အတိုင်းပင် သူ၏ တည်ငြိမ်သော အမူအရာကြောင့် ကိုယ်ရံတော်များမှာ စိတ်အေးသွားကြတော့သည်။ စစ်သူကြီးချူ၏ အတိတ်က စွမ်းဆောင်ရည်များကို ပြန်လည် မြင်ယောင်လာကြပြီး သူတို့၏ သတ္တိနှင့် ယုံကြည်မှုများမှာ တစ်ဟုန်ထိုး တိုးတက် လာ၏။

ကိုယ်ရံတော်များကို ပတ်တီးစည်းပေးပြီးနောက် ချူကျန့်က မေးလိုက်၏။

"ဓားပြတွေ ဒီကိုရောက်ဖို့ ဘယ်လောက် လိုသေးလဲ..."

"ကျွန်တော်တို့ သူတို့ရဲ့ ကင်းထောက်တွေနဲ့ တိုက်ခဲ့တာပါ... သူတို့ရဲ့ အဓိက တပ်ဖွဲ့ကတော့ အနောက်မှာ ကျန်နေသေးတယ်... နောက်ထပ် နာရီဝက်လောက်ဆိုရင် ကျွန်တော်တို့ကို ဝိုင်းမိနိုင်ပါတယ်..."

နာရီဝက်... ၎င်းမှာ သူ တောင်ကုန်းပေါ်မှ ခန့်မှန်းထားသည့် အချိန်နှင့် အတော်လေး နီးစပ်သည်။

နှစ်ဖက်စလုံး၏ အင်အားမှာ များစွာ ကွာဟလှသည့်အပြင် ဤနေရာတွင် ကာကွယ်ရန် မြို့ရိုးလည်း မရှိချေ။ တစ်ခုတည်းသော အားသာချက်မှာ ဤတောင်ကုန်းလေးဖြစ်သော်လည်း ဓားပြများ၏ တစ်ချက်တည်းသော ထိုးစစ်ကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ ထိပ်တိုက်ရင်ဆိုင်ရန်မှာ လုံးဝ မျှော်လင့်ချက် မရှိသော ကိစ္စပင်။ ဝမ်ယွိယန်း နှင့် အားပိ တို့မှာလည်း ဤယာဉ်တန်းတွင် ပါဝင်နေသည်။ သူသည် ထိုမိန်းကလေးနှစ်ဦးကို ကြီးမားသော ကျေးဇူးကြွေး တင်ရှိထားသဖြင့် သူတို့အား ဓားပြများလက်ထဲသို့ အရောက်မခံနိုင်ပေ။

ထိုသို့ တွေးမိပြီးနောက် ချူကျန့်က ယတိပြတ် အမိန့်ပေးလိုက်တော့၏။

"ကျူးချွမ်... မင်း ယာဉ်တန်းကို တောင်ဘက်ဆီ ဦးဆောင်ပြီး လိုက်ပို့ပေးလိုက်... ကျန်တဲ့သူတွေကတော့ ဒီတောင်ကုန်းတွေပေါ်မှာ ထောင်ချောက်တွေ ဆင်ထားကြ... ပြီးရင်တော့ မင်းတို့လည်း ဆုတ်ခွာကြတော့... ငါကတော့ အနောက်ကနေ တောင့်ခံထားပေးမယ်... တကယ်လို့ ငါတို့ ပြန်မဆုံဖြစ်ခဲ့ရင် လေ့ကုတောင်က ဆွံ့အနားမကြား တောင်ကြားမှာပဲ စောင့်နေကြတော့..."

ကျူးချွမ်မှာ အလွန် ထိတ်လန့်သွား၏။

"စစ်သူကြီးချူ... ခင်ဗျားက လျန်တူမြို့ရဲ့ အရှင်သခင်လေ... ဘယ်လိုလုပ် အသက်အန္တရာယ်ကို ဒီလိုမျိုး ရင်ဆိုင်နိုင်မှာလဲ..."

"ဒါဟာ အမိန့်ပဲ... မင်းတို့ သခင်မလေးဝမ် နဲ့ သခင်မလေးအားပိ ကို အသက်ပေးပြီး ကာကွယ်ရမယ်..."

ချူကျန့်၏ မျက်နှာမှာ တည်ကြည်လေးနက် နေသည်။ သူသည် လီဝမ်ရှို့ကို ကာကွယ်ရန် စကားထဲတွင် ထည့်မပြောခဲ့ချေ။ လီဝမ်ရှို့၏ အတွင်းအားနဲ့ သိုင်းပညာ မှာ ဤကိုယ်ရံတော်များထက် များစွာ သာလွန်သဖြင့် သူမအတွက် စိုးရိမ်ရန် မလိုသောကြောင့်ပင်။

"နားလည်ပါပြီ..."

ကိုယ်ရံတော်များမှာ ချူကျန့် ဤမျှအထိ လေးနက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ဆက်လက် မတားဆီးရဲတော့ဘဲ ဦးညွှတ်ကာ အမိန့်ကို နာခံလိုက်ကြတော့သည်။ စိတ်ဓာတ်များ အနည်းငယ် ကျဆင်းနေသည်ကို မြင်သောအခါ ချူကျန့်က ဟားတိုက် ရယ်မောလိုက်၏။

"ငါ့အတွက် စိတ်မပူကြနဲ့... ဒီလို ဓားပြ တစ်ထောင်လောက်ကို ငါက အမှုမထားပါဘူး... မင်းတို့ ငါ့ကို မယုံကြဘူးလား..."

သူ၏ မျက်လုံးများထဲမှ ယုံကြည်မှုများကို မြင်ရသောအခါ ကိုယ်ရံတော်များမှာလည်း လိုက်ပါ၍ စိတ်ဓာတ်များ တက်ကြွလာကြတော့၏။ ဤတစ်ကြိမ်တွင်မူ သူတို့အားလုံး ညာသံပေးကာ အမိန့်ကို နာခံလိုက်ကြ၏။

ချူကျန့်သည် ဘေးနားရှိ လီဝမ်ရှို့ကို တစ်ချက် ကြည့်လိုက်ပြီး မြင်းအုပ်အနားသို့ သွားကာ မြင်းကောင်းတစ်ကောင်ကို ဆွဲထုတ်၍ သူမထံ ကမ်းပေးလိုက်၏။

"အခု အခြေအနေက အရမ်း အရေးကြီးနေပြီ... မကြိုက်ဘူး ဆိုတဲ့ စကားကို ထပ်မပြောနဲ့တော့..."

ခရီးမထွက်မီ ရက်အနည်းငယ်က သူမစီးသော မြင်းဖြူလေးမှာ အိုမင်းနေပြီဖြစ်သဖြင့် မြန်မြန် မပြေးနိုင်ကြောင်း ချူကျန့် သတိထားမိခဲ့သည်။ ထို့ကြောင့် မြင်းကောင်းတစ်ကောင် လဲလှယ်ပေးရန် ပြောခဲ့သော်လည်း ထိုကောင်မလေးက အလွန် ခေါင်းမာလှ၏။ သူမက "ရှင်ရွေးပေးတဲ့ မြင်းက တကယ့်ကို ကောင်းပါတယ်... ဒါပေမဲ့ ကျွန်မ မကြိုက်ဘူး..." ဟု ပြောကာ ငြင်းပယ်ခဲ့ဖူးသည်။

သို့သော် ယခုအချိန်မှာ သူမ၏ စိတ်ကူးယဉ်မှုများကို လိုက်လျောနေရမည့် အချိန် မဟုတ်တော့ချေ။ ဓားပြများမှာ အနောက်မှ သည်းသည်းမည်းမည်း ခြေရာခံလိုက်လာ နေပြီဖြစ်ရာ လီဝမ်ရှို့ အနေဖြင့် ထိုမြင်းဖြူအိုကြီးနှင့် ဆိုပါက လွတ်မြောက်ရန် လုံးဝ မျှော်လင့်ချက် မရှိပေ။ ခရီးတွင်စေရန်အတွက် ချူကျန့်သည် ကိုယ်ရံတော် တစ်ဦးစီကို မြင်းနှစ်ကောင်စီ ပေးထားခဲ့သလို ယွီဝန်ဝူတ်ိ ထံမှ သိမ်းဆည်းရမိသော မြင်းကောင်းများလည်း ပါဝင်သည်။ ယခု သူ ဆွဲလာသော မြင်းနီကြီးမှာ ယွီဝန်ဝူတီ၏ မြင်းဖြူလောက် မခန့်ညားသော်လည်း ထိပ်တန်း မြင်းကောင်း တစ်ကောင်ပင် ဖြစ်သည်။

"ကျွန်မ..."

ချူကျန့်က လီဝမ်ရှို့၏ စကားကို ဖြတ်ပြောလိုက်၏။

"မင်း ဒါကို လက်မခံရင် မင်းရဲ့ မြင်းဖြူအိုကြီးကို ငါ အခုပဲ ခုတ်သတ်ပစ်မယ်... ပြီးတော့ မင်းကို ဒီမြင်းကောင်းပေးရတာက ယာဉ်တန်း ဆုတ်ခွာတဲ့အခါမှာ မင်းက ကာကွယ်ပေးနိုင်ဖို့အတွက်ပဲ..."

လီဝမ်ရှို့သည် နောက်ဆုံးတွင်မှ မြင်းနီကြီးပေါ်သို့ တက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"သတိထားပါဦး..."

"စိတ်မပူနဲ့... ငါ့မြင်းက မင်းမြင်းထက်တောင် ပိုကောင်းသေးတယ်... အခြေအနေ တကယ် ဆိုးလာရင်တောင် အဲဒီ ဓားပြတွေ ငါ့ကို မမှီနိုင်ပါဘူး..."

ချူကျန့်က ပြုံးကာ "လေအဟုန်" ဟု အမည်ရသော သူ၏ မြင်းကောင်းပေါ်သို့ ခုန်တက်လိုက်၏။ သူသည် လူအများ အာရုံစိုက်ခံရမှာ စိုးသဖြင့် ဤမြင်းကို အရင်က သိပ်မစီးခဲ့သော်လည်း ယခု အခြေအနေမှာ အလွန် အရေးကြီးနေပြီ ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချကာ ဓားပြများကို မျှားထုတ်ရန်အတွက် သူ၏ "လေအဟုန်" ကို စစ်မြေပြင်သို့ ပြန်လည် ခေါ်ဆောင်လာရတော့မည်။

"အားလုံးပဲ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ... ငါ ဓားပြတွေကို နှိမ်နင်းပြီးရင် မင်းတို့နောက်ကို ချက်ချင်း လိုက်လာခဲ့မယ်..."

ချူကျန့်က လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်ပြီး အနောက်တပ်ဖွဲ့ကို ချက်ချင်း ထွက်ခွာရန် အမိန့်ပေးလိုက်၏။ ယာဉ်တန်းမှာ တစ်ဟုန်ထိုး ထွက်ခွာသွားတော့သည်။ ကိုယ်ရံတော်များ၊ လီဝမ်ရှို့ နှင့် ရထားလုံးထဲမှ ဝမ်ယွိယန်း နှင့် အားပိ တို့မှာ လမ်းမအလယ်တွင် မြင်းပေါ်၌ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သော ချူကျန့်ကို လှည့်ကြည့်ရင်း မျက်ရည်များ ဝဲနေကြ၏။

စစ်သူကြီးချူသည် သိုင်းပညာ အလွန်တော်သော်လည်း ရက်စက်လှသော ဓားပြ တစ်ထောင်ကျော်ကို ရင်ဆိုင်ရမည်မှာ မည်မျှ အန္တရာယ်ကြီးကြောင်း အားလုံး သိထားကြသည်။ ဓားမိုး မြှားမိုးကြားတွင် မတော်တဆမှု ဆိုသည်မှာ မည်သူမျှ မခန့်မှန်းနိုင်သည် မဟုတ်လော။ လီဝမ်ရှို့သည် ယခင်က တိယန် လူမျိုးစုကြားတွင် သူမ မည်မျှအထိ အတွေးအခေါ် ကျဉ်းမြောင်းခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားတော့၏။ သူရဲကောင်းများစွာမှာ လောကကြီးအတွက် အသက်စွန့်နေကြချိန်တွင် သူမမှာမူ အတိတ်က အမှတ်တရများနှင့် စိတ်ကူးယဉ်မှုများထဲတွင်သာ နစ်မွန်းနေခဲ့သည်မှာ တကယ့်ကို ရယ်စရာပင်။

"စိတ်မပူပါနဲ့ အစ်ကိုချူ... ကျွန်မ ရှိနေသရွေ့တော့ ရထားလုံးထဲက အမျိုးသမီး နှစ်ယောက်ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်စေရပါဘူး..."

လီဝမ်ရှို့သည် မြင်းကုန်းနှီးဘေးမှ ကြယ်ပျံသံတူရွင်းကို ကိုင်ကာ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လွင်နေလေတော့သည်။

...

ယာဉ်တန်း ထွက်ခွာသွားပြီးနောက် ချူကျန့်လည်း အလုပ်စတော့၏။ သူသည် ကျန်ရှိသော ကိုယ်ရံတော်များကို ဦးဆောင်ကာ တောင်ကုန်းလေးပေါ်သို့ တက်လိုက်သည်။ ပထမဆုံး အနေဖြင့် "ချူ" ဟု စာလုံးပါသော အလံကြီးကို လွှင့်ထူလိုက်၏။ ထို့နောက် တောင်ကုန်းသို့ တက်ရာ လမ်းတစ်လျှောက်တွင် ထောင်ချောက်များနှင့် လျှော်ကြိုးများကို နေရာအနှံ့ ဆင်ထားစေပြီး အချက်အချာကျသော နေရာများတွင် ဟင်းသီးဟင်းရွက်ဆီများကို လောင်းထည့်ထားစေ၏။

သူကိုယ်တိုင်မှာမူ တောင်ကုန်းထိပ်တွင် ရပ်လျက် ခုခံရေးအတွက် ပြင်ဆင်နေသလို အရေးကြီးဆုံးဖြစ်သော ကင်းထောက်ခြင်း အလုပ်ကိုလည်း လုပ်ဆောင်နေသည်။ လေများ မြည်ဟိန်းသံပေး၍ တရကြမ်းတိုက်ခတ် နေပြီး ပတ်ဝန်းကျင်ရှိ တောအုပ်မှာလည်း တုန်လှုပ်နေ၏။ တစ်ခါတစ်ရံတွင် ငှက်များ လန့်ဖျန့်ပျံတက်လာသလို တောရိုင်းတိရစ္ဆာန်များ၏ အော်ဟိန်းသံများကိုလည်း ကြားနေရ၏။

ထောင်ချောက်များ ဆင်ပြီးသွားချိန်တွင် ဓားပြများမှာ အလွန် နီးကပ်နေပြီဖြစ်ကြောင်း ချူကျန့် ခန့်မှန်းလိုက်မိ၏။ သူသည် ယာဉ်တန်းအတွက် စိုးရိမ်နေသော်လည်း အချိန်အများကြီး မရတော့ချေ။ သူသည် ကိုယ်ရံတော်များကို စုရုံးကာ အမိန့်ပေးလိုက်၏။

"မင်းတို့ အခုချက်ချင်း ဆုတ်ခွာပြီး ယာဉ်တန်းနောက်ကို လိုက်ကြတော့... ပြီးရင် အတူတူ ကာကွယ်ကြ... လမ်းတစ်လျှောက်မှာလည်း ဓားပြတွေ လိုက်လာတာ နှောင့်နှေးအောင် ထောင်ချောက်တွေ တစ်ခုပြီးတစ်ခု ဆင်ထားခဲ့ကြဦး..."

ကိုယ်ရံတော်များ ထွက်ခွာသွားပြီးနောက် ချူကျန့်သည် အလံကြီးအနားတွင် မြင်းစီးလျက် ရပ်နေလိုက်၏။ သူသည် သူ၏ အကောင်းဆုံး ပစ္စည်းများဖြစ်သော "ချန်လန်ရှောင်ယောင် ဝတ်ရုံ" ကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း "မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို" နှင့် "မီးတောက်ပြာ လောင်ကျွမ်း ဓား" တို့ကို ချိတ်ဆွဲထား၏။ ဂိမ်းထဲမှ ပစ္စည်းများ၏ အလင်းရောင်မှာ တောက်ပလှရာ ချူကျန့်၏ ပတ်ဝန်းကျင်တွင် မှိန်ပျပျ အလင်းရောင်များ ဝန်းရံနေသဖြင့် ကြည့်ရသည်မှာ တကယ့်ကို ခန့်ညားထည်ဝါလှသည်။

ချူကျန့်သည် မိမိကိုယ်ကို မမြင်ရသော်လည်း မည်မျှအထိ ထင်ရှားနေမည်ကို ခန့်မှန်းနိုင်သည်။ ဤသည်မှာ ဂိမ်းထဲသို့ ရောက်ရှိလာကတည်းက သူ အထင်ရှားဆုံးသော အနေအထားပင် ဖြစ်ပေလိမ့်မည်။ သူသည် သိုသိုသိပ်သိပ် နေလိုသော်လည်း ယခု အခြေအနေက ထိုသို့ ခွင့်မပြုတော့ချေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချကာ ဤဓားပြ တစ်ထောင်ကျော်ကို အနည်းဆုံး တစ်နာရီခန့် ဟန့်တားထားနိုင်မှသာ ဝမ်ယွိယန်း တို့ လွတ်မြောက်နိုင်မည် ဖြစ်သည်။

‘အင်း... ကျေးဇူးကြွေးဆိုတာ တကယ်ကို မတင်သင့်တဲ့ အရာပဲ…’

ချူကျန့်က သက်ပြင်းတစ်ချက် ချလိုက်ရင်း သူ၏ နဖူးကို ပွတ်သပ်လိုက်မိ၏။

All Chapters