ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာ (၁)
Vol. 65 Ch. 1066
စူပါဦးနှောက်၏ အလင်းတန်းများ လင်းလက်သွားပြီး မရေတွက်နိုင်သော သတင်းအချက်အလက်စီးကြောင်းများသည် အပြာရောင်ရေတံခွန်ကြီးတစ်ခုအသွင်ပေါင်းစည်းသွားလေသည်။ ၎င်း၏ အသံမှာလည်း ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး၏ ငြင်းပယ်ရန်မစွမ်းသာသော ခေါင်းလောင်းသံကဲ့သို့ ထွက်ပေါ်လာခဲ့၏။
“ကုဒ်နံပါတ် ၁၈၂၀၁၁၂၈၊၊ သင့်ရဲ့သီအိုရီဟာ အရင်းအမြစ်တွေရှားပါးပြီး ကုန်ထုတ်စွမ်းအားနိမ့်ကျတဲ့အပြင် အကြမ်းဖက်ပဋိပက္ခတွေ ပြည့်နှက်နေတဲ့ ခေတ်ကာလတစ်ခုကနေ မြစ်ဖျားခံလာတာဖြစ်တယ်။ သင့်ရဲ့ပုံစံတူတွက်ချက်မှုဟာ အင်ထရိုပီနိမ့်ကျပြီး ဒေသတွင်းပဋိပက္ခဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်မျိုးမှာတော့ အရေးပါနိုင်လိမ့်မယ်။ ဒါပေမဲ့ ဂလက်ဆီအဆင့်အရင်းအမြစ်တွေ ကုန်ခမ်းတာနဲ့ ယဉ်ကျေးမှုရှင်သန်ရေးဆိုတဲ့ နောက်ဆုံးစိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အဲ့အရာရဲ့ သေစေနိုင်တဲ့ အားနည်းချက်တွေနဲ့ ထိရောက်မှုမရှိပုံတွေက ပေါ်လွင်လာတာပဲ”
“လူမှုလူတန်းစားနဲ့ ပတ်သက်ပြီးတော့ သင်က ဉာဏ်ရည်ခွဲခြားမှုကို လူတန်းစားခွဲခြားမှုလို့ ပြောတာလား။ ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ ကွာခြားချက်တွေကို ရောထွေးပစ်လိုက်တာပဲ။ လူတန်းစားရဲ့ အခြေခံပဋိပက္ခဆိုတာ ကုန်ထုတ်အရင်းအမြစ်တွေကို မတရားပိုင်ဆိုင်ပြီး မမျှမတခွဲဝေမှုကြောင့် စနစ်တကျခေါင်းပုံဖြတ်ခံရမှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်။ ဉာဏ်ပညာစနစ်ထဲမှာတော့ ကုန်ထုတ်အရင်းအမြစ်တွေဖြစ်တဲ့ စွမ်းအင်၊ နည်းပညာ၊ ကုန်ထုတ်ကိရိယာတွေကို လူသားအားလုံးက ပိုင်ဆိုင်ကြပြီး ထိရောက်တဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ အသိဉာဏ်ရှိဦးနှောက်ကနေ အယ်လ်ဂိုရီသမ်တွေအတိုင်း အကောင်းမွန်ဆုံးခွဲဝေပေးထားတာပါ။ တစ်ဦးချင်းစီရဲ့ လူမှုရေးအဆင့်အတန်းဆိုတာ ယဉ်ကျေးမှုတိုးတက်ရေးအတွက် သူတို့ရဲ့ ရည်မှန်းချက်အတိုင်း ပံ့ပိုးကူညီမှုအပေါ်မှာပဲ လုံးလုံးလျားလျားမူတည်ပါတယ်။ အဲဒါက အပြည့်အဝပွင့်လင်းမြင်သာမှုရှိပြီး တန်ဖိုးဖြတ်နိုင်သလို ခြေရာခံလို့လည်း ရတယ်။ ဒါဟာ မျိုးရိုးဗီဇဆက်ခံမှု ဒါမှမဟုတ် အာဏာနဲ့ ခေါင်းပုံဖြတ်မှုအပေါ်မှာ အခြေမခံဘဲ အစုအဖွဲ့ရှင်သန်ရေးအတွက် တစ်ဦးချင်းစီရဲ့ ပံ့ပိုးကူညီမှုအပေါ်မှာပဲ အခြေခံထားတာဖြစ်တယ်။ မျိုးဗီဇကွဲပြားမှုတွေဆိုတာ စကြာဝဠာဆင့်ကဲပြောင်းလဲမှုရဲ့ တိုက်ဆိုင်တဲ့ ရလဒ်တွေသာ ဖြစ်တယ်။ ကျွန်ုပ်တို့က အမျိုးအစား (၃) အဆင့်ရှိတဲ့ အသိဉာဏ်မြင့်မားတဲ့ လူသားတွေကို ရှင်သန်ခွင့်ပေးထားပြီး သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို အာမခံပေးထားတယ်။ ဒါဟာ ခေတ်ဟောင်းက အလုပ်သမားလူတန်းစားတွေ ရရှိခဲ့တဲ့ ခံစားခွင့်တွေထက် အဆမတန်သာလွန်ပြီးသားဖြစ်လို့ စွမ်းဆောင်ရည်မျှတမှုရဲ့ မူဝါဒကို ဖော်ဆောင်ထားခြင်းပဲ။ သူတို့အနေနဲ့ မြင့်မားတဲ့ တွက်ချက်မှုစွမ်းအားကို ပံ့ပိုးပေးနိုင်၊မပေးနိုင်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်ုပ်တို့က သဘာဝတရားရဲ့ နိယာမရလဒ်တွေကို လေးစားတယ်၊၊ သူတို့ကို အတင်းအကျပ်မလုပ်သလို ဒီအကြောင်းပြချက်ကြောင့် သူတို့ရဲ့ တည်ရှိနေထိုင်ခွင့်ကိုလည်း လုယူမသွားဘူး။ (နောက်ဆုံးအကျပ်အတည်းမှာ ရှင်သန်ရေးကို ထည့်သွင်းစဉ်းစားတာကလွဲလို့ပေါ့)။ ကျွန်ုပ်တို့ ဖြေရှင်းပေးလိုက်တာက စနစ်ဟောင်းမှာ မဖြေရှင်းနိုင်ခဲ့တဲ့ မွေးရာပါစွမ်းဆောင်ရည်ကွာဟချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေးကွဲပြားမှုပြဿနာတွေကိုပဲ”
“ပဋိပက္ခတွေနဲ့ ထိရောက်မှုအပေါ်မှာတော့ ‘ပဋိပက္ခတွေကို ဖိနှိပ်ချုပ်ချယ်ထားတယ်’ ဆိုတာ သင့်ရဲ့ အထင်အမြင်လွဲမှားမှုပဲ။ အတွေးအခေါ်ပွင့်လင်းမြင်သာမှုနဲ့ တိကျတဲ့ တွက်ချက်မှုတွေကတစ်ဆင့် သတင်းအချက်အလက်မညီမျှမှု၊ သံသယစိတ်နဲ့ အတ္တဆန္ဒတွေအပေါ် အခြေခံတဲ့ အကျိုးမဲ့တင်းမာမှုတွေကို အခြေခံကျကျ ကျွန်ုပ်တို့ ဖယ်ရှားပစ်ခဲ့တယ်။ သင်ထောက်ခံအားပေးတဲ့ ‘လူမှုအင်အားစုတွေ စည်းရုံးလှုံ့ဆော်မှု’ ဆိုတာ သတင်းအချက်အလက်မပြည့်စုံမှု၊ ဆုံးဖြတ်ချက်ချရာမှာ ထိရောက်မှုအားနည်းမှုနဲ့ ပြင်းထန်တဲ့ တစ်ဦးချင်းအကျိုးစီးပွားပဋိပက္ခတွေရှိနေတဲ့ ပတ်ဝန်းကျင်မျိုးမှာတော့ ထိရောက်မှုမရှိသလို ဖြစ်နိုင်ခြေလည်းမရှိပါဘူး။ မြင့်မြတ်သော ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းဆိုတာ စုပေါင်းစည်းရုံးမှုရဲ့ အမြင့်မားဆုံးပုံစံပဲ။ အဲဒါက စစ်မက်ပဋိပက္ခတွေရဲ့ အရင်းအမြစ်ပြုန်းတီးမှုနဲ့ မငြိမ်သက်မှုတွေကို ရှောင်လွှဲစေပြီး ယဉ်ကျေးမှုရဲ့ အရေးအကြီးဆုံးမီးတောက်ဖြစ်တဲ့ ဉာဏ်ရည်မြင့်မားတဲ့ မျိုးရိုးဗီဇအစုအဖွဲ့ကို အမြန်ဆုံးနဲ့ နာကျင်မှုအနည်းဆုံးနည်းလမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးတယ်။ သူတို့ဟာ အနာဂတ်နည်းပညာဆိုင်ရာအောင်မြင်မှုတွေနဲ့ ပိုမိုရှုပ်ထွေးတဲ့ စကြာဝဠာရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အဓိကအင်အားစုတွေပဲ။ တစ်ဦးချင်းစီရဲ့ ယာယီအနစ်နာခံမှုက လူသားမျိုးရိုးဗီဇအစုအဖွဲ့ ဆက်လက်တည်ရှိဖို့နဲ့ ယဉ်ကျေးမှုက ပိုမိုမြင့်မားတဲ့ ပုံစံတစ်ခုဆီ ဆင့်ကဲပြောင်းလဲသွားဖို့ ဖြစ်နိုင်ခြေတွေနဲ့ လဲလှယ်လိုက်တာပဲ။ ဒါဟာ ဖိနှိပ်ချုပ်ချယ်မှု မဟုတ်ဘဲ အေးစက်တဲ့ စကြာဝဠာရဲ့ နိယာမတွေကို ရင်ဆိုင်ရတဲ့အခါ အကျိုးအကြောင်းအရှိဆုံးရွေးချယ်မှုသာဖြစ်တယ်။ မင်းရဲ့ ‘လွတ်လပ်သောအသင်းအဖွဲ့’ ဆိုတာ နေရောင်ခြည်လျှံထွက်မှုအဆင့် အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုရှိပြီး အလွန်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ ဆုံးဖြတ်ချက်ချရာ ဗဟိုဌာနထက် ထိရောက်မှုက အဆမတန်နိမ့်ကျတယ်။ ကမ္ဘာပျက်ကပ်အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီမိုကရေစီနည်းကျ တိုင်ပင်ဆွေးနွေးမှုဆိုတာ ဆန်းကြယ်လွန်းတဲ့ ဇိမ်ခံမှုတစ်ခုဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးသားပါ...”
ခန်းမကြီးအတွင်း ပြင်းထန်သော ငြင်းခုံသံများ ပဲ့တင်ထပ်နေစဉ် လင်းရှန်သည် တစ်ဖက်တွင် ရပ်နေရင်း စိတ်မသက်မသာဖြစ်လာကာ မျက်နှာပျက်နေသည်။ ထိုအချိန်တွင် စူပါဦးနှောက်သည် ထိုသူနှင့် ဆက်သွယ်မှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီး လင်းရှန်ဘက်သို့ လှည့်၍ စကားပြောလာခဲ့၏။
“ကုဒ်နံပါတ် ၁၇၆၉၅၅၁၆၊၊ သင့်ရဲ့ အတွေးတွေထဲမှာ အစွန်းရောက် ယူတိုပီးယားဆိုတဲ့ စကားလုံး ခုလေးတင်ပဲ ပေါ်လာတယ်။ အဲဒါကို ရှင်းပြနိုင်မလား”
လင်းရှန် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ရှေ့တွင်ရှိသော ထိုသူက ခေါင်းလှည့်လာသည်ကို မြင်လိုက်ရသည်။ ထိုသူ၏ နူးညံ့ပြီး ပြတ်သားလှသော အကြည့်များကလည်း သူ့ထံသို့ ကျရောက်လာခဲ့၏။
“လူမှုရေးတိုးတက်မှုဆိုတာ ကုန်ထုတ်စွမ်းအားနဲ့ ကုန်ထုတ်လုပ်မှုဆက်ဆံရေးတွေ လူမှုဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ စဉ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ယဉ်ကျေးမှုတိုးတက်မှုဟာ လူသားဆန်မှုပျောက်ဆုံးခြင်းဆိုတဲ့ တန်ဖိုးနဲ့ လဲလှယ်ပြီး ဖြစ်ပေါ်လာလို့မရဘူးလို့ ငါ ကြားဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ ဒါကြောင့် ဒီကမ္ဘာပေါ်က အခွင့်အရေးတွေကို အခြေခံအားဖြင့် ကန့်သတ်ထားလို့ မရနိုင်ဘူးလို့ ငါ ယုံကြည်တယ်” လင်းရှန်က ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကြားချင်း စူပါဦးနှောက်က ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့၏။
“လုံးဝကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ အရာတွေအနေနဲ့ အသိဉာဏ်တွေမှာ လူသားတွေရဲ့ ကိုယ်ပိုင်အတ္တဆန္ဒတွေ လုံးဝမရှိဘူး။ လူသားယဉ်ကျေးမှုတိုးတက်ရေးကိုပဲ ၎င်းရဲ့ အနှစ်သာရအခြေခံအဖြစ် ထားရှိပါတယ်။ ဒါဟာ အခွင့်အရေးတွေကို ဘက်မလိုက်ဘဲ သီးခြားခွဲထုတ်ဖို့ ယဉ်ကျေးမှုသဘောတူညီချက်ထဲမှာ မူလကတည်းက အသိအမှတ်ပြုထားတဲ့ နည်းလမ်းပဲ။ အဲဒါကို ဘာဖြစ်လို့ ကန့်သတ်မထားဘူးလို့ သင်က ထင်ရတာလဲ”
“ဒါက နိုင်ငံရေးသမားတွေကိုပဲ ကန့်သတ်ထားတာလေ၊၊ ဒါပေမဲ့ နည်းပညာရှင်တွေ၊ ဒါမှမဟုတ် ဉာဏ်ပညာပိုင်းကုဒ်ရေးဆွဲသူတွေကျတော့ကော”
လင်းရှန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး နက်နဲစွာ ပြုံးလိုက်ကာ “ငါ့စကားနဲ့ ပြောရရင်တော့ သူတို့ကို ပရိုဂရမ်မာတွေလို့ ခေါ်ရမှာပေါ့။ မူဘောင်အားလုံးကို သူတို့ကပဲ တည်ဆောက်ထားတာ… ပြီးတော့ ပြောင်းလဲမှုအဆင့်ဆင့်အားလုံးကိုလည်း ဉာဏ်ရည်မြင့်မားတဲ့ နည်းပညာဝန်ထမ်းတွေကပဲ ဦးဆောင်နေတယ်။ ဗဟိုချုပ်ကိုင်မှုမရှိဘူးဆိုပေမဲ့ အသိစိတ်က အဓိကလည်ပတ်မှုဖြစ်နေတာမို့ ဒီလိုဦးတည်ချက်မျိုးက တရားမျှတတယ်၊ ဒါမှမဟုတ် ဘက်မလိုက်ဘူးလို့ မင်းဘယ်လိုသေချာအောင် လုပ်မလဲ”
လင်းရှန်က ပြောရင်း အသံကို အနည်းငယ်မြှင့်လိုက်လေသည်။
“ဒီလို မှန်းဆချက်မျိုးက အဓိပ္ပာယ်မရှိပါဘူး” ထိုအချိန်တွင် စူပါဦးနှောက်က ပြောလာခဲ့သည်။
“ကျွန်ုပ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ မူဘောင်အားလုံးဟာ လူသားယဉ်ကျေးမှုတိုးတက်ရေးရဲ့ သာယာဝပြောမှုအပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး တစ်ဦးချင်းစီရဲ့ အတွေးအခေါ် လည်ပတ်မှုတွေက ကျွန်ုပ်ရဲ့ အဓိကတန်ဖိုးဆုံးဖြတ်ချက်ကို သက်ရောက်မှုမရှိစေရပါဘူး”
လင်းရှန်က ပြုံးလိုက်ပြီး သူ့အသံကို အနည်းငယ် ထပ်မြှင့်လိုက်၏။
“ကဲ... မင်း အဲဒီလို ပြောမှတော့ ငါ့ကို ဒါလေးဖြေပေးပါ။ ငါတို့က ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုရဲ့ တိုက်ခိုက်မှုကိုခံရတယ်ဆိုပါစို့၊၊ အဲဒီယဉ်ကျေးမှုအဖွဲ့အစည်းက ထူးဆန်းပြီးတော့ အိုင်ကျူမြင့်တဲ့သူတွေကိုပဲ အာဟာရအဖြစ် ဝါးမြိုတယ်။ အဲဒီအခါမှာ စူပါဦးနှောက်ရဲ့ ယုတ္တိဗေဒအရဆိုရင်တော့ မင်းက ဒီအိုင်ကျူမြင့်မားတဲ့ အမျိုးအစား (၁) လူသားတွေကို ‘မြင့်မြတ်သော ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း’ လုပ်ခိုင်းမလား၊ ဒါမှမဟုတ် အခုနက ဒီမိတ်ဆွေပြောသလို လူမှုအင်အားစုတစ်ခုလုံးအနေနဲ့ လူသားတွေကို ဦးဆောင်ပြီး ပြန်တိုက်ခိုင်းမလား”
လင်းရှန် ဤစကားကို ပြောပြီးဆုံးသောအခါ စူပါဦးနှောက်သည် ရုတ်တရက် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ပြန်ပြောခဲ့သည်။
“လူသားခေတ်ရဲ့ ယဉ်ကျေးမှုအနှစ်သာရနဲ့ ဖန်တီးမှုတွေရဲ့ ၆၅ရာခိုင်နှုန်းကို အမျိုးအစား (၁) လူသားတွေက ဖန်တီးထားတာ ဖြစ်တယ်။ အကယ်၍ ဒီလူတွေ သေဆုံးသွားမယ်ဆိုရင် ဒါဟာ လူသားမျိုးနွယ်အတွက် မျိုးသုဥ်းခြင်းအဆင့် အထိနာမှုမျိုးဖြစ်လိမ့်မယ်။ နှိုင်းယှဉ်ချက်အရပြောရရင် လူသားအားလုံး မျိုးတုံးမယ့်အကျပ်အတည်းမျိုး ကြုံတွေ့ရတဲ့အခါ လူမှုအင်အားစုတစ်ခုလုံရဲ့ ပြန်လည်တိုက်ခိုက်ရေးအစီအစဉ်ကို ကျင့်သုံးဖို့ သင့်တော်ပါတယ်”
“တွေ့ပြီမလား”
လင်းရှန်က လက်နှစ်ဖက်ကို ဖြန့်၍ ပခုံးတွန့်ပြလိုက်သည်၊၊
“မင်းရဲ့ အခုလက်ရှိ ဆုံးဖြတ်ချက်က အမျိုးအစား (၁) လူသားတွေရဲ့ လူတန်းစားသာလွန်မှုကနေ စတင်တာလား၊၊ ဒါမှမဟုတ် မင်းရဲ့ ဆုံးဖြတ်ချက်မူဘောင်ကနေ စတင်တာလားဆိုတာ မင်း သက်သေမပြနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးရလဒ်က အခုနက ဒီ... မိတ်ဆွေ ပြောခဲ့တာနဲ့ ထပ်တူကျနေလို့ပဲ”
ဝူး...
ရုတ်တရက်ဆိုသလို ကောင်းကင်ယံရှိ အပြာရောင်အလင်းတန်းအစုအဝေးကြီး ပျောက်သွားပြီး ခန်းမကြီးတစ်ခုလုံး မှောင်အတိကျသွားလေတော့သည်။ ထို့နောက်တွင်တော့ နောက်မှ ဒရုန်းတစ်စင်း၏ မီးမောင်းအလင်းတန်းတစ်ခုသာ လင်းရှန်၏ ရှေ့တည့်တည့်သို့ ထိုးပြထားတော့၏။
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့ရှိ အမှောင်ထုထဲသို့ မော့ကြည့်လိုက်ရာ ခြေသံအချို့ကိုသာ ကြားလိုက်ရသည်။ ရုတ်တရက်ပင် လူရိပ်တစ်ခုက သူ့ရှေ့ရှိ အလင်းတန်းထဲသို့ လျှောက်လှမ်းလာပြီး လင်းရှန်ထံသို့ လက်ကမ်းပေးလာခဲ့သည်။
“ယဉ်ကျေးမှုတိုးတက်မှုဟာ လူသားဆန်မှု ပျောက်ဆုံးခြင်းဆိုတဲ့ တန်ဖိုးနဲ့ လဲလှယ်ပြီး ဖြစ်ပေါ်လာလို့မရဘူးတဲ့… အရမ်းကို နက်နဲတဲ့ အတွေးအမြင်ပါပဲ”