ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာ (၂)
Vol. 65 Ch. 1067
“ကျုပ် သိတာပေါ့”
လင်းရှန်က သူ့လက်ကို ဆန့်၍ လှုပ်ခါ နှုတ်ဆက်လိုက်ရင်း ခပ်ပြုံးပြုံးဖြင့်ပြန်ပြောလိုက်သည်၊၊
“ဘာဖြစ်လို့လဲဆိုတော့ အဲဒါ ခင်ဗျားပြောခဲ့တဲ့ စကားမို့လို့လေ”
“အာ...”
အခြားတစ်ဖက်လူက သံသယစိတ်အနည်းငယ်ဖြင့် လင်းရှန်ကို ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ စူပါဦးနှောက်ပျောက်သွားပြီးနောက် ကျန်ရစ်ခဲ့သော အမိုးခုံး၏ ဟင်းလင်းပြင်မှတစ်ဆင့် နီရဲတောက်ပနေသော ကြယ်နီကြီးကို လှမ်းကြည့်လိုက်လေသည်။
“ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊၊စူပါဦးနှောက်ပြောတာ မှန်တယ်။ ငါတို့ လူတန်းစားတိုက်ပွဲမှာ အနိုင်ရချင်ရနိုင်လိမ့်မယ်၊၊ ဒါပေမဲ့ ဖျက်ဆီးခြင်း သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ လူမှုအင်အားစုတစ်ခုလုံးကို စည်းရုံးလှုံ့ဆော်ပြီးတာတောင်မှ အဲဒါကို မဖြေရှင်းနိုင်သေးဘူးဆိုရင်ကော... ဘာဆက်ဖြစ်မလဲ”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကိုပြောရန် ပြင်လိုက်စဉ်မှာပင် မော့ကြည့်လိုက်ရာ ထိုနီရဲတောက်ပနေသော ကြယ်နီကြီးသည် ရုတ်တရက် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်သွားပြီး စွမ်းအင်ပြင်းလှိုင်းများသည် ကြယ်တာရာအမိုးခုံးကို အလင်း၏အလျင်ဖြင့် ဆုတ်ဖြဲပစ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုခဏချင်းမှာပင် လူသားလူ့အဖွဲ့အစည်း မှီခိုအားထားနေရသော တွက်ချက်မှုဆိုင်ရာ အခြေခံအုတ်မြစ်ကြီး ပြိုလဲပျက်စီးသွားပြီး စက်ရုပ်အားလုံးသည် တစ်ပြိုင်နက်တည်း တောင့်တင်းသွားကြကာ သူတို့၏ မျက်လုံးအိမ်အတွင်းရှိ ဒေတာစီးကြောင်းများသည်လည်း ငြိမ်သက်ကာ ပျက်စီးသွားကြတော့သည်။ မြို့ပြ၏ မိုးမျှော်အဆောက်အအုံ လိုင်းများသည်လည်း တစ္ဆေဆန်သော အပြာရောင်လျှပ်စီးတန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဦးနှောက်နှင့် စက်ပစ္စည်းချိတ်ဆက်မှုမျက်နှာပြင်များမှလည်း မီးခိုးများတထောင်းထောင်းထွက်လာခဲ့၏။ ထို့ပြင် ဉာဏ်ပညာပံ့ပိုးမှုပြုလုပ်နေကြသော သန်းပေါင်းများစွာသော အမျိုးအစား (၁) လူသားများ၏ ဦးနှောက်အာရုံကြောများသည်လည်း တစ်ခဏချင်းမှာပင် မီးကျွမ်းသွားကြတော့သည်။
လင်းရှန်သည် မြင့်မားသော ပြတင်းပေါက်၏ အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ အရည်ပျော်နေသော ရွှေရောင်ငရဲပြည်ကြီးအဖြစ် ပြောင်းလဲသွားပြီး နီရဲသောအလင်းတန်းများက ကမ္ဘာကြီးကို ဝါးမြိုသွားသည်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရလေသည်။
ထို့နောက်တွင်တော့ ကြီးမားလှသော အလင်းတန်းကြီး ပြန်လည်ရုပ်သိမ်းသွားပြီး လင်းရှန် မျက်တောင်ခတ်ကာ ပြန်ကြည့်လိုက်သည့်အခါ သူက တဲအတွင်းသို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ လုံးဝန်းသော ဟိုလိုဂရမ် ရုပ်လုံးကြွပြသကိရိယာသည် လေထုထဲတွင် ဝဲပျံနေဆဲဖြစ်ပြီး သူ့ရှေ့တွင် စာသားအချို့ကျန်ရစ်နေခဲ့၏။
[အမှတ် ၈၀၇ လူသားယဉ်ကျေးမှု၏ အဆုံးသတ်မြင်ကွင်း အကြိုကြည့်ရှုမှု ပြီးဆုံးပါပြီ]
တဲအတွင်း၌ လင်းရှန်သည် ခုံပေါ်တွင် တောင့်တင်းစွာ ထိုင်နေမိသည်။ ယခုအခါတွင်တော့ ချန်ဆီရွှမ်အပြင် ကီကီ၊ နန်ကျင်း၊ တာလို့၊ ရှုချင်း၊ မိုနီကာနှင့် အရေးပေါ် ခေါ်ယူထားသော အခြားသူများလည်း ရောက်ရှိနေကြပြီး အားလုံးမှာ လက်နက်အပြည့်အစုံဖြင့် ယဉ်ကျေးမှုဂိမ်း၏ အကြိုကြည့်ရှုမှုထဲတွင် စိတ်နှစ်နေသော လင်းရှန်ကို စိုးရိမ်တကြီးကြည့်နေကြလေသည်။
လင်းရှန်မှာမူ မိန်းမောတွေဝေနေပြီး အတွေးထဲ၌ နစ်မျောနေခဲ့သည်။ ယခုအခါတွင်တော့ ဤလုံးဝန်းသော ရုပ်လုံးကြွပြသကိရိယာသည် လူသားတို့၏ ရှုထောင့်မှနေ၍ သူတို့၏ အနာဂတ်ကို ဆက်တိုက်တွက်ချက်ပေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားရ၏။ သို့သော်လည်း သူနားမလည်သည်က ဤအရာသည် အမှောင်ယဉ်ကျေးမှုနှင့် ဘယ်လိုပတ်သက်နေသနည်း…
လင်းရှန်သည် စဉ်းစားရခက်စွာဖြင့် အားသွန်ခွန်စိုက်စဉ်းစားပြီးနောက်မှ အံ့အားသင့်မှုနှင့် ဝေခွဲမရမှုများကြားမှ သတိပြန်လည်လာခဲ့သည်။ ထိုအချိန်တွင် ယန္တရားနှလုံးသား၏ အလင်းမျက်နှာပြင်သည် သူ့မျက်စိရှေ့တွင် ထပ်မံပေါ်ပေါက်လာခဲ့ပြန်၏။
[ယန္တရားအရင်းမြစ်စွမ်းအင်အမှတ် +၃၀၀၀သို့ အောင်မြင်စွာ ပြောင်းလဲပြီးပါပြီ]
[ဂုဏ်ယူပါသည်၊၊ သင်၏ ယန္တရားနှလုံးသားသည် အဆင့် ၇ သို့ အောင်မြင်စွာ မြှင့်တင်ပြီးပါပြီ၊ သင်သည် စွမ်းအင်ပဲ့တင်ထပ်ခြင်းကို ရရှိပါပြီ]
[စွမ်းအင်ပဲ့တင်ထပ်ခြင်း : ယန္တရားဖန်တီးမှုများကို အဝေးမှ ချိတ်ဆက်ပြီး ၎င်းတို့၏ စွမ်းအားကို မိမိကိုယ်ထဲသို့ ပဲ့တင်ထပ်စေကာ တစ်ဦးချင်း ယန္တရားစွမ်းအားကို ရရှိစေခြင်း ဖြစ်ပါသည်]
“ပဲ့တင်ထပ်ခြင်းဟုတ်လား”
ဤအလင်းမျက်နှာပြင်ကို ကြည့်ရင်း လင်းရှန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ အစောပိုင်းကမှ ယဉ်ကျေးမှုဂိမ်းကြောင့် ဝေခွဲမရဖြစ်နေသော်လည်း ယခုအချိန်တွင်တော့ အနည်းဆုံးအချက်တစ်ချက်ကိုမူ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
ယန္တရားနှလုံးသားက အဆင့်တတ်သွားခဲ့လေပြီ။
၎င်း၏ စွမ်းအားမှာ အလွန်ကြီးမားလှသည်၊၊
ကောင်းကင်အမိုးခုံးရထား၏ သိပ္ပံခန်းမအတွင်း၌ အဖွဲ့ဝင်များအားလုံး တိတ်ဆိတ်စွာ စုဝေးနေကြပြီး လင်းရှန် မြင်တွေ့ခဲ့ရသည့် ယဉ်ကျေးမှုဆိုင်ရာ ပုံစံတူတွက်ချက်မှုနှစ်ခုအကြောင်း ပြန်လည်ပြောပြနေသည်ကို နားထောင်နေကြသည်။ လူတိုင်းတွင် မတူညီသောမျက်နှာအမူအရာများရှိနေကြပြီး သူတို့၏ အကြည့်များမှာ လင်းရှန်ထံသို့သာ ရောက်ရှိနေကြ၏။
ဂျင်းဘောင်းဘီတိုနှင့် အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော ကီကီသည် အလျင်အမြန်ရောက်ရှိလာပြီးနောက် လက်နှစ်ဖက်ကို ပိုက်ကာ လေထုထဲတွင် ပျံဝဲရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက AI နဲ့ တွက်ချက်ထားတဲ့ ဂိမ်းတစ်ခုလိုပဲ၊၊ အဓိကသော့ချက်က ဒါဟာ ဘာကို ကိုယ်စားပြုနေတာလဲဆိုတာပဲ”
“လူသားယဉ်ကျေးမှုဟာ နောက်ဆုံးမှာ ပျက်စီးခြင်းဆီကိုပဲ ဦးတည်သွားလိမ့်မယ်လို့ ကျွန်မတို့ကို ပြောချင်နေတာများလား” နန်ကျင်းက လူတိုင်းကို လှည့်ကြည့်ရင်း မေးလိုက်သည်။
“လုံးဝ မဖြစ်နိုင်တာ”
လုရှင်းချန်က ထောင့်တစ်နေရာမှနေ၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
“ဟင်း...”
ချီလီက ယပ်တောင်ကို ကိုင်ကာ သက်ပြင်းချလိုက်ရင်း “အဲ့ဒါဆို ဘာဖြစ်လဲ… သူတို့က ဒီလိုနည်းလမ်းမျိုးနဲ့ ငါတို့ရဲ့ ယုံကြည်မှုကို ရိုက်ချိုးချင်တာလား။ ဖောင်ဒေးရှင်းကပဲ အရမ်းအားလပ်နေတာလား… ဒါမှမဟုတ် အမှောင်ယဉ်ကျေးမှုကပဲ အားယားနေတာလား”
ချန်ဆီရွှမ်က စားပွဲကို မှီထားရင်း အတွေးနက်နေခဲ့ပြီးမှ “လင်းရှန်က ယဉ်ကျေးမှုပုံစံတူတွက်ချက်မှု ဂိမ်းကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ပြီးပြီ၊၊ ဒါပေမဲ့ နောက်ဆုံးရလဒ်တွေကတော့ လူသားတွေ မျိုးသုဥ်းတာပဲဖြစ်နေတယ်။ ဟွာရှောင်လင်းက လင်းရှန်ကို ပြောခဲ့တာက ဒီဂိမ်းကတစ်ဆင့် သူဟာ အမှောင်ယဉ်ကျေးမှုနဲ့ တွင်းနက်အပေါ် အမြင်သစ်တစ်ခုရရှိလိမ့်မယ်တဲ့။ ကျွန်မစဉ်းစားနေတာက အဲဒီထဲမှာ သတင်းအချက်အလက်တစ်ခုခုများ ဖုံးကွယ်နေမလားလို့”
“သေချာပေါက် ရှိမှာပေါ့”
လော့ယန် ခေါင်းငြိမ့်ပြကာ “အစ်ကိုလင်း ခုနက ပြောသွားတာပဲလေ၊၊ ဒီအရာက လုံးဝကွဲပြားခြားနားတဲ့ ဒိုင်မေးရှင်းတဲ့ ရုပ်လုံးကြွဟိုလိုဂရမ်အတွေ့အကြုံကို ပေးစွမ်းနိုင်တယ်ဆိုတော့ ဒါဟာ လူသားတွေရဲ့ နည်းပညာမဟုတ်ဘဲ အခြားယဉ်ကျေးမှုတစ်ခုကနေ လာတာပဲ။ အဲဒီထဲမှာ နောက်ထပ်သတင်းအချက်အလက်တွေရှိနေတာ သေချာတယ်”
“ရိုးရိုးလေးပဲ မဟုတ်ဘူးလား၊၊ အစ်ကိုလင်းက ယန္တရားစွမ်းအားရှင်ပဲလေ၊၊ အဲဒါကို စကန်ဖတ်လိုက်ရုံပဲ မဟုတ်လား”
ရှားရှားက ပြောလိုက်၏။
လင်းရှန်က ခေါင်းခါလိုက်ပြီး သူ့လက်ထဲက ငွေရောင်သတ္တုလုံးလေးကို ကိုင်ကြည့်ရင်း ပြောလိုက်သည်၊၊
“ဒီအရာကို တားမြစ်ပစ္စည်းနဲ့ ဆင်တူတဲ့ စွမ်းအားတစ်ခုက ဖုံးအုပ်ထားတာမို့ ငါ အဲဒါကို စကန်ဖတ်လို့လည်းမရဘူး၊ ဖြုတ်ကြည့်လို့လည်း မရဘူး”
မိုနီကာက လူအုပ်ကြီး၏ နောက်ကွယ်မှနေ၍ လှမ်းပြောခဲ့၏။
“ဘာဖြစ်လို့ ယဉ်ကျေးမှု အမှတ် (၁) ပြီးတော့မှ အမှတ် ၈၀၇ ဖြစ်သွားရတာလဲ။ ကျွန်မတို့ကြားထဲမှာ တစ်ခုခုကျန်ခဲ့တာလား၊ ဒါမှမဟုတ် ကြားထဲက ယဉ်ကျေးမှုတွေက ကိုးကားစရာတန်ဖိုးမရှိတဲ့ ကျရှုံးခဲ့တဲ့ ပုံစံတူတွက်ချက်မှုတွေမို့လို့လား”
“ဘယ်လိုမျိုးလဲ”
“ဒိုင်နိုဆောခေတ်လိုမျိုးပေါ့”
မိုနီကာက ပခုံးတွန့်ပြလိုက်သည်။
“ဒိုင်နိုဆော... အဲဒါက ဘယ်လိုပတ်သက်လို့လဲ” လုချန်က နားမလည်နိုင်စွာ မေးလိုက်၏။
“သူပြောချင်တာက ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်တဲ့ လိပ်ပြာအတောင်ပံခတ်မှု (butterfly effect) အကြောင်းကို ပြောတာ”
တစ်ယောက်ထဲ အလုပ်ရှုပ်နေသော တင်းကျန်းရီက သူမ၏ အလုပ်ကို ခေတ္တရပ်နားလိုက်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ လှည့်၍ ရှင်းပြလာသည်။
“ထရိုင်အာဆစ်ခေတ် (Triassic) ကနေ လူသားတွေ ဆင့်ကဲပြောင်းလဲလာတဲ့အထိ နှစ်ပေါင်းသန်းပေါင်းများစွာအတွင်းမှာ ဥက္ကာခဲအန္တရာယ်၊ ရာစုနှစ်တစ်ခုကြာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေခဲခေတ်၊ ဒါမှမဟုတ် စကြာဝဠာထဲက အလွန်သေးငယ်လှတဲ့ ပြောင်းလဲမှုတွေကပင် လူသားယဉ်ကျေးမှုမစတင်မီမှာတင် မျိုးတုံးသွားအောင် လုပ်နိုင်စွမ်းရှိတယ်။ အတိအကျပြောရရင် ယဉ်ကျေးမှုတစ်ခုပေါ်ပေါက်လာဖို့ဆိုတာ အလွန်ကောင်းမွန်တဲ့ အချက်အလက်များစွာ ပေါင်းစပ်မှသာ ဖြစ်ပေါ်လာနိုင်တယ်။ အကယ်၍ Aiက အဲဒါကို တွက်ချက်မယ်ဆိုရင် တူညီတဲ့ ကနဦးအခြေအနေတွေမှာတင် ကွဲပြားခြားနားတဲ့ဖြစ်နိုင်ခြေတွေက အဆမတန်များပြားသွားလိမ့်မယ်။ ဒါကြောင့် သရုပ်ပြသဖို့အတွက် ထိရောက်တဲ့ ကိုးကားချက်တွေကိုပဲ ရွေးချယ်တာက ကျိုးကြောင်းဆီလျော်ပါတယ်”
သူမက ဗိုင်အိုလာကို လှည့်ကြည့်လိုက်၏။
[ဒီကောက်ချက်ကို ကျွန်မ သဘောတူပါတယ်]
ဗိုင်အိုလာ၏ တည်ငြိမ်သောအသံက ထွက်ပေါ်လာခဲ့သည်။ သူမက လင်းရှန်ကို လှည့်၍ ပြောလိုက်၏။
[ဒီယဉ်ကျေးမှု ပုံစံတူတွက်ချက်မှုဟာ လူသားတွေကို နောက်ထပ် နှစ်ပေါင်း ၇၀၀ အထိ တွက်ချက်ထားတာဖြစ်ပြီး၊၊ ကနဦး တွက်ချက်ထားတဲ့ တွက်ချက်မှုစွမ်းအား တိုးတက်မှုနှုန်းဟာ 10^{6700} ထက် ကျော်လွန်နေပါတယ်။ ဒီကောက်ချက်ဟာ လိုင်းမဟုတ်တဲ့ ရှုပ်ထွေးမှုတိုးတက်နှုန်းကိုပါ ထည့်သွင်းစဉ်းစားထားတာမို့ အပြည့်အဝတော့ မတိကျနိုင်ပါဘူး]
“ဒါဆိုရင် ကောက်ချက်တစ်ခု ဆွဲလို့ရပြီ”
လင်းရှန်က ငွေရောင်သတ္တုလုံးလေးကို ဓာတ်ခွဲခန်းစားပွဲပေါ်သို့ တင်လိုက်ရာ လူတိုင်း၏ အကြည့်များက သူ့ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြတော့သည်။
“ဒီအရာက ကမ္ဘာ့ပြင်ပယဉ်ကျေးမှုတစ်ခုကနေလာတာ သေချာတယ်။ ဟွာရှောင်လင်းက ပေးခဲ့တာဆိုတော့ ဒါဟာ အမှောင်ယဉ်ကျေးမှုကို ကိုယ်စားပြုနေတာဖြစ်ဖို့များတယ်”
ထိုစကားများကြောင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားခဲ့၏။