← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) တချို့က အလွန်အကျွံ ယှဉ်ပြိုင်နေကြပြီး တချို့ကတော့ အိပ်နေကြတယ်

ည ၁၂နာရီ ၁၀မိနစ်....

အလုပ်ရုံမှူးသည် အလုပ်ရုံသို့ ပြန်လာပြီး မည်သည့် စိတ်ခံစားမှုမျှ မရှိသော သူ၏ ဂရုမစိုက်သည့် အကြည့်ဖြင့် ခန်းမမကြီးကို ဝေ့ကြည့်လိုက်သည်။

မူလက လူတစ်ရာ ရှိခဲ့သော အလုပ်ရုံတွင် ကစားသမား လေးဆယ့်ငါးယောက်သာ သူတို့၏ အလုပ်နေရာများတွင် ကျန်ရှိတော့သဖြင့် အလွန်အမင်း ဟာလာဟင်းလင်း ဖြစ်နေပုံရသည်။

ကစားသမားတစ်ဝက်ကျော်သည် ကြမ်းတမ်းသော်လည်း အနည်းဆုံး လှဲအိပ်၍ရသော အဆောင်များဆီသို့ ဒုက္ခသည်များအလား သူတို့၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲကာ ပြန်သွားခဲ့ကြလေပြီ။

ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ ထွက်မသွားခဲ့ကြချေ။

သူတို့နှစ်ဦးသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုများကြားမှ အကြည့်ချင်း ဖလှယ်လိုက်ကြကာ အချိန်တခဏကြာမျှ တွေဝေသွားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။

ဤသည်မှာ သူတို့ အချိန်ပိုဆင်းရန်ပင်။

"အထက်တန်းနောက်ဆုံးနှစ်" တွင် "စာသင်ခြင်း"ဟု အမည်ခံထားသည့် ထိုရက်စက်သော အလွန်အကျွံ ယှဉ်ပြိုင်မှုကို သူတို့ ကြုံတွေ့ခဲ့ရပြီး ယခု "စက်ရုံထုတ်လုပ်မှုလိုင်း" ကို ရင်ဆိုင်ရချိန်၌ ဤနယ်မြေ၏ အနှစ်သာရကို ချက်ချင်းနီးပါး သူတို့ သိမြင်သွားခဲ့ကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ အလွန်အကျွံ ယှဉ်ပြိုင်ခြင်းပင်။

သို့သော် ဤနေရာတွင် ယှဉ်ပြိုင်ရသောအရာမှာ အမှတ်များ မဟုတ်ဘဲ လုပ်ငန်းစွမ်းဆောင်ရည်နှင့် တစ္ဆေဒင်္ဂါးများ ဖြစ်ပေ၏။

တခြားသူများထက် ပိုက်ဆံ ပိုရှာနိုင်မှသာ၊ လုပ်ငန်းစွမ်းဆောင်ရည် ရည်မှန်းချက်များကို ပြည့်မီနိုင်မှသာ၊ အခြားသူများထက် "ပိုကောင်းအောင်" စွမ်းဆောင်နိုင်မှသာ၊ ထို့ပြင် ခေါင်းပုံဖြတ်ခံရမှုကို ပို၍သည်းခံနိုင်မှသာ သူတို့သည် ထိပ်ဆုံးငါးယောက်စာရင်းသို့ ဝင်ရောက်နိုင်ပြီး ဤငရဲမှ ထွက်သွားနိုင်ပေမည်။

ဤနယ်မြေနှင့် အဓိက ကစားပုံက "အထက်တန်းနောက်ဆုံးနှစ်"နှင့် အတိအကျ တူညီနေသည်ဟု သူတို့ တွေးတောမိကြသည်။

စည်းမျဉ်းများ၏ မူဘောင်အတွင်း၌ အမြတ်ထုတ်ခြင်းနှင့် အပြန်အလှန် ယှဉ်ပြိုင်ခြင်းများမှတစ်ဆင့် သူတို့သည် အကန့်အသတ်ရှိသော ရှင်သန်ခွင့် နေရာများအတွက် တိုက်ပွဲဝင်ကြရပေမည်။

ထို့ကြောင့် သူတို့သည် အလွန်အကျွံ ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်ကြ၏။

တခြားသူများက သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲကာ အနားယူရန် ပြန်သွားကြချိန်တွင် သူတို့ကမူ သူတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို ပို၍ကောင်းမွန်စေရန်နှင့် တစ္ဆေဒင်္ဂါးများ ပို၍ရရှိစေရန်အတွက် ထိုနည်းပါးလှသော အချိန်ပိုကြေးလေးကို အိပ်စက်ခြင်းနှင့် ကျန်းမာရေးတို့ဖြင့် လဲလှယ်ရန် ရွေးချယ်ခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် ဒီနယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက်မှ မရှိတာ... ပင်ပန်းလို့တော့ သေမှာမဟုတ်ပါဘူး...

ထို့ပြင် "အထက်တန်းနောက်ဆုံးနှစ်" ကို ပြန်ပြောင်းတွေးကြည့်မည်ဆိုလျှင် မည်သည့်နေ့ကများ တစ်ညလုံးမအိပ်ဘဲ မေးခွန်းများမလုပ်ဘဲ စာမကျက်ဘဲနေပြီး နေခဲ့ရသနည်း...

ထိုခံစားချက်သည် ယခု အချိန်ပို ဆင်းနေသည်နှင့် အလွန်တူညီနေသည်ဟု သူ တွေးတောမိလေ၏။

နယ်မြေနှစ်ခုလုံးသည် ထိုပါးလွှာသော မျှော်လင့်ချက်လေးအတွက် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အသုံးပြုနေရသည်။

"ငါ တော်တော်လေး အံ့အားသင့်သွားတယ်..."

အလုပ်ရုံမှူး၏ အေးစက်သော အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"အချိန်ပိုဆင်းဖို့ လူ လေးဆယ့်ငါးယောက်ပဲ ကျန်ခဲ့လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

သူ၏ အကြည့်သည် ပင်ပန်းသော်လည်း စိတ်ပိုင်းဖြတ်ထားသော ထိုမျက်နှာလေးဆယ့်ငါးခုကို ဝေ့ဝိုက်၍ ကျရောက်သွားသည်။

"ဒါဆိုရင်လည်း အချိန်ပိုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါ ရှင်းပြမယ်..."

သူက ဆက်ပြောလေ၏။ သူ၏ လေသံမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း နောက်ထပ် စကားလုံးများသည် ကျန်ရစ်ခဲ့သူများကို အားတက်သွားစေခဲ့သည်။

"အချိန်ပို ဆင်းဖို့ ရွေးချယ်တဲ့သူတွေက စက်ရုံအတွက် ကိုယ့်ရဲ့အရာအားလုံးကို ပေးဆပ်တဲ့ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့သူတွေပဲ... စက်ရုံက မင်းတို့ကို မတရား ဆက်ဆံမှာ မဟုတ်ဘူး..."

"အချိန်ပိုကို မနက် ၃နာရီအထိ လုပ်ရမယ်... ပြီးသွားရင် မင်းတို့ အဆောင်ကို ပြန်အိပ်လို့ ရပြီ..."

"ပြီးတော့..."

သူသည် တမင်သက်သက် တခဏကြာရပ်လိုက်ပြီး သူ့အပေါ်သို့ ချက်ချင်းရောက်ရှိလာသော အကြည့်များကို စောင့်ကြည့်လိုက်သည်။

"မနက်ဖြန် မနက်စာအတွက် ပိုက်ဆံပေးစရာ မလိုဘူး... မင်းတို့ရဲ့ အလုပ်သမားကတ်နဲ့ အလကား သွားစားလို့ ရတယ်..."

အလကား မနက်စာ...

ဤစကားများသည် အမှောင်ထုထဲတွင် ခြစ်လိုက်သော မီးခြစ်ဆံတစ်ချောင်းကဲ့သို့ ဤကစားသမား လေးဆယ့်ငါးယောက်၏ မျက်လုံးများထဲရှိ ငြိမ်းသတ်လုနီးပါး ဖြစ်နေသော အလင်းရောင်ကို ချက်ချင်းထွန်းညှိပေးလိုက်၏။

အထူးသဖြင့် ဒေဝါလီခံရသည်အထိ ဒဏ်ရိုက်ခံရပြီး လာမည့်ရက်အနည်းငယ်အတွက် ဆာလောင်မှု ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ကစားသမားများအတွက် ဤအရာသည် "အလကား မနက်စာ" သက်သက် မဟုတ်ချေ။

ဒါက ကယ်တင်ခြင်းပဲ...

အဲ့ဒါက အခက်အခဲဖြစ်နေချိန်မှာ ကူညီပေးတာပဲ...

အဲ့ဒါက မျှော်လင့်ချက်မဲ့နေတဲ့ ချောက်ကမ်းပါးထဲကို ချပေးလိုက်တဲ့ အသက်ကယ်ကြိုးတစ်ချောင်းပဲ....

ပင်ပန်းနွမ်းနယ်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ဆာလောင်မှုတို့ကြောင့် ထုံကျင်လုနီးပါး ဖြစ်နေသော သူတို့၏ အမူအရာများသည် ချက်ချင်းပျောက်ကွယ်သွားပြီး အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုက အစားထိုး ဝင်ရောက်လာသည်။

ဤခံစားချက်သည် အလွန်ကြီးမားသာ နာကျင်မှုတစ်ခုကို ခံစားရရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးမှ ရုတ်တရက် ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ကာ မုန့်လေးတစ်ခုပေးသည်ဟု အပြောခံရသည့်အလားပင်။ ဤမျှထိ ကြီးမားသော ဆန့်ကျင်ဘက်ဖြစ်မှု၏ အကျိုးသက်ရောက်မှုကို ဖော်ပြ၍ မရနိုင်ချေ။

အချိန်တခဏအတွင်း အလုပ်ရုံအတွင်း၌ ပျံ့နှံ့နေသော လေးလံပြီး မျှော်လင့်ချက်မဲ့သည့် လေထုသည် သိသိသာသာ ပါးလွှာသွားလေ၏။

ကစားသမားများ၏ စိတ်ခံစားမှု တန်ဖိုးသည် သိသိသာသာ ကျဆင်းသွားပြီး ပြိုလဲလုနီးပါး အခြေအနေမှ အတော်လေး တည်ငြိမ်ကာ အနည်းငယ် မျှော်လင့်နေသော အဆင့်သို့ပင် ပြန်လည်ရောက်ရှိသွားသည်။

ပျမ်းမျှ ၃၀ ရာခိုင်နှုန်း....

အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် ဤ "အလုပ်သမား ကျွန်များ" ၏ သနားစရာကောင်းသော မျှော်လင့်ချက်များကို ပြန်လည်မီးထိုးပေးနိုင်ပြီး သူတို့ကို အမြတ်ထုတ်ခံရန် ဆန္ဒရှိလာအောင် ပြုလုပ်နိုင်သည်။

ဤသည်မှာ အတိတ်ဘဝတွင်ဖြစ်စေ လက်ရှိတွင်ဖြစ်စေ ကျွန်များကို ယဉ်ပါးအောင် ပြုလုပ်ရာတွင် ခေါင်းပုံဖြတ်သည့် စက်ရုံတစ်ရုံ၏ စွမ်းအားပင်။

"အလုပ် စလုပ်တော့..."

အလုပ်ရုံမှူးက သူတို့ကို အသားကျရန် အချိန်ထပ်မပေးတော့ချေ။ သူ၏ အေးစက်သော အသံသည် တူတစ်လက်ကဲ့သို့ ကျဆင်းလာပြီး ညှဉ်းပန်းနှိပ်စက်မှု အသစ်တစ်ကျော့ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်၏။

"အခု နေရာအသစ်တွေ ခွဲပေးမယ်..."

စကားအဆုံးတွင် အလုပ်နေရာအားလုံး၏နံဘေးရှိ မျက်နှာပြင်များပေါ်ရှိ ကိန်းဂဏန်းများ လင်းလက်လာပြီး အလျှင်အမြန် လှုပ်ခတ်သွားသည်။

အချိန်တခဏအကြာတွင် အလင်းရောင် တည်ငြိမ်သွားပြီး ပြသထားသော နေရာနံပါတ်များသည် လုံးလုံးလျားလျား အသစ်ပြန်စီခြင်း ခံလိုက်ရသည်။

"အလကား မနက်စာ" ကြောင့် ယခုလေးတင် လင်းလက်လာသော မျှော်လင့်ချက် မီးတောက်လေးသည် ဤရုတ်တရက် အပြောင်းအလဲကြောင့် ရေခဲရေတစ်ပုံး လောင်းချခံလိုက်ရသကဲ့သို့ ချက်ချင်းငြိမ်းသတ်ခံလိုက်ရသည်။

သူတို့ အနည်းငယ်မျှ မနှောင့်နှေးရဲကြဘဲ မျက်နှာပြင်များပေါ်ရှိ ညွှန်ကြားချက်အသစ်များအတိုင်း သူတို့၏ နေရာအသစ်များကို ရှာဖွေရန် အလောတကြီးနှင့် ရှုပ်ထွေးမှုများကြားမှ ယိမ်းယိုင်စွာ လျှောက်လှမ်းသွားကြသည်။

ဒါက ဘာကို ဆိုလိုတာလဲ...

ဤသည်မှာ နေ့လယ်က သူတို့ အနည်းငယ် အသားကျလာပြီး လုံခြုံမှုအနည်းငယ် ပေးနိုင်လောက်သော အလုပ်စည်းချက်က လုံးလုံးလျားလျား ရိုက်ချိုးခံလိုက်ရပြီ ဆိုသည်ပင်။

ထို့ပြင် သူတို့သည် သိကျွမ်း​သောလူများ၏နံဘေး၌ နေ၍မရတော့ချေ။ ရံဖန်ရံခါ အကြည့်ချင်းဆုံခြင်း သို့မဟုတ် ညင်သာသော လှုပ်ရှားမှုလေးများမှတဆင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု အနည်းငယ်ဖြစ်စေခြင်းတို့ကိုပင် ရရှိတော့မည် မဟုတ်ချေ။

ဆိုလိုသည်မှာ သူတို့သည် လုံးလုံးလျားလျား အသစ်ဖြစ်သော လည်ပတ်မှု လုပ်ငန်းစဉ်တစ်ခုကို ချက်ချင်းအသားကျအောင် လုပ်ရမည်ဟူ၍ပင်။

"ဒီညလည်း လိုအပ်ချက်တွေက အတူတူပဲ..တကယ်လို့ ပျက်စီးတာ ဒါမှမဟုတ် သပိတ်မှောက်တာတွေ ရှိရင် မင်းတို့ ချက်ချင်း ဒဏ်ငွေတပ်ခံရမယ်..."

စကားအဆုံးတွင် စက်ရုံထုတ်လုပ်မှုလိုင်းသည် အရှိန်အပြည့်ဖြင့် စတင်လည်ပတ်တော့သည်။ အစိတ်အပိုင်းများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပထမဆုံး နေရာရှိ ကစားသမားသည် မျက်နှာပြင်ပေါ်ရှိ လည်ပတ်မှုလုပ်ငန်းစဉ်အတိုင်း ချက်ချင်းစတင်၍လုပ်ဆောင်လေ၏။

သူသည် မူလက ဤနေရာတွင် တာဝန်ယူခဲ့ခြင်း မဟုတ်ချေ။ ပထမဆုံးအကြိမ် စတင်လုပ်ဆောင်ရသဖြင့် သူ၏အမြန်နှုန်း နှေးကွေးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစိတ်အပိုင်းများစွာသည် ဖြတ်ကျော်သွားခဲ့လေပြီ။

"မြန်မြန်... ပိုပြီးမြန်မြန်လုပ်... အစိတ်အပိုင်းတွေ အများကြီး ဖြတ်သွားပြီ... ဒီည မင်းတို့ရဲ့ အလေအလွင့်တွေက အရမ်းများနေရင် ဒါမှမဟုတ် အရည်အသွေးက စံချိန်မမီရင် မင်းတို့ရဲ့ အလကား မနက်စာကို ဖျက်သိမ်းလိုက်မှ ငါ့ကို အပြစ်မတင်နဲ့..."

အလုပ်ရုံမှူးက အော်ငေါက်လေသည်။

ပထမဆုံး နေရာရှိ ကစားသမားသည် လန့်ဖျပ်သွားသဖြင့် သူ၏တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားပြီး ငိုချလုမတတ် ဖြစ်သွားခဲ့လေ၏။

တခြားလူများအားလုံးသည်လည်း သူ့အတွက် စိုးရိမ်နေကြသည်။ အမှားအယွင်း အနည်းငယ်မျှ ဖြစ်၍မရချေ။ အကယ်၍ မနက်ဖြန်တွင် အလကား မနက်စာသာ မရှိတော့လျှင် လူအများအပြား တစ်နေကုန် အငတ်နေရပေလိမ့်မည်။

...

တစ်ချိန်တည်းမှာပင်....

အဆောင်တွင်...

တခြားကစားသမား ၅၅ ယောက်သည် အဆောင်သို့ ပြန်ရောက်လာကြလေပြီ။ သူတို့ထဲမှ အများအပြားသည် ဒဏ်ရိုက်ခံရပြီး တစ္ဆေဒင်္ဂါး ၅၀၀ အကြွေးတင်ကာ အကြွေးဖြင့်ပင် အစားအသောက် ဝယ်မစားနိုင်တော့သော်လည်း သူတို့သည် အဆောင်သို့ ပြန်အိပ်ရန် ရွေးချယ်ခဲ့ကြဆဲပင်။

နယ်မြေမှ ထွက်ခွာနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အလွန်အကျွံ ယှဉ်ပြိုင်ခြင်းသာဖြစ်ကြောင်း နားလည်ထားသော ကျိုးထျန်ချန်တို့လောက် သူတို့သည် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။

သူတို့ အလွန်အိပ်ချင်နေသဖြင့် ပြန်အိပ်လိုက်ကြခြင်း ဖြစ်ပေ၏။

အဆောင်တွင် ရေချိုးခန်းအိမ်သာ ငါးလုံးသာ ရှိနေသည်။ လူတိုင်း အလှည့်ကျ ရေချိုးကြပြီး အမျိုးသမီးများသည် အမျိုးသားများကို ကြည့်ကာ လုံခြုံမှုလုံးဝမရှိဟု ခံစားနေရသည်။

"ဟေး... ငါတို့ ရေချိုးနေတုန်း နင်တို့ ချောင်းကြည့်လို့ မရဘူးနော်..."

"အဲ့ဒါက အမှန်ပဲ... ငါတို့က ကျားမ ရောနှောနေထိုင်နေရပေမဲ့ ဒီနေရာက နင်တို့ ကြိုက်သလို လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး..."

သတ္တိရှိသော မိန်းကလေး အနည်းငယ်သည် အမျိုးသားများကို အေးစက်စက် အော်ဟစ်လိုက်ပြီး ရေချိုးနေစဉ် သူမတို့ကို မချောင်းကြည့်ရန် သတိပေးလိုက်သည်။

ဤစကားများကို ကြားသောအခါ အမျိုးသားများသည် ချက်ချင်းဆိုသလိုပင် မကျေနပ်ဖြစ်သွားကြ၏။

"ဟေး... မင်းတို့ ဘာတွေ ပြောနေတာလဲ... ငါတို့က မင်းတို့ ရေချိုးနေတာကို ဘယ်တုန်းက ချောင်းကြည့်ဖူးလို့လဲ..."

"အဲ့ဒါပြောတာ... အစကတည်းက ငါတို့ကို လာသတိမပေးနဲ့... ငါတို့က အဲ့ဒီလောက် အဆင့်မနိမ့်ဘူး... ပြီးတော့ ငါတို့ အခု အရမ်းပင်ပန်းနေပြီ... မင်းတို့ ရေချိုးမယ်ဆိုရင် မြန်မြန်ချိုး... အချိန်မဖြုန်းနဲ့..."

"မင်းတို့ကိုယ်မင်းတို့ မင်းသမီးတွေ ဒါမှမဟုတ် နတ်သမီးတွေများ ထင်နေတာလား... မင်းတို့ ပြရင်တောင် ငါက ဂရုစိုက်မှာ မဟုတ်ဘူး... မင်းတို့ ရေမချိုးရင် ငါ ဝင်ချိုးမယ်... သောက်ရူးမတွေ..."

All Chapters