အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) အဆောင်တွင်း အငြင်းပွားမှု
ကျားမ ရောနှောနေရသော အဆောင်တွင် တင်းမာနေသော လေထုသည် နောက်ဆုံးတွင် ပေါက်ကွဲသွားလေ၏။
"သောက်ရူးမတွေ" ဟူသော စကားစုသည် နာကြည်းမှုများ ပြည့်နှက်နေသော ဆီပေပါထဲသို့ မီးပွားတစ်ခု ကျရောက်သွားသည့်အလားပင်။
ဆံပင်တိုတိုနှင့် မိန်းကလေးတစ်ဦးသည် သူမ၏ ကုတင်ပေါ်မှ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အစောပိုင်းက စကားပြောခဲ့သော အမျိုးသားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"နင်က ဘယ်သူ့ကို အော်နေတာလဲ... နင်တို့လိုကောင်တွေ ခေါင်းထဲမှာ ဘယ်လို ညစ်ပတ်တဲ့ အတွေးတွေ ရှိနေလဲဆိုတာ ငါတို့ မသိဘူးလို့ မထင်နဲ့..."
ရန်လိုမှုအငွေ့အသက်များသည် လေထုထဲတွင် ချက်ချင်းပြည့်နှက်သွားလေ၏။
"အဲ့ဒါက အမှန်ပဲ..."
မျက်မှန်တပ်ထားသော အခြားမိန်းကလေးတစ်ဦးသည် သူမ၏ကုတင်ထောင့်တွင် ကွေးကွေးလေး ထိုင်နေပြီး သူမ၏အသံတွင် ငိုသံပါနေကာ ကြာမြင့်စွာ ဖိနှိပ်ထားသော ရွံရှာမှုများ ပါဝင်နေသည်။
"ဒီနယ်မြေက တမင်တကာ လုပ်နေတာပဲ... ငါတို့ကို နံစော်နေတဲ့ ယောကျာ်းတွေ အများကြီးနဲ့ အတူတူ နေခိုင်းတယ်... ချွေးနံ့တွေ ခြေထောက်နံ့တွေ ရောနှောနေပြီးတော့ အနံ့အသက်တွေက အော့အန်ချင်စရာ ကောင်းတယ်... ငါတို့က ဘယ်လို အိပ်ရမှာလဲ..."
"နံစော်နေတဲ့ ယောကျာ်းတွေ" ဟူသော စကားလုံးများသည် အမျိုးသား ကစားသမားများ အားလုံး၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ကုတင်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေသော တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားတစ်ဦးသည် သူ၏မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်ပြီး ထထိုင်လိုက်ကာ သူ၏အကြည့်မှာ စူးရဲနေသည်။
"သောက်ကျိုးနည်း... မင်းက ဘယ်သူ့ကို နံတယ်လို့ ပြောတာလဲ..."
သူသည် ကုတင်ဘောင်ကို ပြင်းပြင်းထန်ထန် ထုလိုက်ရာ ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာပေ၏။
"မင်းတို့ကရော ဘယ်နေရာများ ပိုကောင်းနေလို့လဲ... ငါတို့ ဒီကို ရောက်ကတည်းက ဈေးပေါတဲ့ ရေမွှေးနံ့နဲ့ ချွေးနံ့ ရောနေတဲ့ အနံ့ကို ငါ ရနေတာ... ငါ့ခေါင်းတွေတောင် မူးလာပြီ... မင်းတို့ကိုယ်မင်းတို့ တကယ်ကြီး နတ်သမီးတွေလို့ ထင်နေတာလား..."
"အဲ့ဒါပြောတာ... မင်းတို့က အဲ့ဒီလောက်တောင် အရည်အချင်းရှိရင် ဒီမှာ မနေနဲ့လေ..."
အနီးနားရှိ လူတစ်ဦးက ခနဲ့တဲ့တဲ့ ဝင်ပြောလိုက်သည်။
"လမ်းမပေါ်မှာ အိပ်တာ ပိုမကောင်းဘူးလား... အဲ့ဒီလိုဆိုရင် မင်းတို့ ဘာအနံ့မှ ရတော့မှာ မဟုတ်ဘူး..."
ထိုစကားမဆုံးမီမှာပင် ဒေါသထွက်နေသော ယောကျာ်းလေးတချို့သည် လှောင်ပြောင်ရယ်မောသံများဖြင့် ရန်ပွဲထဲသို့ ဝင်ရောက်လာကြသည်။
အငြင်းပွားမှုသည် လူအနည်းငယ်မှ ဆန့်ကျင်ဘက် အုပ်စုနှစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးစက်သွားလေ၏။ အော်ဟစ်သံများနှင့် ကုတင်ဘောင်များကို ထုရိုက်သံများ ထွက်ပေါ်လာပြီး ကြီးမားသော အဆောင်အတွင်း၌ ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"တော်ကြတော့... ရန်မဖြစ်ကြနဲ့တော့..."
မျက်မှန်နှင့်အမျိုးသားတစ်ဦးက အေးစက်စက် အော်ဟစ်လိုက်၏။
သူ့ထံ၌ ရည်မွန်သော အသွင်အပြင် ရှိသော်လည်း သူ၏အသံ ပေါက်ကွဲထွက်လာချိန်၌ မယုံနိုင်လောက်အောင် အစွမ်းထက်သော ဟန့်တားနိုင်စွမ်းတစ်ခု ပါဝင်နေပြီး တခြားသူများအားလုံးကို ချက်ချင်းငြိမ်ကျသွားစေသည်။
"ငါ တရားမျှတတဲ့ စကားတစ်ခွန်းလောက် ပြောပါရစေ..."
ထိုအမျိုးသားက သူ၏ မျက်မှန်ကို ပင့်တင်ပြီး အေးစက်စက် ပြောလိုက်သည်။
"တရားမျှတမှုအကြောင်း ပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားက အေးစက်စက် တုံ့ပြန်လိုက်၏။
ဤစကားကို ကြားသောအခါ မျက်မှန်နှင့် အမျိုးသားက သူ့ကို ကြည့်လိုက်သည်။
"ငါက နယ်မြေတစ်ခုကို တစ်ကြိမ် ရှင်းလင်းဖူးတယ်... မင်း ရှင်းလင်းဖူးလား..."
ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားသည် ချက်ချင်းတိတ်ဆိတ်သွားပြီး တခြားသူများလည်း အံ့အားသင့်သွားသော အမူအရာများ ပြသလိုက်ကြသည်။
"ဒီနယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက် မရှိဘူး... အထက်တန်းနောက်ဆုံးနှစ်နယ်မြေနဲ့ အရမ်းဆင်တူတယ်... ဖန်တီးသူ တစ်ယောက်တည်းဆီက နယ်မြေ ဖြစ်နိုင်တယ်... ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ငါတို့က အလုပ်ကို အဆင့်လိုက် ပြီးအောင် လုပ်နေသရွေ့ ထွက်သွားဖို့ မျှော်လင့်ချက် ရှိတယ်... တကယ်လို့ မင်းတို့က ဘာကိုမှ ဂရုမစိုက်ဘဲ ရန်ဖြစ်ချင်နေရင် မင်းတို့ ဘယ်တော့မှ ထွက်သွားလို့ရမှာ မဟုတ်ဘူး..."
လူတိုင်း စကားမပြောနိုင်တော့ဘဲ သူတို့၏ ယာယီ နာကြည်းမှုများကို ဘေးဖယ်ထားကာ မျက်မှန်နှင့် အမျိုးသား၏ ခွဲခြမ်းစိတ်ဖြာမှုကို အာရုံစိုက်၍ နားထောင်လိုက်ကြသည်။
မျက်မှန်နှင့် အမျိုးသားက ဆက်ပြောသည်။
"စဉ်းစားကြည့်... ဘာလို့ ငါတို့အားလုံး တစ်နေရာတည်းမှာ နေရာချထားခံရတာလဲ... အဲ့ဒါက ဖန်တီးသူ လိုချင်တဲ့အရာ အတိအကျပဲ မဟုတ်လား... သူက ငါတို့ကို ရန်ဖြစ်စေချင်တယ်... ပြီးတော့ အဲ့ဒါကိုသုံးပြီး ငါတို့ကို ပြစ်ဒဏ်ပေးမယ်... ငါတို့ အမှားတွေ ပိုလုပ်မိအောင်လို့... အဲ့ဒါမှ ဒီနယ်မြေကနေ ငါတို့ ထွက်မသွားနိုင်မှာ... သူ့ကို ငါတို့ အလိုကျ ဖြစ်ခွင့်ပေးလို့ မရဘူး... ဒါကြောင့် ငါတို့ စည်းလုံးရမယ်..."
"ဟုတ်တယ်... သူပြောတာ တော်တော်လေး အဓိပ္ပာယ်ရှိတယ်... ငါက စစ်သားတစ်ယောက်ပဲ... ငါတို့ထဲက တစ်ယောက်က အရင်က အထက်တန်းနောက်ဆုံးနှစ် နယ်မြေထဲကို ဝင်ဖူးတယ်... သူက ရှင်းလင်းနိုင်ခဲ့တဲ့ သူတစ်ယောက်လေ... ဒီနယ်မြေမှာ သူ ပြန်ပေါ်လာတာက သူ့ကို ဖိတ်ကြားထားတယ်လို့ ညွှန်ပြနေတယ်..."
ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ပြီး ဆံပင်တိုတိုနှင့် အမျိုးသားတစ်ဦးက ပြောဆိုလ်ိုက်၏။
စစ်တပ်သည် ကျိုးထျန်ချန်၏မျက်နှာကို ပြသခဲ့သော အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ဖူးသည်။ သူသည် ကျိုးထျန်ချန်ကို မြင်ဖူးသဖြင့် နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် တစ်ဖက်လူထံသို့ မသွားခဲ့သော်လည်း ချက်ချင်းမှတ်မိခဲ့သည်။
ထို့ပြင် ဤနယ်မြေသည်လည်း သေဆုံးမှု သတ်မှတ်ချက် မရှိသောကြောင့် အထက်တန်းနောက်ဆုံးနှစ် နယ်မြေ၏ နောက်ဆက်တွဲဖြစ်ကြောင်း သူ သေချာပေါက် သိထားပေ၏။
ဤစကားကို ကြားသောအခါ အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ရှင်းလင်းခဲ့သူတစ်ဦး ဤနေရာတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြသည်။ မျက်မှန်နှင့် အမျိုးသားပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဘယ်သူလဲ..."
"သောက်ကျိုးနည်း... တကယ်ကြီးလား... အဲ့ဒီနယ်မြေကို ရှင်းလင်းနိုင်တဲ့သူက ဒီနေရာမှာ ရှိနေတာလား..."
"မြန်မြန် ရှေ့ထွက်ခဲ့စမ်းပါ..."
"ဒါဆို ဒီနယ်မြေကို ဘယ်လို ရှင်းလင်းရမလဲ... အလုပ်လုပ်တဲ့နေရာမှာ ထိပ်ဆုံးငါးယောက်စာရင်း ဝင်မှပဲ ရမှာလား..."
ထိုအကြောင်းကို ပြောဆိုချိန်၌ လူအများအပြား ချက်ချင်းနားလည်သဘောပေါက်သွားကြ၏။ အလုပ်လုပ်သောနေရာတွင် ထိပ်ဆုံးငါးယောက်စာရင်း ဝင်ရန်မှာ သူတို့သည် ရူးသွပ်သကဲ့သို့ အလုပ်လုပ်ပြီး အချိန်ပိုတွေ ဆင်းရမည် မဟုတ်လောဟု တွေးတောမိကြသည်။
တကယ်လို့ တခြားသူတွေက အချိန်ပိုတွေ ဆင်းပြီး အသေအလဲ လုပ်နေချိန်မှာ ငါတို့က ဒီနေရာမှာ ပြန်အိပ်နေမယ်ဆိုရင် ငါတို့ အများကြီး နောက်ကျကျန်ခဲ့မှာ မဟုတ်လား...
ရုတ်တရက် လူအများအပြား နောင်တရသွားကြ၏။ အကယ်၍ သူတို့ ဤကိစ္စကို ကြိုသိခဲ့လျှင် သူတို့ ပြန်လာပြီး အိပ်မည် မဟုတ်ချေ။ သူတို့ ပျင်းရိမနေသင့်ပေ။
"ဒီလိုဖြစ်နေပြီဆိုတော့ အားလုံးပဲ မြန်မြန် ရေချိုးပြီး အိပ်ကြတော့... ဒါမှ မနက်ဖြန် အချိန်မှတ်ဖို့အတွက် ငါတို့ မထနိုင်တာမျိုး မဖြစ်မှာ..."
မျက်မှန်နှင့် အမျိုးသားက ပြောလိုက်သည်။
ပြဇာတ် ထိုနေရာတွင် ပြီးဆုံးသွားတော့သည်။ လူတိုင်း ရေချိုးရန် အပြေးအလွှား သွားကြပြီး သူတို့၏ ကုတင်များပေါ်တွင် လှဲလျောင်းလိုက်ကြသည်။
နောက်ဆုံးလူ ရေချိုးပြီးစီးကာ မီးများ ပိတ်သွားပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။
အဆောင်သည် အလွန်အမင်း မှောင်မိုက်နေသော်လည်း အခြေခံအားဖြင့် မည်သူမျှ ချက်ချင်းအိပ်မပျော်နိုင်ကြချေ။
အမှောင်ထုထဲတွင် သူတို့၏မျက်လုံးများသည် ပွင့်နေဆဲဖြစ်ပြီး အာရုံစူးစိုက်မှု ကင်းမဲ့နေလေ၏။
အောက်ထပ်ကုတင်မှ လူများသည် အထက်ရှိ ကုတင်ဘောင်များ၏ ဝါးတားတား အကြမ်းဖျင်း ပုံစံများကို စိုက်ကြည့်နေကြပြီး အပေါ်ထပ်ကုတင်မှ လူများမှာမူ မျက်နှာကြက်၏ ပို၍နက်ရှိုင်းသော အမှောင်ထုကို ငေးကြည့်နေကြသည်။
သူတို့၏အတွေးများသည် အထိန်းအကွပ်မဲ့စွာဖြင့် အဝေးသို့ လွင့်မျောသွားကြ၏။
လူတချို့က အိမ်ရှိ နွေးထွေးသော မီးရောင်များနှင့် အစားအသောက် အနံ့များကို တွေးတောနေကြပြီး သူတို့၏ အိုမင်းနေသော မိဘများက သူတို့အတွက် စိုးရိမ်နေကြမလားဟု တွေးတောနေကြသည်။
လူတချို့က ချစ်ရသူ၏ နွေးထွေးသော ပွေ့ဖက်မှုကို ခံစားနေရသကဲ့သို့ ခံစားရပြီး ရင်းနှီးသော ဆံပင်နံ့သည် သူတို့၏ နှာခေါင်းဖျားတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေကာ ခါးသီးမှုလှိုင်းလုံးတစ်ခုက သူတို့၏ နှလုံးသားများကို ရိုက်ခတ်သွားသည်။
လူတချို့က ကလေးများ၏ အပြစ်ကင်းသော ရယ်မောသံများကို သူတို့၏ နားထဲတွင် ကြားနေရပြီး ထိုအသံသည် ယခုအချိန်၌ အပ်တစ်ချောင်းကဲ့သို့ ဖြစ်နေကာ သူတို့၏ နှလုံးသားများကို ညင်သာစွာ ထိုးဆွနေလေ၏။
လူတချို့က ညီအစ်ကိုများ၊ သူငယ်ချင်းများနှင့် အကင်ဆိုင်များတွင် အရက်သောက်ကာ ကြွားလုံးထုတ်ခဲ့ကြသော ညများကို ပြန်လည်လွမ်းဆွတ်နေကြသည်။ ထိုလွတ်လပ်မှုနှင့် ပျော်ရွှင်မှု ခံစားချက်သည် သူတို့နှင့် ဘဝတစ်ခုလုံး ခြားသွားသကဲ့သို့ ခံစားနေရသည်။
ထို့ပြင် လူတချို့ကမူ နယ်မြေထဲသို့ ဝင်မလာမီက သာမန်ဆန်သော်လည်း တည်ငြိမ်သော နေ့ရက်များကို လွမ်းဆွတ်နေကြ၏။
သူတို့ သဘောဆန္ဒအလျောက် နိုးလာသည်အထိ အိပ်နိုင်ခြင်း၊ ဘာစားရမည်ကို ဆုံးဖြတ်နိုင်ခြင်း၊ နေရောင်အောက်တွင် လွတ်လပ်စွာ လမ်းလျှောက်နိုင်ခြင်း...
ဤမှတ်ဉာဏ်များသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာပြီး ချိုမြိန်မှုနှင့် နာကျင်မှုတို့ ရောယှက်ကာ ဤအေးစက်ပြီး မျှော်လင့်ချက်မဲ့သော ညတွင် သူတို့ပိုင်ဆိုင်သည့် တစ်ခုတည်းသော အရာများ ဖြစ်လာခဲ့သည်။
အတိတ်ကို လွမ်းဆွတ်လေလေ အနာဂတ်အတွက် ဝေဝါးမှုနှင့် ကြောက်ရွံ့မှုက ပို၍လေးလံလေလေပင်။
လုပ်ငန်းစွမ်းဆောင်ရည် ကွာဟချက်သည် သူတို့၏ ရင်ဘတ်များပေါ်တွင် ဧရာမ ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖိနှိပ်နေပြီး မနက်ဖြန်၏ စက်ရုံထုတ်လုပ်မှုလိုင်းကို အဆုံးမရှိသော လမ်းတစ်ခုကဲ့သို့ ခံစားရသည်။
အမှောင်ထုထဲတွင် တစ်စုံတစ်ဦးသည် တိုးညှင်းပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသော ငိုရှိုက်သံတစ်ခုကို ထုတ်လွှင့်လိုက်၏။
ထိုနောက် မရေမတွက်နိုင်သော ငိုရှိုက်သံများ နောက်မှ လိုက်ပါလာသည်။
"ငါ အိမ်ကို လွမ်းတယ်... ငါ အရမ်းပြန်သွားချင်တယ်... ဒီနယ်မြေက လူတွေနေရမယ့် နေရာ မဟုတ်ဘူး..."
တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားက ငိုကြွေးလိုက်သည်။
အပေါ်ထပ်ကုတင်တွင် အိပ်နေသော ယောကျာ်းလေးသည် အောက်ဘက်ရှိ အရပ်ရှည်ပြီး ထွားကျိုင်းသော အမျိုးသားတွင် ဤမျှထိ ထိရှလွယ်သော အပိုင်းတစ်ခု ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
မသိမသာဖြင့် သူ၏ မျက်လုံးများလည်း စိုစွတ်လာခဲ့လေ၏။ အိမ်ကို ဘယ်သူက မလွမ်းဘဲ နေမှာလဲဟု သူ တွေးလိုက်မိသည်။
တစ်ရက်သာ ကုန်လွန်သွားသေးသော်လည်း တစ်နှစ်ကဲ့သို့ ခံစားရသည်။ ဤကဲ့သို့ နာကျင်မှုမျိုးသည် လူသားများအတွက် လုံးဝကို သည်းမခံနိုင်စရာ ဖြစ်နေသည်။ အကယ်၍ သူတို့သာ ဤအတိုင်း ဆက်နေရပါက အနှေးနှင့်အမြန် သူတို့ ရူးသွပ်သွားကြပေမည်။
"ဒါ ဘယ်တော့မှ ပြီးဆုံးမှာလဲ... ငါတို့ တကယ်ပဲ ဒီနေရာကနေ ထွက်သွားနိုင်ပါ့မလား..."
"မျှော်လင့်ချက်မဲ့တာပဲ... သေဆုံးမှု သတ်မှတ်ချက် မရှိတာက ငါတို့ကို ပေးထားတဲ့ အကြီးမားဆုံး ကရုဏာပဲ... ဒါပေမဲ့ နယ်မြေကပေးတဲ့ နာကျင်မှုကို ငါတို့ တိတ်တိတ်လေး သည်းခံနေရုံပဲ တတ်နိုင်တယ်..."
"လူငါးယောက်... ငါတို့က အယောက် တစ်ရာ ရှိတာလေ... နောက်ဆုံးကျရင် လူ ကိုးဆယ့်ငါးယောက်က ကျန်ရစ်နေခဲ့ရမှာ... ဒါက အရမ်းကို အဓိပ္ပာယ်မဲ့လွန်းတယ်..."
"ဟူး... စကားမပြောကြနဲ့တော့... နှစ်နာရီတောင် ထိုးတော့မယ်... ဒီအတိုင်းသာ ဆက်သွားရင် မနက်ဖြန်ကျ ငါတို့ ဗိုက်ဆာပြီး ပင်ပန်းနေလို့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး... မြန်မြန် အိပ်လိုက်ကြရအောင်..."
ငိုကြွေးသံများ တဖြည်းဖြည်း တိမ်ဝင်သွားလေ၏။ နှစိနာရီခွဲ ရောက်မှသာ ကစားသမားများအားလုံး နောက်ဆုံးတွင် အိပ်ပျော်သွားကြသည်။
သို့သော် ဤသည်မှာ ပထမဆုံးနေ့သာ ရှိသေးပြီး ဤမျှထိ နာကျင်နေရလေပြီ။
ခြောက်နာရီတွင် စက်ရုံထုတ်လုပ်မှုလိုင်းပေါ်ရှိ နေ့သစ်တစ်နေ့က သူတို့ကို စောင့်ကြိုနေဆဲပင်။
သူတို့သည် ဤကဲ့သို့ ထပ်ခါတလဲလဲဖြစ်ပြီး ပျင်းစရာကောင်းသည့် နေ့ရက်များကို ငါးလတိုင်တိုင် သည်းခံရပေမည်။ ဤကိစ္စကို တွေးကြည့်ရုံဖြင့်ပင် မျှော်လင့်ချက်မဲ့စရာ ကောင်းလှသည်။