အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ဆန်ပြုတ်နဲ့ ပေါက်စီ
မနက် သုံးနာရီ၌...
ကျိုးထျန်ချန်နှင့် တခြားသူများသည် သူတို့၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲကာ အဆောင်သို့ ပြန်လာခဲ့ကြသည်။ လူ ဒါဇင်ပေါင်းများစွာ အခန်းထဲသို့ အတူတကွ ဝင်ရောက်လာချိန်၌ တစ်စုံတစ်ဦးက မီးခလုတ်ကို ချက်ချင်းဖွင့်လိုက်၏။
မီးများ လင်းထိန်သွားသည်နှင့် တပြိုင်နက် ရုတ်တရက် လင်းထိန်သွားမှုကြောင့် လူအများအပြား လန့်နိုးသွားသည်။ သူတို့ ထထိုင်လိုက်ပြီး ကျိုးထျန်ချန်နှင့်တခြားသူများ ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ဘယ်လိုလဲ... အချိန်ပိုဆင်းရတာ ဘယ်လိုခံစားရလဲ..."
တစ်စုံတစ်ဦးက မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။
အချိန်ပိုဆင်းရသည်မှာ မည်သို့ခံစားရကြောင်း သူတို့ အလွန်အမင်း သိချင်နေကြ၏။ နေ့ဆိုင်းနှင့် ကွာခြားမှု ရှိသလားဟု သူတို့ သိလိုကြသည်။
"သူတို့က အလုပ်နေရာတွေကို ပြန်စီလိုက်တယ်... ဒါပေမဲ့ နေ့ဆိုင်းက အလုပ်တွေအတိုင်းပဲ... နေ့ဘက်ထက် ပိုပြီးပင်ပန်းတာပဲ ရှိတယ်... ပင်ပန်းတယ် အိပ်ချင်တယ် ဗိုက်ဆာတယ်... ဒါက လူတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး..."
အမျိုးသား ကစားသမားတစ်ဦးက သက်ပြင်းချပြီး အဖြေပေးလိုက်သည်။
တစ်ညလုံး အလုပ်လုပ်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပြုတ်ထွက်တော့မည့်အလား ခံစားရကာ သူ၏အပိုင် မဟုတ်တော့သည့်အလားပင်။ သူ၏ တင်ပါးများ ထုံကျင်နေပြီး လက်မောင်းများ ကိုက်ခဲနေကာ အဆိုးရွားဆုံးမှာ သူ၏ ခါးရိုးနှင့် လည်ပင်းရိုးများ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်းပင်။
သူသည် တစ်နေ့လုံး ခေါင်းငုံ့ကာ ကုန်းကုန်းလေး နေခဲ့ရပြီး မလှုပ်ရှားနိုင်ခဲ့ချေ။ သူ မတ်တပ်ရပ်ပြီး အကြောဆန့်ရန်ပင် အချိန်မရှိခဲ့ချေ။ ဤအတိုင်းသာ ဆက်သွားပါက သူ၏ခန္ဓာကိုယ်မှ ထိုအစိတ်အပိုင်း နှစ်ခုသည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
အိပ်ချင်မူးတူး ဖြစ်နေသော ကစားသမားများသည် အချိန်ပိုအကြောင်း ကြားလိုက်ရချိန်၌ ချက်ချင်း နိုးကြားလာကြပြီး တပြိုင်နက်တည်း စကားပြောဆိုလိုက်ကြ၏။
"အချိန်ပိုဆင်းရင် နေရာတွေကို ပြန်စီတယ်လား... မင်းတို့ အဆူခံရသေးလား..."
"မဖြစ်နိုင်တာ... မနက်ဖြန်ကျရင် ငါတို့ နေရာအသစ်တွေမှာ လုပ်ရမှာလား ဒါမှမဟုတ် မူလနေရာတွေမှာပဲ ပြန်လုပ်ရမှာလား..."
"အချိန်ပိုကြေး မရှိဘူးလား... ဒါက တကယ့်ကို ကျွန်လို ခိုင်းတဲ့ စနစ်ပဲ..."
မနက်ခင်း အိပ်ရေးမဝသဖြင့် ဒေါသထွက်နေကြသော ကစားသမားများသည် အချိန်ပိုနှင့် ပတ်သက်သည့် တခြားသူများ၏ အဖြေများကို ကြားရသောအခါ သူတို့၏ မကျေနပ်မှုများ ပျောက်ကွယ်သွားသည်။
"မရှိဘူး... အချိန်ပိုကြေးဆိုတာ မရှိဘူး... မင်းတို့ အိပ်မက်မက်နေတာလား... တစ်နာရီကို တစ္ဆေဒင်္ဂါး ၁၀ ပြားပဲ ရတာ..."
"အဲ့ဒါကို ပြောတောင် မပြောနဲ့တော့... အဲ့ဒီပိုက်ဆံကိုတောင် ငါတို့ ရပါ့မလား မသိဘူး... နေရာတွေကို ပြန်စီလိုက်တဲ့အတွက် ငါတို့က လုံးဝ အသားမကျဘူး... အဲ့ဒီတော့ အမှားတွေ ခဏခဏ ဖြစ်တယ်... ပိုက်ဆံတွေ အကုန် အဖြတ်ခံရလောက်တယ်..."
"ဒါပေမဲ့ မနက်ဖြန်ကျရင် ငါတို့ မနက်စာ အလကား စားရမယ်..."
ဤစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်းသည် ထိုကစားသမားကို ကြက်သေသေစွာ စိုက်ကြည့်နေကြပြီး ဤအချိန်အခိုက်အတန့်တွင် သူတို့၏ အသက်ရှူသံများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင် ရုတ်ရုတ်သဲသဲဖြစ်မှုသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
"သောက်ကျိုးနည်း... တကယ်ကြီးလား... အလကား မနက်စာလား..."
"သောက်ချေးပဲ... သိသာသိခဲ့ရင် ငါလည်း အချိန်ပိုဆင်းပါတယ်... အနည်းဆုံးတော့ မနက်ဖြန် ဗိုက်မဆာတော့ဘူးပေါ့... ငါ နောင်တရလိုက်တာ..."
"အရမ်းမိုက်တာပဲ... မနက်စာလေးဆိုပေမဲ့ အနည်းဆုံးတော့ ဗိုက်ပြည့်သွားမှာပဲ... အခုလို ဗိုက်ဆာနေရတာထက်စာရင် အများကြီး ပိုကောင်းတယ်..."
"ငါ မနည်းအိပ်ပျော်သွားအောင် လုပ်ထားရတာကို မင်းတို့ကြောင့် နိုးသွားတယ်... ပြီးတော့ ဒီအိပ်မက်ဆိုး သတင်းကို ကြားရတယ်... ငါ ဘာလို့ အချိန်ပိုဆင်းဖို့ မရွေးချယ်ခဲ့တာလဲ... ငါ တကယ်ကို နောင်တရတာပဲ..."
အလကား မနက်စာ ရှိကြောင်း ကြားရသောအခါ အချိန်ပို မဆင်းရန် ရွေးချယ်ခဲ့ပြီး အဆောင်သို့ ပြန်အိပ်ခဲ့ကြသော ကစားသမားများသည် ယခုအချိန်၌ နောင်တများဖြင့် သူတို့၏မျက်နှာများ စိမ်းဖန့်နေကြသည်။
ဘာလို့လဲ... အချိန်ပိုနည်းနည်းလောက် ဆင်းမယ့်အစား အဆောင်ကို ပြန်အိပ်ဖို့ ငါတို့ ဘာလို့ ရွေးချယ်ခဲ့ကြတာလဲ... အဲ့ဒီလိုသာ လုပ်ခဲ့ရင် ငါတို့လည်း မနက်စာ အလကား စားရမှာပေါ့....
ကံမကောင်းစွာဖြင့် ဤကမ္ဘာတွင် နောင်တရခြင်းအတွက် ဆေးမရှိချေ။ သူတို့သည် နောင်တရရုံသာ တတ်နိုင်ပြီး နောက်တစ်ကြိမ်တွင် အချိန်ပို သေချာပေါက် ဆင်းမည်ဟု သူတို့၏ နှလုံးသားထဲတွင် တိတ်တဆိတ် ကတိပြုလိုက်ကြ၏။ သူတို့လည်း မနက်စာ အလကား စားချင်ကြသည်။
"ကဲ... နင်တို့အားလုံး ဆူညံနေတာကို ရပ်ပြီး အိပ်ကြတော့... အလုပ်သွားဖို့ သုံးနာရီပဲ လိုတော့တယ်... မနက်ဖြန် အလုပ်လုပ်နေရင်း နင်တို့ တကယ်ကြီး အိပ်ငိုက်ချင်နေတာလား..."
ထိုအချိန်၌ အမျိုးသမီး ကစားသမားတစ်ဦးက အေးစက်စက် ပြောဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားလေ၏။
အမှန်တကယ်ကိုပင် သူတို့ အလုပ်သွားရန် သုံးနာရီသာ လိုတော့သည်။ အကယ်၍ သူတို့ မအိပ်ပါက မနက်ဖြန်တွင် ဗိုက်ဆာပြီး အိပ်ချင်နေမည်ဖြစ်ကာ သူတို့၏ လုပ်ငန်းထိရောက်မှု သိသိသာသာ ကျဆင်းသွားပေမည်။ ထိုသို့ဆိုလျှင် သူတို့ ဒဏ်ငွေတပ်ခံရပြီး ဆူပူခံရပေမည်။ နောက်ထပ် ငွေအဖြတ်ခံရခြင်းကို သူတို့ မလိုချင်တော့ချေ။
အခြေအနေ ငြိမ်သက်သွားသည်နှင့် ကျိုးထျန်ချန်နှင့် အချိန်ပိုမှ ပြန်လာသော တခြားကစားသမားများသည် ရေချိုးရန် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
အိမ်သာငါးလုံးဖြင့် လူတစ်ယောက်စီ ရေချိုးရန် မိနစ်အနည်းငယ်ခန့် ကြာမြင့်လေ၏။
လူတိုင်း ပြီးစီးသွားချိန်၌ နာရီဝက်ကျော် ကုန်လွန်သွားခဲ့လေပြီ။
ကျိုးထျန်ချန်သည် ကုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်ချေ။ တခြားကစားသမားများကဲ့သို့ပင် သူသည် မျက်နှာကြက်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ၏ ဇနီးနှင့် သားလေးအကြောင်းကို တွေးတောနေသည်။
လူတိုင်းနီးပါးသည် ကုတင်ပေါ်တွင် လှဲနေချိန်၌ မသိစိတ်မှ အတိတ်က အဖြစ်အပျက်များကို ပြန်လည်အမှတ်ရလာတတ်ကြပြီး သေခါနီးတွင် ပြန်လည်မြင်ယောင်လာသော မှတ်ဉာဏ်များကဲ့သို့ ဖြစ်နေပေ၏။
...
အချိန်သုံးနာရီသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။
ဘန်း... ဘန်း... ဘန်း...
အဆောင်၏ သံတံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်သံများ ထွက်ပေါ်လာသည်။ ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံကဲ့သို့ ဆူညံသံကြောင့် လူတိုင်း ထိတ်လန့်တကြား ထထိုင်လိုက်ကြပြီး တံခါးဆီသို့ ကြောက်ရွံ့စွာ ကြည့်လိုက်ကြ၏။ မနေ့က ပင်ပန်းနွမ်းနယ်မှု၊ ညဆိုင်း၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အနာဂတ်အတွက် ကြောက်ရွံ့မှုတို့သည် ဤအခိုက်အတန့်တွင် ဤကြမ်းတမ်းသော ထုရိုက်သံကြောင့် အဆုံးမရှိ ကြီးထွားသွားသည်။
"ထကြတော့... မနက်စာစားပြီး ခြောက်နာရီခွဲ မတိုင်ခင် အချိန်မှတ်ကြ... နောက်ကျတဲ့သူတွေကို လစာ ဖြတ်မယ်..."
ထို့နောက်တွင် လူသားဆန်မှု အရိပ်အယောင်လေးမျှ မရှိသော အလုပ်ရုံမှူး၏ အေးစက်ပြီး ရက်စက်သည့် အသံ ထွက်ပေါ်လာသည်။
ဤစကားကို ကြားရချိန်၌ လူတိုင်း လန့်နိုးသွားကြသည်။ သူတို့သည် အဆောင်ရှိ နာရီကို ကြည့်လိုက်ရာ ခြောက်နာရီတိတိ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
အလုပ်သွားရန် နာရီဝက်သာ လိုတော့သည်။
အချိန်တခဏအတွင်း လူတိုင်း ကုတင်များပေါ်မှ ဆင်းကာ ဘေစင်များဆီသို့ အပြေးအလွှား သွားကြပြီး ရေပိုက်ခေါင်းများကို ဖွင့်ကာ ရေအေးများဖြင့် မျက်နှာသစ်ပြီး သွားတိုက်တံများကို ကောက်ကိုင်၍ မျက်နှာသစ်သွားတိုက်ကြတော့သည်။
အချိန်နည်းပါးသဖြင့် တစ်ယောက်စီသည် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်ခဲ့ရသည်။
သို့သော် မနက်စာ အလကား မစားရဘဲ အကြွေးဖြင့်လည်း မဝယ်စားနိုင်သူများမှာမူ များစွာနှေးကွေးကြသည်။ လူတချို့ဆိုလျှင် ခဏလောက် ထပ်အိပ်ရန် ကုတင်ပေါ်သို့ပင် ပြန်တက်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ အဆောင်မှ အလုပ်ရုံသို့ လမ်းလျှောက်ပါက ဆယ်မိနစ်သာ ကြာမြင့်ပေ၏။
ဘာပဲဖြစ်ဖြစ် မနက်စာ စားရမှာမှ မဟုတ်တာ... နည်းနည်းလောက် ထပ်လှဲနေတာကမှ ပိုကောင်းဦးမယ်....
သူတို့ တွေးတောလိုက်ကြသည်။
မနက်စာ စားရမည့် ကျိုးထျန်ချန်နှင့် တခြားသူများသည် မျက်နှာသစ် သွားတိုက်ပြီးနောက် ကန်တင်းဆီသို့ အပြေးအလွှား သွားကြသည်။
ကန်တင်းတွင် ကျိုးတို့ကျဲတဲ တန်းစီနေသူများကို သူတို့ မြင်တွေ့လိုက်ရသည်။
အလကား မနက်စာ စားခွင့်ရှိသော ကစားသမားများသည် အဓိကအားဖြင့် မနေ့ညက အချိန်ပိုဆင်းခဲ့သူများပင်။ သူတို့သည် တန်းစီသည့် နေရာ၏ ရှေ့ဆုံးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြ၏။ သူတို့၏ မျက်နှာများတွင် ပင်ပန်းနွမ်းနယ်မှုများအပြင် အလကား မနက်စာအတွက် မျှော်လင့်နေသည့် အရိပ်အယောင်တစ်ခုလည်း ရှိနေသည်။
ကစားသမား အများစုဖြစ်သော အချိန်ပို မဆင်းခဲ့သူများ သို့မဟုတ် သူတို့၏ အမှတ်များ လုံးဝကုန်ခမ်းသွားပြီး ငွေမသုံးနိုင်တော့သူများသည် ကန်တင်း၏ပတ်ပတ်လည်တွင် မယောင်မလယ်လုပ်နေသည်။ သူတို့သည် နံရံများကို မှီနေကြသည် သို့မဟုတ် အေးစက်သော ခွေးခြေများပေါ်တွင် ထိုင်နေကြပြီး တန်းစီနေသူများကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြ၏။
ဆာလောင်မှုသည် မမြင်နိုုင်သော လက်တစ်ဖက်ကဲ့သို့ သူတို့၏ အစာအိမ်များကို ဆုပ်ကိုင်ထားပြီး သူတို့၏ အမူအရာများကို ရှုံမဲ့သွားစေခဲ့သည်။
ဤသည်မှာ မနာလိုမှု၊ နာကြည်းမှုနှင့် အားနည်းသော ရန်လိုမှုများ ရောနှောနေသည့် အကြည့်တစ်မျိုးပင်။
သူတို့သည် မနက်စာ မစားရဘဲနှင့် ဘာလို့ ကန်တင်းကို လာကြသည်အား နားမလည်နိုင်သော်လည်း ကျိုးထျန်ချန်က သူတို့ကို လျစ်လျူရှုထားပြီး မနက်စာကို လျင်မြန်စွာ ကြည့်လိုက်သည်။
သူ ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများ ချက်ချင်းတောက်ပသွားလေ၏။
မနက်စာသည် ကြီးမားသော ပေါက်စီများနှင့် ဆန်ပြုတ် ဖြစ်နေသည်။ ဤသည်မှာ အတော်အသင့် ကောင်းမွန်သော မနက်စာပင်။ ဤအရာနှစ်ခု အစာအိမ်ထဲ ရောက်သွားပါက အလွန်ဗိုက်ပြည့်စေပေမည်။
နေ့လယ်စာ မစားရလျှင်ပင် သူတို့ များစွာဗိုက်ဆာနေမည် မဟုတ်ချေ။
တန်းစီနေသည့် အရှေ့ဘက်မှ လူများသည် ဤမျှထိ ကောင်းမွန်သော မနက်စာကို မြင်ရသောအခါ သူတို့၏ မျက်လုံးများ တောက်ပသွားလေ၏။ ယနေ့ ဤမျှထိ ကောင်းမွန်သော မနက်စာကို စားသုံးနိုင်ရန် မနေ့ညက အချိန်ပိုဆင်းခဲ့သည်မှာ ကံကောင်းကြောင်း သူတို့ ခံစားလိုက်ရသည်။
ကျိုးထျန်ချန်သည် သူ၏ မနက်စာကို ယူကာ ဟန်ထျန်ယွီ၏နံဘေးတွင် ဝင်ထိုင်လိုက်သည်။ သားရဲများကဲ့သို့ ကြည့်နေသော ကစားသမားများကို သူ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ စတင်စားသောက်တော့သည်။
"ဒီနေ့ မနက်စာက တော်တော်လေးဆိုးမယ်လို့ ငါ ထင်ထားတာ... ဒါပေမဲ့ ဆန်ပြုတ်နဲ့ ပေါက်စီ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ဒါဆိုရင် ငါတို့ ဗိုက်ပြည့်သွားမှာပဲ..."
ဟန်ထျန်ယွီက ပေါက်စီကို တစ်ကိုက်ကိုက်စားပြီးနောက် စိတ်ကျေနပ်သော အပြုံးဖြင့် ပြောလိုက်သည်။
ကျိုးထျန်ချန်က ခေါင်းညိတ်လိုက်သည်။
"အင်း... အလုပ်လုပ်ဖို့ ခွန်အားတွေ ရှိလာအောင် ဒီလိုမနက်စာမျိုး စားဖို့ လိုတယ်လေ..."
စားသောက်နေသူတိုင်းသည် ဤအစားအစာကို အလွန်စိတ်ကျေနပ်နေကြ၏။ အနည်းဆုံးအနေဖြင့် ထိုအရာများသည် စား၍ရပြီး အရသာ မဆိုးရွားချေ။
အဘယ်ကြောင့်ဆိုသော် ပေါက်စီနှင့် ဆန်ပြုတ်ကို မည်သို့ပင် ချက်ပြုတ်စေကာမူ အလွန်အမင်း ဆိုးရွားသော အရသာမျိုး မဖြစ်နိုင်သောကြောင့်ပင်။
မကြာမီ လူတိုင်း မနက်စာစားပြီးသွားကာ ကန်တင်းမှ ထွက်ခွာပြီး အလုပ်ရုံဆီသို့ ဦးတည်သွားကြသည်။ မစားရသူများလည်း အလုပ်ရုံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။
ထုံးစံအတိုင်း လူတိုင်း ဖိနပ်ချွတ်ကာ ဖုန်ကာဝတ်စုံများ ဝတ်လိုက်သည်။ သူတို့သည် လေမှုတ်ခန်းကို ဖြတ်သန်းကြပြီးနောက် အချိန်မှတ်ကာ အလုပ်ရုံထဲသို့ ဝင်ရောက်လိုက်ကြ၏။
"အားလုံးပဲ... အစည်းအဝေးလုပ်ဖို့ လာတန်းစီကြ..."