အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) လိုင်းခေါင်းဆောင်များကို ရွေးချယ်ခြင်း
အစည်းအဝေးတဲ့လား...
လူတိုင်း၏စိတ်နှလုံးသားများ တုန်ယင်သွားပြီး အလောတကြီး ပြေးသွားကြကာ မနေ့ကအတိုင်း တန်းစီလိုက်ကြပြီး အလုပ်ရုံမှူးကို စိတ်မွန်းကြပ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ကြည့်လိုက်ကြသည်။
"မနေ့က စွမ်းဆောင်ရည်တွေကို ငါ ကြေညာမယ်..." အလုပ်ရုံမှူး၏ အသံသည် အသံချဲ့စက်မှတစ်ဆင့် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားများကို အေးစက်စွာ ရိုက်ခတ်သွားသည်။
"လိုင်း ၁ နဲ့ လိုင်း ၂ နှစ်ခုစလုံးရဲ့ ရည်မှန်းချက်က အရည်အသွေးမီတဲ့ အစိတ်အပိုင်း တစ်သောင်း ပြီးအောင် လုပ်ဖို့ပဲ..."
သူ တခဏကြာ ရပ်လိုက်ပြီး ဆောင်းရာသီမှ ပိုးကောင်များကဲ့သို့ တိတ်ဆိတ်နေသော အောက်ဘက်ရှိ ကစားသမားများကို စွန်ရဲကဲ့သို့သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် လိုင်း ၁ မှ ကစားသမားများအပေါ်တွင် ရပ်တန့်သွားလေ၏။ သူ၏ မျက်လုံးများတွင် ဖုံးကွယ်ထားခြင်းမရှိသော စိတ်ပျက်မှုနှင့် ရုန့်ရင်းကြမ်းတမ်းမှုများ ပါဝင်နေသည်။
"အဆိုးဆုံးက လိုင်း ၁ ပဲ..."
သူသည် အနောက်ရှိ ကိန်းဂဏန်းများကို အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။
"တစ်နေကုန်ပြီးသွားတာတောင် ၅၄၃၂ ခုပဲ အရည်အသွေး မီတယ်... အဲ့ဒီအထဲမှာ ၄၀၂၁ ခုက ပျက်စီးနေတယ်... ပုံနေတဲ့ အစိတ်အပိုင်းတွေက..."
သူ ထပ်မံ၍ အချိန်တခဏကြာ ရပ်လိုက်ပြီး လိုင်း ၁ မှ ကစားသမားများ၏ ဖြူရော်နေသော မျက်နှာများပေါ်တွင် အကြည့်များကို ရပ်တန့်ကာ သူတို့၏ ကြောက်ရွံ့နေသော အမူအရာများကို အရသာခံနေသကဲ့သို့ ဖြစ်နေပေ၏။
"၄၅၄၇ ခုပဲ..."
ဤကိန်းဂဏန်းသုံးခုသည် လိုင်း ၁ မှ ကစားသမားများအားလုံး၏ အာရုံကြောများကို ရက်ရက်စက်စက် ထုနှက်လိုက်သော လေးလံသည့် တူကြီး သုံးလက်ကဲ့သို့ ဖြစ်နေသည်။
အရည်အသွေးမီနှုန်းမှာ ထက်ဝက်ခန့်သာ ရှိသော်လည်း ပျက်စီးမှုနှင့် ပုံနေသော အရေအတွက်မှာမူ အံ့မခန်း မြင့်မားနေသည်။
ဆိုလိုသည်မှာ သူတို့လိုင်းရှိ လူတိုင်းနီးပါးသည် မနေ့က အလကား အလုပ်လုပ်ခဲ့ရခြင်း သို့မဟုတ် "အရှုံးပေါ်" ခဲ့ခြင်းပင်။
လိုင်း ၁ မှ ကစားသမားများသည် အလုပ်ရုံမှူးဖြင့် အကြည့်ချင်း မဆုံရဲသလို သူတို့နံဘေးရှိ လိုင်း ၂ မှ ကစားသမားများ၏ အကြည့်များကိုလည်း မကြည့်ရဲကြဘဲ မသိစိတ်မှ ခေါင်းငုံ့ထားလိုက်ကြသည်။
ထိုအကြည့်များတွင် သနားကြင်နာမှုများ ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း "ကံကောင်းလို့ ငါ မဟုတ်ဘူး" ဆိုသော စိတ်သက်သာရာရမှုနှင့် ဖျော့တော့သော ယှဥ်ပြိုင်မှု ခံစားချက်များက ပို၍များပြားလေ၏။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေ..."
အလုပ်ရုံမှူးက သနားညှာတာမှု ကင်းမဲ့စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
"တစ်လိုင်းလုံး အသုံးကို မကျတာ... စက်ရုံက မင်းတို့ကို ဒီနေရာမှာ ထားတာ တန်ဖိုးတွေတတ်လာအောင် ဖန်တီးဖို့ပဲ... ပစ္စည်းတွေ အလေအလွင့် ဖြစ်စေဖို့နဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးဖို့ မဟုတ်ဘူး..."
သူ၏ လက်ညှိုးသည် လိုင်း ၁ မှ ကစားသမားများဆီသို့ ရုတ်တရက် ညွှန်ပြသွားလေ၏။
"လိုင်း ၁ က လူတိုင်း... မနေ့ကအတွက် မင်းတို့ အားလုံးဆီကနေ တစ္ဆေဒင်္ဂါး ၅၀ ဖြတ်မယ်..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လိုင်း ၁ မှ ကစားသမားများ၏ မျက်နှာများ ချက်ချင်း ဖြူရော်သွားသည်။
နောက်ထပ် ငါးဆယ် ထပ်ဖြတ်တယ်လား... မနေ့က ဖြတ်ထားတာ မလုံလောက်သေးဘူးလား..
သို့သော် သူတို့ ဒေါသထွက်နေကြသော်လည်း အသံမထွက်ရဲကြချေ။
"ပြီးတော့ လိုင်း ၂ က ကောင်တွေ... မင်းတို့က ပြစ်ဒဏ်ကနေ ကင်းလွတ်မယ်လို့ မထင်နဲ့... မင်းတို့က သူတို့ထက် အရည်အသွေးမီတာ နှစ်ရာပဲ ပိုတာ... ဒါပေမဲ့ မင်းတို့ကလည်း သူတို့လိုပဲ ဆိုးရွားတယ်... စက်မျက်နှာပြင်က တစ်ယောက်ချင်းစီရဲ့ အလေအလွင့်တွေကို မှတ်တမ်းတင်ထားပြီးတော့ ရန်ပုံငွေထဲကနေ အလိုအလျောက် ဖြတ်တောက်သွားလိမ့်မယ်... ကျန်တဲ့ တစ္ဆေဒင်္ဂါးပြားကို မင်းတို့ရဲ့အလုပ်သမားကတ်တွေထဲ အလိုအလျောက် ထည့်ပေးလိမ့်မယ်... မင်းတို့ဘာသာမင်းတို့ စစ်ကြည့်လို့ ရတယ်..."
ဤစကားများသည် လိုင်း ၂ မှ ကစားသမားများ၏ နှလုံးသားထဲတွင် ယခုလေးတင် ဖြစ်ပေါ်လာသော ကံကောင်းသည်ဟူသည့် ခံစားချက်လေးကို ချက်ချင်း ရိုက်ချိုးလိုက်သည်။
တစ်ယောက်ချင်းစီအတွက် အလေအလွင့် ဖြတ်တောက်မှုတွေလား....
ဆိုလိုသည်မှာ စံချိန်မီသော စက်ရုံထုတ်လုပ်မှုလိုင်းတစ်ခုတွင်ပင် သူတို့၏ကိုယ်ပိုင် အမှားအယွင်း အနည်းငယ်အတွက် ချက်ချင်းပြစ်ဒဏ်ပေးခံရပေမည်။
ထိုမမြင်နိုင်သော ဖိအားများသည် စက်ရုံထုတ်လုပ်မှုလိုင်းအဆင့်မှနေ၍ လူတစ်ဦးချင်းစီအပေါ်သို့ တိကျစွာ ချက်ချင်းပြောင်းလဲ၍ ကျရောက်လာတော့သည်။
"ဒါ့ပြင်... စည်းမျဉ်းအသစ် တစ်ခုကို ငါ ကြေညာမယ်... လိုင်းတစ်ခုစီကနေ လိုင်းခေါင်းဆောင် တစ်ယောက်ကို ရွေးချယ်မယ်... သူ့ရဲ့ လစာက တစ်နာရီကို တစ္ဆေဒင်္ဂါး ၁၀ ပြားကနေ ၁၅ ပြားကို တိုးသွားမယ်... ပြီးတော့ နေ့လယ်တိုင်းမှာ အနားယူချိန် နာရီဝက် အပိုရမယ်... ဒီနေ့ စွမ်းဆောင်ရည် အကောင်းဆုံးသူက မနက်ဖြန် လိုင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်... မနေ့က အကောင်းဆုံး စွမ်းဆောင်ရည်အရဆိုရင်... လိုင်း ၁ အတွက် အမှားအယွင်း အနည်းဆုံးဖြစ်ခဲ့တဲ့ ချန်ဟောင် ပဲ... သူက ဒီနေ့အတွက် လိုင်းခေါင်းဆောင် ဖြစ်လာမယ်..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လူတိုင်း ခေါင်းကို ဆတ်ခနဲ မော့လိုကမပြီး အလုပ်ရုံမှူးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
လိုင်းခေါင်းဆောင်ဖြစ်ရင် လစာ တစ္ဆေဒင်္ဂါးငါးပြား ပိုရတယ်လား...
တစ်နာရီကို ငါးပြားပိုရတယ်...တစ်နေ့ကို ၁၂ နာရီဆိုရင်... အဲ့ဒါက ခြောက်ဆယ် ပိုရတာပဲ...တကယ်လို့ ညဘက် ၃ နာရီ အချိန်ပိုဆင်းရင်... ၇၅ ပြား ပိုရမှာ မဟုတ်ဘူးလား... ဘုရားရေ... အဲ့ဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး... လိုင်းခေါင်းဆောင် နှစ်ရက်လောက် လုပ်ရတာက နောက်ထပ် တစ်ရက်စာ အပိုလစာ ရသလိုပဲ... တကယ်ကို သွေးဆောင်မှု ကြီးမားတာပဲ..
သူတို့ တွေးတောလိုက်မိသည်။
လူတိုင်းတွင် ချက်ချင်းဆိုသလိုပင် ရှင်းလင်းသော ရည်မှန်းချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ လိုင်းခေါင်းဆောင် ဖြစ်လာစေရန်နှင့် ပိုက်ဆံ အများကြီး ရှာနိုင်ရန်ပင်။
"လိုင်း ၂ အတွက်က ဝမ်ချွန်း ပဲ... သူကလည်း မနေ့က အမှားအယွင်း အနည်းဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံးပဲ... သူက လိုင်း ၂ ရဲ့ လိုင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်... ဒီနေ့... မင်းတို့နှစ်ယောက်က လိုင်း ၁ နဲ့ ၂ အတွက် တာဝန်ယူရမယ်... အစိတ်အပိုင်း အလေအလွင့်တွေကို လျှော့ချပြီး အရည်အသွေး တိုးတက်လာဖို့ သေချာအောင် လုပ်ရမယ်... တကယ်လို့ လိုင်းတစ်ခုရဲ့ စွမ်းဆောင်ရည်က အဆိုးဆုံး ဖြစ်နေရင်... ခေါင်းဆောင်တွေဖြစ်တဲ့ မင်းတို့ဆီကနေ တစ္ဆေဒင်္ဂါး၅၀ ဖြတ်မယ်..."
ဤစကားကို ကြားသောအခါ ချန်ဟောင်နှင့် ဝမ်ချွန်း တို့၏နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားလေ၏။ စွမ်းဆောင်ရည် အဆိုးဆုံးလိုင်း၏ခေါင်းဆောင်သည်တစ္ဆေဒင်္ဂါး ၅၀ ထပ်အဖြတ်ခံရမည်ဟု ဆိုသလော။
သူတို့ တွေးထင်သည့်အတိုင်းပင် အလကားရသော နေ့လယ်စာဆိုတာ မရှိချေ။ သူတို့ ရရှိလာသော ငွေများကို တခြားနည်းလမ်းတစ်ခုခုဖြင့် အမြဲတစေ ဖြတ်တောက်ခြင်း ခံရပေမည်။
"တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်လို့ ကျွန်တော် အာမခံပါတယ်..."
သူတို့နှစ်ဦးက တညီတညွတ်တည်း ပြန်ဖြေလိုက်၏။
အလုပ်ရုံမှူးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြပြီး အေးစက်စက် အော်ဟစ်လိုက်သည်။
"အခု... အားလုံးပဲ ကိုယ့်နေရာကို ပြန်သွားပြီး အလုပ်စလုပ်ကြ..."
ချန်ဟောင်သည် သူ၏နေရာသို့ ရောက်ရှိလာပြီး ထိုလေးလံသော ဖိအားများကို အဆုတ်ထဲသို့ စုပ်သွင်းလိုက်သည့်အလား အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။
သူသည် လူအများ၏အမျိုးမျိုးသော အမူအရာများ အဓိကအားဖြင့် ဇဝေဇဝါဖြစ်မှု သို့မဟုတ် ထုံကျင်မှုများရှိနေကြသည့် လိုင်း ၁ မှ ကစားသမားများကို ရင်ဆိုင်ရန် လှည့်လိုက်၏။ သူသည် လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သော်လည်း မေးခွန်းထုတ်စရာမလိုသော စိတ်ပိုင်းဖြတ်မှုတစ်ခု ပါဝင်နေသည်။
"မင်းတို့ အားလုံး ကြားတဲ့အတိုင်းပဲ... ဒီနေ့ ငါက ယာယီ လိုင်းခေါင်းဆောင်ပဲ... ငါ့ကို နောက်ဆွဲမချနဲ့... အားလုံးပဲ သတိထားပြီး လုပ်ကြ... ကိုယ့်အလုပ်နေရာကို ကိုယ် ဂရုစိုက်... အမှားတွေကို လျှော့ချပြီး အမြန်နှုန်းကို မြှင့်တင်ကြ... ငါတို့က အဖွဲ့တစ်ခုတည်းပဲ... ငါတို့ အတူတူ တက်မယ် အတူတူ ကျမယ်..."
လိုင်း ၂ မှ ဝမ်ချွန်း သည်လည်း ထိုနည်းတူ ပြုလုပ်ကာ လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလေသည်။ သူတို့နှစ်ဦးစလုံးသည် ဤကိစ္စကြောင့် ငွေအဖြတ်မခံလိုကြချေ။
...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...
"ဝါး..."
ချန်လန်က သမ်းဝေလိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်လေ၏။ ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် စက်ရုံအလုပ်ရုံအတွင်းရှိ အလုပ်ရှုပ်နေသော မြင်ကွင်းများကို အချိန်နှင့်တစ်ပြေးညီ ပြသနေဆဲဖြစ်သော်လည်း သူ ဆက်ကြည့်ရန် စိတ်မဝင်စားတော့ချေ။
ကစားသမားများ၏ မျှော်လင့်ချက်မဲ့မှုနှင့် ရုန်းကန်မှုများကို အကြိမ်များစွာ မြင်တွေ့ပြီးနောက် ထိုအရာများသည် အတူတူသာ ဖြစ်နေတော့သည်။ အစပိုင်းရှိ သူ၏စိတ်ဝင်စားမှု ပျောက်ကွယ်သွားသည်နှင့် ပျင်းရိငြီးငွေ့မှုသာ ကျန်ရှိတော့ပေ၏။
"နင် ပြန်အိပ်တော့မလို့လား..."
ဆာရာက ချန်လန်ကို ကြည့်လိုက်သည်။
ချန်လန် ခေါင်းညိတ်လိုက်ပြီး နာကျင်နေသော သူ၏ နားထင်များကို ပွတ်သပ်လေသည်။
"အင်း... အပြာရောင်ကြယ်မှာ တစ်ရက်တောင် ကုန်သွားပြီဆိုတော့ ငါ အရမ်းအိပ်ချင်နေပြီ... မင်း ဒီနေရာမှာနေပြီး နယ်မြေကို စောင့်ကြည့်ပေးထား... ငါ ပြန်အိပ်တော့မယ်..."
သူသည် အိပ်စက်ခြင်းမရှိဘဲ အဆင်ပြေနိုင်သော ဆာရာကဲ့သို့ တစ္ဆေတစ်ကောင် မဟုတ်ချေ။ သူသည် လူသားတစ်ဦးဖြစ်ပြီး အခြေခံ ဇီဝကမ္မ လိုအပ်ချက်များကို ထိန်းသိမ်းရန်အတွက် အိပ်စက်မှု လိုအပ်နေဆဲပင်။
ထို့ပြင် သူ ဗိုက်ဆာနေပြီဖြစ်ရာ စားစရာတစ်ခုခု ရှာရန်အတွက် အပြာရောင်ကြယ်သို့ပြန်ရန် ရည်ရွယ်ထားလေ၏။ ဤနေရာတွင် လူသားများနှင့် သင့်လျော်သော အစားအစာ မရှိသလို သူသည်လည်း အသားမကျနိုင်ချေ။
အပြာရောင်ကြယ်ရှိ ပူပူနွေးနွေး အစားအစာများကို တွေးတောမိလိုက်ချိန်၌ သူ၏ အစာအိမ်မှ ဆာလောင်သော အသံတစ်သံ ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။
"မစ္စတာ ချန်လန်... ခင်ဗျား အပြာရောင်ကြယ်ကို ပြန်တော့မလို့လား..."
ထိုအချိန်၌ ဟင်းလင်းပြင်တွင် လှိုင်းအနည်းငယ် ထွက်ပေါ်လာပြီး မစ္စတာမာဆက်ခ်က လေဟာနယ်ထဲမှ ထွက်ပေါ်လာလေ၏။ သူသည် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အပြစ်ဆိုဖွယ်မရှိသော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ရှိနေသော်လည်း ထိုအနီရောင် ယုန်မျက်လုံးများထဲတွင် ယခင်က စစ်ဆေးမှုနှင့် မောက်မာမှုတို့ ပျောက်ကွယ်သွားပြီး လေးစားမှုများ အစားထိုး ဝင်ရောက်လာသည်။
ယခုကစပြီး မစ္စတာ မာဆက်ခ်သည် ချန်လန်၏ လက်ထောက်နှင့် သက်တော်စောင့် ဖြစ်လာလေပြီ။
ချန်လန်သည် မစ္စတာ ဖီအိုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခုကို အမှန်တကယ် ရရှိခဲ့သည်။
ပထမဆုံး သိသာထင်ရှားသော အကျိုးကျေးဇူးမှာ အထွတ်အထိပ် တစ္ဆေဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော မစ္စတာ မာဆက်ခ်က သူ၏သက်တော်စောင့်အဖြစ် တာဝန်ယူပေးခြင်းပင်။
အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်...
ဆိုလိုသည်မှာ လက်ရှိအပြာရောင်ကြယ်ပေါ်တွင် ရှေးဟောင်းမွန်းစတားတချို့ သို့မဟုတ် အကြီးအကျယ် ဖျက်ဆီးနိုင်သော လက်နက်များနှင့် ရင်မဆိုင်ရသရွေ့ သူသည် မည်သည့်နေရာကိုမဆို ခေါင်းမော့ပြီး လမ်းလျှောက်သွားနိုင်သည်ဟု အဓိပ္ပာယ်ရပေ၏။
"အင်း..."
"ဒါဆို ခင်ဗျားနဲ့အတူ ကျွန်တော့်ကို လိုက်ခွင့်ပြုပါ..." မစ္စတာမာဆက်ခ်က အပြုံးနှင့် ပြောလိုက်သည်။
"ကောင်းပြီလေ... သွားကြရအောင်..."
ချန်လန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွားသည်။
သခင်ဟေးယွီသည် ပူးပေါင်းကြံစည်မှုတစ်ခုကို ကြံစည်နေပြီး သူ့ကို အပြာရောင်ကြယ်ပေါ်တွင် သတ်ဖြတ်ရန် အစီအစဉ်တစ်ခု ပြုလုပ်နေကြောင်း မစ္စတာ ဖီအိုထံမှ သူ ကြိုတင်သိရှိထားပြီးဖြစ်ပေ၏။
သို့သော် မစ္စတာ မာဆက်ခ်ကဲ့သို့ အထွတ်အထိအ်အဆင့် တစ္ဆေဘုရင်တစ်ပါး သူ၏နံဘေးတွင် ရှိနေသဖြင့် သခင်ဟေးယွီ ကိုယ်တိုင် လာရောက်ခဲ့လျှင်ပင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
ထို့နောက် လူသားနှင့် တစ္ဆေတို့သည် အနီရောင် တံခါးပေါက်ကို ဖြတ်ကျော်ကာ အပြာရောင်ကြယ် ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဆာရာသည် သူတို့၏ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။