အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) သတင်းကောင်း... ပိုပြီးကြီးမားတဲ့ မျှော်လင့်ချက်မဲ့မှု သက်သက်ပဲ
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပြီး ကစားသမားများ၏ မျက်လုံးများထဲရှိ အလင်းရောင်များသည် လေနှင့်နှင်းတို့၏ အကြိမ်ကြိမ် ရိုက်ခတ်ခြင်းကို ခံရသော ဖယောင်းတိုင်အကြွင်းအကျန်တစ်ခုအလား တစတစ မှေးမှိန်သွားသည်။
ဤတစ်ရက်ပြီးတစ်ရက် စက်ရုပ်ဆန်ဆန် အလုပ်လုပ်ရခြင်း၊ တိုတောင်းသော အိပ်စက်ခြင်း၊ အရသာမရှိသော အစားအစာများနှင့် စူပါမားကတ်မှ ကုန်ပစ္စည်းများကို ရောဂါဆန်စွာ လိုလားတောင့်တနေခြင်းတို့ကြားတွင် တစ်ပတ်တိတိ တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့လေ၏။
မနက် ခြောက်နာရီတွင် အဆောင်၏ သံတံခါးကို အချိန်မှန် တွန်းဖွင့်လိုက်ရာ စူးရှသော ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာသည်။
မမြင်နိုင်သော ကြိုးများဖြင့် ထိန်းချုပ်ထားသော ရုပ်သေးရုပ်များကဲ့သို့ သို့မဟုတ် လမ်းလျှောက်နေသည့် အလောင်းကောင်များအုပ်စုကဲ့သို့ ကစားသမားများအားလုံး ခေါင်းငုံ့ထားကြသည်။ သူတို့၏မျက်လုံးများ ခံစားချက်မဲ့နေပြီး သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်များကို ဆွဲငင်၍ ကန်တင်းဆီသို့ တိတ်ဆိတ်ပြီး အားနည်းစွာ ရွေ့လျားသွားကြ၏။
သူတို့အားလုံးနီးပါးသည် အလကား မနက်စာ ဟူသော ပေးကမ်းမှုကို ရရှိရန်အတွက် မနက် သုံးနာရီအထိ "သဘောဆန္ဒအလျောက်" အချိန်ပိုဆင်းခဲ့ကြပြီးမှ အဆောင်သို့ ပြန်လာခဲ့ကြခြင်းဖြစ်သည်။
ရှစ်ရက်ဆက်တိုက် နေ့စဉ်နေ့တိုင်း နာရီနှစ်ဆယ်နီးပါး အပြင်းအထန် စက်ရုံထုတ်လုပ်မှုလိုင်းတွင် အလုပ်လုပ်ရခြင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို လုံးလုံးလျားလျား စုပ်ယူသွားခဲ့ပြီး ပို၍အရေးကြီးသည်မှာ သူတို့၏စိတ်ဝိညာဉ်များကို တိုက်စားသွားခဲ့ခြင်းပင်။
သူတို့၏မျက်နှာများတွင် မည်သည့် အမူအရာကိုမျှ မမြင်တွေ့ရတော့ဘဲ သူတို့၏ မျက်လုံးအိမ်များတွင် နက်ရှိုင်းစွာ ထွင်းထုထားသော ပင်ပန်းနွမ်းနယ်မှုနှင့် ထုံကျင်လုနီးပါးဖြစ်နေသော မျှော်လင့်ချက်မဲ့မှုသာ ရှိနေတော့သည်။
သူတို့၏ လှုပ်ရှားမှုများ နှေးကွေးနေပြီး သူတို့၏ တုံ့ပြန်မှုများမှာလည်း နှေးကွေးနေလေ၏။ သူတို့ကြားတွင် ဆက်သွယ်ပြောဆိုမှု မရှိတော့သလို အကြည့်ချင်း ဆုံခြင်းကိုပင် တတ်နိုင်သမျှ ရှောင်ရှားလာကြသည်။
အဆောင်မှ ကန်တင်းသို့ တိုတောင်းသော အကွာအဝေးသည် ရွှံ့ညွန်တစ်ခုကို ဖြတ်သန်းရသကဲ့သို့ ခံစားရပြီး ခြေလှမ်းတိုင်းသည် ရုန်းကန်နေရခြင်းပင်။
ကန်တင်းသည် အလွန်အမင်း တိတ်ဆိတ်နေလေ၏။
ဗန်းများ အချင်းချင်း ထိခိုက်သံ တိုးတိုးလေးများနှင့် စက်ရုပ်ဆန်ဆန် ဝါးစားသံများကိုသာ ရံဖန်ရံခါ ကြားနေရသည်။
အလကား မနက်စာကြောင့် အစပိုင်းတွင် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယခုအချိန်၌ ကစားသမားများသည် မလုပ်မနေရ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နေသကဲ့သို့ ထုံကျင်စွာ မျိုချနေကြရုံသာ ဖြစ်နေသည်။
စူပါမားကတ်သည် လင်းထိန်နေဆဲဖြစ်သော်လည်း ယခုအချိန်၌ ထိုဘက်သို့ လှည့်ကြည့်သူ အလွန်နည်းပါးသွားလေပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က လူများသည် အချိန်ရတိုင်း လှမ်းကြည့်တတ်ကြသည်။
ဤသည်မှာ သူတို့၏ ဆန္ဒများ ပျောက်ကွယ်သွားသောကြောင့် မဟုတ်ဘဲ ဆန္ဒကို ခံစားရန်ပင် သူတို့ထံတွင် စွမ်းအားများ မကျန်တော့သောကြောင့် ဖြစ်ပေ၏။
ကျိုးထျန်ချန်သည် ထောင့်တစ်နေရာတွင် ထိုင်ကာ ဖြည်းညင်းစွာ စားသောက်နေသည်။
သူ၏ အတွေးများ နှေးကွေးလာသည်ကို သူ ခံစားနေရပြီး သူ၏ခန္ဓာကိုယ်ရှိ အဆစ်တိုင်း တောင့်တင်းနေသည်။
သူက ပတ်ဝန်းကျင်ရှိ လူများကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ လူတိုင်းသည် သူနှင့် အခြေအနေ အတူတူပင် ဖြစ်နေကြ၏။
ဤသည်မှာ အထက်တန်းနောက်ဆုံးနှစ် နယ်မြေထက်ပင် ပို၍ကြောက်စရာကောင်းသည်။ အနည်းဆုံးအနေဖြင့် ထိုအချိန်တုန်းက အစပိုင်းတွင် သူတို့ သိပ်မခံစားခဲ့ရချေ။ တစ်လလောက် ကြာမှသာ ပြိုလဲပြီး မျှော်လင့်ချက်မဲ့လာမှုကို စတင်၍ ခံစားလာရခြင်းဖြစ်သည်။
သို့သော် လက်ရှိ စက်ရုံထုတ်လုပ်မှုလိုင်းတွင်မူ ရှစ်ရက်သာ ကုန်လွန်သေးသော်လည်း သူ့ထံ၌ ရှင်သန်လိုစိတ် အနည်းငယ်သာ ရှိတော့သည်။ နေ့စဥ်နေ့တိုင်း ဤကဲ့သို့ ဖြစ်နေမည်ဟု တွေးတောလိုက်ရုံဖြင့် သူ့ကို မျှော်လင့်ချက် လုံးဝမရှိတော့သကဲ့သို့ ဖြစ်စေသည်။ သူ့ထံ၌ လုံးလုံးလျားလျား မျှော်လင့်ချက် မရှိတော့ချေ။
"မနေ့က ငါ့ရဲ့အမေ့ကို မြင်လိုက်ရတယ်လို့ ငါ ထင်တယ်..."
သူ၏နံဘေးရှိ လူငယ် အမျိုးသမီး ကစားသမားတစ်ဦးသည် ရုတ်တရက် တီးတိုးလေး စတင်ရှိုက်ငိုလာပြီး သူမ၏အသံမှာ အက်ကွဲပြီး အားနည်းနေလေ၏။ "စက်ရုံထုတ်လုပ်မှုလိုင်းပေါ်မှာတင်လေ... သူက ငါ့ကို ထမင်းစားဖို့ အိမ်ပြန်ခေါ်နေတာ..."
သူမ၏မျက်လုံးများအတွင်း၌ အာရုံစူးစိုက်မှု ကင်းမဲ့နေသည်။ သူမ ထင်ယောင်ထင်မှား ဖြစ်နေကြောင်း သိသာရှင်းလင်းသည်။
မည်သူမျှ သူမကို နှစ်သိမ့်မပေးကြသည့်အပြင် မည်သူမျှ သူမကို မော့ပင်မကြည့်ကြချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်ကို သူတို့ အသားကျနေပြီဖြစ်သောကြောင့်ပင်။ နေ့တိုင်းနီးပါး တစ်စုံတစ်ဦးသည် ဤကဲ့သို့ ပေါက်ကွဲထွက်တတ်ပေ၏။ လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ တဖြည်းဖြည်း ယိုယွင်းလာသည်။
တခြားသူများသည် ပို၍နက်ရှိုင်းသော တိတ်ဆိတ်မှုဖြင့်သာ ခေါင်းငုံ့ထားလိုက်ကြသည်။ ဤသည်မှာ သူတို့မျှဝေခံစားရသော မျှော်လင့်ချက်မဲ့မှုကြောင့် ဖြစ်နိုင်သည်။ ဤကဲ့သို့ စိတ်ခံစားမှုများသည် ကူးစက်တတ်သောကြောင့် သူတို့ ကြောက်ရွံ့၍လည်း ဖြစ်နိုင်ပေ၏။ ထိုသို့မဟုတ်ပါက တခြားသူများကို ဂရုစိုက်ရန် သူတို့ထံတွင် ပိုလျှံနေသော စွမ်းအင် မရှိတော့သောကြောင့်ပင် ဖြစ်နိုင်သည်။
ဟန်ထျန်ယွီသည် ကျိုးထျန်ချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ၏ မျက်လုံးအောက်ရှိ အမည်းရောင်ကွင်းများမှာ အလွန် သိသာလွန်းသဖြင့် လက်သီးနှစ်ချက် အထိုးခံထားရသည်နှင့် တူညီနေသည်။ ဇွန်းကို ကိုင်ထားသော သူ၏လက်သည် အနည်းငယ် တုန်ယင်နေလေ၏။
"ထျန်ချန်..."
သူက ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။
"ငါ... ငါ ဒီအထဲရောက်နေတာ ဘယ်နှစ်ရက် ရှိပြီလဲဆိုတာ သိပ်မမှတ်မိတော့ဘူး... ပြင်ပကမ္ဘာက ဘယ်လိုပုံစံလဲဆိုတာ ငါ မေ့လုနီးပါး ဖြစ်နေပြီ... ငါ့ရဲ့ဦးနှောက်က လုံးဝဟာလာဟင်းလင်းဖြစ်နေပြီ... ဒါက အထက်တန်းနောက်ဆုံးနှစ်ထက် အများကြီး ပိုဆိုးတယ်... အဲ့ဒီအစား ငါ စာပြန်သွားကျက်ချင်တယ်..."
ယခင်ကဆိုလျှင် သူတို့ ဤကဲ့သို့ စကားမျိုးကို ဘယ်တော့မှ ပြောမည်မဟုတ်ချေ။ သို့သော် ဤ စက်ရုံထုတ်လုပ်မှုလိုင်းသို့ ရောက်လာပြီးနောက် စာကျက်ရခြင်းက မည်မျှထိ ပျော်ရွှင်စရာကောင်းသောအရာ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
ဤပြောင်းလဲမှုမရှိသော ဘဝနှင့် မျှော်လင့်ချက်မဲ့နေသော နေ့ရက်များ အဆက်မပြတ် ထပ်ခါတလဲလဲ ဖြစ်နေခြင်းသည် အလင်းရောင် မမြင်ရသော အဆုံးမရှိ ငရဲတစ်ခုနှင့် တူညီနေပေ၏။
ကျိုးထျန်ချန်က အချိန်တခဏကြာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
ဤပတ်ဝန်းကျင်တွင် အချိန်နှင့် ပတ်သက်၍ ရှင်းလင်းသော သတိပြုမိမှုကို ထိန်းသိမ်းထားခြင်းက တစ်ခါတစ်ရံတွင် ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုး ဖြစ်နေသည်။
နေ့စဥ်နေ့တိုင်း အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်ကို ကြည့်နေရသော်လည်း အလုပ်လုပ်ရန် ခေါင်းငုံ့လိုက်ချိန်တွင်မူ တစ်ရက်က တစ်နှစ်ကဲ့သို့ ခံစားရသည်။
ငါက အချိန်အကြာကြီး အလုပ်လုပ်နေရတယ်လို့ ခံစားရပေမဲ မော့ကြည့်လိုက်တဲ့အခါ တစ်မိနစ် နှစ်မိနစ်လောက်ပဲ ကုန်သေးတာကို တွေ့ရလိမ့်မယ်ဟု သူ တွေးလိုက်မိသည်။
...
၆နာရီခွဲ...
အလုပ်ရုံ၌...
အလုပ်ရုံမှူးသည် အေးစက်သော ရုပ်ထုတစ်ခုကဲ့သို့ သူတို့ကို စောင့်ကြိုနေလေပြီ။
ကစားသမားများသည် သူတို့၏ ခန္ဓာကိုယ်များကို ကောက်ကွေးနေသော တန်းစီမှုတစ်ခုအဖြစ် အတင်းအကြပ် ဖန်တီးလိုက်ပြီး ခေါင်းငုံ့ထားကာ နောက်ထပ် ဆူပူကြိမ်းမောင်းမှုများ သို့မဟုတ် ပြစ်ဒဏ်များ၏ နေ့တစ်နေ့အတွက် ပြင်ဆင်နေကြသည်။
အလုပ်ရုံမှူး၏ အေးစက်သော မျက်လုံးများသည် အောက်ဘက်ရှိ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသော မျက်နှာများကို ဝေ့ကြည့်သွားလေ၏။ သူသည် ဖြည်းညှင်းစွာ စကားပြောလိုက်ပြီး သူ၏အသံတွင် မည်သည့် နွေးထွေးမှုမျှ ပါဝင်မှုရှိမနေဆဲပင်။
"ဒီနေ့... ငါ ကြေညာစရာ သတင်းကောင်းတစ်ခု ရှိတယ်..."
သတင်းကောင်း...
ဤစကားစုသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ပစ်ချလိုက်သည့် ကျောက်စရစ်ခဲလေး တစ်လုံးကဲ့သို့ ဖြစ်ပြီး ကစားသမား အများအပြားကို သူတို့၏မျက်ခွံများအား မသိစိတ်မှ ပင့်တင်သွားစေခဲ့လေ၏။
"မနေ့က တာဝန်ကို လှလှပပ ပြီးမြောက်ခဲ့တယ်..." အလုပ်ရုံမှူး၏ လေသံတွင် ချီးကျူးမှု အရိပ်အယောင်တစိုးတစိမျှ မပါဝင်ချေ။
"ဒါကြောင့် ဒီနေ့ လစာ ဖြတ်တောက်မှုတွေ ရှိမှာ မဟုတ်ဘူး... လူတိုင်း ကိုယ့်လစာရဲ့ ပြားစေ့တိုင်းကို ရလိမ့်မယ်..."
ဖြတ်တောက်မှု မရှိဘူး... ပြားစေ့တိုင်း ရမယ်...
ဤရိုးရှင်းသော စကားလုံးများသည် ကစားသမားများ၏ ထုံကျင်လုနီးပါး ဖြစ်နေသော ဦးနှောက်များထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားလေ၏။
လူတိုင်း ခေါင်းကို ဆတ်ခနဲ မော့လိုက်ကြသည်။ ယခင်က ရီဝေထိုင်းမှိုင်းနေသော သူတို့၏ မျက်လုံးများထဲမှ မယုံကြည်နိုင်လောက်အောင် အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့၏ အက်ကွဲနေသော နှုတ်ခမ်းများ အနည်းငယ် ပွင့်သွားပြီး လူတချို့ဆိုလျှင် အထိန်းအကွပ်မဲ့စွာဖြင့် စူးရှစွာ အသက်ရှူလိုက်မိသည်။
သူတို့၏ ပင်ပန်းပြီး ညှိုးနွမ်းနေသော မျက်နှာများပေါ်တွင် "မျှော်လင့်ချက်" နှင့် "အလွန်အမင်း ဝမ်းသာပျော်ရွှင်မှု" ဟုခေါ်သော အလင်းရောင်တစ်ခု အချိန်တခဏကြာမျှ လင်းလက်လာသည်။
ဒါက ဘာကို ဆိုလိုတာလဲ...
ဆိုလိုသည်မှာ ယခင်က အမှားများကြောင့် "အကြွေး" တင်နေခဲ့သော ကစားသမားများသည် ယနေ့ပြီးနောက် သူတို့ကို ဖိနှိပ်ထားသော အကြွေးအများစုကို ပြန်ဆပ်နိုင်မည် ဖြစ်ကြောင်းပင်။ သူတို့သည် "အကြွေးတင်သူများ" ဟူသော အဆင့်အတန်းကို နောက်ဆုံးတွင် စွန့်ပယ်နိုင်ပြီဖြစ်ပြီး အတော်အသင့်အေးချမ်းသော ထမင်းတစ်နပ်ကို စားရန်ပင် ပိုလျှံငွေ ရှိလာနိုင်ပေ၏။
ထို့ပြင် အကြွေးမရှိသူများအတွက်မူ သူတို့၏ အကောင့်ထဲတွင် စုဆောင်းထားသော တစ္ဆေဒင်္ဂါးများသည် တစ်ကြိမ်တစ်ခါမျှ မရှိဖူးလောက်အောင် များပြားလာပေမည်။
တစ်ပတ်လုံးလုံး သူတို့ကို သွေးဆောင်နေခဲ့သော စူပါမားကတ်ထဲသို့ နောက်ဆုံးတွင် သူတို့ ဝင်ရောက်နိုင်တော့ပေမည်။ သူတို့သည် ခက်ခဲစွာ ရရှိထားသော စိတ်သက်သာရာရမှုအတွက် 'နီကိုတင်းရဲ့ ကယ်တင်ခြင်း'ကို ဝယ်နိုင်ကောင်း ဝယ်နိုင်မည်ဖြစ်ပြီး သို့မဟုတ် ပြိုလဲလုနီးပါး ဖြစ်နေသော သူတို့၏ စိတ်ဝိညာဉ်များကို မြှင့်တင်ရန် 'စွမ်းအင်ဖြည့် အချိုရည်' တစ်ဘူးကို ဝယ်နိုင်ကောင်း ဝယ်နိုင်ပေမည်။ အချမ်းသာဆုံး လူအနည်းငယ်ဆိုလျှင် စူပါမားကတ်မှ အလွန်အမင်း ဈေးကြီးသော အသားတချို့ကို ဝယ်ယူပြီး အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် အသားအရသာကို မြည်းစမ်းနိုင်ပေမည်။
ဤအချိန်အခိုက်အတန့်တွင် ပင်ပန်းနွမ်းနယ်နေသော နေ့ရက်များ၊ သူတို့ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုများကို သူတို့ မေ့ပျောက်သွားပုံရလေ၏။
သို့သော် ဤအချိန်တခဏကြာမျှသာဖြစ်သော အတုအယောင် ပျော်ရွှင်မှု လေထုသည် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေချိန်မှာပင်....
"ဒါပေမဲ့..."
အလုပ်ရုံမှူး၏လေသံ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏အသံသည် ယခုလေးတင် ထွက်ပေါ်လာသော နွေးထွေးမှုအားလုံးကို ချက်ချင်း ထိုးဖောက်သွားသည့် ရေခဲစူးချွန်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဖုံးကွယ်ထားခြင်းမရှိသော ရက်စက်သည့် လှောင်ပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
"စက်ရုံကနေ ဝယ်လိုအားတွေ တိုးလာတဲ့အတွက် ရည်မှန်းချက်တွေကို မြှင့်တင်လိုက်ပြီ..."
သူသည် ကစားသမားများ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲတောင့်တင်းသွားပြီး တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားပုံကို အရသာခံကြည့်ရှုနေပြီးနောက် စကားလုံးတစ်လုံးချင်းစီ ကြေညာလိုက်သည်။
"အခုကစပြီး စက်ရုံထုတ်လုပ်မှုလိုင်းတိုင်းရဲ့ နေ့စဉ် အခြေခံ ရည်မှန်းချက်ကို တိုးမြှင့်လိုက်ပြီ... အဲ့ဒါကတော့ နှစ်သောင်းပဲ..."
နှစ်သောင်း...
ဤသည်မှာ ယခင်ရည်မှန်းချက်ထက် နှစ်ဆတိုးသွားခြင်းပင်။
"သတင်းကောင်း" ထဲတွင် နစ်မြုပ်နေခဲ့သော ကစားသမားများသည် သူတို့၏ ခွန်အားများအားလုံး ချက်ချင်းစုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏မျက်နှာပေါ်ရှိ အသွေးအရောင်များ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားလေ၏။ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသော အမူအရာများသည် သူတို့၏ မျက်နှာများပေါ်တွင် အေးခဲတောင့်တင်းသွားပြီးနောက် ပို၍နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုနှင့် မယုံကြည်နိုင်မှုများအဖြစ်သို့ ကွဲကြေသွားသည်။
လွန်ခဲ့တဲ့ အချိန်အခိုက်အတန့်လေးကမှ သူတို့ အသက်ရှူချောင်သွားပြီဟု ခံစားရပြီး ဆေးလိပ်များနှင့်အသားများကို မျှော်လင့်နေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ပို၍နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ တွန်းချခြင်း ခံလိုက်ရလေပြီ။
ရည်မှန်းချက် နှစ်သောင်း...
ဆိုလိုသည်မှာ သူတို့သည် ယခင်ကထက် ပိုမြန်ရမည် ပိုအာရုံစိုက်ရမည်ဖြစ်ပြီး ပို၍ အသေအလဲ လုပ်ရပေမည်။
ထို့ပြင် သူတို့ အမှားလုပ်မိနိုင်ချေ ပိုများလာပြီး လစာ အဖြတ်ခံရမည့် အန္တရာယ် ပိုများလာခြင်း ဖြစ်ပေ၏။
ဤသည်မှာ ယခုလေးတင် သူတို့ မြင်တွေ့ခဲ့ရသော သေးငယ်သည့် "ပိုလျှံငွေ" သည် ရည်မှန်းချက် မပြည့်မီသောကြောင့် မနက်ဖြန်တွင် ထပ်မံ၍ အဖြတ်ခံရဖွယ် ရှိနေခြင်းပင်။
ဒါက ဆုလာဘ် လုံးဝ မဟုတ်ဘူး... ပိုပြီး ရက်စက်တဲ့ ခေါင်းပုံဖြတ်မှုရဲ့ အစပဲ....
သူတို့ တွေးတောလိုက်မိသည်။
အလုပ်ရုံမှူးသည် သေမတတ် တိတ်ဆိတ်နေပြီး မျက်နှာများ ပြာနှမ်းနေသော ကစားသမားများကို ကြည့်ရင်း သူ၏လှောင်ပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"လူတိုင်း ဆက်ပြီး ကြိုးစားကြဖို့... ငါ မျှော်လင့်ပါတယ်..."
သူက အလေးအနက်ထား၍ ပြောလိုက်ပြီး သူ၏ လေသံမှာ ခနဲ့တဲ့တဲ့ ဖြစ်နေပေ၏။
ကစားသမားများသည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေကြသည်။ "သတင်းကောင်း" ကြောင့် လင်းလက်လာသော သူတို့၏ မျှော်လင့်ချက်မီးတောက်ငယ်လေးသည် ဤရေခဲရေတစ်ပုံးကြောင့် လုံးလုံးလျားလျား ငြိမ်းသတ်ခံလိုက်ရပြီး အရိုးထိအောင် အေးစိမ့်သွားသော အအေးဓာတ်နှင့် ပို၍နက်ရှိုင်းသော စွမ်းအားမဲ့မှု ခံစားချက်ကိုသာ ချန်ထားရစ်ခဲ့သည်။
"အခု... ဆောင်ပုဒ်ကို အော်ကြစမ်း"
လူအုပ်ကြီးက ဆောင်ပုဒ်ကို အော်ဟစ်လိုက်ချိန်၌ သူတို့၏မျက်လုံးများတွင် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သော အလင်းရောင်သည် တဖန်ပြန်၍ ငြိမ်းသေသွားလေပြီ။
Book 8 end.