ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာ (၄)
Vol. 65 Ch. 1069
လင်းရှန် စကားပြောပြီးနောက် လူတိုင်း၏ မျက်နှာအမူအရာများ ပြေလျော့သွားကြ၏၊ ယခုလို အနားယူချိန်မျိုးက ရခဲလှသည်။ ကျွန်းပေါ်တွင် ပေါများလှသောအရင်းအမြစ်များရှိနေသဖြင့် သမုဒ္ဒရာနတ်ဘုရားကြီးနှင့် မီးတောင်ပေါက်ကွဲမှုများကြောင့်ဖြစ်ပေါ်ခဲ့သော အကျပ်အတည်းတင်းမာမှုများမှ လူတိုင်းခေတ္တခဏရုန်းထွက်ပြီး အနားယူနိုင်ကြပြီ ဖြစ်သည်။
ထိုအခိုက် တင်းကျန်းရီက လင်းရှန်ကို ကြည့်ကာ သတိပေးလိုက်၏။
“အိပ်စက်အခန်းငယ်ရဲ့ ရှင်သန်မှုစနစ်က စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို ထိရောက်စွာထိန်းသိမ်းပေးနိုင်ပေမဲ့ အားနည်းချက်တစ်ခုလည်း ရှိတယ် — အဲဒါက ဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရရင် ဘာမှပြန်လည်ခုခံနိုင်စွမ်း မရှိတာပဲ။ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာရှိနေလို့ အမှောင်ကျူးကျော်မှုတွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ အပြည့်ဝကာကွယ်မှုမျိုးတော့ မပေးနိုင်ဘူး”
“ငါ သိပါတယ်”
လင်းရှန်က လက်တစ်ဖက်ကို မြှောက်ကာ ထူးဆန်းသော ကုဗတုံးတစ်ခုကို လက်ထဲသို့ ဆင့်ခေါ်လိုက်ပြီးနောက် မိုနီကာကို ကြည့်လိုက်၏။
“ဒါကြောင့် ငါက နှစ်ထပ်ကွမ်းလုံခြုံရေးပြင်ဆင်ထားတာပေါ့”
ထူးဆန်းသော ကုဗတုံးသည် ကြောက်ရွံ့မှုများကို ကာကွယ်ပေးနိုင်သည်ဖြစ်ရာ ဤအရာသည် လင်းရှန်အတွက်တော့ အပြည့်စုံဆုံးဖြစ်နိုင်မည့် အစီအစဉ်တစ်ခုပင်၊၊
မိုနီကာက လင်းရှန်ကို ကြည့်ပြီး ညင်သာစွာပြုံးလိုက်၏။ “ငါ့အပေါ် ဒီလောက်တောင် ကောင်းပေးတာ တကယ်ပဲ စိတ်လှုပ်ရှားမိတယ်”
လင်းရှန်က ကိုးရိုးကားရားပြုံးလိုက်ကာ “မတတ်နိုင်ဘူးလေ၊ မင်းက ကိုယ့်သဘောနဲ့ကိုယ်အနစ်နာခံတာပဲလေ… အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ မင်းကို ကောင်းကောင်းကာကွယ်ပေးရမှာပေါ့”
မိုနီကာ၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွားပြီး လင်းရှန်ကို တစ်ချက်စောင်းကြည့်လိုက်သော်လည်း ဘာမှတော့ပြန်မပြောခဲ့ချေ။
ထို့နောက်တွင်တော့ လူတိုင်းသည် အအေးခန်းအိပ်စက်အခန်းငယ်များနှင့် ယဉ်ကျေးမှုသန္ဓေသားအခန်းတည်ရှိရာ ကောင်းကင်အမိုးခုံးရထား အမှတ် ၂ သင်္ဘောဆီသို့ စုဝေးရောက်ရှိလာကြသည်၊၊ ၎င်းသင်္ဘောသည် ပတ်လမ်းကြောင်းပြစနစ်၊ ကြယ်တာရာ လမ်းညွှန်စနစ်နှင့် ဆွဲငင်အားကွင်းစနစ်တို့ပါဝင်သော ဘက်စုံသင်္ဘောတွဲလည်းဖြစ်သည်။
ထိုခဏတွင် မိုနီကာသည် သူမ၏ စွမ်းအားဝတ်စုံကို ချွတ်လိုက်ပြီး ကိုယ်ကြပ်အဖြူရောင်အတွင်းခံဝတ်စုံကို ဝတ်ဆင်ကာ ဖွင့်လှစ်ထားသော အအေးခန်းအိပ်စက်အခန်းငယ်တစ်ခု၏ ဘေးတွင် ရပ်နေသော လင်းရှန်၏ အနားသို့ ချဉ်းကပ်လာခဲ့လေသည်။
“ငါတို့ ဘာလုပ်ကြမလဲ”
“အတွင်းထဲမှာ လှဲနေလိုက်”
လင်းရှန်၏အမူအရာမှာ ယခုအချိန်တွင် အနည်းငယ်လေးနက်နေပြီး လူတိုင်းကလည်း သူ့ကို ဝိုင်းကြည့်နေကြသည်။ သူသည် ဗန်နက်ဆာပေးထားသော သလင်းကျောက်မွေးမြူရေးကိရိယာကို ထုတ်ယူလိုက်ရာ ၎င်းမှာ အလယ်တွင် အမြောင်းပါရှိသော အိတ်စ်ပုံသဏ္ဍာန် သတ္တုရင်ဘတ်အကာနှင့် တူနေသည်။ လင်းရှန်သည် ၎င်းပေါ်တွင် အဆင့် ၄ သွေးပဲစေ့ကို တင်လိုက်ပြီးနောက် ကိရိယာကို အသက်သွင်းလိုက်သည်။ ရှူးခနဲမြည်သော အသံနှင့်အတူ အမြောင်းဘေးရှိ ပိုက်လိုင်းများတစ်လျှောက် အနီရင့်ရောင်စွမ်းအင်အချို့ စီးဆင်းသွားပြီး ကိရိယာတစ်ခုလုံးမှ ပြင်းထန်သော အမှောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ဝူး၊၊
ထိုစဉ် လင်းရှန်သည် ကုန်းပတ်ခန်းအတွင်း တပ်ဆင်ထားသော အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာကို အသက်သွင်းလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးဆန်းသောကုဗတုံးကို ထုတ်ယူကာ တပ်ဆင်လိုက်သည်။ ရုတ်ချည်းပင် ထိုနေရာ၌ လွှမ်းမိုးထားသော အမှောင်ကျူးကျော်မှုနှင့် အေးစိမ့်မှုများမှာ ကင်းစင်သွားပြီး ၎င်းတို့နေရာတွင် သန့်စင်ပြီးအေးမြသောခံစားမှုတစ်ခုအစားထိုးဝင်ရောက်လာသည်။
လင်းရှန်သည် အအေးခန်းအိပ်စက်အခန်းငယ်အနားသို့ ချဉ်းကပ်သွားပြီး လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် မိုနီကာသည် အခန်းငယ်ထဲသို့ လျှောက်လှမ်းကာ ဖြည်းညင်းစွာ လှဲလျောင်းလိုက်သည်။ ထို့နောက် သူက ထိုကိရိယာကို မိုနီကာ၏ရင်ဘတ်တွင် ညင်သာစွာ တပ်ဆင်ပေးလိုက်သည်။
“တကယ်လို့ ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်မှာ ငါ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရင် ငါ့ကို တန်းပြီး မီးသင်္ဂြိုဟ်လိုက်တော့”
မိုနီကာသည် ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် လင်းရှန်၏အကြည့်ကို ရင်ဆိုင်ရင်းပြောလိုက်သည်၊၊
“သတ္တဝါဆန်းကြီးအဖြစ် ပြောင်းလဲသွားမယ့်အစား လှလှပပလေးပဲ သေသွားချင်တယ်”
“ဟင်… သူက ရုပ်ဆိုးသွားမှာလား”
ရှားရှားသည် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဝင်ပြောမိသည်။
“အရင်က ဗန်နက်ဆာ ပြောဖူးတာတော့ ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးတယ်၊၊ အဲဒါက ပုံမှန်မဟုတ်တဲ့ စွမ်းအားအသွင်ပြောင်းလဲခြင်းနဲ့ ဆင်တူတဲ့ သန္ဓေပြောင်းလဲခြင်းတစ်မျိုးပဲ” ထိုအချိန်တွင် ရှုချင်းက ရှင်းပြသည်။
လင်းရှန်က မိုနီကာကို အလေးအနက်ကြည့်လိုက်ပြီး “မင်းရဲ့မျက်နှာက ဒီအတိုင်းပဲရှိနေပေမဲ့ မင်းခန္ဓာကိုယ်က ပြောင်းလဲသွားရင်ကော… တစ်ကိုယ်လုံး အမွှေးတွေပေါက်လာတာမျိုး… ဒါမှမဟုတ် တတိယမြောက် ရင်... အဲ ရင်ဘတ်ပေါက်လာတာမျိုးဆိုရင်ရော”
ဖူး…ဟားဟားဟား၊၊
လင်းရှန်၏စကားကြောင့် တင်းမာနေသော အခြေအနေမှာ ချက်ချင်းပင် လွင့်ပျယ်သွားပြီး ကီကီက တဟားဟားရယ်မောတော့သည်။ ချန်ဆီရွှမ်ကလည်း သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်ပြီး အခန်းငယ်ထဲတွင် လှဲနေသော မိုနီကာကမူ သူမ၏အကြည့်ကို အေးစက်စွာ လွှဲဖယ်လိုက်ပြီး “အာ့လိုဖြစ်လာရင် ငါ့ကို မီးရှို့လိုက်”
“ကောင်းပါပြီ… ဘုရင်မ မိုနီကာ”
လင်းရှန်က အနည်းငယ်ပြုံးလိုက်ပြီး လက်ကိုမြှောက်ကာ သလင်းကျောက်မွေးမြူရေးကိရိယာပေါ်ရှိ စတင်ခြင်းခလုတ်ကို နှိပ်လိုက်သည်။ ခဏချင်းတွင်ပင် ကိရိယာမှာ တုန်ခါသွားပြီး သွေးကဲ့သို့နီသော စွမ်းအင်လှိုင်းများမှာ မိုနီကာ၏အရေပြားပေါ်တွင် လျှံတက်လာကာ လည်ပင်းမှတစ်ဆင့် မျက်နှာအထိပျံ့နှံ့သွားရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပုံစံတစ်ခုနှင့်တူနေသည်။
ထိုအခိုက်တွင် မိုနီကာ၏မျက်လုံးများ ရုတ်တရက်ပြောင်းလဲသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ညည်းတွားသံတစ်ချက် ပြုလုပ်လိုက်မိရင်း ပြင်းထန်သော နာကျင်မှုလှိုင်းလုံးကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သူမ၏မျက်လုံးသူငယ်အိမ်တစ်ခုလုံးကို အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားပြီး တစ်ကိုယ်လုံးပျော့ခွေသွားကာ အသိစိတ်ကတဖြည်းဖြည်းလျော့ပါးလာကာ အိပ်စက်ခြင်းထဲသို့ ကျရောက်သွားခဲ့သည်။
“ဘာဖြစ်တာလဲ” ချန်ဆီရွှမ်က ထိုအချိန်တွင် စိုးရိမ်တကြီးမေးလိုက်သည်။
“အလုပ်လုပ်နေပြီ”
လင်းရှန်သည် အအေးခန်းအိပ်စက်အခန်းငယ်၏ သက်စောင့်စနစ်ကို ကြည့်လိုက်သည်။ နှလုံးခုန်နှုန်းတိုင်းစက်ပေါ်တွင် ထူးဆန်းသော လှိုင်းတွန့်အချို့ ပြသပြီးနောက် မိုနီကာ၏အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းမှာ စတင်တည်ငြိမ်လာသည်။ လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူအောင့်ထားမိကြပြီး မိနစ်အနည်းငယ်ကြာတွင် တည်ငြိမ်သွားပြီးနောက်မှ သက်ပြင်းချနိုင်ကြတော့သည်။
“အတော်လေးအန္တရာယ်များတဲ့ပုံပဲ၊၊ ဒီ ၇၂ နာရီအတွင်းမှာ သူ ဘာတွေကြုံတွေ့ရမလဲမသိဘူး”
နန်ကျင်းက မျက်မှောင်ကြုတ်ရင်း ပြောသည်။ မိမိဆန္ဒအလျောက် ဆင့်ကဲပြောင်းလဲခြင်းမျိုးမှာ သူတို့ကဲ့သို့ ဝါရင့်စွမ်းအားရှင်များအတွက်ပင် ရင်တထိတ်ထိတ်ဖြစ်ရသည်ကို ရှောင်လွှဲ၍မရပေ။
လင်းရှန်သည် အအေးခန်းကို ပိတ်လိုက်ပြီး စောင့်ကြည့်စစ်ဆေးရန်အတွက် အိမ်စေဒရုန်းကို အစီအစဉ်ချပေးလိုက်သည်။
“ဗိုင်အိုင်လာ… မိုနီကာရဲ့အခြေအနေကို သေချာစောင့်ကြည့်ပြီး ပုံမှန်မဟုတ်တာရှိရင် ငါ့ကို ချက်ချင်းအကြောင်းကြားပါ”
[ဗိုင်အိုလာ နားလည်ပါပြီ]
လင်းရှန်သည် သက်ပြင်းတစ်ချက်ချကာ လူတိုင်းကို သွားရောက်အနားယူရန် ပြောလိုက်ပြီး မကြာမီမှာပင် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။
လင်းရှန်သည် အအေးခန်းအိပ်စက်အခန်းငယ်ထဲတွင် အေးချမ်းစွာ အိပ်ပျော်နေသော မိုနီကာကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ ချန်ဆီရွှမ်က သူ၏ဘေးနားသို့ လျှောက်လာပြီး ပြောလိုက်သည်၊
“အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ရှိလာမှာမဟုတ်ပါဘူး၊၊ အဆင့် ၃ သွေးပဲစေ့ကို သုံးရင် အန္တရာယ်ပိုများတယ်လို့ ရိုင်ယန်တို့အဖွဲ့ ပြောခဲ့တယ်မဟုတ်လား၊၊ အခု ကျွန်မတို့သုံးနေတာက အဆင့် ၄ သွေးပဲစေ့လေ… ပြီးတော့ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနဲ့ ရှင့်ရဲ့ထူးဆန်းသောကုဗတုံးလည်း ရှိနေတာပဲ၊၊ မိုနီကာရဲ့ စိတ်ဝိဉာဉ်တုန်ခါမှုလှိုင်းတန်ဖိုးအမြင့်ဆုံး အမှတ်တွေက ပင်လယ်လင်းယုန်အုပ်စုထက် အများကြီးသာလွန်နေတာမလို့ အရမ်းစိုးရိမ်မနေပါနဲ့”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး “အဲဒီလိုပဲ မျှော်လင့်ရမှာပဲ”
ထို့နောက် သူသည်လည်း ချန်ဆီရွှမ်နှင့်အတူ အေးခဲခန်းမထဲမှ ထွက်လာခဲ့သည်။ ပင်မကွပ်ကဲပလက်ဖောင်းသို့ ပြန်ရောက်သောအခါ လင်းရှန်သည် မိမိကိုယ်ကိုယ် အာရုံစိုက်လိုက်သည်။ သူက သူ၏ယန္တရားနှလုံးသားကို တစ်ချက်ကြည့်လိုက်မိရာ တစ်ညလုံးဝါးမျိုခဲ့ရမှုများသည် ထိုအကြိုမြင်ကွင်း နှစ်ကြိမ်အတွင်း ရရှိခဲ့သော အမှောင်စွမ်းအင် အသွင်ပြောင်းလဲမှုများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သူ ဆုပ်ကိုင်ထားသော သတ္တုလုံးမှာ ဘာလဲဆိုသည်ကို အသေအချာမသိသော်လည်း ၎င်းက လင်းရှန်ကို မမျှော်လင့်ထားသော အကျိုးကျေးဇူးများ အမှန်ပင် ပေးစွမ်းခဲ့သည်။ မူလက အဆင့် ၇ သို့ ရောက်ရှိရန် နောက်ထပ်တစ်ရက်ခန့်လိုလိမ့်ဦးမည်ဟု သူ ခန့်မှန်းထားသော်လည်း မိုးမလင်းမီမှာပင် ကြိုတင်၍ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
[ လက်ရှိ ယန္တရားနှလုံးသားအဆင့် ၇ (၂၁၈၀/၁၀၀၀၀၀) ]
[ ယန္တရားနိုးထမှု ] - ယန္တရားအရှင်သခင်
ယန္တရားဝါးမျိုမှု - အဆင့် ၆ (၃၆၀၀/၅၀၀၀) ဝါးမျိုမှုစွမ်းဆောင်ရည်ကို မြှင့်တင်ပါ၊၊
ယန္တရားထုတ်လုပ်မှု - အဆင့် ၆ (၁၅၆၀/၅၀၀၀) ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပါ၊၊
“စွမ်းအင်ပဲ့တင်ထပ်ခြင်း...”
လင်းရှန်သည် ယန္တရားနှလုံးသား၏ စွမ်းရည်ဖော်ပြချက်ကို ကြည့်ရင်း ဤစွမ်းရည်က အမှန်တကယ် မည်သည့်အဓိပ္ပာယ်ကိုဆိုလိုသည်ဆိုသည်ကို ခေတ္တမျှ ဝေခွဲမရဖြစ်နေမိသည်။
ဒါက ယန္တရားစွမ်းအားက ငါနဲ့အတူ ပဲ့တင်ထပ်နေတာကို ဆိုလိုတာလား… ဒါက ငါ့ရဲ့စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကတစ်ဆင့် အနန္တရထားရဲ့ လျှပ်စစ်စွမ်းအင်ကို ဆွဲယူတဲ့ သဘောတရားနှင့် တူမနေဘူးလား…
လင်းရှန်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဤစွမ်းရည်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ ရုတ်တရက်ပင် ကောင်းကင်အမိုးခုံးရထား၏ မဂ္ဂါဝပ် ၅၀၀၀ ရှိသော ကြယ်တာရာမောင်းနှင်မှုအဆင့် နျူကလီးယားစွမ်းအင်ဗဟိုချက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏လက်သီးပေါ်တွင် စုစည်းသွားသည်။ တစ်ခဏအတွင်းမှာပင် လင်းရှန်သည် အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ကြုံတွေ့လိုက်ရပြီး ၎င်းမှာ ချန်ဝေနှင့်အတူ ယူနစ် ၀၁ကို မောင်းနှင်နေရသည့်အတိုင်း ခံရစေကာ လက်သီးတစ်ချက်တည်းဖြင့် ဟိုက်ဒရောလစ်မောင်းနှင်သည့် ကြွက်သားအင်ဂျင် ၂၀၀၀ကျော်၏ ဟိန်းဟောက်သံနှင့်အတူ တန်ချိန်သောင်းချီသော ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ယခင်ကနှင့်မတူသည်မှာ ဤစွမ်းအားသည် ကောင်းကင်အမိုးခုံးရထားဆီမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
“သေစမ်း… စွမ်းအင်ပဲ့တင်ထပ်ခြင်းဆိုတာ တကယ်ကြီး ဒီလိုမျိုးလား”
လင်းရှန် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားမိသည်။
“ဒါက စက်ရုပ်ကြီးတစ်ကောင်ကို စီးနင်းထားတဲ့အတိုင်းပဲ… ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာကို ဝတ်ထားတာနဲ့ အတူတူပဲမဟုတ်လား”