အခန်း ၂၉၁၁
Vol. 232 Ch. 2911
အခန်း(၂၉၁၁)
“မင်းပြေးလို့ လွတ်မယ်များထင်နေလား”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်ဟန်များပြုလုပ်ကာ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ်ဖြစ်သည့် အင်မော်တယ်ဝိညာဥ် ဖျက်ဆီးခြင်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ဝိညာဥ်များကိုပင် တုန်လှုပ်ချောက်ချားစေသည့် အနက်ရောင် စည်းတံဆိပ်ကြီးသည် ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့ပြီး ထွက်ပြေးရန် ကြိုးစားနေသော အရှင်ပိချွမ် ဆီသို့ သက်ရောက်လာခဲ့သည်။
“မသတ်ပါနဲ့”
အရှင်ပိချွမ်က မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်နေသည့် အမူအရာဖြင့် သူ၏ ခွန်အားရှိသမျှကို အစွမ်းကုန် အသုံးပြုကာ အသည်းအသန်ခုခံလိုက်သည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ်သည် ဝိညာဥ်သတ္တဝါအားလုံး၏ ရန်သူတော်ပင် ဖြစ်သည်။
ထို့ကြောင့် ရုပ်ခန္ဓာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် အရှင်ပိချွမ်အတွက် ဤစည်းတံဆိပ်အောက်တွင် ရုန်းကန်နေသမျှမှာ အချည်းနှီးသာ ဖြစ်သွားခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အနက်ရောင်စည်းတံဆိပ်သည် အရှင်ပိချွမ်ကို ဝါးမျိုပစ်လိုက်ပြီး အရှင်ပိချွမ်၏ အင်မော်တယ်ခရစ္စတယ်နှင့် အင်မော်တယ်ဝိညာဥ် တို့ကို ဟင်းလင်းပြင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။
ဤသို့ဖြင့်ပင် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်တစ်ပါး ဖြစ်သော အရှင်ပိချွမ်သည် အဆုံးသတ်တွင် ကောင်းကင်နှင့်မြေကြီး အကြား၌ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နည်းနှင့်မျှ ထပ်မံ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
“တလော့ အင်မော်တယ် အဆင့်မှာလည်း အဆင့်အတန်းအမျိုးမျိုး ကွဲပြားမှုရှိပုံပဲ”
ကျန်းချန်က အရှင်ပိချွမ် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
အရှင်ပိချွမ်နှင့် အရှင်ပိကျန့် တို့သည် တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ခွန်အားကမူ တစ်ဆင့်မက ကွာခြားနေခဲ့သည်။
အရှင်ပိကျန့်ကို သတ်ခဲ့စဥ်ကဆိုလျှင် သူ၏ လိုက်လံတိုက်ခိုက်မှုအောက်တွင် အရှင်ပိကျန့်သည် မိုင်ပေါင်းထောင်ချီအထိ ထွက်ပြေးနိုင်ခဲ့ပြီး အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုခဲ့မှသာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အရှင်ပိကျန့် ကဲ့သို့ပင် တလော့အင်မော်တယ်အစောပိုင်းအဆင့် ဖြစ်သည့် အရှင်ပိချွမ်ကိုမူ သူ့အနေဖြင့် မည်သည့်စွမ်းအားမှ ကုန်ဆုံးခြင်းမရှိဘဲ အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့၏။
“ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ်တွေ သိပ်မကျန်တော့ဘူးထင်တယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် အောက်ဘက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ပြီး လင်းရှီယောင်၏ နံဘေးတွင် ရပ်တန့်လိုက်သည်။
ထို့နောက် လင်းရှီယောင်ကို ပြုံးရွှင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်၏။
“သခင်မလေးလင်း.. ကျန်းချန်က ကတိအတိုင်း ရောက်လာခဲ့ပြီ.. မင်းကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား”
ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် သုံးပါးကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ပြီးနောက်တွင် ပိယွင်အင်မော်တယ်နန်းတော်သည် အတော်လေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူက ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် လွယ်လွယ်နှင့် လှုပ်ရှားလိမ့်မည် မဟုတ်မှန်း တွက်ဆထားခဲ့ပြီး အခြေအနေကို စုံစမ်းရန်နှင့် လင်းရှီယောင်နှင့် ဆက်သွယ်ကြည့်ရန်အတွက် ပိယွင်အင်မော်တယ်နန်းတော် ဆီသို့ တိတ်တဆိတ်လာရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပိယွင်အင်မော်တယ်နန်းတော်သို့ မရောက်မီမှာပင် တလော့အင်မော်တယ် တစ်ပါး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည့် လင်းရှီယောင်နှင့် မတော်တဆ ဆုံတွေ့ခဲ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ကျန်းချန်.. ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပဲ ရှင် ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့ဘူး”
သူမရှေ့မှ ကျန်းချန်ကို ကြည့်ကာ လင်းရှီယောင်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ရှိစဥ်က ကျန်းချန်၏ ခွန်အားသည် သူမနှင့် အတူတူ နီးပါးလောက်သာ ဖြစ်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူမသည် ပိယွင်အင်မော်တယ် နန်းတော်တွင် ကျင့်ကြံခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အင်မော်တယ် အဆင့် အထိ မြှင့်တင်နိုင်ခဲ့သည်။
သူမ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် အင်မော်တယ်လောကဖြင့် ကြည့်လျှင် အလွန်ပင် အထင်ကြီးစရာ ကောင်း၏။
သို့သော်လည်း ကျန်းချန်၏ အရှိန်အဟုန်ဖြင့် နှိုင်းယှဥ်လိုက်လျှင်မူ အတော်လေး မှေးမှိန်သွားခဲ့သည်။
ကျန်းချန်ထံတွင် အချိန်မျှော်စင် ရှိနေသဖြင့် အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်သော်လည်း ဤမျှ တိုတောင်းသော ကာလအတွင်း တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသော ခွန်အားကို ပိုင်ဆိုင်နိုင်ခြင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်၏။
“ဒါက ကံကောင်းသွားလို့ပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ပြောရရင် မိန်းကလေးလင်းရဲ့ ကူညီစောင့်ရှောက်မှုကြောင့်လည်း ပါဝင်ပါတယ်”
ထိုစကားမှာ အမှန်တရားပင် ဖြစ်သည်။
လင်းရှီယောင်သာ သူ့ကို အချိန်မျှော်စင်မပေးခဲ့လျှင် သူ့အတွက် ကျင့်ကြံရန် အချိန်များစွာ သက်သာစေလိမ့်မည်မဟုတ်သလို ဤမျှ တိုတောင်းသော အချိန်အတွင်း ရွှေအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထိုအချက်ကို လင်းရှီယောင်ကလည်း မငြင်းပယ်ခဲ့ချေ။
သို့ရာတွင် အချိန်မျှော်စင်က အစွမ်းထက်သော်လည်း ယင်းသည် ကျင့်ကြံခြင်းကို ကူညီပံ့ပိုးပေးရုံသာ တတ်နိုင်ခြင်း ဖြစ်သည်။
ထိုစဥ်က ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးသည်ပင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင် တလော့အင်မော်တယ်အဆင့်နှင့် ယှဥ်ပြိုင်နိုင်သော စွမ်းရည် မရှိခဲ့ပေ။
သို့မဟုတ်လျှင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ပိယွင်အင်မော်တယ် နန်းတော်၏ ဖျက်ဆီခြင်းကို ဤမျှအလွယ်တကူ ခံရလိမ့်မည် မဟုတ်ပေ။
လင်းရှီယောင်က ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ တွေးမနေတော့ဘဲ ဇဝေဇဝါ အမူအရာဖြင့် ကျန်းချန်ကို မေးလိုက်သည်။
“ကျန်းချန် ရှင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ”
“ပိယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်တွေတစ်ပါးပြီး တစ်ပါး ကျဆုံးပြီးတဲ့နောက်မှာ ပိယွင်အင်မော်တယ်နန်းတော်က စန်းယဲ့မြို့ကို လူမလွှတ်ရဲကြတော့ဘူး.. ဒါကြောင့် ငါက ပိယွင်အင်မော်တယ် နန်းတော်ရဲ့ အခြေအနေကို လာရောက် စုံစမ်းဖို့ ရည်ရွယ်ခဲ့တာပဲ.. မင်းနဲ့ မတော်တဆ ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး”
ထို့နောက်တွင် ကျန်းချန်က စူးစမ်းစွာ မေးလိုက်သည်။
“အခု ပိယွင်အင်မော်တယ်နန်းတော်မှာ ဘာတွေဖြစ်ပျက်နေလဲ.. မင်းက ဘာလို့ ပိယွင်အင်မော်တယ် နန်းတော်က တလော့အင်မော်တယ်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရတာလဲ”
တလော့အင်မော်တယ်က နောက်ကနေ လိုက်လံသတ်ဖြတ်နေသည်မှာ လင်းရှီယောင် မည်သူမည်ဝါ ဖြစ်မှန်း အထောက်အထား ပေါက်ကြားသွား၍ ဖြစ်နိုင်ပါသလော။
လင်းရှီယောင်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ မျိုးဆက်ဖြစ်သော်လည်း ပိယွင်အင်မော်တယ် နန်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ခြင်းကပင် သူမ၏ အထောက်အထားကို အသေအချာ ဖုံးကွယ်ထားနိုင်မှန်း သက်သေပြနေခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် ဤမျှ အလွယ်တကူ သိရှိသွားရန်မှာ မဖြစ်နိုင်လောက်ပေ။
“ဒါက ရှင်နဲ့ ပတ်သက်နေတယ်”
လင်းရှီယောင်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“တလော့အင်မော်တယ်တချို့သေဆုံးသွားပြီးနောက်မှာ ပိယွင်အင်မော်တယ် နန်းတော်က သူတို့ရဲ့ ပါရမီရှင်တပည့်တွေကို ယဇ်ပူဇော်ပြီး ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည်ရှင်သန်လာအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်.. ဒါကြောင့် ပိယွင်အင်မော်တယ် နန်းတော်ကနေ ကျွန်မတို့ထွက်ပြေးခဲ့ရတာပဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
“ပိယွင်အင်မော်တယ် နန်းတော်က ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ချင်နေတယ် ဟုတ်လား”
ပိယွင်အင်မော်တယ် နန်းတော်သည် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါး မွေးထုတ်ရန် အတွက် အင်အားစု အသီးသီးမှ လူငယ်ပါရမီရှင်များကို အတင်းအကျပ် လုယက်နေခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ မဖြစ်နိုင်မှန်း ကျန်းချန် သိရှိထားခဲ့သည်။
ယင်းကြောင့် ပိယွင်အင်မော်တယ် နန်းတော်၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သူ တစ်ချိန်လုံး ခန့်မှန်းနေခဲ့သည်။
ကြည့်ရသည်မှာ ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးသည် လုံးဝ ကျဆုံးသွားခြင်းမရှိသေးပုံ ရ၏။
ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်၏ အဓိကရည်ရွယ်ချက်သည် ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်လိုခြင်း ဖြစ်နိုင်၏။
“ဟုတ်တယ်”
လင်းရှီယောင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“တလော့ အင်မော်တယ်တွေ တစ်ပါးပြီး တစ်ပါး ဆက်တိုက်ဆိုသလို ကျဆုံးသွားပြီးတဲ့နောက်မှာ ပိယွင်အင်မော်တယ်နန်းတော်က ကြီးမားတဲ့ အကျပ်အတည်းနဲ့ ကြုံတွေ့နေရတယ်.. ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ခြင်းက သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ.. အခု ပိယွင်အင်မော်တယ်နန်းတော်က ဘယ်လို အဖိုးအခမျိုးပဲ ပေးဆပ်ရပါစေ.. ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ်လေးလံသွားခဲ့သည်။
တလော့ အင်မော်တယ်အဆင့်၊ ထိုက်ယီ အင်မော်တယ်အဆင့်နှင့် ဟန်ယွင် အင်မော်တယ်အဆင့်တို့ အကြားရှိ ခွန်အားကွာခြားချက်သည် အလွန်ပင် ကြီးမားသည်။
ထိုစဥ်က ကျိရီ အင်မော်တယ်တောင်တန်းတွင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည့် အရှင်ဇူရီ မည်မျှ အစွမ်းထက်မှန်း ကျန်းချန်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
အရှင်နှင်းမှုန်နှင့် အရှင်ထိုက်ယွမ်တို့ ပူးပေါင်းခဲ့ကြသည့်တိုင် အရှင်ဇူရီ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
သိထားရမည့်အချက်မှာ အရှင်ဇူရီသည် သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိမနေခဲ့သလို ဟန်ယွင်အဆင့် ခွန်အားအစစ်အမှန်ကိုလည်း အပြည့်အဝ မထုတ်ဖော်နိုင်သေးချေ။
ပိယွင်အင်မော်တယ်နန်းတော်သာ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို အမှန်တကယ် ပြန်လည် ရှင်သန်စေခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်ကို ဖြိုခွဲမည့် သူတို့၏ အစီအစဥ်က အတော်လေး ခဲယဥ်းသွားပေလိမ့်မည်။
“သခင်လေးကျန်းချန်.. ကျွန်မက ထိုက်ယီအဆင့် အင်အားစု ဖြစ်တဲ့ ကျိရှအင်မော်တယ်နန်းတော်က လျှိုမန်ချင်းပါ.. ကျွန်မတို့ ကျိရှအင်မော်တယ်နန်းတော်က ပိယွင်အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ဖို့အတွက် ရှင်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”
ထိုအခိုက်အတန့်တွင် လျှိုမန်ချင်က ဝင်ရောက် ပြောဆိုလိုက်သည်။
“ကျွန်မတို့ ပိယွင်အင်မော်တယ် နန်းတော်ကို အမြန်ဆုံးတားဆီးမှဖြစ်မယ်.. တကယ်လို့ သူတို့အနေနဲ့ ဟန်ယွင်အဆင့်အင်မော်တယ် ဘိုးဘေးကိုသာ ပြန်လည် ရှင်သန်စေခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒီကိစ္စကို ငါတို့တွေ စန်းယဲ့မြို့ကို ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့”
သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့်ဘိုးဘေး ပြန်လည်ရှင်သန်လာရန် ကြိုးပမ်းမှုကို အမြန်ဆုံး တားဆီးရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားဆဲပင်။
လက်ရှိအချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်သည် တလော့အဆင့် အင်အားစုတစ်ခု ဖြစ်ပြီး တလော့ အင်မော်တယ် လေးပါးကို ဆုံးရှုံးခဲ့ရသော်လည်း လျှော့တွက်၍ မရသေးပေ။
ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်ခြင်းမှ တားဆီးလိုလျှင် အသေအချာ အစီအစဥ် ချမှတ်ရလိမ့်မည် ဖြစ်သည်။
လျှိုမန်ချင် အနေဖြင့်လည်း ဤအချက်ကို သဘောမတူစရာ အကြောင်းမရှိခဲ့ပေ။
သူမက ထိုသတင်းကို ကျိရှ အင်မော်တယ် နန်းတော်ဆီ ပေးပို့ခဲ့လျှင်ပင် ကျိရှ အင်မော်တယ် နန်းတော် အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရန် အတွက် ပြင်ဆင်ရန် အချိန်အတော်ကြာ လိုအပ်လိမ့်မည် ဖြစ်သည်။
လက်ရှိတွင် ကျန်းချန်နှင့် အတူ စန်းယဲ့မြို့ ဆီသို့ လိုက်ပါသွားခြင်းသည် သူမအတွက် အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ကို ခေါ်ဆောင်ကာ စန်းယဲ့မြို့ တည်ရှိရာ အရပ်မျက်နှာ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
အခန်း (၂၉၁၁)ပြီး၏။