အခန်း ၂၉၁၂
Vol. 232 Ch. 2912
အခန်း(၂၉၁၂)
ကျန်းချန်က လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ကို ကယ်တင်ခဲ့ပြီး စန်းယဲ့မြို့သို့ ပြန်ရောက်လာသည်နှင့် အရှင်နှင်းမှုန်ကို ရှာဖွေကာ ပိယွင်အင်မော်တယ် နန်းတော်က ဟန်ယွင်အဆင့်အင်မော်တယ်ဘိုးဘေး ပြန်လည် ရှင်သန်လာစေရန် လုပ်ဆောင်နေသည့် ကိစ္စအား ပြောပြခဲ့သည်။
“ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးက လုံးဝ ကျဆုံးသွားခဲ့တာမျိုး မဟုတ်ဘူးဆိုရင် ပြန်လည် ရှင်သန်လာနိုင်ခြေ တကယ်ပဲ ရှိတယ်”
အရှင်နှင်းမှုန်က အနည်းငယ် စဥ်းစားပြီးမျှ ပြောလိုက်သည်။
“အခု ပိယွင်အင်မော်တယ်နန်းတော် လုပ်ဆောင်နေတဲ့ အရာက အရှင်ဇူရီ လုပ်ဆောင်ခဲ့တာနဲ့ သိပ်မကွာဘူး.. ဒီလိုလုပ်ဖို့ အတွက် ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ရတဲ့အပြင် အောင်မြင်ဖို့ အတွက်လည်း အာမခံချက် မရှိဘူး”
ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး အရှင်နှင်းမှုန်ကို မေးလိုက်သည်။
“စီနီယာ.. ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အောင်မြင်နိုင်ခြေက ဘယ်လောက်ရှိလဲ”
“ပိယွင်အင်မော်တယ် နန်းတော်က ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုနေလဲ ဆိုတာ ငါကိုယ်တိုင် မမြင်ရသေးတော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတယ်”
အရှင်နှင်းမှုန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ပိယွင်အင်မော်တယ် နန်းတော်ကို ပြင်ဆင်ဖို့ အချိန် ပိုပေးလိုက်မယ် ဆိုရင် အောင်မြင်နိုင်ခြေက ပိုမြင့်မားသွားနိုင်တယ်.. ဒီတစ်ကြိမ်မှာ ပိယွင်အင်မော်တယ်နန်းတော်က အသည်းအသန် ကြိုးပမ်းနေတာ ဆိုတော့ အလွန်ဆုံးရှိမှ ငါးဆယ် ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိလိမ့်မယ်”
ငါးဆယ် ရာခိုင်နှုန်းအောက် လျော့နည်းသော အခွင့်အရေးဖြင့်ပင် ပိယွင်အင်မော်တယ် နန်းတော်သည် ထိုကိစ္စကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် အနည်းငယ်ကို သတ်ဖြတ်ခဲ့ခြင်းသည် ပိယွင်အင်မော်တယ် နန်းတော် အပေါ် သက်ရောက်မှု တော်တော်လေး ကြီးမားသွားပုံ ရ၏။
ယင်းက ပိယွင်အင်မော်တယ် နန်းတော်ကို သေရေးရှင်ရေးအခြေအနေသို့ ရောက်အောင် အတင်းအကျပ် တွန်းပို့သလို ဖြစ်သွားခဲ့ပြီး ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်ရန် အတွက် ဖိအားပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည်ရှင်သန်လာနိုင် လုပ်ဆောင်နိုင်မည့် ရာခိုင်နှုန်းသည် ငါးဆယ်ရာခိုင်နှုန်းအောက် လျော့နည်းနေသော်လည်း သူတို့အနေဖြင့် ဤအတိုင်း လွှတ်ထား၍ မဖြစ်ပေ။
အကယ်၍ ပိယွင်အင်မော်တယ် နန်းတော်သာ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို အမှန်တကယ် ပြန်လည် ရှင်သန်စေခဲ့လျှင် သူတို့အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
“မစိုးရိမ်ပါနဲ့.. ဒါက ညတွင်းချင်း အပြီးသတ်နိုင်မဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူး”
အရှင်နှင်းမှုန်က ကျန်းချန် စဥ်းစားနေသည်ကို အကဲခတ်မိပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ကို အချိန်သုံးလပဲ ပေးပါ.. အချိန်သုံးလကြာရင် ငါတို့တွေ ပိယွင် အင်မော်တယ် နန်းတော်ကို တိုက်ရိုက် သွားကြမယ်”
အရှင်ပိမူနှင့်တိုက်ပွဲတွင် ဟန်ယွင်အဆင့် အင်မော်တယ် ရတနာကို အရှင်ပိမူက ကိုင်ဆောင်ထားသဖြင့် အရှင်နှင်းမှုန်သည် အဖိုးအခတချို့ကို ပေးဆပ်ခဲ့ရသည်။
ထို့ကြောင့် သူ၏ ဒဏ်ရာမှ ပြန်လည် သက်သာလာစေရန်အတွက် ကျင့်ကြံရန် အချိန်တချို့ လိုအပ်နေခဲ့ခြင်း ဖြစ်၏။
ထို့အပြင် သူက အရှင်ပိမူ ထံကနေ တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ရရှိခဲ့သော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးသဖြင့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓား၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ရန် ခက်ခဲနေခဲ့သည်။
သူ့ကိုသာ အချိန်အနည်းငယ်ပေးမည် ဆိုလျှင် တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓားကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ပိယွင်အင်မော်တယ်နန်းတော်တွင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲတချို့ ရှိနေမည်ဆိုလျှင်ပင် အရှင်နှင်းမှုန် အနေဖြင့် အလွန်အမင်း ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ ကျွန်တော်တို့ သုံးလကြာရင် သွားကြတာပေါ့”
ဤသုံးလအတွင်း အချိန်မျှော်စင်၏ ဒုတိယအလွှာသို့ ဝင်ရောက်ကာ ကျင့်ကြံခဲ့မည် ဆိုလျှင် သူ့အတွက် နှစ်ပေါင်းနှစ်ဆယ်ကျော် အချိန်ရရှိလိမ့်မည် ဖြစ်သည်။
ယခုအခါ ကျန်းချန်ထံတွင် ဟန်ယွင်အင်မော်တယ် စမ်းရေနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ကျန်ရှိနေသေးသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်အချိန်သည် သူ၏ ကျင့်ကြံမှုကို ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိစေပြီး တလော့စွမ်းအားကို စုစည်းကာ တလော့အင်မော်တယ် အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်ရန် လုံလောက်လိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် ပိယွင်အင်မော်တယ် နန်းတော်သို့ သွားရောက်သည့်အခါတွင် ပိုမိုကြီးမားသော ယုံကြည်မှုရှိလာလိမ့်မည် မဟုတ်ပါလား။
အရှင်နှင်းမှုန်နှင့် ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် လင်းရှီယောင်နှင့် လျှိုမန်ချင် တို့ကို နေရာချပေးခဲ့ပြီး သုံးလအတွင်း ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်မည့်အကြောင်းအား ပြောပြခဲ့သည်။
ထို့နောက်တွင် သူက အခန်းထဲသို့ ဝင်ရောက်ကာ စတင်ကျင့်ကြံခဲ့တော့သည်။
ကျန်းချန်က အချိန်မျှော်စင်၏ ဒုတိယအလွှာတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး ဟန်ယွင်အင်မော်တယ် စမ်းရေနှင့် အမျိုးမျိုးသော အရင်းအမြစ်များကို ရူးသွပ်စွာ စုပ်ယူ၍ ကျင့်ကြံနေခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအခါတွင် ရွှေအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အမျိုးမျိုးသော အရင်းအမြစ်များနှင့် စနစ်မှ ပေးစွမ်းသော အတွေ့အကြုံ အဆတစ်ရာ၏ ကောင်းချီးပေးမှုအောက်တွင် တည်ငြိမ်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
သုံးနှစ်အကြာတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် နဝမအဆင့် အလယ်အလတ်သို့ ရောက်ရှိခဲ့သည်။
ဆယ်နှစ်အကြာတွင်မူ ကျန်းချန်သည် ရွှေအင်မော်တယ် နဝမအဆင့် နှောင်းပိုင်းသို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။
အနှစ်နှစ်ဆယ် အကြာတွင်မူ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး တလော့စွမ်းအားကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။
တလော့စွမ်းအားကို စုစည်းပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားအလုံးစုံကို တလော့အင်မော်တယ်စွမ်းအား အဖြစ်သို့ ပြောင်းလဲရန်နှင့် စစ်မှန်သော တလော့ အင်မော်တယ်တစ်ပါး ဖြစ်လာရန် အတွက် နောက်ထပ်အချိန်သုံးနှစ်၊ လေးနှစ်ခန့် အချိန်ဖြုန်းခဲ့ရသည်။
ထို့အပြင် သူက သာမန် တလော့အင်မော်တယ် တစ်ပါး မဟုတ်ပေ။
အကြောင်းမှာ ကျန်းချန်သည် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားတွင် အကြီးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
ဤနှစ်များတစ်လျှောက်တွင် ကျန်းချန်သည် ဟန်ယွင်အင်မော်တယ်စမ်းရေကို အများအပြား စုပ်ယူခဲ့ပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်သည်လည်း နောက်ထပ် တစ်ဆင့်တက်ကာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဆိုရလျှင် ကျန်းချန်သည် တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်ကာစ ဖြစ်သော်လည်း ခွန်အားကမူ တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အများအပြားထက်ပင် မနိမ့်ကျပေ။
သို့သော်လည်း တလော့အင်မော်တယ် အဆင့်သို့ ဖြတ်ကျော်မှုသည် အင်မော်တယ်လောကသို့ ကျန်းချန် ဝင်ရောက်လာသည့် အချိန်မှစ၍ စုဆောင်းထားခဲ့သော အရင်းအမြစ်များ၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို ကုန်ဆုံးစေခဲ့သည်။
ထို့ကြောင့် လုံလောက်သော အခွင့်အလမ်း မရှိသရွေ့ အဆ ၁၀၀ စနစ်နှင့် အချိန်မျှော်စင် ရှိနေလျှင်ပင် သူ၏ ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်ရန်မှာ မလွယ်ကူတော့ပေ။
“အချိန်လည်း အတော်လေး နီးကပ်လာပြီပဲ.. ပိယွင်အင်မော်တယ်နန်းတော်ကို သွားရမဲ့အချိန် ရောက်ပြီ”
အချိန်မျှော်စင်၏ ဒုတိယအလွှာတွင် တင်ပျဥ်ခွေ ထိုင်နေသော ကျန်းချန်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ပြင်ပကမ္ဘာတွင် သုံးလနီးပါး ကုန်ဆုံးခဲ့သောအချိန်သည် အချိန်မျှော်စင်ထဲတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်လာစေခြင်းမှ တားဆီးရန်အတွက် သူတို့ အုပ်စုသည် ပိယွင်အင်မော်တယ် နန်းတော်သို့ သွားသင့်ပြီ ဖြစ်၏။
အခန်းထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် အရှင်နှင်းမှုန်၏ အရှိန်အဝါကို အာရုံခံလိုက်ရာ အရှင်နှင်းမှုန်က ကျင့်ကြံနေဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့သဖြင့် ယဲ့မိသားစု၏ ခေါင်းဆောင်ဖြစ်သော ယဲ့ချင်းမင် ရှိရာ ဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။
“သခင်လေးကျန်းချန် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလား”
သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ယဲ့ချင်းမင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လွန်ခဲ့သော သုံးလနှင့် နှိုင်းယှဥ်လျှင် ကျန်းချန်၏ အရှိန်အဝါသည် ပိုမို၍ နက်ရှိုင်းလာခဲ့သည်။
ဆိုရလျှင် ဤသုံးလအတွင်း ကျန်းချန်၏ ခွန်အားက အတော်လေး တိုးတက်လာသည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
“ဒီသုံးလအတွင်း ပိယွင်အင်မော်တယ် နန်းတော်က ဘာလှုပ်ရှားမှုတွေ ရှိခဲ့လဲ”
“မရှိဘူး သခင်လေးကျန်းချန်”
ယဲ့ချင်းမင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ပိယွင်အင်မော်တယ် နန်းတော်က ဂိုဏ်းရဲ့ ဂိတ်တံခါးကို ပိတ်ဆို့ထားပြီး အစောင့်အကြပ်တွေလည်း အရမ်းတင်းကျပ်နေတဲ့ အတွက် သတင်းစုံစမ်းဖို့ အတော်လေး ခက်ခဲနေတယ်.. လက်ရှိ ပိယွင်အင်မော်တယ်နန်းတော် ထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ဘယ်သူမှ မသိကြသလောက်ပဲ”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ယဲ့ချင်းမင်ကို ကြည့်ကာ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ခေါင်းဆောင်ယဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်တော့.. ကျွန်တော်တို့ နောက်ထပ် ရက်အနည်းငယ် အတွင်း ပိယွင်အင်မော်တယ် နန်းတော်ကို သွားတိုက်ကြမယ်”
ပိယွင်အင်မော်တယ်နန်းတော်သည် ယခုအခါတွင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည်ရှင်သန်ရန် အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။
သို့ရာတွင် ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည်ရှင်သန်စေရန် စီမံကိန်းက မည်သည့် အတိုင်းအတာ အထိ ဆောင်ရွက်ပြီးစီးနေမှန်း မည်သူမျှ မသိပေ။
ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်သို့ အမြန်ဆုံး သွားရောက်ခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလား။
“သခင်လေးကျန်းချန် ဒီအတွက်တော့ စိတ်မပူပါနဲ့.. ငါအခုပဲ သွားပြင်ဆင်လိုက်မယ်”
ယဲ့ချင်းမင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ပိယွင်အင်မော်တယ်နန်းတော်သည် ဟန်ယွင်အဆင့် အင်မော်တယ် ဘိုးဘေးကို ပြန်လည်ရှင်သန်လာစေရန် အတွက် မည်သည့်နည်းလမ်းကို မဆို အသုံးပြုခဲ့သည်။
အင်အားစု အများအပြားသည် သူတို့၏ ထူးချွန်သောပါရမီရှင်များ လုယက်ခံရသောကြောင့် ပိယွင်အင်မော်တယ် နန်းတော် အပေါ်တွင် မကျေနပ်ခဲ့ကြပေ။
သူတို့က ပိယွင်အင်မော်တယ် နန်းတော်၏ ခွန်အားကြောင့်သာ ထုတ်ဖော် မပြောရဲခဲ့ကြခြင်း ဖြစ်၏။
ကျန်းချန်နှင့် အရှင်နှင်းမှုန်က ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်များကို တစ်ပါးပြီး တစ်ပါး သတ်ဖြတ်ခဲ့ပြီးနောက်တွင် ယဲ့မိသားစု ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အင်အားစု များစွာသည် ပိယွင်အင်မော်တယ် နန်းတော်ကို ရင်ဆိုင်ဖြေရှင်းရန် အတွက် မျှော်လင့်ချက်များကို မြင်တွေ့ခဲ့ကြသည်။
ထို့နောက်တွင်မူ ယဲ့ချင်းမင်သည် ပိယွင်အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရန်အတွက် အင်အားစုအများအပြားကို နှိုးဆော်လိုက်ရာ အင်အားစုများသည် ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ကြပြီး ယဲ့မိသားစုနှင့် မဟာမိတ်များ ဖွဲ့ခဲ့ကြသည်။
တလော့အင်မော်တယ် မရှိသည့်အချက်မှ လွဲ၍ ဤမဟာမိတ်အုပ်စုသည် မည်သည့် တလော့အင်အားစုထက် မဆို အားနည်းခြင်း မရှိပေ။
ယခုအခါတွင် ကျန်းချန်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ ဖြစ်ရာ ဤလူများကို စန်းယဲ့မြို့သို့ စုဝေးစေရန် အချိန်တန်ပြီ မဟုတ်ပါလော။
အခန်း (၂၉၁၂)ပြီး၏။