အခန်း ၂၉၁၃
Vol. 232 Ch. 2913
အခန်း(၂၉၁၃)
ယဲ့ချင်းမင်၏ အချက်ပြမှုကြောင့် ပိယွင်အင်မော်တယ်နန်းတော်၏ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် အင်အားစုတချို့သည် ၎င်းတို့၏ အင်အားများကို စုစည်းကာ စန်းယဲ့မြို့သို့ ချီတက်လာခဲ့ကြသည်။
ရက်အနည်းငယ် အတွင်းမှာပင် စန်းယဲ့မြို့၌ အင်အားစုပေါင်း တစ်ဆယ်ကျော် စုရုံး ရောက်ရှိလာခဲ့ကြ၏။
ထိုအထဲတွင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် အင်အားစုနှစ်စု၊ ရွှေအင်မော်တယ် နဝမအဆင့် အင်အားစု ငါးစု ပါဝင်ပြီး ကျန်ရှိသော အင်အားစုများမှာ ရွှေအင်မော်တယ်အဆင့် အင်အားစုများ ဖြစ်ကြသည်။
ယဲ့မိသားစုဘက်တွင် ကျန်းချန်၊ ယဲ့မိသားစုခေါင်းဆောင် ယဲ့ချင်းမင်နှင့် အမျိုးသမီးနှစ်ယောက် ဖြစ်သည့် လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ စုရုံး၍ ရှိနေကြသည်။
ယဲ့ချင်းမင်က ကျန်းချန် ထံသို့ ယဲ့မိသားစုက စုစည်းထားသော အင်အားစုများ၏ အခြေအနေကို အစီအရင်ခံခဲ့ရာ ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။
“သခင်လေးကျန်းချန်.. ကျွန်မတို့ ကျိရှိ အင်မော်တယ်နန်းတော်က အစွမ်းထက် ကျင့်ကြံသူတွေလည်း ပိယွင်အင်မော်တယ် နန်းတော်ကို သွားနေကြပြီ.. ရှင် ဘယ်အချိန် စလှုပ်ရှားမှာလဲ”
လှုပ်ရှားရန် အဆင်သင့်မဖြစ်သေးပုံရသည့် ကျန်းချန်ကို ကြည့်ကာ လျှိုမန်ချင်သည် မနေနိုင်တော့ဘဲ မေးလိုက်သည်။
“မလောပါနဲ့ ခဏစောင့်ပါဦး”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘယ်လောက်အထိ စောင့်ရဦးမှာလဲ.. ပိယွင်အင်မော်တယ်နန်းတော်ကသာ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်စေခဲ့ရင် အချိန်နှောင်းသွားမှာ ကျွန်မ စိုးရိမ်မိတယ်”
လျှိုမန်ချင်က ပူပန်သော လေသံဖြင့် ပြောဆိုလိုက်သည်။
ကျန်းချန်က သူမကို စကားပြောရန် ပြင်လိုက်စဥ်မှာပင် သူ့ရှေ့ရှိ ဟင်းလင်းပြင်တွင် အနည်းငယ်တုန်ခါမှု ဖြစ်သွားခဲ့ပြီး အနက်ရောင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ အရှင်နှင်းမှုန်ပင် ဖြစ်၏။
အရှင်နှင်းမှုန်ကို မြင်လိုက်ရလျှင် လျှိုမန်ချင်နှင့် လင်းရှီယောင် တို့၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
သူမတို့ နှစ်ဦးက တလော့အဆင့် အင်အားစု ဖြစ်သော ပိယွင်အင်မော်တယ်နန်းတော်တွင် နေခဲ့ဖူးသဖြင့် ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ်များကို မြင်တွေ့ဖူးခဲ့ကြပြီး ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ပိယောင် ကဲ့သို့ တလော့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် မြင်ဖူးခဲ့ကြသည်။
သို့သော်လည်း သူတို့ ရှေ့မှ လူ၏ အရှိန်အဝါသည် သူတို့ မြင်တွေ့ဖူးသမျှ မည်သည့် တလော့အင်မော်တယ်ထက် မဆို ပို၍ နက်ရှိုင်းကာ ဆန်းကြယ်ပုံ ရ၏။
“ထိုက်ယီအဆင့် အင်မော်တယ်လား”
သူတို့ရှေ့မှ လူသည် တလော့ အဆင့်ထက် အဆင့်မြင့်သည့် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။
မူလကတည်းကပင် လင်းရှီယောင် တို့သည် ယဲ့မိသားစု၏ နောက်ကွယ်တွင် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ရှိနေနိုင်ခြေ အလွန်များမှန်း ခန့်မှန်းခဲ့ကြသည်။
သို့သော် ကျန်းချန် ပေါ်လာပြီးနောက်တွင် ကျန်းချန်၏ တလော့ အင်မော်တယ်အဆင့်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ခွန်အားကို မြင်တွေ့ခဲ့ရသဖြင့် ထိုအတွေးကို ဖျောက်ဖျက်ခဲ့ကြ၏။
ယခုကြည့်ရသည်မှာ ယဲ့မိသားစု၏ နောက်ကွယ်တွင် တလော့အင်မော်တယ်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျန်းချန် သာမက ထိုက်ယီအဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးပါ ရှိနေပုံရသည်။
ဤအချင်းအရာကိုမြင်လျှင် ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
“စီနီယာ.. တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီပေါ့”
အရှင်နှင်းမှုန်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို တအံ့တဩကြည့်ကာ ချက်ချင်းပင် ပြောလိုက်သည်။
“ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို သွားကြစို့”
မကြာသေးမီက ရုပ်သေးရုပ်၏ စွမ်းအားက အလွန်ပင် မြင့်တက်လာသည်ဟု သူအာရုံခံမိခဲ့ခြင်းမှာ မဆန်းတော့ပေ။
အကြောင်းရင်းမှာ ကျန်းချန်သည် တလော့ အင်မော်တယ် အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းကြောင့်ပင်။
ဤသုံးလအတွင်း အရှင်နှင်းမှုန်သည် အရှင်ပိမူနှင့် တိုက်ပွဲတွင် ပေးဆပ်ခဲ့ရသော အဖိုးအခများကို ပြန်လည် ကုစားနိုင်ခဲ့ရုံသာမက တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
အင်မော်တယ်ဘုရင်အဆင့် ရုပ်အလောင်း၏ အစွမ်းထက်ခန္ဓာကိုယ်ဖြင့်သာ ပေါင်းစပ်လိုက်လျှင် ပိယွင်အင်မော်တယ်နန်းတော်တွင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည် မရှင်သန်လာသရွေ့ သူ့ကို ခြိမ်းခြောက်နိုင်သည့်ကျင့်ကြံသူမှာ မရှိသလောက်ပင်။
“ကောင်းပါပြီ”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ယဲ့ချင်းမင်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“အားလုံးကို အဆင်သင့်ပြင်ထားဖို့ အကြောင်းကြားလိုက်ပါ.. အခုချက်ချင်း ထွက်ခွာပြီး ပိယွင်အင်မော်တယ် နန်းတော်ကို ချီတက်ကြမယ်”
“ငါအခုပဲ သွားအကြောင်းကြားလိုက်မယ်”
ယဲ့ချင်းမင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင်မှာပင် အရှင်နှင်းမှုန်နှင့် ကျန်းချန်တို့ ဦးဆောင်သည့် ရာနှင့်ချီသော ကျင့်ကြံသူများသည် ပိယွင်အင်မော်တယ်နန်းတော် ဆီသို့ ချီတက်လာခဲ့ကြသည်။
ကျန်းချန်တို့ လူစု၏ လှုပ်ရှားမှုက အလွန်ပင် ထင်ရှားနေသဖြင့် လမ်းခရီးတစ်လျှောက်တွင် ကျင့်ကြံသူ များစွာ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။
“ဒီလူတွေက ဘယ်သူတွေလဲ.. သူတို့ ဘာလုပ်မလို့လဲ”
“စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်စု ရှိနေတယ်လို့ ပြောကြတယ်.. သိပ်မကြာခင်ကစပြီး ယဲ့မိသားစုက ပိယွင်အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ဖို့ အင်အားစု အတော်များများကို စုစည်းခဲ့တယ်.. ကြည့်ရတာ ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ဖို့ ချီတက်သွားတာများလား”
“ပိယွင်အင်မော်တယ် နန်းတော်မှာ ဒီလို နေ့ရက်မျိုး ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ပွဲကြီးပွဲကောင်း တစ်ပွဲတော့ ကြည့်ရတော့မယ် ထင်တယ်”
“...........”
မရေမတွက်နိုင်သည့် အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ကျန်းချန်တို့ လူစုသည် ပိယွင် အင်မော်တယ်နန်းတော် ရှိရာ အရပ်ဆီသို့ ကောင်းကင်ယံကနေ တိုက်ရိုက်ချီတက်သွားခဲ့ကြသည်။
ပိယွင်အင်မော်တယ် နန်းတော်နှင့် စန်းယဲ့မြို့ရှိ ယဲ့မိသားစုသည် မိုင်ပေါင်းတစ်သိန်းခန့် ကွာဝေးသော်လည်း ကျန်းချန်တို့လူစု အတွက်မူ အလွန်အမင်း ဝေးလံသည်ဟု ဆို၍မရပေ။
နေ့တစ်ဝက် မကုန်ခင်မှာပင် သူတို့လူစုသည် ပိရှား အင်မော်တယ်တောင်တန်း ပြင်ပရှိ ဟင်းလင်းပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင် အင်မော်တယ် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော ပုံရိပ်ဒါဇင်ပေါင်းများစွာသည် ပိယွင်အင်မော်တယ် နန်းတော် အတွင်းကနေ ထွက်ပေါ်လာခဲ့ကြသည်။
၎င်းတို့ကို ဦးဆောင်လာသည့် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ.. ငါတို့ ပိယွင် အင်မော်တယ် နန်းတော်ကို ဘာလာလုပ်တာလဲ”
“ပိယွင်အင်မော်တယ်နန်းတော်က ဗိုလ်ကျလွန်းပြီး လူရော၊နတ်ရော စိတ်နာကြည်းစရာတွေ လုပ်ဆောင်ခဲ့တယ်.. ငါတို့ ဒီနေ့ ရောက်လာတာက ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးဖို့ အတွက်ပဲ”
ကျန်းချန်က ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် အမျိုးသားကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလဲ.. ပိယွင်အင်မော်တယ်နန်းတော်နဲ့ အတူ အသေခံမှာလား.. အခုအချိန် လက်နက်ချမယ်ဆိုရင်တော့ မင်းအတွက် အချိန်မီပါသေးတယ်”
ထိုစကားကိုကြားလျှင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးချင်တယ်ဆိုရင် မင်းတို့မှာ အဲလို အရည်အချင်းရှိ မရှိ ကြည့်ရသေးတာပေါ့”
စန်းယဲ့မြို့တော်မှ ယဲ့မိသားစု နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစု ရှိနေကြောင်းနှင့် ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် စန်းယဲ့မြို့တွင် တလော့အင်မော်တယ် တချို့ ဆုံးရှုံးခဲ့ရသည်ကို သူကောင်းစွာ သိရှိထားခဲ့သည်။
သို့ရာတွင် ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဟန်ယွင်အဆင့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
ထိုစဥ်က ထိုက်ယီအဆင့် အင်အားစု ဖြစ်သည့် ကျိရှအင်မော်တယ်နန်းတော် ပင်လျှင် ပိယွင်အင်မော်တယ် နန်းတော်ကို ချီတက် တိုက်ခိုက်ခဲ့သည့်တိုင် မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့ပေ။
စန်းယဲ့မြို့တော်ရှိ ယဲ့မိသားစု နောက်ကွယ်မှ လူများသည် ပိယွင်အင်မော်တယ် နန်းတော် ဆီသို့ အလွယ်တကူ လာရဲလိမ့်မည် မဟုတ်ဟု သူထင်ထားခဲ့သော်လည်း ယခုအခြေအနေသည် သူမျှော်လင့်ထားသည်ထက်ကို လုံးဝ ကျော်လွန်နေခဲ့သည်။
“သခင်လေးကျန်းချန်.. ဒီကောင်တွေနဲ့ အပိုစကားတွေ ပြောမနေနဲ့တော့.. ပိယွင်အင်မော်တယ် နန်းတော်ကိုပဲ တစ်ခါတည်း ဝင်တိုက်ကြစို့”
ကျန်းချန်၏ နောက်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
ကျန်းချန်ကလည်း စကားများစွာ ပြောမနေတော့ဘဲ ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန်မှာပင် ပိယွင်အင်မော်တယ် နန်းတော်အတွင်းကနေ တလော့ အင်မော်တယ် သုံးပါးသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်တို့၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုသုံးဦးသည် ပိယွင်အင်မော်တယ် နန်းတော်တွင် ကျန်ရှိသည့် တလော့အင်မော်တယ် သုံးပါးလည်း ဖြစ်သည်။
ရှေ့ဆုံးမှ ပုဂ္ဂိုလ်မှာ ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ပိယောင် ဖြစ်၏။
အရှင်ပိယောင်က မျက်မှောင်ကြုတ်၍ ကျန်းချန်နှင့် အရှင်နှင်းမှုန် တို့ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ.. ပိယွင်အင်မော်တယ် နန်းတော်ကို ဘာလို့ လာတိုက်ခိုက်ရတာလဲ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အရှင်ပိယောင်.. ပိုထျန်းအင်မော်တယ်ဂိုဏ်းကို မှတ်မိသေးတယ် မဟုတ်လား.. ကျုပ်က ပိုထျန်း အင်မော်တယ်ဂိုဏ်း အတွက် ပိယွင်အင်မော်တယ် နန်းတော်ကို ကလဲ့စားချေပေးမယ်လို့ ကတိပေးခဲ့တယ်.. ဒါကြောင့် ခင်ဗျားရဲ့ ပိယွင်အင်မော်တယ်နန်းတော်ကို ချေမှုန်းဖို့ ရောက်လာခဲ့ရတာပဲ”
“ပိုထျန်းအင်မော်တယ်ဂိုဏ်းလား”
အရှင်ပိယောင်၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထိုစဥ်က ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အနှိုင်းမဲ့ ရတနာတစ်ခုကို ရရှိခဲ့သဖြင့် နှစ်ပေါင်းတစ်ထောင် အတွင်းမှာပင် ပိယွင်အင်မော်တယ် နန်းတော်၏ စီရင်ပိုင်ခွင့် နယ်မြေ အတွင်း၌ ခြေလှမ်းတစ်ဝက် တလော့အင်အားစု တစ်ခု ဖြစ်လာခဲ့သည်။
ထိုအနှိုင်းမဲ့ အင်မော်တယ်ရတနာကို ရရှိရန် အတွက် ပိယွင်အင်မော်တယ်နန်းတော်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ချေမှုန်းဖျက်ဆီးခဲ့သည်။
ပိုထျန်း အင်မော်တယ်ဂိုဏ်းတွင် အသက်ရှင် ကျန်ရစ်သည့် ကျင့်ကြံသူ အနည်းငယ် ရှိနေဦးမည် ဖြစ်သော်လည်း အရှင်ပိယောင် အနေဖြင့် လုံးဝ ဂရုစိုက်ခြင်းမရှိခဲ့ပေ။
သို့သော် ဤတစ်ကြိမ် သူတို့ ပိယွင် အင်မော်တယ် နန်းတော် ရင်ဆိုင်နေရသော အကျပ်အတည်းသည် သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သည့် ပိုထျန်း အင်မော်တယ်ဂိုဏ်း ထံမှ မြစ်ဖျားခံလာလိမ့်မည်ဟု သူဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။
အခန်း (၂၉၁၃)ပြီး၏။