အခန်း ၂၉၁၄
Vol. 232 Ch. 2914
အခန်း(၂၉၁၄)
“ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေက ဒီလို အင်အားစုကြီးတွေနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်မှု ရှိနေရတာလဲ”
အရှင်ပိယောင်၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသက်အရွယ် သိပ်မကြီးသေးသော်လည်း စစ်မှန်သည့် တလော့အင်မော်တယ် တစ်ပါး ဖြစ်နေခဲ့သည်။
ဤမျှ အသက်အရွယ်ဖြင့် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့် မွန်းစတားဆန်လွန်းသော ပါရမီရှင်မျိုးကို ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် ပျိုးထောင်ပေးနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ယင်းအပြင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နံဘေးတွင် ရှိနေသော တည်ငြိမ်အေးစက်သည့် မျက်နှာအမူအရာနှင့် လူ၏ အရှိန်အဝါသည် ပို၍ပင် နက်ရှိုင်းပြီး သူကိုယ်တိုင် ပင်လျှင် ထိုလူ့ထံကနေ အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိခဲ့သည်။
ထိုလူက ထိုက်ယီအဆင့်ကို ရောက်ရှိနေသည့် ထိုက်ယီအင်မော်တယ် တစ်ပါး ဖြစ်မည်မှာ ထင်ရှားနေခဲ့၏။
အရှင်ပိယောင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
“မင်းတို့က ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို မင်းတို့ စိတ်ကြိုက် အနိုင်ကျင့်ချင်တိုင်း ကျင်လို့ရမယ်များ ထင်နေလား.. မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးချင်တယ် ဆိုရင်တော့ ဒီအရှင်က မင်းတို့ကို ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရအောင် လုပ်မှာပဲ”
“ဟားဟား အရှင်ပိယောင်.. မင်း လေသိပ်ကျယ်နေပါလား.. ဒီနေ့ မင်း ငါတို့ကို ဘယ်လို ပေးဆပ်ခိုင်းမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ထိုအချိန်တွင် အဝေးရှိ ကောင်းကင်ယံကနေ ခပ်ထေ့ထေ့ ရယ်မောသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ခရမ်းရောင်အလင်းတန်း တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာခဲ့ပြီး ပုံရိပ်သုံးခု အဖြစ် ပြောင်းလဲကာ ပိယွင်အင်မော်တယ်နန်းတော် ပြင်ပရှိ ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။
ထိုသုံးဦးစလုံးသည် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အရှိန်အဝါများသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
အထူးသဖြင့် ဦးဆောင်လာသော ခရမ်းရောင်ဆံပင်နှင့် အဘိုးအိုသည် နေရာတွင် ရပ်နေရုံမျှဖြင့်ပင် ကမ္ဘာလောကကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေပြီး လူအများကို သူ၏ တည်ရှိမှုအား လုံးဝ အာရုံမခံနိုင်အောင် ဖြစ်စေခဲ့သည်။
ခရမ်းရောင်ဆံပင်နှင့် အဘိုးအို၏ အနောက်တွင် အမျိုးသားနှစ်ဦး ရှိနေခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးသည် တလော့အဆင့်ကို ရောက်ရှိနေသည့် တလော့အင်မော်တယ်များ ဖြစ်ကြသည်။
“အရှင်ကျိရွမ်ပါလား.. ကျိရှ အင်မော်တယ်နန်းတော်က လူတွေလည်း ရောက်လာပြီပဲ”
ရုတ်တရက် ပေါ်လာသည့် ပုံရိပ်သုံးခုကို မြင်လျှင် အရှင်ပိယောင်၏ မျက်နှာက တစ်ခဏအတွင်း အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ယနေ့ အခြေအနေသည် သူတို့ ပိယွင်အင်မော်တယ် နန်းတော်အတွက် အတော်လေး အခြေအနေမလှ ဖြစ်နေခဲ့ချေပြီ။
ယခုအခါတွင် ကျိရှအင်မော်တယ် နန်းတော်၏ ထိုက်ယီအဆင့် ကျင့်ကြံသူ ဖြစ်သည့် အရှင်ကျိရွမ်ကပါ တလော့အင်မော်တယ် နှစ်ပါး နှင့်အတူ ရောက်ရှိလာပြီ ဖြစ်ရာ သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် ပို၍ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
“မင်းက မိတ်ဆွေလေးကျန်းချန်လား.. ငါက ကျိရှအင်မော်တယ်နန်းတော်က ကျိရွမ်ပါ.. တွေ့ရတာ ဝမ်းသာပါတယ်”
အရှင်ကျိရွမ်က အရှင်ပိယောင်၏ အလွန်အမင်း သုန်မှုန်နေသော မျက်နှာ အမူအရာကို လျစ်လျူရှုကာ ကျန်းချန်ကို အလွန်ယဥ်ကျေးသော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါဝရပြု နှုတ်ဆက်လိုက်သည်။
ဤမျှ အသက်အရွယ်ဖြင့် တလော့ အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသော ပါရမီရှင်မျိုးသည် မိုးကြိုးအင်မော်တယ် နယ်မြေတစ်ခုလုံးတွင်ပင် နောက်ထပ် တစ်ယောက် ထပ်ရှိလိမ့်မည် မဟုတ်ဟု သူထင်မြင်မိသည်။
ယင်းအပြင် ကျန်းချန်၏ နံဘေးတွင် သူ့ထက် မနိမ့်ကျသည့် ကျင့်ကြံသူ တစ်ဦးလည်းရှိနေသေး၏။
ဤကဲ့သို့ ထူးချွန်သော ပါရမီရှင်မျိုးကို နံဘေးကနေ ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးက စောင့်ရှောက်ပေးနေပုံကိုထောက်လျှင် ထိုကောင်လေးသည် အနည်းဆုံး ဟန်ယွင်အဆင့် အင်အားစုမှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အရှင်ကျိရွမ်သည် သူ ကိုယ်တိုင်က ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်သော်လည်း အနည်းငယ်မျှပင် မလေးမစား မပြုမူရဲပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စီနီယာကျိရွမ်က အရမ်း ယဥ်ကျေးလွန်းနေပါပြီ”
ဤတစ်ကြိမ်တွင် ကျိရှ အင်မော်တယ် နန်းတော်ကနေ ထိုက်ယီအင်မော်တယ် တစ်ပါးနှင့် တလော့ အင်မော်တယ် နှစ်ပါးသာ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်သည့် အရှင်ကျိရွမ် ရောက်လာခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
အဆုံးသတ်တွင် ကျန်းချန် အနေဖြင့် ပိယွင်အင်မော်တယ်နန်းတော်တွင် တစ်ခုတည်းသော ကြောက်ရွံ့မိသည့် အရာမှာ ဟန်ယွင် အင်မော်တယ်က ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲပင်။
ဤကဲ့သို့သော ဝှက်ဖဲများကို တလော့ အင်မော်တယ်များက ရင်ဆိုင်နိုင်မည် မဟုတ်ဘဲ ထိုက်ယီအဆင့် အင်မော်တယ်သာလျှင် ရင်ဆိုင်နိုင်ပေလိမ့်မည်။
အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ် တို့က ပိယွင်အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ် ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲများကို ပိတ်ဆို့ထားနိုင်သရွေ့ သူတို့ အတွက် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးရန်မှာ အလွန်တရာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။
“မိတ်ဆွေလေး.. ညတာရှည်ရင် အိပ်မက်ဆိုးတွေ များတတ်တာမို့ မင်းနဲ့ငါ အချိန်မဖြုန်းဘဲ လက်ဦးမှု ယူပြီး တိုက်ခိုက်လိုက်ကြရအောင်”
အရှင်ကျိရွမ်သည် အချိန်ဖြုန်းရန် အစီအစဥ် မရှိသည်မှာ ထင်ရှားနေခဲ့သည်။
လက်ရှိအချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်၏ အင်အားက သိပ်မကောင်းတော့ဟု ဆိုနိုင်သော်လည်း လျှော့တွက်၍ မရသေးပေ။
ထိုစဥ်က သူကိုယ်တိုင် ပေါ့ဆမိသဖြင့် ဒဏ်ရာ အကြီးအကျယ် ရရှိခဲ့ဖူး၏။
ထို့အပြင် လက်ရှိတွင် ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည်ရှင်သန်လာစေရန် စီစဥ်နေသည် ဖြစ်ရာ သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို အချိန်များစွာ ပေး၍ မဖြစ်ပေ။
အကယ်၍ ပိယွင်အင်မော်တယ် နန်းတော်၏ အစီအစဥ်သာ အောင်မြင်သွားခဲ့လျှင် သူတို့အတွက် အန္တရာယ် အလွန်တရာ များသွားလိမ့်မည် မဟုတ်ပါလား။
“ကောင်းပါပြီ တိုက်ကြတာပေါ့”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပိယွင် အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရန် အတွက် လူအုပ်ကြီးကို ဦးဆောင်ကာ ချီတက်သွားခဲ့သည်။
ဤအချင်းအရာကိုမြင်လျှင် အရှင်ပိယောင်၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့ပြီး "စလိုက်ကြစို့"ဟု အော်ဟစ်လိုက်သည်။
ယခုတစ်ကြိမ်တွင် ပိယွင်အင်မော်တယ် နန်းတော်ကို လာရောက် တိုက်ခိုက်သူများထဲတွင် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ဦးပင် ပါဝင်နေခဲ့၏။
သူတို့ ပိယွင်အင်မော်တယ်နန်းတော်၏ တလော့ အင်မော်တယ်လေးပါး သေဆုံးသွားသည်ကို အသာထား၊ တလော့ အင်မော်တယ် ခုနစ်ပါးစလုံး စုစည်း၍ ရှိနေဦးမည် ဆိုလျှင်ပင် ထိပ်တိုက် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ယခု သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော် ကာကွယ်ရေး အစီအရင်ကို အသုံးပြုကာ အချိန်ဆွဲထားရန်ပင် ဖြစ်သည်။
ပိယွင်အင်မော်တယ်နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်မည့် အစီအစဥ်သည် အရေးကြီးသော အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည်ရှင်သန်လာသည် အထိ အချိန်ဆွဲထားနိုင်သရွေ့ ပိယွင်အင်မော်တယ် နန်းတော်၏ ယနေ့ ကျရောက်နေသော အန္တရာယ်ကို လက်ဖျောက် တစ်ချက်တီးရုံဖြင့်ပင် အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။
အရှင်ပိယောင်၏ အမိန့်ပေးသံ အဆုံးသတ်သည်နှင့် သူ၏ နံဘေးမှ တလော့အင်မော်တယ် နှစ်ပါးသည် အရှင်ပိယောင်နှင့် တစ်ချိန်တည်းမှာပင် လက်ဟန်များ ကိုယ်စီ ပြုလုပ်လိုက်ကြသည်။
နောက်ထပ်တစ်ခဏတွင် အစိမ်းရောင်ဖျော့ဖျော့ အင်မော်တယ် အလင်းသည် ပိယွင် အင်မော်တယ် နန်းတော်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့ပြီး ပိယွင်အင်မော်တယ် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. ဒါက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ဟန်ယွင်အဆင့် အင်မော်တယ် ခင်းကျင်းထားခဲ့တဲ့ နန်းတော် ကာကွယ်ရေး အစီအရင်ပဲ”
အရှင်ပိယောင်နှင့် တလော့အင်မော်တယ် နှစ်ပါးက နန်းတော် ကာကွယ်ရေး အစီအရင်အား အသက်သွင်းလိုက်သည်ကို မြင်လျှင် အရှင်ကျိရွမ်၏ မျက်နှာက အနည်းငယ် လေးနက်သွားခဲ့သည်။
ထိုစဥ်က ပိယွင်အင်မော်တယ် နန်းတော်သည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး အင်အား ဆုတ်ယုတ်နေချိန်တွင် သူက ကျိရှအင်မော်တယ် နန်းတော်ကို ဦးဆောင်၍ ပိယွင်အင်မော်တယ် နန်းတော်ကို လာရောက် တိုက်ခိုက်ခဲ့ဖူး၏။
သို့သော်လည်း ဤနန်းတော်ကာကွယ်ရေး အစီအရင်ကြောင့်ပင် အခက်တွေ့ခဲ့ရသည်။
အဆုံးသတ်တွင် သူက ထိုအစီအရင်ကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ချိုးဖျက်နိုင်ခဲ့သော်လည်း အစီအရင်ကို ချိုးဖျက်ရန်အတွက် ခွန်အား များစွာ အသုံးပြုခဲ့ရသဖြင့် ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကြောင့် ဒဏ်ရာရရှိခဲ့ကာ နောက်ဆုတ်ခဲ့ရခြင်းပင်။
ယခု ဤအစီအရင်ကို ထပ်မံ မြင်တွေ့ရသောအခါတွင် အရှင်ကျိရွမ်၏ မျက်နှာအမူအရာက ပို၍ လေးနက်သွားခဲ့သည်။
“ဒါက ဟန်ယွင်အဆင့် အစီအရင်လေးပါပဲ.. တကယ်လို့ ဒီအစီအရင်ကို ထိုက်ယီ အင်မော်တယ်အဆင့် ဒါမှမဟုတ် ဟန်ယွင်အင်မော်တယ်အဆင့် ကျင့်ကြံသူက ထိန်းချုပ်ထားတာ ဆိုရင်တော့ ဖြိုခွင်းဖို့ အနည်းငယ် ခက်ခဲနိုင်တယ်.. အခုလို တလော့အင်မော်တယ် အနည်းငယ်လောက်က ထိန်းချုပ်ထားတာ ဆိုရင်တော့ င့ါကို တားဆီးနိုင်မှာမဟုတ်ဘူး.. ငါ ဒီအစီအရင်ကို ဘယ်လို ချိုးဖျက်ပစ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်”
စကားဆုံးသည်နှင့် အရှင်နှင်းမှုန်၏ လက်ထဲရှိ တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓားထံကနေ ကြည်လင်ပြတ်သားသော ဓားမြည်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်တဲ့ တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားပါလား”
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ကျိရွမ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အရှင်ကျိရွမ်သည် ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို သဘာဝကျစွာပင် ရင်းနှီးပြီးသားဖြစ်သည်။
သူက ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်ကာကွယ်ရေး အစီအရင်ကို ချိုးဖျက်ပြီးနောက်တွင် စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့သဖြင့် ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် ထိုတိမ်တိုက်ဝါးမျို အင်မော်တယ်ဓား လက်ချက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း ဆိုလည်းမမှားပေ။
ပိယွင်အင်မော်တယ်နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်သည် ထိုလူ၏ လက်ထဲသို့ ရောက်ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။
အရှင်ကျိရွမ် အံ့ဩတုန်လှုပ်နေစဥ်မှာပင် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားထံကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
“ချိုးဖျက်စမ်း”
အရှင်နှင်းမှုန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ပိယွင်အင်မော်တယ်နန်းတော်၏ ကာကွယ်ရေး အစီအရင်ကို ခုတ်ပိုင်းချလိုက်သည်။
ထိုခဏဝယ် မှင်ကဲ့သို့ နက်မှောင်သော အေးစက်စက် ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ချက်ချင်းဆိုသလို ဖြတ်သန်းသွားခဲ့ပြီး နတ်ဓားတစ်စင်းနှယ် ပိယွင်အင်မော်တယ်နန်းတော်၏ ပတ်ပတ်လည်ရှိ အကာအကွယ် အစီအရင်ကို ခုတ်ပိုင်းချလိုက်သည်။
အခန်း (၂၉၁၄)ပြီး၏။