← Chapters

အခန်း ၂၉၁၅

Vol. 232 Ch. 2915

အခန်း ၂၉၁၅

Vol. 232 Ch. 2915

အခန်း(၂၉၁၅)

“ဝုန်း..”

ထိုဓားချက်က ကောင်းကင်နှင့်မြေပြင်ကို ပိုင်းခြားပစ်လိုက်ပြီး ပိယွင် အင်မော်တယ်နန်းတော်၏ နန်းတော် ကာကွယ်ရေး အစီအရင် ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

ကြောက်မက်ဖွယ် ဓားချက်အောက်တွင် ပိယွင်အင်မော်တယ်နန်းတော်၏ နန်းတော်ကာကွယ်ရေး အစီအရင်သည် တို့ဟူးကဲ့သို့ပင် ပိုင်းဖြတ်ခံလိုက်ရသည်။

ထိုခဏဝယ် ပိယွင် အင်မော်တယ်နန်းတော် အတွင်းရှိ မြေပြင်သည် အက်ကွဲသွားခဲ့သည်။

နန်းတော်တစ်ခုလုံးသည်ပင် အတောမသတ် တုန်ခါသွားခဲ့၏။

ပိယွင်အင်မော်တယ် တောင်တန်း ပေါ်တွင် အလွန်အမင်းကြီးမားသော ဓားရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုဓားရာသည် ပိယွင်အင်မော်တယ် နန်းတော်၏ ဧရိယာတစ်ခုလုံးကို ကန့်လန့်ဖြတ် ပိုင်းဖြတ်သွားခဲ့သည်။

ထိုခဏဝယ် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့ကြသည်။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားချက်ပါလား”

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အရှင်ကျိရွမ်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ရေရွတ်လိုက်သည်။

ကျန်းချန်၏ နံဘေးမှ လူသည် သူ့ထက် ပိုမို အစွမ်းထက်သည့် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်ကြောင်း သူ ကြိုတင် အာရုံခံမိထားပြီးသား ဖြစ်သည်။

သို့သော်လည်း ထိုသူက ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို လှုံ့ဆော်လိုက်သည့် အခါတွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဓားချက် တစ်ချက်တည်းဖြင့်ပင် သူ့ကို အလွန်အမင်း ကြောက်ရွံ့စေခဲ့သည့် အစီအရင်ကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။

ယင်းအချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်၏ အထက်ကောင်းကင်ယံရှိ အရှင်ပိယောင် အပါအဝင် တလော့အင်မော်တယ် သုံးပါး၏ မျက်နှာများသည် တစ်ခဏအတွင်း အလွန်အမင်း ဖြူ‌ဖျော့သွားခဲ့ကြသည်။

ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော် ကာကွယ်ရေး အစီအရင်ကို ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်က ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။

ဤနှစ်ပေါင်းများစွာ အတွင်း ပိယွင်အင်မော်တယ် နန်းတော်အနေဖြင့် ပိယွင်အင်မော်တယ် တောင်တန်းတွင် အခိုင်အမာရပ်တည်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဤနန်းတော်ကာကွယ်ရေး အစီအရင်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းကြောင့်ပင်။

လက်ရှိတွင် ပိယွင်အင်မော်တယ် နန်းတော်၌ နန်းတော်ကာကွယ်ရေး အစီအရင်ကို တာဝန်ယူထိန်းချုပ်မည့် ဟန်ယွင်အဆင့် အင်မော်တယ် မရှိသလို ထိုက်ယီအဆင့် အင်မော်တယ်ပင် မရှိသဖြင့် ကာကွယ်ရေး အစီအရင်၏ စစ်မှန်သော စွမ်းအားကို ထုတ်မသုံးနိုင်ဟု ဆို၍ ရသော်လည်း ထိုက်ယီအဆင့် အင်မော်တယ်တစ်ဦး အတွက်ပင် ဤမျှ အလွယ်တကူ ချိုးဖျက်ရန် မလွယ်ကူပေ။

အရှင်ကျိရွမ်က ပိယွင်အင်မော်တယ် နန်းတော်ကို လာရောက်တိုက်ခိုက်ခဲ့စဥ်ကပင် ဤအစီအရင်ကြောင့် လအနည်းငယ်ခန့် ပိတ်ဆို့ထားဆီးခြင်း ခံခဲ့ရသည်။

အဆုံးသတ်တွင် အရှင်ကျိရွမ်သည် နန်းတော် ကာကွယ်ရေး အစီအရင်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း ယင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရပြီး တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓား၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကာ ဆုတ်ခွာသွားခဲ့ရသည်။

ယင်းအတွက်ကြောင့် ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော် ကာကွယ်ရေး အစီအရင်သည် ဓားချက် တစ်ချက်တည်းဖြင့် ချိုးဖျက်ခံလိုက်ရမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

အရှင်ပိယောင်ကို အသက်ရှူရ ခက်စေပြီး သွေးအန်ချင်စိတ် အဖြစ်စေဆုံးအရာမှာ တစ်ဖက်လူသည် သူတို့ ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်ကာကွယ်ရေး အစီအရင်ကို ချိုးဖျက်ရန် အတွက် သူတို့ ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို အသုံးပြုသွားခဲ့ခြင်းပင်။

ဤသို့ ဖြစ်မည်ကို ကြိုသိခဲ့လျှင် သူ့အနေဖြင့် အရှင်ပိမူကို တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားအား ယူဆောင်၍ စန်းယဲ့မြို့သို့ သွားခွင့်ပြုခဲ့မိမည် မဟုတ်ချေ။

အကယ်၍ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားသာ မရှိခဲ့လျှင် တစ်ဖက်အဖွဲ့တွင် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါး ရှိနေလျှင်ပင် ပိယွင်အင်မော်တယ် နန်းတော်၏ အကာအကွယ် အစီအရင်ကို ချိုးဖျက်ရန် အတွက် အချိန်အတိုင်းအတာ တစ်ခု အထိ အချိန်ယူရလိမ့်မည် ဖြစ်သည်။

ယခုအခါတွင် နန်းတော် ကာကွယ်ရေး အစီအရင်က ချိုးချက်ခံလိုက်ရပြီ ဖြစ်ရာ သူတို့၏ အကြီးမားဆုံး ဝှက်ဖဲများထဲမှတစ်ခုကို ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။

တစ်ဖက်မှ ကျင့်ကြံသူများကို အချိန်ဆွဲကာ ဟန်ယွင်အဆင့်အင်မော်တယ်ဘိုးဘေးကို ပြန်လည်ရှင်သန်စေမည့် သူတို့၏ အစီအရင်ကို အောင်မြင်အောင် လုပ်ဆောင်ရန်မှာ ဤအချိန်တွင် လွယ်ကူသောအလုပ် တစ်ခု မဟုတ်တော့ပေ။

ဓားချက် တစ်ချက်တည်းဖြင့် ပိယွင်အင်မော်တယ်နန်းတော်၏ နန်းတော် ကာကွယ်ရေး အစီအရင်ကို ချေမှုန်းပစ်ပြီးနောက်တွင် အရှင်နှင်းမှုန်သည် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ကိုင်စွဲ၍ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

အရှင်ပိယောင်၏ မျက်နှာအမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်တွင် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ်များ ရှိသည်ဟု ဆို၍ ရသော်လည်း နှစ်ပေါင်းများစွာအတွင်း အလွန်အမင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ယခုအခါ ဟန်ယွင်အဆင့် အင်မော်တယ် လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားသည်ပင် တစ်ဖက်မှ ထိုက်ယီအဆင့် အင်မော်တယ်၏ လုယူခြင်းကို ခံလိုက်ရပြီ ဖြစ်ကာ နန်းတော် ကာကွယ်ရေး အစီအရင်သည်လည်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

လက်ရှိ အခြေအနေအရ သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် အမှန်တကယ်ပင် အန္တရာယ်ထဲ ကျရောက်နေခဲ့ချေပြီ။

အရှင်ပိယောင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အေးစက်စက် မျက်ဝန်းများဖြင့် အရှင်နှင်းမှုန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါတို့ ပိယွင်အင်မော်တယ် နန်းတော်နဲ့ သူသေကိုယ်သေ ရင်ဆိုင်ချင်နေတာလား”

“ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရအောင် မင်းတို့က ထိုက်တန်လို့လား”

အရှင်နှင်းမှုန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

“ပိယောင် အခုချက်ချင်း ဒူးထောက် အရှုံးပေးလိုက်စမ်း.. မဟုတ်ရင် မင်းတို့အတွက် သေလမ်း တစ်လမ်းပဲ ရှိတယ်”

“ကောင်းတယ် သိပ်ကောင်းတယ်”

အရှင်ပိယောင်က ဒေါသတကြီး ရေရွတ်လိုက်ပြီး မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ တစ်ခု ယှက်သန်းသွားခဲ့သည်။

“မင်းက ပိယွင်အင်မော်တယ်နန်းတော်ကို ချေမှုန်းဖို့ ဆုံးဖြတ်ထားမှတော့ ဒီနေ့ငါ သေရမယ် ဆိုရင်တောင် မင်းတို့ကို ကြီးမားတဲ့ အဖိုးအခ မလွဲမသွေ ပေးဆပ်စေမယ်”

စကားဆုံးသည်နှင့် အရှင်ပိယောင်၏ လက်ထဲတွင် ကြောက်မက်ဖွယ် အင်မော်တယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အပြာရောင်စာလိပ် တစ်လိပ် ပေါ်လာခဲ့သည်။

“ဝုန်း..”

ထိုခဏဝယ် စိတ်ကူး၍ပင် မဖြစ်နိုင်လောက်သည့် သက်ရှိအားလုံးထက် သာလွန်ဆန်းကြယ်သော အရှိန်အဝါတစ်ခုသည် စာလိပ်ထံကနေ ပေါက်ကွဲထွက်လာခဲ့ပြီး အထူးနယ်မြေတစ်ခုကို ဖွဲ့စည်းလိုက် သကဲ့သို့ ဟင်းလင်းပြင် မိုင်ပေါင်း ထောင်ချီ ဧရိယာကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ သက်ရှိအားလုံးသည် ကိုးကွယ်ချင်စိတ်များ ဖြစ်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ကြပေ။

တလော့အဆင့် အင်မော်တယ်များပင်လျှင် ထိုခဏဝယ် စာလိပ်ပေါ်မှ အရှိန်အဝါ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။

“ဟန်ယွင်အဆင့်အင်မော်တယ်ရဲ့ စိတ်ဆန္ဒပါလား”

အရှင်ပိယောင်လက်ထဲရှိ အပြာရောင်စာလိပ်ကို မြင်လျှင် အရှင်နှင်းမှုန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဟန်ယွင်အင်မော်တယ် အဆင့်ကို ရောက်ရှိဖူးသည့် ကျင့်ကြံသူတစ်ဦး အနေဖြင့် အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် ကျင့်ကြံသူများ၏ နည်းလမ်းများနှင့် မစိမ်းပေ။

ထို့ကြောင့် သူက အရှင်ပိယောင် လက်ထဲရှိ စာလိပ်၏ မြစ်ဖျားခံရာကို တစ်ချက် ကြည့်ရုံဖြင့်ပင် မြင်နိုင်ခဲ့သည်။

ဟန်ယွင်အဆင့် အင်မော်တယ်၏ အင်မော်တယ် ဥပဒေသများအပေါ် နားလည် သဘောပေါက်မှုသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ အင်မော်တယ်စိတ်ဆန္ဒကို စုစည်းနိုင်စွမ်း ရှိသည်။

ဆိုရလျှင် အရှင်ပိယောင် လက်ထဲရှိ စာလိပ်ထဲတွင် ဟန်ယွင့်အဆင့် အင်မော်တယ်၏ အင်မော်တယ်စိတ်ဆန္ဒ အမှန်တကယ် ကိန်းအောင်းနေခဲ့၏။

ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် ဟန်ယွင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော အရာတစ်ခု ဖြစ်သည်။

၎င်းက ထိုက်ယီအဆင့် အင်မော်တယ်ကိုပင် အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်၏။

ဤစာလိပ်တွင် ဟန်ယွင်အဆင့် အင်မော်တယ်၏ စိတ်ဆန္ဒအစအနမျှသာ ပါရှိပြီး စွမ်းအားက စစ်မှန်သော ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒ၏ ဆယ်ပုံတစ်ပုံမျှပင် အစွမ်းမထက်သော်လည်း ယင်းမှာ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။

ရှင်းလင်းစွာဆိုရလျှင် ထိုက်ယီအဆင့် အင်မော်တယ်တစ်ဦး ဖြစ်နေမည် ဆိုလျှင်ပင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“နောက်ထပ် ဟန်ယွင်အဆင့် ဝှက်ဖဲတစ်ခုပါလား.. ပိယွင်အင်မော်တယ်နန်းတော်က တစ်ချိန်က ဟန်ယွင်အဆင့် အင်အားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”

အရှင်ပိယောင် ထုတ်ဖော်လိုက်သည့် စာလိပ်ကို မြင်လျှင် အရှင်ကျိရွမ်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဟန်ယွင်အဆင့် အင်အားစု ဖြစ်ခဲ့ဖူးသည့် ပိယွင်အင်မော်တယ်နန်းတော်သည် ကိုင်တွယ်ရ မလွယ်ကူဘဲ ဝှက်ဖဲများမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုစဥ်က သူ့အနေဖြင့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ရင်ဆိုင်နိုင်ခဲ့လျှင်ပင် ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းနိုင်လိမ့်မည် မဟုတ်မှန်း အရှင်ကျိရွမ် နားလည်သွားခဲ့သည်။

“ဒီဝှက်ဖဲကို သူဘယ်လိုကိုင်တွယ်မလဲ မသိဘူး”

အရှင်နှင်းမှုန်ကို ကြည့်ကာ အရှင်ကျိရွမ်၏ မျက်နှာအမူအရာက ပိုမို လေးနက်သွားခဲ့ပြီး အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားခဲ့သည်။

အရှင်ပိယောင်၏ လှုံ့ဆော်မှုအောက်တွင် ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် အရှင်နှင်းမှုန်တို့ ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုခဏဝယ် မိုင်ပေါင်းသောင်းချီ ဧရိယာအတွင်းရှိ အရာအားလုံးသည် ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒအောက်တွင် အရှုံးပေး လက်နက်ချခဲ့ရပြီး ခုခံရန် လုံးဝ မဖြစ်နိုင်တော့ချေ။

ဤသည်မှာ ဟန်ယွင်အဆင့် အင်မော်တယ်၏ စွမ်းအားပင်ဖြစ်သည်။

ယင်းက ဟန်ယွင်အဆင့် အင်မော်တယ်၏ စိတ်ဆန္ဒမျှသာ ဖြစ်သော်လည်း အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိ၏။

“ဟန်ယွင်အဆင့် စိတ်ဆန္ဒရဲ့ အောက်မှာ သေရမယ် ဆိုတော့ မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ”

အရှင်ပိယောင်က အရှင်နှင်းမှုန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် သူ့လက်ထဲရှိ နောက်ဆုံးဝှက်ဖဲ ဖြစ်သော်လည်း အလွန် အစွမ်းထက်သော အရှင်နှင်းမှုန်နှင့် ရင်ဆိုင်ရချိန်တွင် အရှင်ပိယောင်သည် တုံ့ဆိုင်းမနေတော့ဘဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် ပိယွင်အင်မော်တယ် နန်းတော်၌ ဝှက်ဖဲ မည်မျှရှိသည်ကို မည်သူမျှ မသိသလို ဤသည်မှာ သူ၏ နောက်ဆုံးဝှက်ဖဲ ဖြစ်ကြောင်းလည်း မည်သူမျှ မသိရှိချေ။

အကယ်၍ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို အသုံးပြုကာ တစ်ဖက်မှ ထိုက်ယီအဆင့် အင်မော်တယ်ကို သတ်ဖြတ်နိုင်ခဲ့လျှင် အရှင်ကျိရွမ်နှင့် အခြားသူများကို ဇွတ်မတိုးရဲအောင် ခြိမ်းခြောက် တားဆီးနိုင်ပေလိမ့်မည်။

ဤနည်းလမ်းဖြင့်သာ သူ့အနေဖြင့် အချိန်အနည်းငယ် ဆွဲနိုင်လိမ့်မည် ဖြစ်ပြီး သို့မှသာ ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုး‌ဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်မည့် အစီအစဥ်အား အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပါလား။

အခန်း (၂၉၁၅)ပြီး၏။

All Chapters