← Chapters

အခန်း ၂၉၁၆

Vol. 232 Ch. 2916

အခန်း ၂၉၁၆

Vol. 232 Ch. 2916

အခန်း(၂၉၁၆)

“ဝုန်း..”

ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒက ထွက်ပေါ်လာခဲ့ပြီးနောက် အရှင်နှင်းမှုန်၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်က အဆက်မပြတ် အက်ကွဲလာခဲ့သည်။

“ဟမ့်.. ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒတစ်ခုလေးနဲ့ ငါ့ကို သတ်ချင်နေတယ်လား”

အရှင်နှင်းမှုန်က လှံတစ်စင်းကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့၏။

ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒ၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသော်လည်း သူက ကျောက်ဆောင်တစ်ခုနှယ် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ထိုခဏဝယ် အရှင်နှင်းမှုန်၏ မလျှော့သော စိတ်ဓာတ်ကို အာရုံခံမိလိုက်သည့်အလား ဟင်းလင်းအပြင်ထဲမှ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် လုံးဝ ဒေါသထွက်သွားခဲ့သည်။

“ဝုန်း..”

နဂါးငွေ့တန်း ဂလက်ဆီက အရှိန်အဟုန်ဖြင့် စီးဆင်းကျလာသကဲ့သို့ ပို၍ ထိတ်လန့်ဖွယ်ရာကောင်းသော ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒသည် အရှင်နှင်းမှုန် ဆီသို့ အလုံးအရင်းဖြင့် ကျရောက်လာခဲ့ပြီး အရှင်နှင်းမှုန်ကို ချေမှုန်းပစ်ရန် ကြိုးပမ်းခဲ့သည်။

“ဟန်ယွင်အဆင့် အဆောင်လက်ဖွဲ့ထဲမှာ ထည့်သွင်းထားတဲ့ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒ အစအနလေး တစ်ခုက ဒီအရှင်ရဲ့ရှေ့မှာ မာန်တက်ဖို့ အရည်အချင်းမရှိသေးဘူး”

အရှင်နှင်းမှုန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်ကနေ ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒထက် မနိမ့်ကျသော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။

အရှင်နှင်းမှုန်သည် အထွတ်အထိပ်ကာလတွင် ရှိစဥ်က ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့သည်။

ယခုအခါ အရှင်နှင်းမှုန်၏ စွမ်းအားသည် ဟန်ယွင်အဆင့်ကနေ ကျဆင်းသွားခဲ့ပြီ ဖြစ်သော်လည်း ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒကို အတင်းအကျပ် စုစည်းရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

အရှင်ပိယောင် ထုတ်ဖော်လိုက်သော ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒသည် သာမန်စွမ်းအားဖြင့် လုံးဝ တားဆီး၍ မရနိုင်သဖြင့် အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို အတင်းအကျပ် စုစည်းလိုက်ရခြင်းပင်။

“ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒပါလား”

အချိန်မရွေး ကူညီရန် အသင့်ပြင်ထားသော အရှင်ကျိရွမ်သည် သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် မျက်လုံးပြူးထွက်မတတ် အလွန်အမင်း အံ့ဩ တုန်လှုပ်သွားခဲ့သည်။

ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒ ဆိုသည်မှာ ဟန်ယွင်အဆင့် ကျင့်ကြံသူသာလျှင် နားလည်သဘောပေါက်နိုင်သည့် အင်မော်တယ်ဥပဒေသ ဖြစ်သည်။

သူ့ရှေ့မှ အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

အရှင်ကျိရွမ် မှင်တက်နေစဥ်မှာပင် ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒနှစ်ခုသည် အဆုံးသတ်၌ လေထုထဲတွင် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားကြသည်။

“ဝုန်း..”

မိုင်ပေါင်းသုံးထောင် ဧရိယာအတွင်းရှိ ဟင်းလင်းပြင်သည် ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒနှစ်ခုသည် အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဟင်းလင်းပြင်က ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားခဲ့ပြီး ပျက်စီးလိုက်၊ အသစ်ပြန်လည်ဖွဲ့စည်းလိုက်ဖြင့် သံသရာလည်နေခဲ့သည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ အရှင်ပိယောင် ထုတ်ဖော်လိုက်သည့် ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် ဟန်ယွင်အဆင့် အဆောင်လက်ဖွဲ့ထဲတွင် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါးက ထည့်သွင်းထား‌သော ဟန်ယွင်အဆင့်အင်မော်တယ် စိတ်ဆန္ဒ အစအန တစ်ခုမျှသာ ဖြစ်ပြီး အရှင်နှင်းမှုန်ကမူ စစ်မှန်သော ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးဖြစ်ခဲ့ဖူးသည်။

အရှင်နှင်းမှုန်၏ ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒသည် သူ အထွတ်အထိပ်ကာလတွင် ရှိစဥ်ကထက် စွမ်းအားများစွာ လျော့နည်းနေသော်လည်း အရှင်ပိယောင်၏ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို ရင်ဆိုင်ရန် အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။

ဤသို့ဖြင့် စာလိပ်ထံကနေ ထွက်ပေါ်လာသော ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒသည် အရှင်နှင်းမှုန်၏ စိတ်ဆန္ဒနှင့် အချိန်အနည်းငယ်မျှ ရင်ဆိုင်ပြီးနောက်တွင် အဆုံးသတ်၌ လုံးဝ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။

ချက်ချင်းဆိုသလို အရှင်နှင်းမှုန်သည် သူ၏ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို အရှင်ပိယောင် ဆီသို့ သက်ရောက်စေခဲ့သည်။

ထိုခဏဝယ် အရှင်ပိယောင်သည် သူ၏ နှလုံးသားကို ကြီးမားသော တူတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများ အန်ထုတ်လိုက်ရကာ မျက်နှာကလည်း တစ်ခဏအတွင်း အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။

သူက ဆန့်ကျင်ဘက်မှ အရှင်နှင်းမှုန်ကို လှမ်းကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူ့အနေဖြင့် နောက်ဆုံးဝှက်ဖဲဖြစ်သည့် ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒကို တုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်သုံးလိုက်ခြင်းမှာ သူ့ရှေ့မှ အရှင်နှင်းမှုန်ကို ချေမှုန်းရန် လုံလောက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

ထိုနည်းလမ်းဖြင့် သူက အရှင် ကျိရွမ်နှင့် အခြားသူများကို ပိယွင်အင်မော်တယ် နန်းတော်အား အလွယ်တကူ မတိုက်ခိုက်ရဲအောင် ခြိမ်းခြောက် တားဆီးနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။

သို့ရာတွင် အရှင်နှင်းမှုန်က ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို ထုတ်ဖော်ပြီး သူ၏ ဝှက်ဖဲ ဖြစ်သည့် ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒကို ချေမှုန်းနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

မထင်မှတ်ဘဲ သူ့ရှေ့မှ အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်နေခဲ့သည်။

ထိုခဏဝယ် အရှင်ပိယောင်သည် မျက်နှာ အတော်လေး ပျက်ယွင်းသွားခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်၏ လက်ရှိ အခြေအနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

ဤပုံအတိုင်းဆိုလျှင် ယနေ့တွင် ပိယွင်အင်‌မော်တယ်နန်းတော်သည် အဆုံးသတ်သွားပြီ ဖြစ်၏။

“အားလုံးပဲ.. ပိယွင်အင်မော်တယ်နန်းတော်က မကောင်းမှုတွေ လုပ်ဆောင်ပြီး အင်အားစုတွေ အ‌ပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့တယ်.. ဒီလုပ်ရပ်ကို ‌ကောင်းကင်ကလည်း ခွင့်လွှတ်မှာ မဟုတ်ဘူး.. အားလုံးပဲ.. ငါနဲ့အတူ ကောင်းကင်ဘုံကိုယ်စား ပိယွင်အင်မော်တယ်နန်းတော်ကို‌ ချေမှုန်းလိုက်ကြရအောင်”

အရှင်ကျိရွမ်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကျန်းချန်၏ အနောက်ဘက်မှ ယဲ့ချင်းမင် ဦးဆောင်သော အင်အားစုများသည်လည်း ထိုအခိုက်အတန့်တွင် အလွန်တရာ စိတ်လှုပ်ရှားနေကြပြီး ကျန်းချန် အမိန့်ပေးလိုက်သည်နှင့် ပိယွင်အင်မော်တယ် နန်းတော်ကို အလုံးအရင်းဖြင့် ပြေးဝင်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြ၏။

သို့ရာတွင် ပိယွင်အင်မော်တယ် နန်းတော် ထဲသို့ ဝင်ရောက်ပြီး ပိယွင်အင်မော်တယ်နန်းတော်ကို‌ ချေမှုန်းပစ်ရန် ပြင်ဆင်နေစဥ်မှာပင် ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံးနေရာကနေ သက်ပြင်းချသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သက်ပြင်းချသံက မကျယ်လောင်သော်လည်း ကျင့်ကြံသူအားလုံး၏ နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရ၏။

ရုတ်တရက် ထွက်ပေါ်လာသော သက်ပြင်းချသံကို ကြားလိုက်ရလျှင် ခြေတစ်လှမ်းမျှ လှမ်းလိုက်ရုံသာ ရှိသေးသည့် အရှင်ကျိရွမ်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

“ဒါက..”

ကျန်းချန်၏ အကြည့်က ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ကျရောက်သွားခဲ့ပြီး တစ်ခဏမှာပင် တစ်စုံတစ်ရာကို‌ တွေးမိကာ သူ၏ အကြည့်က အလွန်တရာ လေးနက်သွားခဲ့သည်။

“ပိယွင်အင်မော်တယ်နန်းတော်က ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည် ရှင်သန်လာခဲ့ပြီလား”

ကျန်းချန် အံ့ဩ တုန်လှုပ်နေစဥ်မှာပင် နှစ်ပေါင်းမည်မျှ ရှင်သန်ခဲ့သည်ကိုပင် မသိနိုင်သည့် အလွန်အမင်း အိုမင်းရင့်ရော်နေသော ခါးကုန်းကုန်း အဘိုးအိုတစ်ဦးသည် ဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့သည်။

ထိုအဘိုးအို၏ မျက်ဝန်းများက မှုန်ဝါးနေခဲ့ပြီး ဦးခေါင်းပေါ်ရှိ ဆံပင်ဖြူများသည်လည်း အနည်းငယ်မျှသာ ကျန်ရှိတော့၏။

အဘိုးအိုက အရှင်ပိယောင်တို့ ရှေ့မှောက်သို့ တစ်ခဏအတွင်းရောက်ရှိလာခဲ့သည်။

“ဘိုးဘေး”

အဘိုးအိုကိုမြင်လျှင် အရှင်ပိယောင်တို့ လူစု၏ မျက်ဝန်းထဲတွင် အတိုင်းမသိ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အရှင်ပိယောင်တို့ လူစုက အဘိုးအိုကို ခေါ်ဝေါ်လိုက်သည့် အသုံးအနှုန်းအား ကြားလိုက်ရလျှင် အရှင်ကျိရွမ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အရှင်နှင်းမှုန်၏ နံဘေးသို့ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ပြောလိုက်သည်။

“မိတ်ဆွေ...သူက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ဘိုးဘေး အရှင်ပိရိုပဲ.. သူတကယ် ပြန်လည် ရှင်သန်လာခဲ့ပြီ”

အရှင်ပိရိုသည် မိုးကြိုးအင်မော်တယ် နယ်မြေတွင် တစ်ချိန်က အလွန် ကျော်ကြားခဲ့သော ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်။

ယခုအရှင်ပိရို ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

အရှင်နှင်းမှုန်က အရှင်ပိရိုကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. သူက လုံးဝ ပြန်လည် ရှင်သန်လာသေးတာမဟုတ်ဘူး.. သူ့ရဲ့ခန္ဓာကိုယ်က အင်မော်တယ် စိတ်ဆန္ဒကို သယ်ဆောင်ဖို့အတွက် ပြင်ပစွမ်းအားကို အသုံးပြုထားတာပဲ”

“မင်းက ဟန်ယွင်အဆင့်ကို ရောက်ရှိခဲ့ဖူးတဲ့ အင်မော်တယ်တစ်ပါးလို့ မပြောရဘူး.. ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားခဲ့တာတောင် မင်းရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက အံ့ဩစရာပဲ”

သေခါနီး လူတစ်ဦးကဲ့သို့ အင်အားချည့်နဲ့ နေပုံရသည့် ခါးကုန်းကုန်း အဘိုးအိုက အရှင်နှင်းမှုန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ ကိစ္စတွေကို ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ရင်အောင်.. ဘယ်လိုသဘောရလဲ”

အရှင်နှင်းမှုန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

“တကယ်လို့ ငါက မရပ်တန့်ဘူး ဆိုရင်ရော”

“ငါက အင်မော်တယ် စိတ်ဆန္ဒကို သယ်ဆောင်ဖို့ အတွက် ပြင်ပစွမ်းအားကို အသုံးပြုခဲ့တယ် ဆိုပေမဲ့ ဟန်ယွင်အဆင့် အင်မော်တယ် ဖြစ်နေဆဲပဲ.. မင်းကတော့ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားခဲ့ပြီ ဖြစ်လို့ စစ်မှန်တဲ့ ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါး မဟုတ်တော့ဘူး”

အရှင်ပိရိုက ခေါင်းကို ခါရမ်း၍ ပြောလိုက်သည်။

“မင်းနဲ့ငါ တကယ်ပဲ တိုက်ခိုက်ကြမယ် ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူး”

သူက ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသော ဟန်ယွင်အဆင့် အင်မော်တယ်ကို မကြောက်ရွံ့ပေ။

သူသာ အစွမ်းကုန် အားထုတ်လိုက်လျှင် ထိုကျင့်ကြံသူကို သတ်ဖြတ်နိုင်သော်လည်း ယင်းသို့ မလုပ်‌ဆောင်ရဲပေ။

ဆိုရလျှင် သူ၏ လက်ရှိ အခြေအနေဖြင့် ဤကဲ့သို့ လုပ်ဆောင်ရန် အမှန်တကယ် မသင့်တော်ချေ။

သို့မဟုတ်လျှင် တစ်ချက်လေး သတိလက်လွတ် ဖြစ်သွားသည်နှင့် သူ၏ ပြန်လည်ရှင်သန်ရေး အစီအစဥ်ပေါ်တွင် အန္တရာယ် ဖြစ်လာစေနိုင်သည့် သက်ရောက်မှုမျိုး ရှိလာနိုင်၏။

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

အရှင်နှင်းမှုန်က နှာ‌ခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ဒီအရှင်က ဘယ်လို ခြိမ်းခြောက်မှုကိုမှ ဘယ်တော့မှ လက်မခံခဲ့ဘူး.. အပိုစကားတွေ ပြောမနေနဲ့.. ငါတို့ တိုက်ခိုက်ကြရအောင်”

အခန်း (၂၉၁၆)ပြီး၏။

All Chapters