အခန်း ၂၉၁၇
Vol. 232 Ch. 2917
အခန်း(၂၉၁၇)
အရှင်နှင်းမှုန်၏ စကားကိုကြားလျှင် အရှင်ပိရို၏ မျက်နှာက ဒေါသ အရှိန်အဟုန်ကြောင့် နီမြန်းလာခဲ့သည်။
သူ၏ ခါးကုန်းကုန်း ခန္ဓာကိုယ်သည်ပင် ရုတ်တရက် မတ်သွားခဲ့၏။
ထိုခဏဝယ် အရှင်ပိရို၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဇရာကြောင့် အိုမင်းရင့်ရော်နေသည့် အမူအရာမျိုး အရှင်ပိရိုထံ၌ လုံးဝမရှိတော့ပေ။
သူက အရှင်နှင်းမှုန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းကို ငါ နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်...အခု နောက်ဆုတ်မယ် ဆိုရင် အချိန်မီသေးတယ်”
သူ့အနေဖြင့် သူ့ရှေ့မှ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသော ဟန်ယွင်အဆင့် အင်မော်တယ်ကို သတ်ဖြတ်နိုင်စွမ်းရှိသည့်အပြင် သူတို့ ပိယွင်အင်မော်တယ် နန်းတော်ကို လာရောက်တိုက်ခိုက်သည့်သူ အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း သူသာ တိုက်ခိုက်လိုက်မည် ဆိုလျှင် သူ၏ ပြန်လည်ရှင်သန်နိုင်မည့် အစီအစဥ်သည် လုံးဝ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရွေးချယ်စရာ မရှိတော့သည့် အခြေအနေမျိုး မဟုတ်သရွေ့ အရှင်ပိရို အလွယ်တကူ လက်မပါချင်ခဲ့ပေ။
အရှင်ပိရို၏ စကားကို ကြားသော်လည်း အရှင်နှင်းမှုန်ကမူ ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ပေ။
သူ၏ မျက်ဝန်းများက အလွန်ပင် အေးစက်နေခဲ့သည်။
“မိတ်ဆွေ.. ငါမင်းကို ကူညီမယ်”
အရှင်ကျိရွမ်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ အရှင်နှင်းမှုန်၏ နံဘေးသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
သူက အရှင်ပိရိုကို တိုက်ခိုက်ရန် အတွက် အရှင်နှင်းမှုန်နှင့် ပူးပေါင်းရန် ပြင်ဆင်ထားသည်မှာ ထင်ရှားနေခဲ့၏။
ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး လုံးဝ သေဆုံးပျက်စီးသွားခြင်း မရှိသေးသော အချက်သည် ဖုံးကွယ်၍ မရသော အမှန်တရား ဖြစ်လာခဲ့ချေပြီ။
အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ယနေ့တွင် သူတို့အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းဖျက်ဆီးပစ်နိုင်ရန် အတွက် အစွမ်းကုန် တိုက်ခိုက်ရတော့မည် ဖြစ်၏။
ထို့သို့မဟုတ်ဘဲ ပိယွင်အင်မော်တယ် နန်းတော်ကို အသက်ရှူခွင့်ပေးမိပြီး အရှင်ပိရိုသာ အမှန်တကယ် ပြန်လည် ရှင်သန်လာခဲ့လျှင် သူတို့ ကျိရှအင်မော်တယ် နန်းတော်သည် အမြစ်ဖြတ်သုတ်သင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေခဲ့သည်။
အရှင်နှင်းမှုန်က ကျန်းချန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
“ကောင်လေး.. ဒီအဘိုးကြီးက လုံးဝပြန်လည်မရှင်သန်လာသေးဘူး ဆိုပေမဲ့ သူ့ရဲ့ လက်ရှိအခြေအနေက အရှင်ဇူရီထက်တော့ မနိမ့်ကျဘူး သူ့ကို ရင်ဆိုင်နိုင်မလား ဆိုတာ ငါကိုယ်တိုင်လည်း မသေချာဘူး.. မင်း ပိယွင်အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်ချင်တာ သေချာရဲ့လား”
“သေချာပါတယ် စီနီယာ”
ကျန်းချန်က ပြန်ဖြေလိုက်ပြီးနောက်တွင် တစ်ခဏမျှ စဥ်းစားပြီးမှ အရှင်နှင်းမှုန်ကို ပြောလိုက်သည်။
“ဒါနဲ့ စီနီယာ စောနက ပြောတဲ့စကားမှာ အရှင်ပိရိုက ပြင်ပစွမ်းအားကို အမှီသဟဲပြုနေရတယ်လို့ ကျွန်တော်ကြားမိတယ်.. ဒါဆို သူ့မှာ အားနည်းချက်တစ်ခု သေချာပေါက်ရှိနေရမယ်.. ဟုတ်တယ်မလား”
ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးပစ်ရန်မှာ လင်းရှီယောင်နှင့် ထားခဲ့သော ကတိကဝတ် ဖြစ်သည်။
ကျန်းချန်က သူပြောပြီးသော စကားကို မတည်သောသူ တစ်ဦးမဟုတ်ပေ။
လင်းရှီယောင် ထံကနေ အချိန်မျှော်စင်ကို ရရှိခဲ့ခြင်း ဖြစ်၍ သူက လင်းရှီယောင်ကို ပိယွင်အင်မော်တယ် နန်းတော်အား ဖျက်ဆီးပစ်နိုင်ရန်အတွက် သေချာပေါက် အကူအညီပေးမည် ဖြစ်၏။
သို့သော်လည်း ကျန်းချန် အနေဖြင့် ဤကိစ္စတွင် အချိန်များစွာ ဖြုန်းတီးမပစ်ချင်ခဲ့ပေ။
အကယ်၍ ယနေ့တွင် ပိယွင်အင်မော်တယ် နန်းတော်ကို မဖျက်ဆီးနိုင်ခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်ကို အသက်ရှူခွင့်ပေးလိုက်သလို ဖြစ်သွားပြီး အရှင်ပိရိုကို အောင်မြင်စွာ ပြန်လည် ရှင်သန်စေနိုင်လိမ့်မည် ဖြစ်သည်။
ထို့သို့ဖြစ်လာခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အင်အားစု အဖြစ်သို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်ကျမှ သူက ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ရှိသော ဟန်ယွင်အဆင့် အင်အားစုကို ဖျက်ဆီးချင်လျှင် ပို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။
“မင်း တော်တော် ဥာဏ်ပြေးတာပဲ.. အရှင်ပိရိုက အခု သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကို သယ်ဆောင်ထားနိုင်တာက ပိယွင်အင်မော်တယ် နန်းတော်ထဲမှာ သူ့အတွက် စီစဥ်ပေးထားတဲ့ ပြန်လည်ရှင်သန်ခြင်း အစီအရင်နဲ့ ဆက်စပ်နေတယ်.. ငါနဲ့ အရှင်ကျိရွမ်တို့ ပူးပေါင်းလိုက်ရင်တော့ သူ့ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့်လောက် အချိန်ဆွဲထားဖို့က ပြဿနာရှိမှာ မဟုတ်ဘူး.. မင်း အဲဒီအချိန်အတွင်းမှာ ပိယွင်အင်မော်တယ် နန်းတော် ထဲကို ဝင်ရောက်ပြီး အစီအရင်ကို ဖျက်ဆီးပစ်နိုင်မယ် ဆိုရင် ဒီအဘိုးကြီး အတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်”
အရှင်နှင်းမှုန်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က သက်ပြင်းချကာ ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ.. စီနီယာတို့ စိတ်မပူပါနဲ့.. စီနီယာတို့အနေနဲ့ အရှင်ပိရိုကိုပဲ တစ်ခဏလောက် ထိန်းထားပေးပါ.. ကျန်တာကိုတော့ ကျွန်တော့်ကိုပဲ လွှဲထားလိုက်တော့”
အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့ ပူးပေါင်းပြီး အရှင်ပိရိုကို ထိန်းထားလိုက်လျှင် သူရင်ဆိုင်ရမည့် အကြီးမားဆုံးအတားအဆီးမှာ အရှင်ပိယောင် ဦးဆောင်သည့် တလော့ အင်မော်တယ် သုံးပါး ဖြစ်သည်။
သို့ရာတွင် ကျိရှအင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါးက ဤနေရာ၌ ရှိနေခဲ့ရာ သုံးဦးချင်းစီ ထိပ်တိုက် ရင်ဆိုင်ရခြင်း ဖြစ်၏။
ကျိရှအင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ် နှစ်ပါးက တလော့အင်မော်တယ် တစ်ပါးဆီကို ထိန်းထားနိုင်သရွေ့ သူက အချိန်တိုအတွင်း ကျန်တလော့ အင်မော်တယ် တစ်ပါးကို နှိမ်နင်းပြီး ပိယွင်အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်ကာ အရှင်ပိရို၏ စွမ်းအား အရင်းအမြစ်ကို ဖျက်ဆီးပစ်ရန်မှာ သိပ်ခက်ခဲလိမ့်မည် မဟုတ်ပေ။
“ကောင်လေး ဒီအဘိုးကြီးရဲ့အခြေအနေက တော်တော်ဆန်းကြယ်တယ်.. မင်းတတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်နှင်းမှုန်သည် ခက်ထန်သော အကြည့်ဖြင့် အရှင်ပိရိုကို စိုက်ကြည့်လိုက်ပြီး တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ အရှင်ပိရိုကို တိုက်ခိုက်လိုက်သည်။
အရှင်ကျိရွမ်ကလည်း တုံ့ဆိုင်းမနေခဲ့ဘဲ ထိုက်ယီအဆင့် စွမ်းအားများကို ထုတ်ဖော်ကာ တစ်ချိန်တည်းမှာပင် ဝင်ရောက် တိုက်ခိုက်ခဲ့၏။
“ကောင်းတယ် သိပ်ကောင်းတယ်”
အရှင်ပိရိုက အားပါးတရ ရယ်မောကာ ကြုံးဝါးလိုက်သည်။
“မင်းတို့တွေက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါက မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
အရှင်ပိရို အနေဖြင့် မတိုက်ခိုက်ချင်သော်လည်း အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့က တိုက်ခိုက်လာခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် မဖြစ်မနေ တိုက်ခိုက်ရတော့မည် ဖြစ်၏။
ဤအချိန်တွင် သူ့အနေဖြင့် အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့ကို အမြန်ဆုံး ရှင်းပစ်ပြီး ဤတိုက်ခုက်မှုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်သာ တတ်နိုင်တော့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့ ပူးပေါင်းပြီး အရှင်ပိရိုကို သတ်ဖြတ်ရန် လှုပ်ရှားနေစဥ်မှာပင် ကျန်းချန်က ကျိရှ အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ် နှစ်ပါးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် သူက အရှင်ပိယောင် ဆီသို့ သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။
ကျိရှအင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါးကမူ ပိယွင်အင်မော်တယ်နန်းတော်မှ အခြား တလော့အင်မော်တယ် နှစ်ပါးနှင့် ရင်ဆိုင်လိုက်ကြ၏။
အရှင်ပိယောင်၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် တလော့အင်မော်တယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း အရှင်ပိယောင်သည် အရှင်နှင်းမှုန်၏ ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒကြောင့် အစောပိုင်းက အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရရှိထားခဲ့ပြီး စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။
ဤအချက်ကြောင့်ပင် ကျန်းချန်က အရှင်ပိယောင်ကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
“တလော့ အင်မော်တယ် အစောပိုင်းအဆင့်လေးနဲ့များ ဒီအရှင်ရှေ့မှာ မာန်တက်ရဲတယ်”
အရှင်ပိယောင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
ချက်ချင်းပင် သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
သူက လက်ရှိအချိန်တွင် ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင် ဖြစ်ပြီး တလော့အင်မော်တယ် အထွတ်အထိပ် ကျင့်ကြံသူလည်း ဖြစ်သည်။
သို့ဖြစ်ရာ တလော့ အင်မော်တယ် အစောပိုင်း အဆင့်သာ ရှိသည့် ကောင်လေး တစ်ယောက်၏ စော်ကားမှုကို သည်းမခံနိုင်ခဲ့ချေ။
“အပြာရောင်ဧကရာဇ်ဓားကွက်”
ကျန်းချန်က အရှင်ပိယောင်ကို စတင် တိုက်ခိုက်သည်နှင့် သူအားအကိုးရဆုံး ဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ဓားအလင်းက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အလင်းတံခါး တစ်ချပ်ကို ဖွင့်လှစ်လိုက်ကာ အထဲကနေ အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါး ထွက်လာခဲ့သည်။
ထိုအပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ အရှင်ပိယောင် ထုတ်ဖော်လိုက်သည့် လက်ဝါးချက်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့၏။
“ဝုန်း..”
ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီးနောက်တွင် အရှင်ပိယောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် နောက်သို့ ပေပေါင်းရာချီ လွင့်စင်သွားခဲ့သည်။
ကျန်းချန်သည် ရွှေအင်မော်တယ် နဝမအဆင့်တွင် ရှိနေစဥ်ကတည်းကပင် သာမန် တလော့အင်မော်တယ် အစောပိုင်းအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိခဲ့သည်။
ယခုအခါတွင် သူက တလော့အင်မော်တယ် အစောပိုင်းအဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်ရာ သူ၏ စွမ်းအားသည် တလော့အင်မော်တယ် အထွတ်အထိပ် အဆင့်ထက် အနည်းငယ်မျှပင် မနိမ့်ကျတော့ပေ။
ရှင်းလင်းစွာဆိုရလျှင် အရှင်ပိယောင် အနေဖြင့် ဒဏ်ရာအပြင်းအထန် မရရှိထားဘဲ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ကျန်းချန်၏ လက်ထဲတွင် အသာစီးရရန်မှာ လုံးဝ မဖြစ်နိုင်ခြေ။
နောက်သို့ လွင့်စင်သွားသော အရှင်ပိယောင်ကို ကြည့်ရင်း ကျန်းချန်၏ ခန္ဓာကိုယ်က လေထုထဲတွင် တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။
ထို့နောက် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲကနေ ပျံထွက်သွားခဲ့ပြီး အရှင်ပိယောင်၏ ဦးခေါင်းထက်တွင် ဧရာမနတ်ဘုရား ကျောက်တိုင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲကာ တည်ရှိနေခဲ့သည်။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. သက်ရောက်စမ်း”
ကျန်းချန်က လက်ဟန်များကို ပြုလုပ်၍ အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်လိုက်ရာ အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားများသည် အင်မော်တယ်ကျောက်တိုင် ထံမှ ထွက်ပေါ်လာခဲ့ပြီး အရှင်ပိယောင် ဆီသို့ သက်ရောက်လာခဲ့သည်။
အရှင်ပိယောင်သည် ကျန်းချန်၏ ယခင် တိုက်ခိုက်မှုကနေ ပြန်လည် သက်သာလာခြင်း မရှိသေးမီမှာပင် အင်မော်တယ်ကျောက်တိုင် ထံမှ အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
“မသတ်ပါနဲ့”
အင်မော်တယ် ချေမှုန်းခြင်း စွမ်းအား၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ခံစားမိလျှင် အရှင်ပိယောင်သည် မျှော်လင့်ချက် ကင်းမဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားကို ရူးသွပ်စွဦ ပြန်လည် တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း သူ၏ လက်ရှိ အခြေအနေဖြင့် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်ပိယောင်သည် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားအောက်တွင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့တော့သည်။
အခန်း (၂၉၁၇)ပြီး၏။