အခန်း ၂၉၁၈
Vol. 232 Ch. 2918
အခန်း(၂၉၁၈)
ပိယွင်အင်မော်တယ်နန်းတော်၏ နန်းတော်သခင် အရှင်ပိယောင်သည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
လူတိုင်း မှင်တက်ရာကနေ သတိ ပြန်မဝင်လာသေးခင်မှာပင် ကျန်းချန်သည် အလင်းတန်း တစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ဦးတည်ကာ ပြေးဝင်သွားခဲ့သည်။
“ပိယောင်.. တော်တော် အသုံးမကျတဲ့ကောင်ပဲ”
ထိုမြင်ကွင်းကို သတိပြုမိသွားပြီး အရှင်နှင်းမှုန်နှင့် တိုက်ခိုက်နေသော အရှင်ပိရိုသည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင် ဖြစ်ပြီး တလော့ အင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိသော အရှင်ပိယောင်သည် တစ်ဖက်မှ တလော့အင်မော်တယ် အစောပိုင်းအဆင့်မျှသာ ရှိသော လူငယ်လေး တစ်ယောက်၏ တိုက်ကွက် တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထိုလူငယ်လေးသည် အရှင်ပိယောင်ကို သတ်ဖြတ်ပြီးနောက်တွင် ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားပုံ ထောက်လျှင် သူ့ကို ထောက်ပံ့ထားသည့် အစီအရင်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားနေခဲ့သည်။
အစီအရင်သာ ထိုကောင်လေး လက်ချက်ဖြင့် ပျက်စီးသွားခဲ့လျှင် သူက ဤလောကထဲကနေ အမှန်တကယ် လုံးဝ ပျက်သုဥ်းသွားရလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ယခုအခါ အရှင်ပိယောင်သည် ကျန်းချန်၏ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ပိယွင်အင်မော်တယ် နန်းတော်မှ အခြားသော တလော့ အင်မော်တယ် နှစ်ပါးသည်လည်း ကျိရှအင်မော်တယ်နန်းတော်မှ တလော့ အင်မော်တယ်နှစ်ပါး၏ တားဆီးခြင်းကို ခံထားရသည် ဖြစ်ရာ ပိယွင်အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်သွားသည့် ကျန်းချန်ကို မည်သူက တားဆီးနိုင်ပါဦးမည်နည်း။
ကျန်းချန်က လူသူမရှိသော အရပ်တွင် လျှောက်လှမ်းနေသကဲ့သို့ အတားအဆီးမဲ့စွာ ဖြတ်ကျော်လာခဲ့ပြီး မကြာမီမှာပင် ပိယွင်အင်မော်တယ်နန်းတော်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
သူက နတ်အသိစိတ်အာရုံကို ဖြန့်ကျက်၍ အာရုံခံလိုက်ရာ မကြာမီမှာပင် အနက်ရောင်နန်းဆောင် တစ်ခုကို အာရုံခံမိသွားခဲ့ပြီး ထိုအနက်ရောင်နန်းဆောင် ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ပိရို၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး အရှင်နှင်းမှုန်တို့နှင့် ဆက်လက် မတိုက်ခိုက်လိုတော့ဘဲ ပိယွင်အင်မော်တယ်နန်းတော်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ သွားရန် ပြင်လိုက်သည်။
သို့ရာတွင် အရှင်နှင်းမှုန် တို့သည်လည်း ကျန်းချန်က အရှင်ပိယောင်ကို သတ်ဖြတ်ပြီး ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ဝင်ရောက်သွားပြီ ဖြစ်မှန်း သိရှိသွားခဲ့ပြီ ဖြစ်ရာ အရှင်ပိရိုကို ကျန်းချန်၏ နောက်သို့ အလွယ်တကူ လိုက်သွားခွင့် မည်ကဲ့သို့ ပြုနိုင်ပါမည်နည်း။
သူတို့ နှစ်ဦးစလုံးက အစွမ်းထက် တိုက်ကွက်များကို ကိုယ်စီထုတ်ဖော်လိုက်ကြပြီး ကျန်းချန်၏ နောက်သို့ အရှင်ပိရို လိုက်မသွားစေရန် အသက်လုကာ တိုက်ခိုက်ခဲ့ကြသည်။
“ခွေးမသားတွေ သေချင်နေတာပဲ”
အရှင်ပိရိုက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ အနက်ရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းဆိုသလို ကြီးထွားလာခဲ့ကာ အနက်ရောင်မွန်းစတား တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအနက်ရောင်မွန်းစတားကြီးသည် ပေတစ်သောင်းခန့် မြင့်မားပြီး အေးစက်စက် သတ္တုရောင်များ တောက်ပနေသော အနက်ရောင် စကြဝဠာ ကြေးခွံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည် ဖြစ်ရာ ရှေးခေတ်ကာလမှ မိစ္ဆာတစ်ကောင်နှယ် ဖြစ်နေခဲ့၏။
အနက်ရောင် မွန်းစတားကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်တန်းများနှင့် သမုဒ္ဒရာများကဲ့သို့ အားကောင်းသော စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ဟင်းလင်းပြင်ကို ကြေမွသွားစေမတတ် ဖြစ်သွားခဲ့သည်။
“မိတ်ဆွေ သတိထားပါ.. ဒါက မိုးကြိုးအင်မော်တယ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အရှင်ပိရိုရဲ့ ကောင်းကင်စစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ပဲ”
အရှင်ကျိရွမ်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး အရှင်နှင်းမှုန်ကို သတိပေးလိုက်သည်။
သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်သည် အရှင်ပိရို၏ နာမည်ကျော် နည်းစနစ် ဖြစ်သည်။
အရှင်ပိရိုသည် ထိုကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ဖြင့် မိုးကြိုးအင်မော်တယ် နယ်မြေတစ်ခုလုံးတွင် တစ်ဟုန်ထိုး ကျော်ကြားခဲ့ပြီး ဟန်ယွင်အဆင့် အင်မော်တယ်များကြားတွင်ပင် ပြိုင်ဘက်ကင်းသလောက် ဖြစ်ခဲ့သည်ဟု ကောလာဟလများ ရှိခဲ့သည်။
အရှင်နှင်းမှုန်က ဘာစကားမျှ မပြောဘဲ အရှင်ပိရိုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
ထို့နောက်တွင် သူက လက်ထဲတွင် ကိုင်စွဲထားသော တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်သည်။
အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသောကြောင့် အရှင်ပိရို ထုတ်ဖော်လိုက်သော နည်းစနစ်က မည်မျှအထိ ကြောက်မက်ဖွယ် အစွမ်းထက်မှန်း ခံစားမိခဲ့သည်။
ဤကောင်းကင်စစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်သည် ဟန်ယွင်အဆင့်ကို ကျော်လွန်နေပြီ ဖြစ်ရာ အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် နည်းစနစ် ဖြစ်နိုင်ခြေ အလွန်များ၏။
“မင်းတို့က ငါ့ကို အတင်းအကျပ် ဖိအားပေးနေမှတော့ သေဖို့သာ ပြင်ထားပေတော့”
အရှင်ပိရိုက အေးစက်စက် ကြုံးဝါးလိုက်သည်။
သူ၏ အသံတွင် လူသတ်ငွေ့များ ပြည့်နှက်နေခဲ့၏။
ထို့နောက်တွင် အရှင်ပိရိုသည် ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းနိုင်သည့် ကြီးမားသော လက်ဝါးကြီးဖြင့် အရှင်နှင်းမှုန်တို့ နှစ်ဦးကို ရိုက်ချလိုက်သည်။
“ဝုန်း..”
သမုဒ္ဒရာကဲ့သို့ ဆူပွက်နေသော ကြောက်မက်ဖွယ်ရာကောင်းသည့် အနက်ရောင် စွမ်းအင်လှိုင်းများသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်မြစ်ကြီး ပြိုကျလာသည့်နှယ် အောက်ဘက်သို့ ဆင်းသက်လာခဲ့သည်။
“ချေမှုန်းစမ်း”
အရှင်နှင်းမှုန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဟန်ယွင်အဆင့် အင်မော်တယ်စိတ်ဆန္ဒများဖြင့် ပေါင်းစပ်ထားသည့် ဓားစွမ်းအင်ကို ထုတ်ဖော်ကာ ကောင်းကင်ယံကနေ အောက်ဘက်သို့ ဦးတည်လာသည့် အနက်ရောင် စွမ်းအင်လှိုင်းများကို ခုတ်ပိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အရှင်ကျိရွမ်သည်လည်း လုံးဝ နောက်မဆုတ်ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိုက်ယီအဆင့် အင်မော်တယ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အနက်ရောင်စွမ်းအင်လှိုင်းကို ရင်ဆိုင်လိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦး အစွမ်းကုန် ထုတ်ဖော်လိုက်သော တိုက်ကွက်များသည် အနက်ရောင် မွန်းစတားကြီး၏ လက်ဝါးရိုက်ချက်အောက်တွင် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားခဲ့သည်။
အရှင်နှင်းမှုန်က ဟင်းလင်းပြင်ထဲတွင် ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရပြီး မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
တစ်ဖက်မှ အရှင်ကျိရွမ်ကမူ ပို၍ပင် အခြေအနေ ဆိုးနေခဲ့ပြီး ပေပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရသည်။
“မိုးကြိုးအင်မော်တယ် နယ်မြေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်က တကယ်ကို အစွမ်းထက်တာပဲ”
အရှင်ကျိရွမ်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက်တွင် စိတ်ထဲကနေ တအံ့တဩ ရေရွတ်လိုက်သည်။
သူနှင့် အရှင်နှင်းမှုန်တို့ ပူးပေါင်းထားသည့်တိုင် ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို အသုံးပြုထားသည့် အရှင်ပိရိုကို ယှဥ်ပြိုင်ရန် အတော်လေး ခက်ခဲနေခဲ့သည်။
အရှင်ပိရိုသည် အရှင်နှင်းမှုန်တို့ နှစ်ဦးကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီးနောက်တွင် ၎င်းတို့ကို ဆက်လက် သတ်ဖြတ်ရန် ပြင်လိုက်၏။
သို့သော်လည်း ထိုအချိန်မှာပင် အရှင်ပိရိုသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး မျက်နှာအမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
သူက အရှင်နှင်းမှုန်တို့ နှစ်ဦးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ရာ ပိယွင်အင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့သည်။
“ဝုန်း..”
ဤအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံသည် အနက်ရောင်ခန်းမ ဆီကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အနက်ရောင် ခန်းမဆောင်၏ အထက်ရှိ ကောင်းကင်ယံတွင် ရပ်နေခဲ့ပြီး အင်မော်တယ် ကျောက်တိုင်ဖြင့် အနက်ရောင် ခန်းမဆောင်ကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။
ဤသို့ဖြင့်ပင် အနက်ရောင်ခန်းမဆောင် တစ်ခုလုံးသည် ချက်ချင်းဆိုသလို အပျက်အစီးပုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“ခွေးမသားလေး.ယ မင်းသေဖို့သာ ပြင်ထားလိုက်တော့”
အရှင်ပိရိုက ကောင်းကင် တုန်ဟည်းမတတ် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော လူသတ်ငွေ့များ အရှိန်အဟုန် ပြင်းစွာ ထွက်ပေါ်လာခဲ့၏။
အနက်ရောင်ခန်းမဆောင်ထဲတွင် သူ့အတွက် ပြင်ဆင်ထားသည့် ပြန်လည်ရှင်သန်ခြင်း အစီအရင် ရှိနေခဲ့သည်။
ယခုအခါ ခန်းမတစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်ရာ ယင်းသည် သူ၏ ပြန်လည် ရှင်သန်မည့် အစီအစဥ် လုံးဝ ကျဆုံးသွားပြီ ဖြစ်ကြောင်း ဆိုလိုနေခြင်းပင် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် အရှင်ပိရိုသည် ရူးသွပ်မတတ် ဒေါသထွက်သွားခဲ့သည်။
သူ သေဆုံးရမည် ဆိုလျှင်ပင် သူ၏ ရှင်ပြန်ထမြောက်မည့် အစီအစဥ်ကို ဖျက်ဆီးပစ်ခဲ့သည့် ထိုကောင်လေးအား သူနှင့်အတူ သေရွာသို့ အပါခေါ်သွားရန် ဆုံးဖြတ်လိုက်၏။
အရှင်ပိရိုက တောင်ကုန်းတစ်ခု ကဲ့သို့ ကြီးမားသော သူ၏ လက်ဝါးကို မြှောက်လိုက်ပြီး ကျန်းချန်ကို လှမ်းဆွဲလိုက်သည်။
ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့် အရှင်ပိရိုသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည်။
လက်ရှိတွင် သူက စစ်မှန်သော ဟန်ယွင်အဆင့် အင်မော်တယ် စွမ်းအားကို မမီသော်လည်း ထိုက်ယီအဆင့် အင်မော်တယ်များ အနေဖြင့် လုံးဝ ယှဥ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ကျန်းချန်က တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် တလော့အင်မော်တယ် အထွတ်အထိပ်နှင့်ပင် နှိုင်းယှဥ်နိုင်သော်လည်း အရှင်ပိရို၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုမှ တစ်ဆင့် သေခြင်းတရား၏ အရိပ်အငွေ့ကို မသိစိတ်ကနေ ခံစားမိခဲ့သည်။
ထို့ကြောင့် သူက အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ အင်မော်တယ်ကျောက်တိုင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားကို ထုတ်ဖော်ကာ အရှင်ပိရို၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် အချိန်မျှော်စင်ကို သူ၏ ခန္ဓာကိုယ်ကနေ ယူထုတ်လိုက်ပြီး အတွေးတစ်ချက်ဖြင့်ပင် အချိန်မျှော်စင်၏ ဒုတိယထပ် ဆီသို့ ဝင်ရောက်သွားခဲ့သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ဤအခိုက်အတန့်တွင် အရှင်ပိရို၏ ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက်သည် အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို ချေမှုန်းပစ်လိုက်သည်။
ကျန်းချန် ရှိနေသည့် ဟင်းလင်းပြင်သည်ပင် အောက်ဘက်ရှိ နန်းဆောင်များနှင့် အတူ ထိုလက်ဝါးရိုက်ချက်ဖြင့် လုံးဝ ကြေမွသွားခဲ့သည်။
အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ် တို့က ထိုနေရာသို့ ရောက်ရှိလာသော်လည်း ကျန်းချန်ကို ကယ်ဆယ်ရန် အချိန်နှောင်းသွားခဲ့ပြီဖြစ်ပြီး ကျန်းချန်က အရှင်ပိရို၏ လက်ဝါးရိုက်ချက်အောက်တွင် နန်းဆောင်အတွင်း နစ်မြုပ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“မင်းတို့လည်း ဒီကောင့်နောက်ကို လိုက်ဖို့ ပြင်ထားလိုက်ကြတော့”
လေထဲကနေ ရောက်ရှိလာကြသည့် အရှင်နှင်းမှုန်တို့ နှစ်ဦးကိုကြည့်ရင်း အရှင်ပိရို၏ မျက်ဝန်းများက တောက်ပနေခဲ့သည်။
အရှင်ပိရိုက သူ၏ ပေပေါင်းများစွာ မြင့်မားသော ခန္ဓာကိုယ်ကြီးဖြင့် အရှင်နှင်းမှုန်တို့ နှစ်ဦးကို တိုက်ရိုက်ပင် ဝင်တိုက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိရှ အင်မော်တယ် တောင်တန်း၏ အထက် ကောင်းကင်ယံတွင် ဟင်းလင်းပြင်များက အဆက်မပြတ် ပြိုကျ ပျက်စီးနေခဲ့ပြီး ကမ္ဘာပျက်ကပ်ရောက်လာသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
အခန်း (၂၉၁၈)ပြီး၏။