အခန်း ၂၉၁၉
Vol. 232 Ch. 2919
အခန်း(၂၉၁၉)
ခန္ဓာကိုယ်ဖြင့် သူသေကိုယ်သော အတင်းအကျပ် ဝင်တိုက်လာသည့် အရှင်ပိရိုနှင့် ရင်ဆိုင်ရချိန်တွင် အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့၏ မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူတို့ နှစ်ဦးစလုံးက အင်မော်တယ် စွမ်းအားများကို ချက်ချင်းဆိုသလို အစွမ်းကုန် ထုတ်ဖော်ကာ သူတို့ဆီသို့ ဦးတည်လာသည့် အရှင်ပိရိုကို ခုခံရန် အတွက် အင်မော်တယ်သိုင်းကွက် အမျိုးမျိုးကို ထုတ်ဖော် တိုက်ခိုက်ရင်း အရှိန်အဟုန်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ကြသည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ် သိုင်းကွက်များသည် အရှင်ပိရို၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်သွားခဲ့ရာ ဟင်းလင်းပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံများဖြင့် ဆူညံနေခဲ့သည်။
အရှင်ပိရို၏ ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်ကြောင့် အရှင်နှင်းမှုန်နှင့် အရှင်ကျိရွမ်တို့ ထုတ်ဖော်လိုက်သော အင်မော်တယ် သိုင်းကွက်မျိုးစုံသည် အဟောသိကံ ဖြစ်သွားခဲ့သည်။
အရှင်ပိရိုက မည်သူမျှ မယှဥ်နိုင်သော မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ တိုက်ိခုက်မှုအားလုံးကို လျစ်လျူရှုကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ သူ၏ ခန္ဓာကိုယ်ဖြင့် အရှင်နှင်းမှုန် တို့ကို ဝင်ဆောင့်လိုက်၏။
အရှင်နှင်းမှုန်သည် ယခင်က ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသည့်အပြင် ယခုအခါတွင် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်ကိုလည်း ကိုင်စွဲထား၏။
ထို့အပြင် သူယခု မှီတင်းနေထိုင်နေသော ခန္ဓာကိုယ်သည်လည်း အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကနေ သန့်စင်ထားသော ရုပ်သေးရုပ် ဖြစ်သည်။
သို့ဖြစ်၍ အရှင်ပိရို၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် အလွန်အမင်း အကျပ် ရိုက်သွားသော်လည်း အသက်အန္တရာယ် ထိခိုက်မှုတော့ မရှိခဲ့ပေ။
သို့သော်လည်း တစ်ဖက်မှ အရှင်ကျိရွမ်ကမူ ထိုမျှလောက် ကံမကောင်းခဲ့ချေ။
အရှင်ပိရို၏ ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်မှုအောက်တွင် သူက တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အရှင်ကျိရွမ် လွင့်ထွက်သွားသည့်အခိုက်အတန့်မှာပင် အရှင်ပိရို၏ စွမ်းအားသည် သိသိသာသာပင် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး သူထုတ်ဖော်ထားသည့် ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်သည် အဆုံးသတ်တွင် ပြိုကွဲပျက်စီးသွားခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် အရှင်ပိရို၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကနေ ပြုတ်ကျလာခဲ့ပြီး အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သော အနက်ရောင်ခန်းမ ဆီသို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
အနက်ရောင်ခန်းမဆောင် အတွင်းရှိ အရာအားလုံးက ကျန်းချန်၏ လက်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ရာ အရှင်ပိရို၏ ခန္ဓာကိုယ်ကို သယ်ဆောင်ထားသော ဟန်ယွင်အဆင့် အင်မော်တယ် စိတ်ဆန္ဒကို ဆက်လက် မထောက်ပံ့နိုင်တော့သည်မှာ ထင်ရှားနေခဲ့၏။
ဤသို့ဖြင့်ပင် အရှင်ပိရို၏ အင်မော်တယ် စိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အရှင်နှင်းမှုန်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် အပျက်အစီးပုံ ရှိရာသို့ လှမ်းကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။
“ကောင်လေး ပုန်းမနေနဲ့တော့.. အားလုံးပြီးသွားပြီ.. မင်းထွက်လာလို့ရပြီ”
သူ လက်ရှိ မှီတင်းနေထိုင်နေသော ခန္ဓာကိုယ်သည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ရုပ်သေးရုပ် ဖြစ်ရာ ကျန်းချန်နှင့် နီးစပ်သော ပတ်သက်ဆက်နွှယ်မှု ရှိ၏။
ယင်းကြောင့်ပင် ကျန်းချန်က အရှင်ပိရို၏ တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခြင်း မရှိမှန်း အရှင်နှင်းမှုန် ခံစားသိရှိနေခြင်း ဖြစ်သည်။
အရှင်နှင်းမှုန်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အပျက်အစီးပုံထဲကနေ ဆန်းကြယ်သော အလင်းတန်းများတောက်ပနေသည့် မျှော်စင်အသေးလေး တစ်ခုသည် ရုတ်တရက် လေထဲသို့ ပျံတက်လာခဲ့ပြီး ထိုမျှော်စင်ထဲကနေ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ အရှင်ပိရို၏ လက်ဝါးရိုက်ချက်အောက်တွင် ပျောက်ကွယ်သွားခဲ့သည့် ကျန်းချန်ပင် ဖြစ်သည်။
အရှင်ပိရို၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် ထိုတိုက်ကွက်ကို ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်မှန်း ကောင်းစွာ သိရှိခဲ့သည်။
ထို့ကြောင့် သူက အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ စွမ်းအားတချို့ကို ခုခံပြီးနောက်တွင် အချိန်မျှော်စင် ထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ တိမ်းရှောင်သွားခဲ့ခြင်းပင်။
ဆိုရလျှင် ပြိုင်ဘက်ကင်း အင်မော်တယ် ရတနာနှစ်ပါးကြောင့် အရှင်ပိရိုသည် ကျန်းချန်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ဆန်းကြယ်သော မျှော်စင်သေးလေးထဲကနေ ထွက်လာသည့် ကျန်းချန်ကို ကြည့်ရင်း အရှင်နှင်းမှုန်၏ မျက်ဝန်းထဲတွင် အံ့ဩ တုန်လှုပ်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ထဲတွင် ရှိသော အင်မော်တယ် ကျောက်တိုင်သည် အင်မော်တယ်ဘုရင်အဆင့် ပြိုင်ဘက်ကင်းရတနာတစ်ပါး ဖြစ်ကြောင်း အရှင်နှင်းမှုန် ကောင်းစွာ သိရှိထားခဲ့သည်။
ထိုစဥ်က ကျိရီ အင်မော်တယ်တောင်တန်းတွင် ကျန်းချန်သည် ထိုအင်မော်တယ် ကျောက်တိုင်ကို အသုံးပြု၍ အရှင်ဇူရီကို နှိမ်နင်းခဲ့ခြင်း ဖြစ်၏။
ယခုတစ်ကြိမ်တွင်လည်း ကျန်းချန်သည် အရှင်ပိရို၏ ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးမတတ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် နောက်ထပ် ပြိုင်ဘက်ကင်း အင်မော်တယ် ရတနာတစ်ပါးကို အသုံးပြုခဲ့ပြန်သည်။
အရှင်နှင်းမှုန်၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ဤဆန်းကြယ်သော မျှော်စင်အသေးလေးသည် အင်မော်တယ်ကျောက်တိုင်နှင့် နှိုင်းယှဥ်လျှင်ပင် လုံးဝမနိမ့်ကျပေ။
“ဒီကောင်လေးရဲ့လက်ထဲမှာ ရှိတဲ့ ရတနာက တကယ်ကို မရိုးရှင်းဘူးပဲ”
အရှင်နှင်းမှုန်က ခေါင်းခါရမ်းလိုက်ပြီး တစ်ခဏမျှ စကားမပြောဆိုနိုင်အောင်ပင် ဖြစ်သွားခဲ့သည်။
အင်မော်တယ်ဘုရင်အဆင့် အင်မော်တယ်ရတနာ ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ အတွက်ပင် အလွန်ရှားပါးသော ရတနာမျိုး ဖြစ်သည်။
အင်မော်တယ်ဘုရင် အများစုသည် အင်မော်တယ်ဘုရင်အဆင့် ရတနာကို တစ်ခု သို့မဟုတ် နှစ်ခုထက် ပို၍ မဖန်တီးနိုင်ကြပေ။
ယခုအခါ တလော့ အင်မော်တယ် အဆင့်ကို သိပ်မကြာခင်ကမှ ထိုးဖောက်လာသည့် လူငယ်လေး တစ်ယောက်သည် အင်မော်တယ်ဘုရင်အဆင့် ရတနာနှစ်ပါးကို ပိုင်ဆိုင်ထားခဲ့သည်။
ထိုကောင်လေးက အင်မော်တယ်ဘုရင်အဆင့် အင်အားစုကြီးတစ်ခုခုမှ ဆင်းသက်လာသည် ဆိုလျှင်ပင် အတော်လေး မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
“နောက်ဆုံးတော့ လုံးဝ ပျက်စီးသွားခဲ့ပြီ”
အခြားတစ်ဖက်တွင်လည်း အရှင်ကျိရွမ်၏ ပုံရိပ်သည် ကြေမွနေသော ဟင်းလင်းပြင်ထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
အရှင်ပိရို၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားပြီကို ခံစားမိပြီးနောက်တွင် အရှင်ကျိရွမ်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
အရှင်ပိရို၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် သူ၏ ဝှက်ဖဲအားလုံးနီးပါးကို ထုတ်သုံးခဲ့ရပြီး ပေးဆပ်မှု တချို့ပင် ရှိခဲ့သော်လည်း အဆုံးသတ်တွင် ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းနိုင်ခဲ့ကာ ကျိရှအင်မော်တယ် နန်းတော် အတွက် ကြီးမားသော ကပ်ဘေးဆိုးကြီးကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။
ဆိုရလျှင် ကျိရှ အင်မော်တယ် နန်းတော်နှင့် ပိယွင်အင်မော်တယ်နန်းတော်တို့သည် ရှေးယခင်ကတည်းကပင် ကမ္ဘာမကြေရန်သူများ ဖြစ်ကြသည်။
အကယ်၍သာ ယနေ့တွင် အရှင်ပိရိုကို မဖြေရှင်းနိုင်ဘဲ ပိယွင်အင်မော်တယ် နန်းတော်ကို မဖျက်ဆီးနိုင်ခဲ့လျှင် တစ်နေ့နေ့တွင် အရှင်ပိရို ရှင်သန် ထမြောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့ ကျိရှ အင်မော်တယ်နန်းတော်သည် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားလိမ့်မည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ပိယွင်အင်မော်တယ် နန်းတော်၌ တလော့အင်မော်တယ် ဟူ၍ ကျိရှအင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်များနှင့် ရင်ဆိုင်နေသည့် တလော့အင်မော်တယ် နှစ်ပါးသာ ကျန်ရှိခဲ့သည်။
သူတို့က အရှင်ပိရို၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်မှန်း ခံစားမိလျှင် အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။
ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင်ဖြစ်သည့် အရှင်ပိယောင်နှင့် ဘိုးဘေး ဖြစ်သည့် အရှင်ပိရိုတို့ကျဆုံးသွားပြီ ဖြစ်ရာ ပိယွင်အင်မော်တယ် နန်းတော် တစ်ခုလုံးတွင် တလော့ အင်မော်တယ် နှစ်ပါးသာ ကျန်ရှိတော့သဖြင့် အရာအားလုံး ပြီးဆုံးသွားပြီဟု ဆိုနိုင်၏။
သူတို့က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ တလော့အင်မော်တယ် စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ကျိရှအင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါးနှင့် တိုက်ခိုက်နေရာက ရုန်းထွက်လိုက်ပြီး ခြောက်လှန့်ခံရသော ငှက်ငယ်လေးများ ကဲ့သို့ အသက်လုကာ ထွက်ပြေးသွားကြသည်။
“မင်းတို့ ထွက်ပြေးလို့ လွတ်မယ်များထင်နေလား”
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် အရှင်ကျိရွမ်၏ မျက်ဝန်းများသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
မြက်ပင်ကို ရှင်းလင်းရာတွင် အမြစ်ကျန်စေ၍ မရပေ။
သို့မဟုတ်လျှင် နွေဦးလေညင်း တိုက်ခိုက်လာသည်နှင့် တစ်ဖန် ပြန်၍ ရှင်သန်လာလိမ့်မည် ဖြစ်သည်။
သူက ယနေ့တွင် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးရန် ရည်ရွယ်ထားခဲ့ပြီ ဖြစ်ရာ ပိယွင်အင်မော်တယ် နန်းတော်ကို တစ်ကျော့ပြန် ရှင်သန်နိုင်မည့် မည်သည့် အခွင့်အရေးမှ ထပ်မပေးလိုခဲ့ပေ။
သို့ဖြစ်ရာ အရှင်ကျိရွမ်သည် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ် နှစ်ပါးကို မည်ကဲ့သို့ အလွယ်တကူ လွတ်မြောက်ခွင့် ပေးနိုင်ပါမည်နည်း။
အရှင်ကျိရွမ်က တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ လျင်မြန်စွာပင် ထိုတလော့ အင်မော်တယ်နှစ်ပါး၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်နှစ်ပါး၏ ပတ်ပတ်လည်ရှိ ပေပေါင်းထောင်ချီ ဟင်းလင်းပြင်သည် တစ်ခဏအတွင်း အေးခဲသွားခဲ့သည်။
အရှင်ကျိရွမ်က အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာအနည်းငယ် ရရှိထားသည့်တိုင် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်၍ ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါး အနေဖြင့် ယှဥ်ပြိုင်နိုင်စွမ်း လုံးဝမရှိချေ။
အရှင်ကျိရွမ်က သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ခရမ်းရောင် လျှပ်စီးအလင်း နှစ်ခုကို ပစ်လွှတ်လိုက်သည်။
ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါး၏ မျှော်လင့်ချက်ကင်းမဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ထိုခရမ်းရောင် လျှပ်စီးအလင်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ခရစ္စတယ်များနှင့်အတူ အင်မော်တယ် ဝိညာဥ်ကိုပါ လုံးဝ ကြေမွပျက်စီးသွားစေခဲ့သည်။
ထို့နောက်တွင်မူ ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် နှစ်ပါးသည် အေးစက်သော ရုပ်အလောင်းနှစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထဲကနေ အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့သည်။
အရှင်ကျိရွမ်၏ လက်ချက်ဖြင့် ထိုတလော့အင်မော်တယ် နှစ်ပါး သတ်ဖြတ်ခံလိုက်ရခြင်းနှင့် အတူ ပိယွင်အင်မော်တယ်နန်းတော်၏ တလော့ အင်မော်တယ် အားလုံးသည် လုံးဝ ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
ပိယွင်အင်မော်တယ် နန်းတော်၏ အတွင်းပိုင်းသည်လည်း အရှင်ပိရို၏ နောက်ဆုံးအကြိမ်က ဒေါသတကြီးတိုက်ခိုက်မှုအောက်တွင် ထက်ဝက်ကျော် ပျက်စီးသွားခဲ့ရပြီး နန်းတော်မှ တပည့် အများအပြားသည်လည်း ထိုတိုက်ကွက်၏ ရိုက်ခတ်မှုဒဏ်ကြောင့် တိုက်ရိုက်ပင် အမှုန့်ဖြစ်ကာ ပျက်သုဥ်းသွားခဲ့ရသည်။
ကျန်ရှိသော တပည့်များကမူ ကြောက်ကြောက်လန့်လန့်ဖြင့် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးခဲ့ကြသည်။
ယခင်က ပိယွင်အင်မော်တယ် နန်းတော်၏ နှိပ်စက်ညှင်းပမ်းခြင်းကို ခံခဲ့ရသည့် ယဲ့ချင်းမင်နှင့် အခြားသော အင်အားစုများသည် ဤကဲ့သို့ လဲကျနေသော ခွေးကို တုတ်ဖြင့် ရိုက်နှက်နိုင်မည့် အခွင့်အရေးအား လုံးဝ လက်လွှတ်မခံဘဲ ထိုထွက်ပြေးနေသည့် ပိယွင်အင်မော်တယ် နန်းတော်မှ တပည့်များကို လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် ပိယွင်အင်မော်တယ် နန်းတော် အတွင်း၌ ပိယွင်အင်မော်တယ် နန်းတော်၏ တပည့် တစ်ဦးတစ်ယောက်မျှ ကျန်ရှိမနေတော့ပေ။
တစ်ချိန်က မိုးကြိုးအင်မော်တယ် နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့ဖူးပြီး ဟန်ယွင်အဆင့် အင်အားစု ဖြစ်ခဲ့ဖူးသော အင်အားကြီးမားလှသည့် ပိယွင်အင်မော်တယ် နန်းတော်သည် အဆုံးသတ်တွင် ပျက်သုဥ်းသွားခဲ့ပြီး မိုးကြိုးအင်မော်တယ်နယ်မြေ၏ သမိုင်းစာမျက်နှာထဲတွင်သာ ကျန်ရှိခဲ့တော့သည်။
အခန်း (၂၉၁၉)ပြီး၏။