အခန်း ၂၉၂၀
Vol. 232 Ch. 2920
အခန်း(၂၉၂၀)
ပိယွင်အင်မော်တယ်နန်းတော်ပျက်စီးသွားပြီးနောက်တွင် အရှင်ကျိရွမ်သည် ပိယွင်အင်မော်တယ် နန်းတော်မှာ အချိန်အကြာကြီး မနေခဲ့ပေ။
သူက ကျန်းချန်ကို နှုတ်ဆက်စကားဆိုခဲ့ပြီး ကျိရှအင်မော်တယ်နန်းတော်မှ လူများနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့်အင်အားစု ဖြစ်ခဲ့ဖူး၍ ကြွယ်ဝသော အရင်းအမြစ်များ ရှိမည်မှာ သေချာသလောက် ဖြစ်သော်လည်း အရှင်ကျိရွမ်သည် ကျန်းချန်နှင့် ယှဥ်ပြိုင်၍ အရင်းအမြစ်များ လုယူရန် အနည်းငယ်မျှပင် စိတ်ကူးမရှိခဲ့ပေ။
ကျန်းချန်သည် ဆန်းကြယ်သော နောက်ခံနှင့် ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင်ထားသည့် အပြင် နံဘေးတွင်လည်း အရှင်နှင်းမှုန်ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူတစ်ဦးလည်း ရှိနေခဲ့သည်။
အစောပိုင်းက တိုက်ပွဲတွင် သူကိုယ်တိုင်က ဒဏ်ရာအပြင်းအထန် ရရှိသည်ကို အသာထား၊ အကယ်၍ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့လျှင်ပင် အရှင်နှင်းမှုန်နှင့် ယှဥ်ပြိုင်ရန် လုံးဝ အရည်အချင်း မပြည့်မီပေ။
အကယ်၍ သူသာ ပိယွင်အင်မော်တယ် နန်းတော်၏ အရင်းအမြစ်များကို လုယူရန် ကြိုးစားခဲ့လျှင် မည်သည့်အကျိုးအမြတ်မှ ရရှိလိမ့်မည် မဟုတ်သည့်အပြင် သူတို့ ကျိရှအင်မော်တယ်နန်းတော် အတွက် ကြောက်မက်ဖွယ်ရန်သူ တစ်ယောက်ကို မွေးမြူလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထိုသို့ အဖြစ်ခံမည့်အစား ကျန်းချန်၏ မိတ်ဆွေကောင်းတစ်ဦး အဖြစ် ခံယူကာ ပိယွင်အင်မော်တယ် နန်းတော်မှ အရင်းအမြစ် အားလုံးကို ကျန်းချန်ထံသို့သာ ပုံအောပေးလိုက်ခြင်းက ပို၍ ကောင်းမွန်မည် မဟုတ်ပါလော။
ယနေ့တွင် ပိယွင်အင်မော်တယ် နန်းတော်က ပျက်စီးသွားခဲ့ပြီဖြစ်ရာ သူ၏ ရင်ဘတ်ထဲမှ ကြီးမားသောဆူးကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းအပြင် သူတို့ ကျိရှအင်မော်တယ် နန်းတော်သည် ပိယွင်အင်မော်တယ်နန်းတော်၏ နယ်မြေတချို့ကို ဝါးမျိုပစ်နိုင်မည်ဖြစ်၍ သူတို့ အတွက်လည်း အကျိုးအမြတ် တချို့ ရရှိစေမည်သာ။
အရှင်ကျိရွမ်တို့ လူစု ထွက်ခွာသွားပြီးနောက်တွင် ယဲ့ချင်းမင်နှင့် အခြားသူများသည်လည်း နှုတ်ဆက်၍ ထွက်ခွာသွားခဲ့ကြသည်။
ကျိရှအင်မော်တယ် နန်းတော် ကဲ့သို့ အင်အားစု ပင်လျှင် ပိယွင်အင်မော်တယ် နန်းတော်ထဲမှ ကျန်ရှိသော အရင်းအမြစ်များကို မမက်မောဝံ့သည် ဖြစ်ရာ သူတို့အနေဖြင့် သဘာဝကျစွာပင် လောဘမတက်ဝံ့တော့ပေ။
အလွန်လျင်မြန်စွာပင် ပိယွင်အင်မော်တယ် နန်းတော်၏ ကောင်းကင်ယံထက်တွင် ကျန်းချန်၊ အရှင်နှင်းမှုန်နှင့် လင်းရှီယောင်တို့ သုံးဦးတည်းသာ ကျန်ရှိတော့၏။
ကျန်းချန်က သူ့ရှေ့မှ လင်းရှီယောင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“သခင်မလေးလင်း.. ပိယွင်အင်မော်တယ် နန်းတော်က ပျက်စီးသွားပြီ ဆိုတော့ မင်းနဲ့ ငါ့ရဲ့ကြားက သဘောတူညီချက်က ပြီးမြောက်သွားခဲ့ပြီပေါ့”
“ကျေးဇူးတင်ပါတယ်”
လင်းရှီယောင်က မှင်တက်နေရာကနေ အသိစိတ်များ ပြန်လည် ဝင်ရောက်လာခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် အလွန်အမင်း စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ယခုအချိန်အထိ လင်းရှီယောင်သည် သူ့ကိုယ်သူ အိပ်မက် မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
သူမ တစ်သက်လုံး ဖြိုခွင်းနိုင်တော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည့် ပိယွင်အင်မော်တယ် နန်းတော်ကို ကျန်းချန်က ဤမျှအထိ အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ယခုထက်ထိ မယုံကြည်နိုင်သေးပေ။
ဤအခိုက်အတန့်တွင် လင်းရှီယောင်သည် အချိန်မျှော်စင်ကို ကျန်းချန်၏ လက်ထဲသို့ အပ်နှံခဲ့သည်မှာ မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ခံစားလိုက်ရသည်။
အကယ်၍ ထိုစဥ်ကသာ သူမ အနေဖြင့် အချိန်မျှော်စင်ကို ပိယွင်အင်မော်တယ်နန်းတော်သို့ ပြန်လည် ယူဆောင်သွားခဲ့လျှင် သူမအတွက် အချိန်မျှော်စင်ကို ထိန်းသိမ်းထားရန် ခက်ခဲမည့် အပြင် အချိန်မျှော်စင်သည်ပင် ပိယွင်အင်မော်တယ်နန်းတော်၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြေ ရှိသည်။
သူမအနေဖြင့် အချိန်မျှော်စင်၏ တည်ရှိမှုကို ပိယွင်အင်မော်တယ်နန်းတော် မသိအောင် ဖုံးကွယ်ထားနိုင်ခဲ့လျှင်ပင် အချိန်မျှော်စင်၏ အထောက်အပံ့ဖြင့် ပိယွင်အင်မော်တယ်နန်းတော်နှင့် ယှဥ်ပြိုင်ရန် ကြိုးစားခြင်းမှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ကျန်းချန်ကမူ အချိန်မျှော်စင်ကို ရရှိပြီးနောက်တွင် အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကသို့ ရောက်ရှိရန် ဆယ်စုနှစ် အနည်းငယ်မျှသာ အချိန်ယူခဲ့ရပြီး ယခုအခါတွင် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသော ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။
ယနေ့အခါဝယ် ကျန်းချန်သည် အားလုံးကို ဦးဆောင်၍ ပိယွင်အင်မော်တယ် နန်းတော်ကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်နိုင်ခဲ့ချေပြီ။
သိထားရမည့်အချက်မှာ ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ် ရှိသည့် တလော့အဆင့်အင်အားစုကြီး တစ်စုဖြစ်ပြီး ကျိရှအင်မော်တယ်နန်းတော်ကဲ့သို့ ထိုက်ယီအဆင့် အင်အားစု ပင်လျှင် ပိယွင်အင်မော်တယ်နန်းတော်ကို ချေမှုန်းရန် မည်သို့မျှ မတတ်နိုင်ခဲ့ခြင်းပင်။
ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင်ဖြစ်သည့် အရှင်ပိယောင်သည်ပင် အဆင့်နိမ့်စကြဝဠာမှ တက်လှမ်းလာသည့် ကောင်လေးတစ်ယောက် ဖြစ်သော ကျန်းချန်၏ လက်ထဲတွင် သူ၏ ပိယွင်အင်မော်တယ် နန်းတော်က ပျက်စီးသွားရလိမ့်မည်ဟု ဘယ်လိုမှ ထင်မှတ်ထားခဲ့မိမည် မဟုတ်ချေ။
“မင်းတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက ပိယွင်အင်မော်တယ် နန်းတော်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးတဲ့နောက်မှာ ဂိုဏ်းသား တချို့က ဝိရောဓိနယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည်တည်ထောင်ခဲ့ကြတယ်.. မင်း လူလွှတ်ပြီး သူတို့ကို ပြန်ခေါ်လို့ရတယ်.. ပြီးရင် လျှို့ဝှက်စွာ ရှိနေကြတဲ့ ပိုထျန်းအင်မော်ဂိုဏ်းရဲ့ လက်ကျန်အင်အားတွေကို ပေါင်းစည်းပြီး ဒီနေရာမှာပဲ ပိုထျန်းအင်မော်ဂိုဏ်းကို ပြန်လည် တည်ထောင်လိုက်ပေါ့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီပိရှအင်မော်တယ်တောင်တန်းမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ရမှာလား”
လင်းရှီယောင်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“ပိရှအင်မော်တယ်တောင်တန်းက မိုးကြိုးအင်မော်တယ်နယ်မြေရဲ့ ရှားပါးတဲ့ အင်မော်တယ်တောင်တန်းတွေထဲက တစ်ခုပဲ.. ပိုထျန်းအင်မော်တယ်ဂိုဏ်းအနေနဲ့ ဒီနေရာမှာ ပြန်လည် တည်ထောင်ဖို့ အရည်အချင်း ပြည့်မီမှာမဟုတ်ဘူး”
ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် ကာလတွင်ပင် အစွမ်းအထက်ဆုံး ကျင့်ကြံသူမှာ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်မျှသာ ရှိခဲ့သည်။
ယနေ့ခေတ် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင်မူ အင်အားများစွာ ကျန်ရှိမနေတော့ဘဲ ရွှေအင်မော်တယ် အဆင့်ပင် ရှိမနေတော့ပေ။
သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အင်အားဖြင့်သာ ပိရှအင်မော်တယ် တောင်တန်းကို သိမ်းပိုက်ထားမည် ဆိုလျှင် ယင်းသည် သေတွင်းထဲသို့ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းခြင်းနှင့် ခြားနားမည် မဟုတ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အဲဒီအတွက် စိတ်မပူပါနဲ့.. မင်းဒီနေရာမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကိုသာ ပြန်လည် တည်ထောင်စမ်းပါ.. ကျိရှ အင်မော်တယ်နန်းတော်တောင်မှ မင်းတို့ကို လုံးဝ မထိပါးရဲစေရဘူး”
ထိုစဥ်က လင်းရှီယောင် သူ့ထံသို့ အပ်နှံခဲ့သော အချိန်မျှော်စင်သည် အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါးသော ပြိုင်ဘက်ကင်း အင်မော်တယ် ရတနာတစ်ပါး ဖြစ်သည်။
အချိန်မျှော်စင်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သူ့အတွက် အမှန်တကယ်ပင် အကူအညီ ကြီးကြီးမားမား ဆောင်ကြဥ်းပေးခဲ့ပြီး သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဥ်တွင်လည်း အရေးပါးသော အခန်းကဏ္ဍမှ ပါဝင်နေဦးမည်ဖြစ်သည်။
လင်းရှီယောင်ကို ပိုထျန်းအင်မော်တယ်ဂိုဏ်း ပြန်လည်တည်ထောင်နိုင်ရန် ကူညီပေးခြင်းသည် သူ့အတွက် သေးငယ်သော ကြိုးပမ်းအားထုတ်မှုမျှသာ ဖြစ်သည်။
ယနေ့တိုက်ပွဲတွင် ပိယွင်အင်မော်တယ်နန်းတော် ပျက်စီးသွားခြင်းသည် မိုးကြိုးအင်မော်တယ် နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာသလောက်ပင်။
သူသာ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နောက်ကွယ်မှနေ၍ ပံ့ပိုးပေးထားမည် ဆိုလျှင် ကျိရှ အင်မော်တယ်နန်းတော်သည်ပင် အလွယ်တကူ လှုပ်ရှားရဲတော့မည် မဟုတ်ပေ။
မိုးကြိုးအင်မော်တယ် နယ်မြေမှ ဟန်ယွင်အဆင့် အင်အားစုကြီးများ ပင်လျှင် လှုပ်ရှားလိုလျှင် နှစ်ခါပြန် စဥ်းစားရပေလိမ့်မည်။
ထိုစကားကိုကြားလျှင် လင်းရှီယောင်၏ လှပသောမျက်ဝန်းလေး ထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးပေးပြီးပြီ ဖြစ်ရာ သူမနှင့် သဘောတူညီချက် ပြီးမြောက်သွားပြီ ဖြစ်၍ ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက် ဂရုမစိုက်တော့မည်ကို မူလက သူမ စိုးရိမ်ပူပန်နေခဲ့သည်။
သို့သော်လည်း ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း ပြန်လည် တည်ထောင်ရန်အတွက် နောက်ကွယ်မှ နေ၍ ဆက်လက် ပံ့ပိုးပေးရန် ဆန္ဒရှိနေဦးမည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သူမတို့ နောက်ကွယ်တွင် ကျန်းချန်၏ ပံ့ပိုးမှု ရှိနေသရွေ့ ပိရှအင်မော်တယ် တောင်တန်းတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ရန် အတွက် ယုံကြည်မှုအပြည့်အဝ ရှိလာခဲ့ချေပြီ။
ထိုအချိန်သို့ရောက်လျှင် ပိယွင်အင်မော်တယ် နန်းတော်၏ အမွေအနှစ်များကို အမှီပြု၍ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး သူတို့၏ အထွတ်အထိပ်ကာလကိုပင် ကျော်လွန်ကာ တလော့အဆင့် အင်အားစုတစ်စု ဖြစ်လာရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“ကျန်တဲ့ ကိစ္စရပ်တွေကိုတော့ မင်းဘာသာမင်းပဲ စီမံခန့်ခွဲလိုက်ပါ.. ငါ ပိယွင်အင်မော်တယ်နန်းတော်ထဲကို သွားပြီးတော့တစ်ချက်လောက် ကြည့်လိုက်ဦးမယ်.. တကယ်လို့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရရင် ငါ့ကို လာရှာလို့ရပါတယ်”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်နှင်းမှုန်နှင့်အတူ ကျန်းချန်သည် အောက်ဘက်ရှိ ပိယွင်အင်မော်တယ်နန်းတော် ဆီသို့ ဦးတည်ကာ ဆင်းသက်သွားခဲ့သည်။
မိုးကြိုးအင်မော်တယ်နယ်မြေ၏ ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ဖူး၍ ပိယွင်အင်မော်တယ်နန်းတော်၏ အခြေခံအုတ်မြစ်သည် သာမန် တလော့အဆင့် အင်အားစုများထက် များစွာ သာလွန် ကောင်းမွန်နေခဲ့သည်။
ကျန်းချန်က တလော့အင်မော်တယ်အဆင့်ကို ထိုးဖောက်ရာတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရင်းအမြစ် အားလုံးနီးပါးကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် သူက ပိယွင်အင်မော်တယ် နန်းတော်တွင် သူ့ကို စိတ်ကျေနပ်မှု ပေးနိုင်မည့် အရင်းအမြစ်တချို့ ရှိ၊မရှိ သွားရောက် ကြည့်ရှုလိုခဲ့ခြင်းပင်။
ကျန်းချန်က ရှုပ်ပွနေသော ပိယွင်အင်မော်တယ် နန်းဆောင်များ အတွင်း၌ တစ်ခဏမျှ လှည့်လည်သွားလာပြီးနောက်တွင် သိပ်မကြာမီမှာပင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် နန်းဆောင် တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနန်းဆောင်၏ ကာကွယ်ရေး အစီအရင်က အလွန်တရာပင် ကြံ့ခိုင်ပြီး အရှင်ပိရို၏ ပြင်းထန်သော တိုက်ကွက်အောက်တွင်ပင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုမျိုး မကြုံတွေ့ခဲ့ရပေ။
ဤသည်ကို ထောက်၍ ပိယွင်အင်မော်တယ် နန်းတော်တွင် ထိုနန်းဆောင်သည် အလွန်တရာ အရေးကြီးသော နေရာတစ်ခုဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
လက်တွေ့ အရှိတရားသည်လည်း ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့၏။
နန်းဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ထိုနန်းဆောင်သည် ပိယွင်အင်မော်တယ်နန်းတော်၏ အင်မော်တယ်နည်းစနစ် အမျိုးမျိုးကို ထိန်းသိမ်းရာ နန်းဆောင် ဖြစ်မှန်း ကျန်းချန် ရှာဖွေတွေ့ရှိခဲ့သည်။
နန်းဆောင်၏ ပထမအလွှာရှိ အားလုံးနီးပါးသည် အဆင့်နိမ့်အင်မော်တယ် နည်းစနစ်များသာ ဖြစ်၍ ကျန်းချန်က တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဒုတိယအလွှာသို့ တိုက်ရိုက်ပင် တက်သွားခဲ့သည်။
ဒုတိယအလွှာရှိ အင်မော်တယ် နည်းစနစ်များသည် ပထမအလွှာထက် အဆင့်အတန်း မြင့်မားသော်လည်း အလွန်ဆုံးရွှေအင်မော်တယ် အဆင့်မျှသာ ရှိသေးသဖြင့် ကျန်းချန်က တတိယအလွှာသို့ တိုက်ရိုက်ပင် ဆက်တက်သွားခဲ့သည်။
တတိယအလွှာတွင်မူ ပထမအလွှာနှင့် ဒုတိယအလွှာနှင့် နှိုင်းယှဥ်လျှင် အင်မော်တယ်နည်းစနစ် အရေအတွက်က သိသိသာသာပင် လျော့နည်းသွားခဲ့သည်။
သို့သော်လည်း ဤနေရာရှိ အင်မော်တယ် နည်းစနစ်များသည် အနည်းဆုံး တလော့အဆင့် အင်မော်တယ် နည်းစနစ်များ ဖြစ်ကြပြီး ထိုက်ယီအဆင့် အင်မော်တယ် နည်းစနစ်များနှင့် ဟန်ယွင်အဆင့် အင်မော်တယ် နည်းစနစ်များပင် ရှိနေခဲ့သည်။
ဤနေရာမှ အင်မော်တယ် နည်းစနစ်များသည် သာမန်လူများ၏ မျက်လုံးထဲတွင် ထူးခြားဆန်းကြယ်သော အင်မော်တယ် နည်းစနစ်များအဖြစ် မှတ်ယူနိုင်သော်လည်း အင်မော်တယ်သတ်ဖြတ်ခြင်းဓားသိုင်း၊အပြာရောင်ဧကရာဇ်ဓားသိုင်းနှင့် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်စသည့် အထွတ်အထိပ် နည်းစနစ်များကို တတ်မြောက်ထားသော ကျန်းချန် အတွက်မူ သာမန်မျှသာ ဖြစ်ရာ ထိုသိုင်းကျမ်းများကို မည်ကဲ့သို့ မျက်စိထဲ ထည့်နိုင်ပါအံ့နည်း။
ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်ပြီးနောက်တွင် ခေါင်းခါရမ်းလိုက်သည်။
သူထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် သူ၏ အကြည့်သည် အနက်ရောင် စာအုပ်တစ်အုပ် ပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။
ထိုအနက်ရောင် စာအုပ်အဖုံး ပေါ်တွင် ရှေးဟောင်းအက္ခရာဖြင့် ကြီးကျယ်ခမ်းနားစွာ ရေးသားထားသည်ကို မြင်တွေ့လိုက်ရ၏။
ယင်းမှာ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် ဟူသော နာမည်ပင် ဖြစ်သည်။
အခန်း (၂၉၂၀)ပြီး၏။