ရန်သူနှင့် အရင်းအမြစ်တစ်ခုထဲ (၁)
Vol. 65 Ch. 1071
ချီလီက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြကာ “ငါကတော့ သိပ်စိတ်မဝင်စားပါဘူး၊၊ ငါ့ရဲ့ အမြန်နှုန်းစွမ်းအားက အခုတောင် လုံလောက်အောင်မြန်နေပြီပဲ။ ဒီထက်မက ဘယ်လောက်တောင် ပိုသန်မာလာဦးမလဲတော့ မသိဘူး၊၊ ဒါ့အပြင် ကိုယ်ထဲမှာ သလင်းကျောက်လို အတုံးအခဲတစ်ခုခုဖြစ်တည်လာမယ်ဆိုတဲ့ အတွေးကြီးကတော့ တစ်မျိုးပဲ”
သူကပြောရင်း လုရှင်းချန်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
“ဒါကြောင့် လင်းရှန် စိုးရိမ်တာကလည်း အကြောင်းမဲ့တော့မဟုတ်ဘူး”
လုရှင်းချန်က ခဏမျှ စဉ်းစားဟန်ဖြင့် နောက်သို့ မှီချလိုက်ပြီး မျက်မှန်ကို အနည်းငယ်ပင့်ကာ ချီလီဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အစ်ကိုချီ…မင်းက ဝိညာဥ်အခြေတည်ခြင်းဆိုတဲ့ အယူအဆကို ကြားဖူးလား”
ချီလီက မျက်မှောင်ကြုတ်လိုက်ရင်း “ကြားဖူးတယ်… ကျင့်ကြံခြင်းဝတ္ထုတွေထဲမှာလေ”
“အမှန်ပဲ” လုရှင်းချန်က ယုံကြည်ချက်အပြည့်ဖြင့်ဆက်ပြောသည်၊၊
“တကယ်လို့ ငါတို့က သလင်းကျောက်ကို ဝိညာဥ်အခြေတည်ဖို့ ကျင့်ကြံတာနဲ့ နှိုင်းယှဥ်ကြည့်ရင် လက်ခံရတာ ပိုလွယ်သွားလိမ့်မယ်။ ဒီနှစ်ခုကြားမှာ ဆင်တူတဲ့အချက်ရှိတယ်လို့ ငါယုံကြည်တယ်၊၊ သလင်းကျောက်ဆိုတာ အမှောင်စွမ်းအင်တွေကို သိုလှောင်တဲ့ ခွက်တစ်ခုလိုပဲ၊၊ ငါတို့လို သာမန်လူသားတွေက အဲဒီဧရာမမိစ္ဆာကောင်တွေကို တိုက်ခိုက်ဖို့အတွက် ကြီးမားတဲ့စွမ်းအားကို ထိန်းချုပ်နိုင်အောင်လုပ်ပေးတဲ့ အခြေခံအုတ်မြစ်ပေါ့”
ချီလီသည် သူ၏ အတွေးအခေါ်ကြောင့် အံ့အားသင့်သွားသည်၊၊
“မင်းက အဲဒီလိုမျိုးမြင်တာလား”
လုရှင်းချန်က ခပ်ဖွဖွရယ်မောကာ “အစ်ကိုလင်း အရင်က ပြောဖူးတယ်၊၊ သွေးပဲစေ့ဆိုတာ မိစ္ဆာကောင်တွေအတွက် စက်ရုပ်တွေထဲက စွမ်းအင်ဗဟိုချက်တွေနဲ့ တူတူပဲတဲ့။ တောင်တွေကို ရွှေ့နိုင်ပြီး မြေပြင်ကို ဖြိုခွဲနိုင်တဲ့ အဲဒီလိုထုထည်ကြီးမားတဲ့ သတ္တဝါကြီးတွေမှာ လက်သီးဆုပ်လောက်ပဲရှိတဲ့ ကျောက်တုံးလေးပဲ ပါတယ်။ သိပ္ပံနည်းကျကြည့်မယ်ဆိုရင်လည်း နျူကလီးယားစွမ်းအင်ဗဟိုချက်ကို ဒီလောက်အရွယ်အစားအထိ သေးငယ်အောင်လုပ်နိုင်တာက စွမ်းအားတစ်ရပ်ပဲမဟုတ်လား၊၊ ဒါကို ကျင့်ကြံခြင်းဘက်ကပဲကြည့်ကြည့်၊ သိပ္ပံဘက်ကပဲကြည့်ကြည့် အတူတူပဲမလား”
“ဟေး... မင်းကို ကလေးဆန်တယ် ထင်ထားတာ… တကယ်ကို ဉာဏ်ပြေးတာပဲ။ သဘာဝကျပါတယ်”
ချီလီက ခေါင်းညိတ်လိုက်ရင်း “သေးငယ်တဲ့ နျူကလီးယားစွမ်းအင်... စိတ်ဝင်စားစရာပဲ”
လုရှင်းချန်သည် မျက်မှန်ကို ပင့်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်တွင် တစ်ဖက်သို့ စောင်းလှည့်လိုက်သည်။ သဲသောင်ပြင်ဘက်ဆီမှ လျှပ်စစ်မီးပွားများ ပေါက်ကွဲထွက်လာသည့် တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာသည်။ မာရှောင်ထန်းသည် လျှပ်စီးကြောင်းနှစ်ခုကို ထုတ်လွှတ်လိုက်ရာ မီတာငါးဆယ်အကွာရှိ ကျောက်တုံးပုံကြီးမှာ မီးလောင်ကျွမ်းသည့်အနံ့နှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ ဖုတ်ကောင် ရှစ်ကောင်မှာ မီးကျွမ်းပြီး တွန့်လိမ်နေသော အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ချွေးသံတရွှဲရွှဲဖြင့် သဲသောင်ပြင်ပေါ်တွင် သူ့ကို ဝိုင်းအုံလာသော ဖုတ်ကောင်များကို ရင်ဆိုင်နေခြင်း ဖြစ်သည်။
“တိုက်ခိုက်မှုကို ပိုပြီး စုစည်းစမ်း။ အရှိန်မလောက်ရင် ပစ်မှတ်တစ်ခုတည်းကိုပဲ စုပြုံပြီး ပစ်”
လုရှင်းချန်က မျက်လုံးပင် မဖွင့်ဘဲ အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
“ဟုတ်ကဲ့”
မာရှောင်ထန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် တင်းမာမှုတို့ ရောယှက်နေသည်။ ယခုအခါ သူသည် လက်ဖျားများဆီမှတစ်ဆင့် Arc လျှပ်စစ်သေနတ်ကဲ့သို့ လျှပ်စီးတန်းများကို အလွယ်တကူထုတ်လွှတ်နိုင်နေပြီဖြစ်ပြီး ဖုတ်ကောင်များ၏ ဦးခေါင်းကို ပေါ့ပေါ့ပါးပါးပင် ဖောက်ထွင်းနိုင်နေပြီဖြစ်သည်။ အကယ်၍ စွမ်းအားကို စုစည်းလိုက်မည်ဆိုပါက ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ကျက်တိုက်ခိုက်နိုင်ပြီး ကျယ်ပြန့်သော ဧရိယာကို အပြင်းအထန်ပျက်စီးစေနိုင်သည်။ လုရှင်းချန်က စိတ်ရှုပ်စရာကောင်းသော ဖုတ်ကောင်များကို ရှင်းလင်းရင်း သူ့ကို လက်တွေ့တိုက်ပွဲအတွေ့အကြုံရရှိစေရန် ဤနေရာသို့ခေါ်လာခဲ့ခြင်းဖြစ်သည်။
အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အတွက် ဖုတ်ကောင်အုပ်ကြီးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခြင်းကပင် အတော်လေးအံ့ဩစရာကောင်းလှသည်။ အထူးသဖြင့် သူသည် ယခင်က ဘာမှမတတ်နိုင်ဘဲ အဖိုးနှင့် အမေတို့၏ နောက်ကွယ်တွင်သာ ပုန်းနေခဲ့ရသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့ဖူးသည်။ ယခုမူ သူသည် ဖုတ်ကောင်များကို ထိပ်တိုက်ရင်ဆိုင်နိုင်နေပြီဖြစ်သော်လည်း သန္ဓေပြောင်းမွန်းစတားများကိုတော့ မရသေးပေ။ သို့သော် ဤကြီးထွားမှုနှုန်းအတိုင်းဆိုလျှင် သူသည် မကြာမီ ဗာဂျရာအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။
ကောင်းကင်အမိုးခုံးရထား၏ အမှတ် ၂ လုပ်ငန်းသုံး တွဲလုံးအတွင်း၌ ကြီးမားသော အပူချိန်ထိန်းရုက္ခဗေဒဥယျာဉ်တစ်ခုရှိသည်။ ၎င်းသည် ရေရှည်ကြယ်တာရာခရီးစဉ်အတွက် ဒီဇိုင်းထုတ်ထားသော ရေ-အောက်ဆီဂျင်သံသရာစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂေဟစနစ်မွေးမြူရေးနှင့် အပင်များကာကွယ်စောင့်ရှောက်ရေးကိုလည်း အထောက်အကူပြုသည်။
ချန်ဆီရွှမ်သည် မြောင်လု၊ ရှောင်ယွမ်တို့နှင့်အတူ သူတို့ရရှိထားသော ရှားပါးအပင်မျိုးစေ့များကို စိုက်ပျိုးနေသည်။ ဤစိုက်ပျိုးရေးခန်းမသည် ရထား၏ သာမန်စိုက်ပျိုးရေးတွဲများထက် များစွာ ပိုမိုအဆင့်မြင့်ပြီး ပြီးပြည့်စုံသော အလင်းရောင်၊ လေထုနှင့် ရေလှည့်ပတ်မှုစနစ်များ တပ်ဆင်ထားသည်။ ၎င်းတွင် အလှစိုက်အပင်များ၊ သစ်ပင်များ၊ သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်များနှင့် ကောက်ပဲသီးနှံများကို သီးခြားဧရိယာများအလိုက်စိုက်ပျိုးရန် ကျယ်ဝန်းသောနေရာရှိသည်။ ဤမျှ ကျယ်ဝန်းသောနေရာအတွက် ပြုပြင်ထိန်းသိမ်းရေးစက်ရုပ်များ၏ အကူအညီလိုအပ်သည်။ တင်းကျန်းရီမရှိသဖြင့် မိန်းကလေးနှစ်ယောက်မှာ အလုပ်များနေကြသည်။
“ဒါရိုက်တာတင်းက နေမကောင်းလို့လား”
ချန်ဆီရွှမ်သည် သွေးနဂါးသစ်ပင်မျိုးစေ့ကို လက်ချောင်းများကြားတွင် ဆုပ်ကိုင်ထားရင်း တင်းကျန်းရီ၏ အခြေအနေကို စိုးရိမ်နေမိသည်။ ဤသိပ္ပံပညာရှင်သည် ရထားပေါ်တက်ကတည်းက သူမ၏ လုပ်ရိုးလုပ်စဉ်ကို ခဲယဉ်းစွာ ပြောင်းလဲလေ့ရှိသည်။ အပြင်ဘက်တွင် တိုက်ပွဲများပြင်းထန်နေချိန်၌ပင် သူမသည် မိမိအလုပ်ကို အပျက်မခံပဲဆက်လုပ်နေခဲ့သည်။ သို့သော် ယနေ့တွင် သူမ အနားယူနေသေးသည်မှာ ထူးဆန်းနေပုံရသည်။
သူမနောက်တွင် ရှိနေသော ရှောင်ယွမ်က ခေါင်းခါပြလိုက်သည်၊၊
“ဒါရိုက်တာတင်းက ဒီနှစ်ရက်အတွင်း တစ်ခုခုကို သုတေသနလုပ်နေတာပါ၊၊ မနေ့ညက သူမရဲ့ စွမ်းအားကို ထပ်သုံးလိုက်ပုံရတယ်။ အနားမယူခင်က ဒီနေ့ကို အစီအစဉ်မရှိဘဲ အနားယူမှာမလို့ မနှောင့်ယှက်ဖို့သေချာမှာသွားတယ်”
“တကယ်ကြီးလား” ချန်ဆီရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း အများကြီးတော့ မတွေးမိပေ။
ဗိုင်အိုလာသည် ကီကီ၏ ခေါ်ယူခြင်းကို ခံထားရသဖြင့် သူမအတွက် ပရောဂျက်တစ်ခုကို ဒီဇိုင်းဆွဲကာ တွက်ချက်ပေးနေပုံရသည်။ ကောင်းကင်အမိုးခုံးရထားကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မိုနီကာနှင့် တင်းကျန်းရီတို့သာ အိပ်ပျော်နေကြသည်။
လင်းရှန်သည် အနားယူပြီး စွမ်းအင်ပြန်ဖြည့်ရန် ကောင်းကင်အမိုးခုံးရထားဆီသို့ ပြန်လာခဲ့သည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်က အပြည့်အဝလည်ပတ်နေပြီး သူသည်လည်း တစ်ညလုံးဝါးမျိုမှုပြုလုပ်ခဲ့သဖြင့် တိတ်ဆိတ်သောနေ့ခင်းဘက်သည် လင်းရှန်အတွက် အိပ်ရေးဝဝအိပ်ရန် စိတ်အချရဆုံးအချိန်ဖြစ်သည်။ သို့သော် သူ၏ အခန်းထဲသို့အဝင်တွင် ချန်ဆီရွှမ်က တင်းကျန်းရီကို သွားကြည့်ပေးရန် လှမ်းခေါ်ခဲ့သည်။
ထို့ကြောင့် လင်းရှန်သည် တင်းကျန်းရီ၏ အောက်ထပ်ရှိ အနားယူခန်းဆီသို့ သွားကာ တံခါးမှ ဘဲလ်ကိုနှိပ်ရန် ပြင်လိုက်စဉ် ရုတ်တရက်အတွင်းထဲမှ အလွန်ပြင်းထန်သော အမှောင်စွမ်းအင်လှိုင်းတွန့်များထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ယန္တရားနှလုံးသားထိန်းချုပ်မှုကို အသက်သွင်းလိုက်ရာ အလိုအလျောက်တံခါးသည် ရှူးခနဲမြည်ကာ ပွင့်သွားခဲ့သည်။ ပုံမှန်မဟုတ်ဘဲ အလွန်ပူပြင်းသော လေထုတစ်ခုက အတွင်းထဲမှ ဝုန်းခနဲတိုးထွက်လာပြီး သူ မော့ကြည့်လိုက်သောအခါ တင်းကျန်းရီ၏ အခန်းထဲတွင် ချွေးထုတ်ခန်းတစ်ခုကဲ့သို့ ရေနွေးငွေ့မြူများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
လင်းရှန်က သူမျက်နှာရှေ့ကို လက်ဝှေ့ယမ်းကာ လှမ်း၍ခေါ်ကြည့်လိုက်သည်။
“ဒါရိုက်တာတင်း”
မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
ထို့ကြောင့် သူသည် အခန်းတွင်းရှိ လေဝင်လေထွက်ခလုတ်ကို နှိပ်လိုက်ရာ မကြာမီမှာပင် လေဝင်လေထွက်စနစ်က မြူအများစုကို စုပ်ထုတ်ပစ်လိုက်သဖြင့် အခန်းတွင်း၌ ပြန်လည်ကြည်လင်လာသည်။ လင်းရှန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ကုတင်ပေါ်တွင် မတွေ့သဖြင့် အတွင်းဘက်သို့ ထပ်မံလျှောက်လှမ်းသွားမိသည်။ ထိုအခါမှ တင်းကျန်းရီသည် ရေချိုးခန်းကြမ်းပြင်ပေါ်တွင် အဝတ်အစားမရှိဘဲ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ ရေပန်းမှရေများက တောက်လျှောက်စီးကျနေပြီး သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ချိန်တွင် အပူရှိန်ကြောင့် အငွေ့ပျံသွားသကဲ့သို့ဖြစ်နေကာ အခန်းတွင်းရှိ မြူခိုးများမှာ သူမထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် လင်းရှန်သည် တင်းကျန်းရီကို ပွေ့ချီရန် ရှေ့သို့ အမြန်ပြေးသွားမိသည်။ သို့သော် လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်လိုက်ရ၏။ သူ၏မျက်နှာထက်တွင် နာနိုစွမ်းအားဝတ်စုံက ချက်ချင်းဖုံးလွှမ်းသွားပြီး သူမ၏ဇီဝကျန်းမာရေးအခြေအနေကို အမြန်ဆုံးဆန်းစစ်ချက်ထုတ်ပေးလိုက်သည်။ သူမ၏နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းမှာ ပုံမှန်ပင်ရှိနေသည်။ သို့သော် ပုံမှန်မဟုတ်သည်က တင်းကျန်းရီ၏ အရေပြားမျက်နှာပြင်အပူချိန်မှာ အံ့ဩစရာကောင်းလောက်အောင် မြင့်တက်နေပြီး ပြင်းထန်လှသည့် မီးဖိုတစ်ခုကဲ့သို့ ၇၀ ဒီဂရီအထိ ရှိနေခြင်း ဖြစ်သည်။
“ဘာဖြစ်တာလဲ”
လင်းရှန်က သူ့လက်များကို နာနိုဝတ်စုံတစ်လွှာဖြင့် ဖုံးအုပ်လိုက်ပြီးနောက် တင်းကျန်းရီကို ရေချိုးခန်းထဲမှ အပြင်ဘက်ကြမ်းပြင်သို့ ပွေ့ချီထုတ်ခဲ့ကာ ဆေးဘက်ဆိုင်ရာစကင်ဖတ်မှုကို စတင်လိုက်ရင်း စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတိုင်းတာစက်ကိုလည်း တစ်ပါတည်းဖွင့်လိုက်သည်။
ဘီပ်... ဘီပ်... ဘီပ်...
ဆေးဘက်ဆိုင်ရာစကင်ဖတ်မှုတွင် မည်သည့်မူမမှန်မှုမျှ မပြသော်လည်း စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတိုင်းတာစက်ထဲတွင်မူ တင်းကျန်းရီ၏ စွမ်းအားလှိုင်းထန်မှုက အမြင့်ဆုံးတန်ဖိုးဖြစ်သည့် ၆၀၀၀ အထိ ရောက်ရှိနေပြီး ထိုအဆင့်တွင်ပင် တည်ငြိမ်နေသည်။ ဤသည်မှာ ရိုးရိုးလေးနှင့် ယုံကြည်နိုင်စရာမရှိအောင်ပင် ဖြစ်၏။ ၎င်းက တင်းကျန်းရီ၏ စိတ်ဝိညာဉ်စွမ်းအားသည် အမြင့်မားဆုံးနှင့် စိတ်လှုပ်ရှားမှုအရှိဆုံးအခြေအနေသို့ ရောက်ရှိနေခြင်းကို ဖော်ပြနေသော်လည်း သူမကမူ သတိလစ်မေ့မြောနေဆဲဖြစ်သည်။
လင်းရှန်၏မျက်ဝန်းများလှုပ်ခတ်သွားပြီး မျက်နှာပျက်သွားသည်။ ရှေ့က အခြေအနေကို ကြည့်ကာ သူသည် ကြယ်နက်ပန်းပဲဖိုထဲမှ အေးခဲ-အမှောင်ဆေးရည်ကို ချက်ချင်းထုတ်ယူပြီး တင်းကျန်းရီ၏လည်ပင်းသို့ တိုက်ရိုက်ထိုးပေးလိုက်သည်။ အပြာရောင်ဆေးရည်များဝင်ရောက်သွားသည်နှင့်အမျှ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုး၏ လှိုင်းထန်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှီဇီကို အလိုလိုသတိရသွားသဖြင့် သူမကိုလာခိုင်းရန် ဆက်သွယ်ရေးခလုတ်ကို နှိပ်လုဆဲဆဲဖြစ်သွားသော်လည်း လက်ကိုရုတ်တရက် ရပ်တန့်လိုက်ရပြန်သည်။ အကြောင်းမှာ တင်းကျန်းရီ၏ဦးခေါင်းပေါ်ရှိ အလွန်သေးငယ်သော ပန်းပွင့်လေးတစ်ပွင့်မှာ မည်သည့်အချိန်ကတည်းကမှန်းမသိ အနက်ရောင်သန်းနေသော ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို လင်းရှန် သတိပြုမိလိုက်ခြင်းကြောင့် ဖြစ်၏။
မသိစိတ်တွန်းအားတစ်ခုကြောင့် လင်းရှန်သည် ထိုပန်းပွင့်လေးဆီသို့ လက်လှမ်းလိုက်မိသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကြမ်းပြင်ပေါ်၌ သတိလစ်နေခဲ့သော တင်းကျန်းရီသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး လက်ကိုမြှောက်ကာ လင်းရှန်၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။