ရန်သူနှင့် အရင်းအမြစ်တစ်ခုထဲ (၂)
Vol. 65 Ch. 1072
“မိုးလင်းပြီလား”
တင်းကျန်းရီ၏အသံမှာ အေးစက်ပြီး မျက်ဝန်းများက တည်ငြိမ်နေသည်။ သူမသည် အိပ်မောကျရာမှ နိုးထလာသူတစ်ဦးနှင့်မတူဘဲ တစ်ချိန်လုံးသတိရှိနေခဲ့သည့်အတိုင်းပင်၊၊
တင်းကျန်းရီ မျက်လုံးပွင့်လာသည်ကို မြင်မှ လင်းရှန်သည် သက်ပြင်းချနိုင်ပြီး မေးလိုက်သည်။
“မင်း ဘာဖြစ်သွားတာလဲ”
“စွမ်းအားလေ့ကျင့်နေတာ”
တင်းကျန်းရီသည် ထိုအချိန်တွင် ထထိုင်လိုက်ပြီး လင်းရှန်ကိုကြည့်ကာ ပြောသည်။
“ကျွန်မ အပင်တွေနဲ့ ပေါင်းစပ်လိုက်တိုင်း ထူးခြားတဲ့အခြေအနေတစ်ခုထဲကို ရောက်သွားတတ်တယ်။ ရှင်ပြောဖူးတဲ့ အဆင့်မြင့်ဒိုင်မေးရှင်းကမ္ဘာနဲ့ ချိတ်ဆက်သွားသလိုမျိုးပေါ့။ ဒါပေမဲ့ အပင်တွေရဲ့ အမြင်ဘက်ခြမ်းကနေ မြင်ရတာ”
လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းက အဆင့်မြင့်ဒိုင်မေးရှင်းကမ္ဘာကို မြင်နိုင်တာလား”
တင်းကျန်းရီက ခေါင်းခါပြသည်။
“ဒါက အရမ်းကိုဆန်းကြယ်လွန်းတယ်။ မြင်တယ်ဆိုတဲ့စကားလုံးက သိပ်တော့မမှန်ဘူး။ ဒါပေမဲ့ အခြေအနေက တွင်းနက်နဲ့ လူသားလောကတို့ ပြတ်တောက်ပြီး ပေါင်းစပ်ထားတဲ့ နယ်ပယ်တစ်ခုခုထဲကို ရောက်သွားတာတော့ အမှန်ပဲ”
“ဒါဆို ထူးခြားတာတစ်ခုခုသိလိုက်ရလား”
လင်းရှန်က မေးလိုက်သည်။
“အင်း”
တင်းကျန်းရီသည် လင်းရှန်၏ရှေ့တွင် ကိုယ်လုံးတီးဖြင့် လုံးဝမတ်တတ်ရပ်လိုက်ပြီးနောက် အခန်းတွင်းရှိ ကွန်ပျူတာစနစ်ဆီသို့ လျှောက်လှမ်းသွားသည်။ ရုတ်တရက်ဆိုသလို သူမ၏ခန္ဓာကိုယ်ထက်တွင် လတ်ဆတ်သော အစိမ်းရောင်နွယ်ပင်များနှင့် သစ်ရွက်များစွာ တိုးဝှေ့ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို အံဝင်ခွင်ကျဖြစ်နေသည့် လှပသေသပ်သော အစိမ်းရောင်ဂါဝန်အဖြစ်သို့ ကောင်းမွန်စွာ ဖုံးအုပ်ပတ်သတ်လိုက်ကြသည်။ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် တင်းကျန်းရီသည် ရပ်တန့်လိုက်ကာ သူမကိုယ်ပေါ်ရှိ အစိမ်းရောင်ဂါဝန်ကို ပြန်ကြည့်ရင်း လင်းရှန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဒါက ကျွန်မရဲ့ မသိစိတ်အတိုင်း ပေါ်လာတာပါ။ ရှင်မကြိုက်ရင် ကျွန်မ ပြန်ချွတ်လိုက်မယ်လေ”
လင်းရှန်က ချက်ချင်းပင် ပြုံးလိုက်ပြီး “ရပါတယ်။ မင်းက ပုံစံပြောင်းခဲတော့ အခုလိုကြည့်ရတာ ကမ္ဘာမြေမိခင်ကြီးနဲ့တောင် တူနေသေးတယ်”
တင်းကျန်းရီ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွားပြီး ကွန်ပျူတာစနစ်ဆီသို့ အလေးအနက်ပြန်လှည့်သွားကာ
“ကျွန်မ မကြာခင်မှာ ဒီစွမ်းအားကို လုံးဝထိန်းချုပ်နိုင်တော့မှာပါ။ ဘာလို့လဲဆိုတော့ ဝဲဂယက်ထဲက ထွက်လာကတည်းက ဆင့်ကဲပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့လို့ အချိန်တိုအတွင်းမှာ လိုက်လျောညီထွေမဖြစ်နိုင်သေးတာပါ။ ဒီနွယ်ပင်ကာကွယ်ရေးက ပုံမှန်ချုပ်ထားတဲ့အဝတ်အစားတွေနဲ့ ရှင်လုပ်ပေးတဲ့ စွမ်းအားဝတ်စုံတွေလောက်တော့ သက်တောင့်သက်သာမဖြစ်ဘူး။ နွယ်ပင်တွေက ကျွန်မရဲ့စွမ်းအားနဲ့ သဟဇာတဖြစ်ပေမဲ့ တင်ပါးဆုံလိုင်းနဲ့ အောက်ပိုင်းကို ဖြတ်သန်းသွားတဲ့အခါ သိပ်ပြီးတော့ အဆင်မပြေလှဘူး။ လမ်းလျှောက်ရတာကို အနှောင့်အယှက်ဖြစ်စေတယ်။ ဂျီစထရင်းအတွင်းခံလောက် မကောင်းဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာတော့ ခန္ဓာကိုယ်အတွက် အဓိကကာကွယ်ရေးကို ပေးစွမ်းနိုင်တယ်။ ကျွန်မရဲ့စွမ်းအားဆင့်ကဲပြောင်းလဲမှုက ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုတော့ ထူးထူးခြားခြားမြှင့်တင်ပေးနိုင်ပုံမရဘူး။ ဒါကြောင့် ထိပ်တိုက်တိုက်ပွဲဖြစ်လာရင် ကျွန်မ အလွယ်တကူဒဏ်ရာရသွားနိုင်တယ်”
လင်းရှန်သည် အနည်းငယ် ဆွံ့အသွားသော်လည်း တင်းကျန်းရီ၏ ပွင့်လင်းပြတ်သားသော အပြောအဆိုများကို ရိုးနေပြီဖြစ်သည်၊၊
“ဒါက မင်းရဲ့စွမ်းအားကာကွယ်ရေးကို မြှင့်တင်ပေးတဲ့အတွက် တစ်ဖက်ကနေ ပြန်ပြီး အစားထိုးပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်”
“ဒါပေမဲ့ ရှင့်ရဲ့ စွမ်းအားဝတ်စုံရှိရင် ဒါတွေက မလိုပါဘူး”
လင်းရှန်လည်း သူမနှင့် မငြင်းခုံတော့ဘဲ “မင်း ငါ့ကို ဘာပြောချင်လို့လဲ”
“ရှင် ပြီးခဲ့တဲ့တစ်ခေါက်က စွမ်းအားတွေ၊ တားမြစ်ပစ္စည်းတွေနဲ့ ကပ်ဘေးအပင်တွေရဲ့ စွမ်းအားတွေကို အဆင့်မြင့်ဒိုင်မေးရှင်းအမြင်ကနေ စဉ်းစားတဲ့အကြောင်း ပြောခဲ့တာနော်။ ပြီးတော့ ဟွာရှောင်လင်းကလည်း ရှင့်ကို ပြောဖူးတယ်မဟုတ်လား။ တားမြစ်ပစ္စည်းဆိုတာ အဆင့်မြင့်ဒိုင်မေးရှင်းကမ္ဘာက ဖြစ်စဉ်တွေနဲ့ စွမ်းအားတွေဟာ သုံးဖက်မြင်ကမ္ဘာထဲကို ထူးခြားအမှတ်အဖြစ် ပုံရိပ်ထင်ဟပ်လာတာလို့လေ။ တကယ်လို့ သူမပြောတာမှန်တယ်ဆိုရင် ကျွန်မတို့ အရာအတော်များများကို တွေးဆကြည့်လို့ရနိုင်မလားပဲ”
“ဥပမာ ဘာလဲ”
“ဥပမာ စွမ်းအားတွေပေါ့”
တင်းကျန်းရီသည် ခလုတ်တစ်ခုကို နှိပ်လိုက်ရာ သန္ဓေပြောင်းမွန်းစတား၏ သွေးပဲစေ့နှင့် လူသားတို့၏ သလင်းကျောက်နှိုင်းယှဉ်ချက်ဇယားတစ်ခု မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
“လူသားတွေရဲ့ စွမ်းအားတွေနဲ့ သန္ဓေပြောင်းမွန်းစတားတွေဟာ ရန်သူတွေဖြစ်ပေမဲ့ အရင်းအမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာလည်း ဖြစ်နိုင်တယ်”
“ရန်သူနဲ့ အရင်းအမြစ်တစ်ခုတည်းဆိုတာ ဘာကို ဆိုလိုတာလဲ”
လင်းရှန် မျက်မှောင်ကုတ်လိုက်မိသည်။ “မင်းပြောချင်တာက လူသားတွေရဲ့ စွမ်းအားနဲ့ သန္ဓေပြောင်းမွန်းစတားတွေက အရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာတာလို့ဆိုလိုတာလား”
“ဒီအချက်ကိုထပ်ပြီး သက်သေပြနေဖို့တောင် မလိုတော့ပါဘူး”
တင်းကျန်းရီက ရှေ့သို့ ကြည့်မလာဘဲ ကီးဘုတ်ပေါ်တွင် စာရိုက်ရင်း ပြောလိုက်သည်။
“အေးခဲ-အမှောင် အခြေခံအမှုန်အမွှားတွေနဲ့ အမှောင်စွမ်းအင်ဆိုင်ရာအချက်အလက်တွေကို ရှာဖွေတွေ့ရှိပြီးကတည်းက ကျွန်မတို့ရဲ့ အမှောင်စွမ်းအင်အပေါ် နားလည်မှုက ပိုပြီးတော့ ရှင်းလင်းလာခဲ့ပြီ။ ဥပမာတစ်ခုနဲ့ တင်စားရရင် ဒါက အပြာရောင်ဂြိုလ်ပေါ်က အောက်ဆီဂျင်လိုပဲ။ အောက်ဆီဂျင်က ကျွန်မတို့အသက်ရှင်ဖို့ အခြေခံအုတ်မြစ်ဖြစ်သလိုမျိုး အမှောင်စွမ်းအင်ကလည်း အဲဒီသန္ဓေပြောင်းသတ္တဝါတွေအတွက် အခြေခံအုတ်မြစ်ပဲပေါ့”
“ဒါဆို လူသားတွေက ဒီအောက်ဆီဂျင်ကြောင့်ပဲ သန္ဓေပြောင်းလဲပြီး စွမ်းအားတွေ ရလာတာပေါ့ ဟုတ်လား”
လင်းရှန်က ခေါင်းခါလိုက်သည်၊၊
“ဒါကို သိပ္ပံနည်းကျရှင်းပြဖို့ ကြိုးစားနေပေမဲ့ တစ်ဦးချင်းစီရဲ့ မတူညီတဲ့ စွမ်းအားစနစ်တွေက ခန္ဓာကိုယ်ရဲ့ ကျပန်းသန္ဓေပြောင်းလဲမှုမျိုးနဲ့တော့ မတူဘူး”
“မှန်တာပေါ့”
တင်းကျန်းရီသည် ထိုအချိန်တွင် လှည့်လာခဲ့သည်။
“ကျွန်မပြောတဲ့ ရန်သူနဲ့အရင်းအမြစ်တစ်ခုတည်းဆိုတာက အတိအကျပြောရရင် ဒီအချက်ကိုပဲ”
လင်းရှန်၏ မျက်နှာက တဖြည်းဖြည်း တည်တံ့လေးနက်သွားသည်။
“မင်းပြောချင်တာက စွမ်းအားရှင်တွေရဲ့ စွမ်းအားနိုးထလာတာဟာ ခြေရာခံလို့ရပြီး တစ်စုံတစ်ခုသော အခြေအနေအောက်မှာ ပေးသနားခံရတာမျိုးလို့ ပြောတာလား”
တင်းကျန်းရီသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“လောလောဆယ်တော့ ကျွန်မတို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိသေးပါဘူး။ ဒါက ကပ်ဘေးအပင်တွေ၊ တားမြစ်ပစ္စည်းတွေနဲ့ စွမ်းအားရှင်အားလုံးရဲ့ ရေရှည်ကြီးထွားမှုဆိုင်ရာအချက်အလက်တွေကို စုစည်းပြီး ကျွန်မဆွဲထုတ်ထားတဲ့ ယူဆချက်တစ်ခုပဲဖြစ်တယ်။ ကျွန်မ စဉ်းစားမိတာက ကပ်ဘေးအပင်တွေဆိုတာ အခြေခံအားဖြင့် အပြာရောင်ဂြိုလ်ပေါ်က သက်ရှိဒြပ်ဝတ္ထုတွေဖြစ်ပြီး တားမြစ်ပစ္စည်းတွေကျတော့ ကျပန်းဖြစ်ပေါ်လာတဲ့ သက်မဲ့ဒြပ်ဝတ္ထုတွေပဲ။ ဒီထူးဆန်းတဲ့ အရာဝတ္ထုတွေက မတူညီတဲ့ ဂုဏ်သတ္တိတွေကို ထုတ်လွှတ်ပေးနေလို့သာ လူတွေက ဒဏ္ဍာရီတွေနဲ့ မှော်ရတနာတွေလိုပဲ တွေးတောနေကြတာ”
“ဒါကို သိပ္ပံနည်းကျ အတင်းလိုက်ရှင်းပြရင်လည်း အဆင်မပြေနိုင်ဘူးလေ”
လင်းရှန်က မှတ်ချက်ပေးသည်။
“ရှင် ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်မနားလည်ပါတယ်”
တင်းကျန်းရီက သူမ၏မျက်မှန်ကို ပင့်တင်ရင်း တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဒဏ္ဍာရီတွေရဲ့ အနှစ်သာရကလည်း သဘာဝတရား၊ သက်ရှိတွေနဲ့ ရူပဗေဒမှာရှိတဲ့ အရာအားလုံးအပေါ် လူသားတွေရဲ့ စိတ်ကူးစိတ်သန်းချဲ့ထွင်မှုပဲလေ။ ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ရင် မီးလိုမျိုး ထူးဆန်းတဲ့ စွမ်းအားတွေကို နိုးထစေနိုင်တယ်ဆိုတာက အဲဒီယဉ်ကျေးမှုဟာ သဘာဝတရား၊ ဇီဝဗေဒနဲ့ ရူပဗေဒတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားမျိုးကို တတ်ကျွမ်းနားလည်ပြီးသားဖြစ်နေလို့များလား”
လင်းရှန် ထိုစကားကြောင့် အံ့အားသင့်သွားရသည်။
“နေပါဦး... ငါ အခုထိနားမလည်သေးဘူး”
တင်းကျန်းရီက သူ့ကို စိုက်ကြည့်ကာ အေးစက်သောအသံဖြင့် “ကျွန်မ စကားကို ကွေ့ပတ်ပြောရတာ မကြိုက်ဘူး။ ကျွန်မရဲ့ ယူဆချက်ကတော့ လူသားစွမ်းအားရှင်တွေရဲ့ အခြေခံစည်းမျဉ်းဟာ အမှောင်အသိုက်က ဖန်တီးလိုက်တဲ့ သန္ဓေပြောင်းမွန်းစတားတွေရဲ့ စည်းမျဉ်းနဲ့ အတူတူပဲဆိုတာပဲ။ လူသားတွေရဲ့ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုက အမှောင်စွမ်းအင်ကို အပြည့်အဝအသုံးချနိုင်သလို သန္ဓေပြောင်းမွန်းစတားတွေရဲ့ သွေးပဲစေ့ကလည်း အတူတူပဲ။ တစ်နည်းပြောရရင် စွမ်းအားရှင်တွေနဲ့ သန္ဓေပြောင်းမွန်းစတားတွေဟာ အတူတူပဲ။ အမှောင်စွမ်းအင်ရဲ့ ပြုပြင်မွမ်းမံမှုကို ခံထားရတာချင်း အတူတူပဲ။ ဒါပေမဲ့ သလင်းကျောက်ဆင့်ကဲမပြောင်းလဲခင်မှာ လူသားတွေက ဒီစွမ်းအားကို ထိန်းချုပ်ဖို့ သူတို့ရဲ့ အသက်စွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအားကိုပဲ အမှီပြုကြရတယ်။ အဲဒီအထဲမှာ ၉၉ ရာခိုင်နှုန်းသော လူတွေက ဒီစွမ်းအားကို လုံးဝမထိန်းချုပ်နိုင်ကြဘူး။ ဒါကြောင့် ဒီစွမ်းအားရဲ့ ရိုက်ခတ်မှုကြောင့် အသိစိတ်လွတ်ပြီး လမ်းလျှောက်ဖုတ်ကောင်တွေဖြစ်သွားကြတာပဲ။ ဒါကလည်း ပင်လယ်လင်းယုန်အုပ်စုက လူတွေဟာ သလင်းကျောက်ဆင့်ကဲပြောင်းလဲပြီးတာနဲ့ ဘာလို့ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုး ချက်ချင်းနှစ်ဆတက်သွားလဲဆိုတာကို ရှင်းပြပေးနိုင်တယ်။ အကြောင်းကတော့ အခြေခံအားဖြင့် ဒီသလင်းကျောက်က အမှောင်စွမ်းအင်ရဲ့ မွေးမြူမှုကြောင့် လူသားတွေထဲကနေ မွေးဖွားလာတဲ့ သွေးပဲစေ့ဖြစ်နေလို့ပဲ”
“ဒါတွေအားလုံးက လောလောဆယ်တော့ ကျွန်မရဲ့ သီအိုရီအရ တွေးဆချက်တွေဖြစ်ပြီး ထိရောက်တဲ့စမ်းသပ်မှုတွေနဲ့ သက်သေအထောက်အထားတွေ မရှိသေးပါဘူး။ အခုလိုမသေချာသေးတဲ့ ခန့်မှန်းချက်ကို ရှင့်ကိုပြောပြရတဲ့အကြောင်းရင်းကတော့ ဒီယူဆချက်က ကျွန်မတို့သုတေသနမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးနက်နဲတဲ့ ပြဿနာအတော်များများကို ထိရောက်ပြီး ဆီလျော်အောင် ရှင်းပြပေးနိုင်လို့ပဲ”
လင်းရှန်၏ မျက်နှာအမူယာပျက်သွားကာ အလိုလျောက်မေးမိသွားသည်။
“ဘာပြဿနာတွေလဲ”
“ပထမဆုံးက ဖုတ်ကောင်ပြဿနာပဲ။ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ဖယ်ထုတ်လိုက်ရင် သူတို့မှာ အဆုံးမဲ့အသက်ရှိနေတဲ့ ဝိသေသလက္ခဏာကို တစ်စိတ်တစ်ပိုင်းရှင်းပြလို့ရသွားမယ်”
“ဒုတိယက ဆင့်ကဲပြောင်းလဲမှုပြဿနာပဲ။ လူသားတွေဟာ အမှောင်ထုနဲ့ လိုက်လျောညီထွေဖြစ်အောင် သန္ဓေပြောင်းလဲလာပြီး အမှောင်စွမ်းအင်ရဲ့ ကူးပြောင်းခြင်းအနားသတ်မှာ ဝဲလည်နေကြတာ”
“တတိယက သလင်းကျောက်ပြဿနာပဲ။ ရှင်ရော ဖီးနစ်မှာပါ ဒီမေးခွန်းရှိနေကြတာမဟုတ်လား။ ဖြစ်နိုင်တာက ဖီးနစ်က ဒါကိုတွေးမိပြီးသားဖြစ်လို့ နှိုင်းယှဉ်သုတေသနတွေ အများကြီး လုပ်ထားပုံရတယ်”