အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း (၃၀၁) လောင်းရှန်းသို့ သွားခြင်း
"အဆင့်တက်သွားပြီ..."
"ငါ ကျောက်စိမ်းခန္ဓာနယ်ပယ်ကို နောက်ဆုံးတော့ အဆင့်တက်သွားပြီ..."
နံနက်အရုဏ်တက်ချိန်တွင် တောင်ဂူတစ်ခုထဲ၌ တန်ထိုက်ရှုံ့ရင်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အော်ဟစ်လိုက်၏။
ယမန်နေ့က ကျောက်လင်သည် ဒြပ်စင်ငါးပါးကျမ်းစာ၏ ကျင့်စဉ်အကြောင်းအရာများကို ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းထဲသို့ ပေါင်းထည့်ပြီးနောက် တန်ထိုက်ရှုံ့ရင်က ဤဂူထဲသို့လာကာ တစ်ညလုံး အချိန်ယူပြီးနောက် နောက်ဆုံးတွင် ကျောက်စိမ်းသွေးကြောနယ်ပယ်၏ အစောပိုင်းအဆင့်သို့ အဆင့်တက်သွားခဲ့သည်။
ဤသည်က တစ်ခုတည်းသော ဖြစ်ရပ် မဟုတ်ပေ။
အနီးအနားရှိ ဂူနှစ်ခုတွင်လည်း ခေါင်းဆောင်နှစ်ယောက်ဖြစ်သော တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် ကျောက်စိမ်းသွေးကြောနယ်ပယ်သို့ အဆင့်တက်သွားခဲ့ကြ၏။
(မူရင်းမှာတင် အဆင့်ခွဲတာတွေက ရှုပ်သွားပါတယ်။ ကျောက်စိမ်းခန္ဓာနယ်ပယ်မှာ ကျောက်စိမ်းသွေးကြောနယ်ပယ်၊ ကျောက်စိမ်းဝမ်းဗိုက်နယ်ပယ်နဲ့ ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်က အတူတူပါ။ ကျောက်စိမ်းဗိမာန်နယ်ပယ်က နောက်ဆုံးအဆင့်ပါ။ ကျောက်လင်က ကျောက်စိမ်းဗိမာန်နယ်ပယ်ပါ)
"ဝမ်းသာလိုက်တာ.. သခင်က ငါ့ကို ဝိညာဉ်သစ်သီးငါးလုံးနဲ့ ဒြပ်စင်ငါးပါးကျမ်းစာကို ပေးခဲ့တယ်... ငါ တုယွီထောက်က တစ်နေ့ကျရင် ပဉ္စမအဆင့်ကို အဆင့်တက်နိုင်လိမ့်မယ်..."
တုယွီထောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"သခင့်ဆီ ခယဖို့ ရွေးချယ်လိုက်တာက ငါ့ဘဝမှာ တကယ့်ကို ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက်ပဲ..."
"သတ္တမအဆင့် ကျင့်စဉ်နဲ့ ဝိညာဉ်သစ်သီး အမြောက်အမြားရှိတော့ ငါ့လို ဓားပြတစ်ယောက်တောင် နောက်ဆုံးတော့ နေရာတစ်နေရာ ရလာပြီ..."
ချန်ဖန်ဟိုင်က သူ၏ ခန္ဓာကိုယ်ထဲမှ လှိုင်းထနေသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရပြီး အလွန်ပင် စိတ်လှုပ်ရှားနေ၏။
ထို့နောက် ချက်ချင်းပင် ခေါင်းဆောင်သုံးယောက်က ဂူထဲမှနေ၍ လေထဲသို့ ပျံသန်းထွက်ခွာလာပြီး ပျံသန်းရသည့် ခံစားချက်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ကြသည်။
တကယ့်ကို ကျေနပ်စရာဖြစ်သည်။
သူတို့သုံးယောက်က တျန်ချီတောင်ထွတ်သို့ ရောက်ရှိလာကြ၏။
ကျောက်လင်နှင့် တန်ထိုက်ပေါင်ပေါင်တို့က တောင်ထိပ်ရှိ သစ်သားအိမ်လေးထဲတွင် ရိုင်းစိုင်းကြမ်းတမ်းသော အချိန်များကို ကုန်ဆုံးကာ တစ်ညလုံး နေခဲ့ကြသည်။
ဤအချိန်တွင် သူတို့နှစ်ယောက်လုံးက မိသားစုခေါင်းဆောင် သုံးယောက်၏ ရှိနေမှုကို အာရုံခံမိလိုက်ကြသဖြင့် အဝတ်အစားများကို ဝတ်ဆင်ကာ အိမ်ထဲမှ ထွက်လာခဲ့ကြ၏။
"အဖေ ဒုတိယဦးလေး တတိယဦးလေး... အားလုံးပဲ အဆင့်တက်သွားကြပြီပဲ..."
လူသုံးယောက်၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ တန်ထိုက်ပေါင်ပေါင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်..."
တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့ အားလုံးက ကျေးဇူးတင်စွာဖြင့် အောက်ခြေအထိ ဦးညွှတ်လိုက်ကြ၏။
ကျောက်လင်က ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဟေးလုံစခန်းက ညီအစ်ကိုတွေ အဝစားနိုင်အောင် သေချာလုပ်ပေးပါ... ပြီးရင် လောင်းရှန်းကိုရောက်ဖို့ ငါတို့ တစ်ရက်လောက် ခရီးသွားရမယ်..."
"ပြီးရင် ငါတို့ရှေ့မှာ ခက်ခဲတဲ့ တိုက်ပွဲတစ်ပွဲ ရှိနေတယ်..."
တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့မှာ ခဏတာ မှင်တက်သွားကြ၏။
စစ်ပွဲ စတင်တော့မည်လော။
သို့သော်လည်း သူတို့သုံးယောက်ထဲမှ မည်သူကမျှ အနည်းငယ်မျှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ယခုအခါ သူတို့အားလုံးက ကျောက်လင်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေကြပြီ ဖြစ်သည်။
"ပေါင်ပေါင်... လူတွေကို မီးမွှေးပြီး ထမင်းဟင်းချက်ဖို့ သွားစီစဉ်လိုက်ပါ... ဒါမှ ညီအစ်ကိုတွေအားလုံး ကောင်းကောင်းစားနိုင်မှာ..."
ကျောက်လင်က တန်ထိုက်ပေါင်ပေါင်ကို ထပ်ပြောလိုက်၏။
"ကောင်းပါပြီ... အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."
တန်ထိုက်ပေါင်ပေါင်က အသင့် သဘောတူလိုက်ပြီး တောင်ခြေသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
ယမန်နေ့က ကျောက်လင်သည် စနိုက်ပါရိုင်ဖယ်နှင့် ဒုံးကျည်လောင်ချာတို့ကို ထုတ်ယူခဲ့၏။ တန်ထိုက်ပေါင်ပေါင်က ပြင်းအားမြင့်ဗုံး၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသဖြင့် သူမကိုယ်တိုင် တိုက်ခိုက်မှုကို အမှန်တကယ် တွေ့ကြုံခံစားကြည့်ချင်နေခဲ့သည်။
ပြင်းအားမြင့်ဗုံး ကိုးထောင်လည်း ရှိနေသေးသည်။ အကယ်၍ ဤအရာများကိုသာ စစ်တပ်ထဲသို့ ပစ်ထည့်လိုက်မည်ဆိုလျှင် လူမည်မျှ သေဆုံးသွားမည်ကို မည်သူက သိနိုင်မည်နည်း။
ယခုအချိန်တွင် တန်ထိုက်ပေါင်ပေါင်က လောင်းရှန်းသို့ ချက်ချင်းသွားချင်ဆုံးလူပင် ဖြစ်သည်။
ထို့နောက် တန်ထိုက်ပေါင်ပေါင်၊ တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့၏ အမိန့်ပေးမှုအောက်တွင် ဟေးလုံစခန်းမှ လူတစ်ထောင်ကျော်တို့သည် အဝစားလိုက်ကြ၏။
ဤအခိုက်အတန့်တွင် ကျောက်လင်က လူတိုင်းကို စုစည်းလိုက်သည်။
"ခေါင်းဆောင်သုံးယောက်... ဟေးလုံစခန်းက ညီအစ်ကိုတွေကို ခေါ်ပြီး လောင်းရှန်းကို အမြန်သွားကြ... မိုးမချုပ်ခင် လောင်းရှန်းရဲ့ တောင်ဘက်ပိုင်းကို ရောက်ရမယ်... အဲ့ဒီအခါကျရင် ငါ လာတွေ့မယ်..."
"ငါကတော့ မြေပြင်အနေအထားကို ထောက်လှမ်းဖို့နဲ့ တိုက်ပွဲနေရာကို ရွေးချယ်ဖို့ လောင်းရှန်းကို ကြိုသွားရမယ်..."
ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"စိတ်ချပါ သခင်... ကျွန်တော်တို့ တာဝန်ကို ပြီးမြောက်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ်..."
တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
ထို့နောက် ကျောက်လင်က တန်ထိုက်ပေါင်ပေါင်ကို ကြည့်လိုက်၏။
"ပေါင်ပေါင်... ငါနဲ့အတူ လောင်းရှန်းကို လိုက်ခဲ့..."
ကျောက်လင်က ပြုံးလိုက်သည်။
"ကောင်းပါပြီ..."
တန်ထိုက်ပေါင်ပေါင်က သဘာဝကျစွာပင် ပျော်ရွှင်နေ၏။ သူမက ကျောက်လင်နှင့် အတူရှိနေရခြင်းကို အလွန်ပင် သဘောကျလှသည်။
"ကောင်းပြီ... ခေါင်းဆောင်သုံးယောက်... ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေကို ဦးဆောင်ပြီး အခုပဲ ထွက်ခွာကြ..."
ဤအချိန်တွင် ကျောက်လင်က အမိန့်ပေးလိုက်သည်။
ထို့ကြောင့် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် ဟေးလုံစခန်းမှ လူတစ်ထောင်ကျော်ကို ဦးဆောင်ကာ စနိုက်ပါရိုင်ဖယ်များ၊ ဒုံးကျည်လောင်ချာများ၊ ပြင်းအားမြင့်ဗုံးများနှင့် မြေအိုးတစ်ရာကို သယ်ဆောင်ပြီး ချက်ချင်း ထွက်ခွာသွားကြ၏။
"ပေါင်ပေါင်... ဒီမှာခဏစောင့်နေ... ငါ လျှပ်စစ်ပုစဉ်းယာဉ် သွားယူလိုက်ဦးမယ်..."
ကျောက်လင်က ဟေးလုံစခန်းမှ ညီအစ်ကိုများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ထပ်ပြောလိုက်သည်။
တန်ထိုက်ပေါင်ပေါင်သည် ထင်းရှူးနက်ကျေးရွာတွင် ရှိနေစဉ်က မောင်းသူမဲ့ယာဉ်များကို မြင်တွေ့ခဲ့ရပြီး သူမကိုယ်တိုင် အမှန်တကယ် စီးကြည့်ချင်နေခဲ့၏။
ကျောက်လင်၏ စကားများကို ကြားလိုက်ရသောအခါ တန်ထိုက်ပေါင်ပေါင်က အလွန်ပင် စိတ်လှုပ်ရှားသွားသည်။
မကြာမီတွင် ကျောက်လင်သည် နှစ်မိုင်အကွာရှိ တောင်တစ်တောင်ဆီသို့ ပျံသန်းသွားကာ မောင်းသူမဲ့ယာဉ်ကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူလိုက်၏။
ကျောက်လင်က မောင်းသူမဲ့ယာဉ်ကို ထိန်းချုပ်ကာ တျန်ချီတောင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
"ပေါင်ပေါင်... ဒီအပေါ်တက်ခဲ့..."
ကျောက်လင်က မောင်းသူမဲ့ယာဉ်ကို မြေပြင်ပေါ်တွင် ရပ်နားရန် ပျင်းရိနေသဖြင့် လေထဲမှနေ၍ အော်ခေါ်လိုက်၏။
တန်ထိုက်ပေါင်ပေါင်က အပေါ်သို့ ခုန်တက်သွားပြီး ဖွင့်ထားသော ဘေးတံခါးမှတစ်ဆင့် မောင်းသူမဲ့ယာဉ်၏ နောက်ဘက်ထိုင်ခုံသို့ ဝင်ရောက်သွားသည်။
မောင်းသူမဲ့ယာဉ်သည် တစ်နာရီလျှင် မိုင် ၁၈၀ နှုန်းဖြင့် မျဉ်းဖြောင့်အတိုင်း ပျံသန်းနေ၏။
"ခင်ပွန်း... လျှပ်စစ်ပုစဉ်းယာဉ်တွေက ဒီလိုမျိုး ပျံသန်းတာကိုး..."
တန်ထိုက်ပေါင်ပေါင်က စူးစမ်းချင်စိတ် ပြင်းပြနေသော ကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက မောင်းသူမဲ့ယာဉ်သည် လေထဲတွင် အရှိန်အဟုန်ဖြင့် သွားနေသည်ကို ကြည့်ကာ အောက်ဘက်ရှိ ကျယ်ပြောလှသော မြေပြင်ကြီးက လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့် တကယ့်ကို စိတ်လှုပ်ရှားနေခဲ့၏။
"ပေါင်ပေါင်... လျှပ်စစ်ပုစဉ်းယာဉ်ကို ဘာလို့ စမ်းမမောင်းကြည့်တာလဲ... ငါ သင်ပေးမယ်လေ..."
တန်ထိုက်ပေါင်ပေါင်၏ စူးစမ်းချင်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကျောက်လင်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
"တကယ်လား..."
"ကောင်းပြီ... ငါ မောင်းမယ်..."
တန်ထိုက်ပေါင်ပေါင်က ချက်ချင်း ပြန်ဖြေလိုက်၏။
ထို့ကြောင့် တန်ထိုက်ပေါင်ပေါင်က မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ အရှေ့ဘက်ခုံသို့ သွားကာ ကျောက်လင်၏ ပေါင်ပေါ်တွင် ထိုင်လိုက်သည်။
အဟမ်း... ကောင်းမွန်သော ခံစားချက်ပင်။
ကျောက်လင်က ခလုတ်တစ်ခုစီ၏ လုပ်ဆောင်ချက်နှင့် မည်သို့ အသုံးပြုရမည်ကို တန်ထိုက်ပေါင်ပေါင်အား ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့၏။
တန်ထိုက်ပေါင်ပေါင်သည် အလွန်ရိုးရှင်းသော စိတ်ထားရှိသူဖြစ်သည်။ သူမက စိတ်ဝင်စားသည့် အရာတစ်ခုကို စတင်လေ့လာမိသည်နှင့် တစ်ပြိုင်နက် အလွန် လျင်မြန်စွာ တတ်မြောက်လေ့ရှိသည်။
ပါမောက္ခကျောက်လင်က သူမအား တစ်ကြိမ် ရှင်းပြပြီးနောက် တန်ထိုက်ပေါင်ပေါင်သည် မောင်းသူမဲ့ယာဉ်ကို မည်သို့ မောင်းနှင်ရမည်ကို အကြမ်းဖျင်း နားလည်သွားခဲ့၏။
ထို့ကြောင့် ကျောက်လင်က နောက်ဘက်ခုံတွင် ထိုင်ကာ တန်ထိုက်ပေါင်ပေါင်သည် မောင်းသူမဲ့ယာဉ်ကို အလွန် စိတ်အားထက်သန်စွာဖြင့် မောင်းနှင်နေသည်ကို ကြည့်နေလိုက်သည်။ သူမ၏ စိတ်လှုပ်ရှားနေမှုမှာ တကယ့်ကို ချီးကျူးချင်စရာပင် ဖြစ်သည်။
တာ့လျန်တောင်တန်းမှ လောင်းရှန်းအထိ မျဉ်းဖြောင့်အကွာအဝေးမှာ လီ ၂၀၀ (ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၀၀) ခန့်သာ ရှိသဖြင့် အလွန်အမင်း မဝေးလှပေ။
မောင်းသူမဲ့ယာဉ်၏ အရှိန်ဖြင့်ဆိုလျှင် လေထဲတွင် ပတ်ပျံနေခဲ့သော်လည်း လောင်းရှန်း၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိရန် တစ်နာရီခန့်သာ အချိန်ယူခဲ့ရ၏။
လောင်းရှန်းသို့ ရောက်ရှိသောအခါ ကျောက်လင်က လေထဲမှနေ၍ ဤကျယ်ပြောလှသော တောင်တန်းဒေသကို ငုံ့ကြည့်လိုက်သည်။
တောင်အများစုမှာ သိပ်မမြင့်လှသော်လည်း သစ်တောထူထပ်စွာဖြင့် အဆုံးအစမရှိ သွယ်တန်းနေ၏။ တောင်တန်းဒေသ အများစုမှာ မြူခိုးများ ဖုံးလွှမ်းနေသဖြင့် အဆိပ်ငွေ့များဖြင့် ဖုံးလွှမ်းနေကြောင်း ထင်ရှားနေသည်။
တစ်နည်းဆိုရသော် စစ်တပ်အတွက် ဤကဲ့သို့သော တောင်တန်းများကို ဖြတ်သန်းသွားရန်မှာ မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ကျောက်လင်၏ အသိစိတ်က သွေးနဂါးခြောက်ကောင်၏ အမြင်အာရုံများကို မျှဝေခံစားရင်း ကံကြမ္မာနတ်ဘုရားအဆင့်စာရင်'နှင့် ချိတ်ဆက်ထားသဖြင့် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်သည် လောင်းရှန်းနှင့် မဝေးတော့ကြောင်းကို သူ သိလိုက်၏။
အကွာအဝေးမှာ မိုင်နှစ်ဆယ်ခန့် ရှိသည်။
နေ့ခင်းဘက်တွင် ပေနင်စီရင်စုရှိ နေရောင်ခြည်မှာ အလွန်ပြင်းထန်သည်။ မိုင်နှစ်ဆယ်ခန့်သာ ကွာဝေးသော်လည်း မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က နေ့ခင်းဘက်တွင် အလွန်လျင်မြန်စွာ ခရီးသွားရန် မဝံ့ရဲကြပေ။ ညနေစောင်းမှသာ လောင်းရှန်း၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရ၏။
"ကောင်းပြီ... မြောက်ပိုင်းကာကွယ်ရေးစစ်တပ် ဖြတ်သွားရမယ့် တစ်ခုတည်းသော လမ်းကြောင်းကို ဆုံးဖြတ်ဖို့ ပတ်ဝန်းကျင်က တောင်တွေမှာ ငါ ကင်းထောက်လုပ်မယ်..."
"မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က ရှောင်လွှဲလို့မရဘဲ ဖြတ်သွားရမယ့် လမ်းကြောင်းကို ဆုံးဖြတ်ပြီးတာနဲ့ သူတို့ကို ဘယ်နေရာမှာ ချုံခိုတိုက်ခိုက်ပြီး သင်ခန်းစာပေးရမလဲဆိုတာကို ငါ ရွေးချယ်နိုင်ပြီ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
"ပေါင်ပေါင်... လျှပ်စစ်ပုစဉ်းယာဉ်ကို ငါပဲ မောင်းလိုက်တော့မယ်..."
ကျောက်လင်က ရုတ်တရက် ပြောလိုက်၏။
မောင်းသူမဲ့ယာဉ်ကို ကိုယ်တိုင် မောင်းနှင်မှသာလျှင် ကျောက်လင်သည် မြေပြင်အနေအထားကို သေချာစွာ လေ့လာနိုင်ပြီး မြောက်ပိုင်းကာကွယ်ရေးစစ်တပ်၏ ချီတက်မည့် လမ်းကြောင်းကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
"ကောင်းပါပြီ..."
ကျောက်လင်က အလေးအနက်ထားနေကြောင်းကို တန်ထိုက်ပေါင်ပေါင်က သိနိုင်သဖြင့် ကျောက်လင်၏ အလုပ်များကို သူမက သေချာပေါက် နှောင့်နှေးစေမည် မဟုတ်ပေ။
ထို့ကြောင့် သူတို့နှစ်ယောက် နေရာချင်း လဲလိုက်ကြ၏။