← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀) သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် အားပြိုင်ခြင်း

"ဝေါင်း..."

ပျံလွှားကျားရဲအရှင်က သွေးနဂါး၏ အငွေ့အသက်ကို ချက်ချင်းပင် အမိအရဖမ်းဆုပ်လိုက်ပြီး ကျားဖြူအား ရှေ့သို့ ခုန်ဝင်စေကာ နောက်ထပ် လက်ဝါးချက်တစ်ခုဖြင့် ရိုက်ထုတ်လိုက်၏။

ကောင်းကင်ပြင်မှ ဝိညာဉ်စွမ်းအင်များ ပေါင်းစုကာ ပေတစ်ရာခန့် ရှိသော ဝိညာဉ်ကျားကြီးတစ်ကောင် ပေါ်ထွက်လာပြီး အလွန်ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လိုက်၏။

ထိုဝိညာဉ်ကျားက ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်၏။

ဤကျားဟိန်းသံသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကိုပင် တုန်လှုပ်စေ၏။ ပတ်ဝန်းကျင်ရှိ တောင်တန်းများမှ ဝိညာဉ်စွမ်းအင်အားလုံးကို ဝိညာဉ်ကျားက စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားကာ ကြီးမားလှသော လေဓားသွား မုန်တိုင်းအဖြစ် ပြောင်းလဲသွား၏။

ပြင်းထန်လှသော လေဓားသွားများက ပတ်လည်ပေတစ်ရာအတွင်းရှိ ဟင်းလင်းပြင်ကို လုံးဝ ပိတ်ဆို့သွားစေပြီး ဆက်တိုက်ဆိုသလို အပိုင်းပိုင်း ဖြတ်တောက်နေတော့၏။

ကောင်းကင်နှင့် မြေကြီးတို့ တုန်ခါနေကာ ဟင်းလင်းပြင်အပိုင်းအစတိုင်းမှာ ပြဲထွက်တော့မည့်နှယ် ဖြစ်နေ၏။

အစီအရင်၏ အကာအကွယ်နယ်ပယ်သည်ပင်လျှင် ဤလေဓားသွား မုန်တိုင်း၏ တိုက်ခိုက်မှုကို မခံနိုင်တော့ချေ။

ရုတ်တရက် သွေးနဂါး၏ ပုံရိပ်မှာ ပေါ်လာ၏။

ဤလေဓားသွား မုန်တိုင်းနှင့် ရင်ဆိုင်ရသောအခါ သွေးနဂါးမှာ တစ်ချက်မျှပင် အထိမခံနိုင်ကြောင်း သိလိုက်ရ၏။

ထို့နောက် သွေးနဂါးက မိမိ၏ ဝိညာဉ်စွမ်းအင် တစ်ဝက်ကို သွေးခဲဓားထဲသို့ ထည့်သွင်းလိုက်၏။

ချက်ချင်းဆိုသလိုပင် သွေးခဲဓားမှ အားကောင်းလှသော သွေးရောင်ဓားအရှိန်အဝါများ ထွက်ပေါ်လာပြီး သွေးနဂါး၏ ကိုယ်ခန္ဓာပတ်လည်တွင် လျင်မြန်စွာ လည်ပတ်လာသည်။

လေဓားသွားများက သွေးရောင်ဓားအရှိန်အဝါနှင့် ထိတွေ့မိသောအခါ ပြင်းထန်သော မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သွေးနဂါးမှာ ဤလေဓားသွား မုန်တိုင်းကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ခဲ့သည်။

ပျံလွှားကျားရဲအရှင်က ကျားဖြူကျောပေါ်တွင် ထိုင်လျက် သွေးနဂါး၏ အားကုန်ထုတ် ခုခံနေမှုကို အေးစက်စက် အကြည့်ဖြင့် စောင့်ကြည့်နေ၏။ သူ၏ မျက်လုံးထဲတွင် ကြွက်ကို ကြည့်နေသော ကြောင်တစ်ကောင်ကဲ့သို့ ကစားလိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

လေဓားသွား မုန်တိုင်း ငြိမ်သက်သွားသောအခါ သွေးနဂါးမှာ ယိုင်နဲ့သွားသည်။

ဤ ကျားဟိန်းသံကို ခုခံရန်အတွက် သွေးနဂါးမှာ ဝိညာဉ်စွမ်းအင် တစ်ဝက်ကို တစ်ကြိမ်တည်းဖြင့် ကုန်ဆုံးလိုက်ရ၏။

အကယ်၍ နောက်ထပ်ကျားဟိန်းသံတစ်ချက်သာ ထပ်မံရောက်ရှိလာပါက ပျံလွှားကျားရဲအရှင်၏ လက်ချက်ဖြင့် သေဆုံးရမည်ကို သွေးနဂါး ကောင်းကောင်း သိလိုက်သည်။

သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်ကြားရှိ ကွာဟချက်မှာ ဤမျှလောက်အထိ ကြီးမားနေလိမ့်မည်ဟု သွေးနဂါး အခုမှပင် နားလည်သွားတော့သည်။

သွေးနဂါးတွင် အဋ္ဌမအဆင့် သွေးခဲဓား ရှိနေသော်လည်း….

အဋ္ဌမအဆင့် သွေးခဲဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန်မှာ သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်လှသည်။

သွေးနဂါးမှာ အချိန်အကြာကြီး မတောင့်ခံနိုင်တော့ချေ။

"ကောင်လေး... မင်းက ဘယ်ဂိုဏ်းကလဲ..."

ပျံလွှားကျားရဲအရှင်က သွေးနဂါးကို ချက်ချင်း မသတ်သေးဘဲ သူ၏ နောက်ခံကို ဖော်ထုတ်ခိုင်းလိုက်သည်။

မြောက်ပိုင်းကာကွယ်ရေးစစ်တပ် စစ်သည်တစ်သိန်း သေဆုံးမှုမှာ အလွန်အရေးပါလှသည်။

ပျံလွှားကျားရဲအရှင်မှာ အင်းဆက်တစ်ရာကျောင်းတော်၏ အမိန့်အရ ဤစစ်ပွဲကို စောင့်ကြပ်ရန် တာဝန်ပေးထားခြင်း ဖြစ်၏။ အကယ်၍ စစ်ရှုံးနိမ့်သွားပါက ပျံလွှားကျားရဲအရှင်မှာ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရမည် ဖြစ်သည်။

မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို လျှို့ဝှက်တိုက်ခိုက်သူများ၏ နောက်ခံကိုပင် မသိရှိပါက ပျံလွှားကျားရဲအရှင်၏ ပြစ်ဒဏ်မှာ ပို၍ပင် ကြီးမားသွားမည် ဖြစ်သည်။

သွေးနဂါးက မထီတရီ ရယ်မောလိုက်ပြီးနောက် ကိုယ်ကိုဖျောက်ကာ အနီးရှိ သစ်တောထဲသို့ ပျံသန်းဝင်ရောက်သွား၏။

ကျောက်လင်က အစီအရင်ကို ဆက်လက်ထိန်းချုပ်ကာ သွေးနဂါး၏ အငွေ့အသက်ကို ခြင်တစ်ကောင်ကဲ့သို့ ပုံဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်လင်က အစီအရင်ကို အသုံးပြု၍ မြွေကြီးတစ်ကောင်ကို ဖန်တီးလိုက်ကာ သစ်တောထဲမှ ရုတ်တရက် ပျံထွက်လာပြီး ပျံလွှားကျားရဲအရှင်ထံ ခုန်ဝင်စေလိုက်ပြန်သည်။

အရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်၏ နယ်ပယ်ထဲတွင် ရှိနေသရွေ့ ကျောက်လင်၏ စိတ်အာရုံက အရာဝတ္ထုအမျိုးမျိုးကို ပုံဖော်နိုင်သည်။

ဤမြွေကြီးမှာ အဋ္ဌမအဆင့်ရှိ စွမ်းအားကို ပိုင်ဆိုင်ထား၏။ လေထဲတွင် ပျံသန်းစဉ် ဟိန်းဟောက်သံနှင့်အတူ လျှပ်စီးကြောင်းများပါ ပါလာပြီး ပါးစပ်ကို ဟလိုက်သည့်အခါ အရာရာကို ဝါးမြိုနိုင်မည့် အနက်ရောင်တွင်းပေါက်တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေ၏။

"ယုတ်မာလှချည်လား..."

အဋ္ဌမအဆင့် အစီအရင်တစ်ခုကို ဤတောင်တန်းဒေသတွင် ချထားမှန်း ပျံလွှားကျားရဲအရှင် သိသွားခဲ့သည်။

မနေ့က သူကိုယ်တိုင် ဝမ့်လားတောင်သို့ သွားရောက် စူးစမ်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ တစ်စုံတစ်ယောက်က အစီအရင်ကို ချထားလိမ့်မည်ဟု ပျံလွှားကျားရဲအရှင် လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယခုအခါ ပျံလွှားကျားရဲအရှင်မှာ သွေးနဂါး၏ နောက်ကွယ်တွင် ဤအဋ္ဌမအဆင့် အစီအရင်ကို ထိန်းချုပ်နေသော အစီအရင်ဆရာ တစ်ယောက်ရှိနေကြောင်း သဘောပေါက်သွားသည်။

ထို့နောက် ပျံလွှားကျားရဲအရှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျားတစ်ကောင် ထပ်မံပေါ်လာ၏။ ကျားက ဟိန်းဟောက်လိုက်ပြီး အစွမ်းမရှိသည့် မြွေကြီးကိုမှုတ်ထုတ်လိုက်၏။

တစ်ဖက်တွင်လည်း သူစီးနင်းထားသော ကျားဖြူက သွေးနဂါး၏ အငွေ့အသက်ကို ဆက်လက် ဖမ်းဆုပ်ထားသည်။

အရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်က သွေးနဂါး၏ အငွေ့အသက်ကို ဖုံးကွယ်ပေးထားသော်လည်း ကျားဖြူကမူ ခြင်၏ ပျံသန်းရာ လမ်းကြောင်းကို အမိအရ ဖမ်းဆုပ်ထားပြီး ထိုအချိန်တွင် ခြင်နောက်သို့ ခုန်ဝင်လိုက်၏။

ပျံလွှားကျားရဲအရှင်က ဝိညာဉ်ကျားကို ထိန်းချုပ်ကာ နောက်ထပ် ကျားဟိန်းသံကို ထုတ်လွှတ်လိုက်ပြန်သည်။

ပျံသန်းနေသော သွေးနဂါးမှာ မိမိရှေ့တွင် ဝိညာဉ်သလင်းကျောက်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ ကျောက်လင် ပေးလိုက်သော ရတနာဖြစ်ကြောင်း သွေးနဂါးက ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် သွေးနဂါးက ဝိညာဉ်သလင်းကျောက်ကို ဆုပ်ကိုင်ကာ အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အသည်းအသန် စုပ်ယူလိုက်သဖြင့် ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပြန်လည် ပြည့်ဝလာခဲ့သည်။

ကျားဟိန်းသံက ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော လေဓားသွားများ ထပ်မံပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ကို ပိတ်ဆို့ကာ ရက်စက်စွာ ဖြတ်တောက်နေသည်။

သွေးနဂါး၏ ပုံရိပ်မှာ ထပ်မံ ပေါ်လာရပြန်၏။ သူက သွေးခဲဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်စွမ်းအင် တစ်ဝက်ကို ထည့်သွင်းလိုက်ရာ ဓားအရှိန်အဝါများအဖြစ် ပြောင်းလဲကာ ကိုယ်ခန္ဓာပတ်လည်တွင် လည်ပတ်လာသည်။

လေဓားသွားများ မည်မျှပင် များပြားစေကာမူ ဤသွေးရောင် ဓားအရှိန်အဝါ အကာအကွယ်ကို မဖြိုဖျက်နိုင်ပေ။

တစ်ချိန်တည်းမှာပင် သွေးနဂါးက ဝိညာဉ်သလင်းကျောက်ကို ကိုယ်နှင့်ကပ်ထားပြီး ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ မိမိခန္ဓာကိုယ်၏ စွမ်းအားကို ပြန်လည် ဖြည့်တင်းနေသည်။

တိုက်ပွဲ ဆက်လက် ပြင်းထန်လာသော်လည်း သွေးနဂါး၏ ဝိညာဉ်စွမ်းအင်မှာ ပြည့်ဝနေဆဲ ဖြစ်သဖြင့် ကျားဟိန်းသံကို အဆက်မပြတ် ခုခံနိုင်နေ၏။

"ကောင်လေး... မင်း ဘယ်ဂိုဏ်းကလဲဆိုတာ ပြောပြရင် မင်းကို အသက်ချမ်းသာပေးမယ်... ဘယ်လိုလဲ..."

ပျံလွှားကျားရဲအရှင်က အေးစက်စွာ ပြောလိုက်၏။

ဤအခြေအနေထိ ရောက်နေသော်လည်း ပျံလွှားကျားရဲအရှင်မှာ သွေးနဂါးကို ချက်ချင်း မသတ်သေးဘဲ သူ၏ နောက်ခံကို ဖော်ထုတ်ခိုင်းနေသည်။

လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေဖြင့် သွေးနဂါးမှာ တိုက်ပွဲအတွင်း စကားပြောသည့် အလေ့အကျင့် မရှိပေ။ သူက တည်ငြိမ်စွာပင် ကျားဟိန်းသံ၏ တိုက်ခိုက်မှုကို ခေါင်းမာစွာ ခုခံနေသည်။

"ဟွန်း..."

"အဆုံးထိ ခေါင်းမာနေတာပဲ..."

သွေးနဂါးက မည်သို့မျှ တုံ့ပြန်မည် မဟုတ်ကြောင်း ပျံလွှားကျားရဲအရှင် သိလိုက်ရသည်။

အကယ်၍ ထိုသို့ဆိုလျှင်... အသက်ရှင်လျက် ဖမ်းဆီးလိုက်တော့မည်။

ပျံလွှားကျားရဲအရှင်က လက်ဝါးကို ထပ်မံ ရိုက်ထုတ်လိုက်၏။

ဤလက်ဝါးချက်တွင် ကောင်းကင်စွမ်းအားများ ပါဝင်နေပြီး လေထဲတွင် '王' (ဘုရင်) ဟူသော စာလုံးကြီး ပေါ်လာ၏။

ဘုရင်စာလုံး ဝိညာဉ်တံဆိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးမှာ ပြောင်းလဲသွားပြီး လောကရှိ အရာအားလုံးကို ဖိနှိပ် ချိတ်ပိတ်ထားတော့မည့်အလား ဖြစ်လာသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဤတိုက်ခိုက်မှုမှာ ပျံလွှားကျားရဲအရှင်၏ အပြင်းထန်ဆုံး အတတ်ပညာ ဖြစ်ကြောင်း သွေးနဂါးက သိလိုက်၏။

သွေးရောင် ဓားအရှိန်အဝါဖြင့် ခုခံရုံသက်သက်ဖြင့် မလုံလောက်တော့ပေ။

ထို့ကြောင့် သွေးနဂါးက နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို သွေးခဲဓားထဲသို့ ထည့်သွင်းလိုက်သည်။

ဓားအရှိန်အဝါတစ်ခု ကောင်းကင်သို့ ပျံတက်သွား၏။

ဤဓားအရှိန်အဝါက ကောင်းကင်ကို ခွဲထုတ်သွားကာ ရင်သပ်ရှုမောဖွယ် သွေးရောင်အလင်းတန်းကို ဆောင်ယူသွားသည်။

သွေးရောင်အလင်းတန်းက ဘုရင်စာလုံး ဝိညာဉ်တံဆိပ်ကို သွားရောက် ထိမှန်သွားသည်။

ဝုန်း…..

ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွား၏။

တိုက်မိသည့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်၏ စည်းစနစ်ကို ဖျက်ဆီးလိုက်ကာ တောင်တန်းကိုပင် အတင်းအကျပ် ခွဲထုတ်လိုက်တော့သည်။

စွမ်းအားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်။

တိုက်မိသည့် ခဏတာအတွင်း သွေးနဂါးက ဝိညာဉ်သလင်းကျောက်မှ စွမ်းအင်များကို အသည်းအသန် စုပ်ယူကာ စွမ်းအားကို ပြန်လည် ဖြည့်တင်းလိုက်ပြန်သည်။

"မင်း..."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"မင်းလက်ထဲက ဓားက အဋ္ဌမအဆင့် ရတနာဓားလား..."

သွေးနဂါးက သူ၏ တိုက်ခိုက်မှု သုံးချက်လုံးကို ခုခံနိုင်သည်ကို မြင်လိုက်ရသောအခါ ပျံလွှားကျားရဲအရှင် အံ့သြသွား၏။

သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်က ကိုယ့်ထက်သာလွန်သော အဋ္ဌမအဆင့် အင်းဆက်ကျင့်ကြံသူကို မည်သို့လုပ်၍ ခုခံနိုင်ရသနည်း။

ဖြစ်နိုင်ခြေတစ်ခုသာရှိ၏။ သွေးနဂါး လက်ထဲရှိ ဓားမှာ အဋ္ဌမအဆင့် ဖြစ်နေခြင်းပင်။

"ဟွန်း... မင်းရဲ့ဓားကို အရင်ဆုံး သိမ်းယူလိုက်ရင် မင်းက စဉ့်နီတုံးပေါ်က ငါးတစ်ကောင် ဖြစ်လာမှာပေါ့..."

"ငါက ပျံလွှားကျားရဲအရှင်ပဲ..."

သူက အေးစက်စွာ ပြောလိုက်၏...

All Chapters