← Chapters

ရန်သူနှင့် အရင်းအမြစ်တစ်ခုထဲ (၃)

Vol. 65 Ch. 1073

ရန်သူနှင့် အရင်းအမြစ်တစ်ခုထဲ (၃)

Vol. 65 Ch. 1073

လင်းရှန် ခေါင်းငြိမ့်လိုက်သည်။

“ငါလည်း ဒါကို တွေးဖူးပါတယ်။ လူသားခန္ဓာကိုယ်ထဲမှာ စွမ်းအင်သလင်းကျောက်တစ်ခု ကြီးထွားလာတာက ကြည့်ရတာ သန္ဓေပြောင်းမွန်းစတားတွေနဲ့ တစ်ထပ်တည်းပဲ”

သူက ပုခုံးတွန့်ပြရင်း တင်းကျန်းရီကို ပြန်ကြည့်သည်၊၊

“ဒါပေမဲ့ ဒါက ကနဦးအကြောင်းအရာဆီကိုပဲ ပြန်လည်ပတ်သွားတာပဲလေ။ အရင်းအမြစ်တစ်ခုတည်းဆိုတာ အမှောင်စွမ်းအင်ဖြစ်နေမှတော့ လူသားတွေရဲ့ စွမ်းအားဆင့်ကဲပြောင်းလဲမှုနဲ့ သန္ဓေပြောင်းမွန်းစတားတွေကြားက ဆင်တူယိုးမှားဖြစ်မှုက အဓိပ္ပာယ်ရှိတာပဲ။ အဲဒါက ဘာပြဿနာမှ မရှိဘူးမဟုတ်ဘူးလား”

“ကျွန်မပြောတဲ့ အရင်းအမြစ်တစ်ခုတည်းဆိုတာ အောက်ဆီဂျင်ကို ပြောတာမဟုတ်ဘူး။ တစ်ဦးချင်းစီရဲ့ တည်ရှိမှုကို ပြောတာ”

တင်းကျန်းရီက ဘေးဘက်သို့ လျှောက်သွားရာ သူမ၏ အစိမ်းရောင်အဝတ်အစားများက ချက်ချင်းပင် ညှိုးနွမ်းကာ ကွာကျသွားသည်။ သူမသည် ကုတင်ဘေးမှ စာရွက်စာတမ်းတစ်ခုကို ယူ၍ လင်းရှန်ထံသို့ လှမ်းပစ်ပေးလိုက်ပြီးနောက် အဝတ်အစားတစ်စုံကို ရှာကာ ဖြည်းညှင်းစွာ ဝတ်ဆင်နေသည်၊၊

“ဒါကိုကြည့်လိုက်”

လင်းရှန်လည်း ၎င်းမှာ သူရင်းနှီးပြီးသားဖြစ်သည့် အိန်ဂျယ်စီမံကိန်း၏ အစောပိုင်းလျှို့ဝှက်ဖိုင်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အကြောင်းမူကား သူ ပိုင်ဝမ်မြို့တွင်ရှိနေစဉ်ကတည်းက ကီကီက သူ့ကို ပြဖူးသောကြောင့် ဖြစ်သည်။

“ငါ ဒါကိုမြင်ဖူးပါတယ်။ စွမ်းအားရှင်တွေရဲ့ အစောပိုင်းဆန်းစစ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပဲ။ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုးဆိုတဲ့ ဝေါဟာရကလည်း ဒီအိန်ဂျယ်စီမံကိန်းကနေ စတင်မြစ်ဖျားခံလာတာပဲ”

လင်းရှန်က စာမျက်နှာများကို လှန်လှောရင်း ပြောလိုက်သည်။

“စွမ်းအားစနစ်၊ အမြင့်ဆုံးတန်ဖိုးဆန်းစစ်ချက်... နောက်ပိုင်းကျမှ ဖီးနစ်က ဒီအခြေခံပေါ်မှာပဲ ပိုပြီးပြည့်စုံအောင်လုပ်ခဲ့တာလေ”

တင်းကျန်းရီသည် အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ပြီးနောက် ကုတ်အင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်ကာ ဆံပင်များကို ခါယမ်းရင်း လင်းရှန်ထံသို့ တည့်တည့်လျှောက်လာခဲ့သည်။ ထို့နောက် စာရွက်စာတမ်း၏ စာမျက်နှာတစ်ခုကိုလှန်ကာ အဆုံးသတ်နေရာကို လက်ညှိုးထိုးပြလိုက်၏။

လင်းရှန် ကြည့်လိုက်ရာ သူ၏မျက်ခုံးများ ကျုံ့သွားရသည်။

“နိုးထမှုလွန်ကဲခြင်းနဲ့ စွမ်းအားရှင်ဖုတ်ကောင်တွေ... ဒါကိုလည်း ငါမြင်ဖူးတယ်။ အချို့စွမ်းအားရှင်တွေဟာ နိုးထပြီးတာနဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးက ဗာဂျရာအဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့အဆင့်ကို တိုက်ရိုက်ရောက်သွားကြတယ်။ ညလမ်းလျှောက်သူအဖွဲ့အစည်းက ကျိုးဝူလို့ခေါ်တဲ့ လူတစ်ယောက်ဆီကနေ ကျွန်တော် ကြားဖူးတယ်။ သူက အဲဒီလိုမျိုးပဲ။ ပြီးတော့ ဝမ်ကျိုးလည်းပါတယ်။ ဖီးနစ်ထဲက ပညာရှင်အတော်များများကလည်း ဒီလိုပဲလေ။ အဲဒီတော့ ဒီစွမ်းအားတွေ ရုတ်တရက်ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းက...”

ဖျတ်… လင်းရှန်က စာရွက်စာတမ်းကို ပိတ်လိုက်ပြီး တင်းကျန်းရီကို စိုက်ကြည့်ကာ “တိုက်ရိုက်ပဲပြောလိုက်ပါတော့”

တင်းကျန်းရီက အသက်ပြင်းပြင်းတစ်ချက်ရှူကာ လင်းရှန်ကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။

“ရှင် ဘယ်လိုထင်လဲ... စွမ်းအားရှင်တစ်ယောက်ရဲ့ စွမ်းအားတွေ အလိုလိုနေရင်း လေထဲပျောက်ကွယ်သွားတာဟာ သတ်မှတ်ထားတဲ့ သန္ဓေပြောင်းမွန်းစတားတစ်ကောင်ကောင်ကို အမြစ်ပြတ်ချေမှုန်းလိုက်တာနဲ့ ဆက်စပ်မှုရှိနေလိမ့်မယ်လို့လေ”

လင်းရှန် ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားပြီး ချက်ချင်းပင် အသက်ရှူရပ်လုမတတ်ဖြစ်သွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။

“ဒါ... ဒါက မင်းပြောတဲ့ ရန်သူနဲ့ အရင်းအမြစ်တစ်ခုတည်းဆိုတဲ့ သဘောလား”

တင်းကျန်းရီက ခေါင်းအနည်းငယ်စောင်း၍လှည့်ကြည့်ကာ “တကယ်လို့ တားမြစ်ပစ္စည်းတွေနဲ့ ကပ်ဘေးအပင်တွေဟာ အမှောင်ကမ္ဘာရဲ့ သဘာဝဖြစ်စဉ်တွေအဖြစ် ထူးခြားမှုကနေ ပုံရိပ်ထင်ဟပ်လာတာဆိုရင် လူသားစွမ်းအားရှင်တွေဟာလည်း အပြာရောင်ဂြိုလ်ပေါ်က သက်ရှိတွေထဲမှာ အဆင့်မြင့်ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ပုံရိပ်ထင်ဟပ်မှုဖြစ်နေတယ်ဆိုတာ အပြည့်အဝနားလည်လို့ရသွားပြီပဲ”

“နားလည်သွားပြီ ဟုတ်လား”

“အရမ်းထိတ်လန့်စရာကောင်းတဲ့ ကောက်ချက်တစ်ခုမလား”

“ကောင်းကင်ပြိုကျလာတာထက်ဆိုးနေတယ်”

လင်းရှန်၏မျက်နှာက ပို၍ တည်တံ့လေးနက်သွားသည်၊၊

“တကယ်သာ အဲဒီလိုဆိုရင် လူသားတွေရဲ့ စွမ်းအားဆင့်ကဲပြောင်းလဲမှုအားလုံးက အဓိပ္ပာယ်မဲ့သွားပြီပေါ့”

တင်းကျန်းရီသည် လင်းရှန်၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းမိပုံရပြီး လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲသို့ ထည့်ကာ အားပေးနှစ်သိမ့်သည့်လေသံဖြင့် သူ့ကိုကြည့်ရင်း ပြောသည်။

“အံ့ဩမနေပါနဲ့။ တကယ်တော့ ဒီအချက်ကို သက်သေပြနိုင်ရင် တစ်ဖက်ကကြည့်ရင် လူသားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာနိုင်တယ်”

လင်းရှန်က အသံတိတ်ပြုံးလိုက်သည်၊၊

“စွမ်းအားရှင်တွေ… အထူးသဖြင့် သလင်းကျောက်ဆင့်ကဲပြောင်းလဲထားတဲ့ စွမ်းအားရှင်တွေဟာ ကမ္ဘာပျက်ကပ်အကျပ်အတည်းကို ရင်ဆိုင်ဖို့အတွက် စတားဖလိ့စစ်တပ်နဲ့ အင်ပါရာပရောဂျက်ကလွဲရင် လူသားတွေရဲ့ အကြီးမားဆုံး အားကိုးရာဖြစ်နေတာပဲ။ အဖွဲ့အစည်းအသီးသီးက စွမ်းအားရှင်တွေကို ဆင့်ကဲပြောင်းလဲဖို့၊ အဆင့်တက်ဖို့နဲ့ ပိုမြင့်မားတဲ့အတားအဆီးတွေကို ချိုးဖြတ်ပြီး လူသားယဉ်ကျေးမှုကို ကယ်တင်နိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့ အသည်းအသန်ကြိုးစားနေကြတာလေ။ အခုဆို စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး ၂၀၀၀၀ရှိတဲ့ စွမ်းအားရှင်တစ်ယောက်က အထူးအဆင့်မွန်းစတားတစ်ကောင်ကို အနိုင်တိုက်နိုင်နေပြီ။ လူတိုင်းက စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးက ငါးသောင်း ဒါမှမဟုတ် တစ်သိန်းအထိဆို S-Class အဆင့်၊ ဖုတ်ကောင်သိုးထိန်း ဒါမှမဟုတ် ကမ္ဘာ့အဆင့်သတ္တဝါတွေကိုတောင် လူသားတွေ အနိုင်တိုက်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတယ်။ အခု မင်းက စွမ်းအားရှင်တွေဆိုတာ လူသားလောကထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ပုံရိပ်ထင်ဟပ်မှုတွေပါလို့ ကမ္ဘာကို ပြောလိုက်ရင် လူသားတွေအနေနဲ့ အမှောင်ထုထဲက အဲဒီမိစ္ဆာကောင်တွေကို အနိုင်တိုက်ဖို့ ဘယ်လိုမှ အခွင့်အရေးမရှိတော့ဘူးလို့ဆိုလိုတာပဲ မဟုတ်ဘူးလား”

တင်းကျန်းရီက ပုခုံးတွန့်ပြသည်၊၊

“တကယ်လို့ ဒီသီအိုရီက မှန်ကန်ကြောင်းသက်သေပြနိုင်ရင် စဉ်းစားစရာလမ်းကြောင်းအချို့ ရှိလာလိမ့်မယ်။ ပထမတစ်ခုက ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်သေဆုံးသွားရင် စွမ်းအားရှင်တစ်ယောက်ရဲ့ စွမ်းအားတွေ ပျောက်ကွယ်သွားတတ်တယ်ဆိုရင် စွမ်းအားရှင်တစ်ယောက်သေဆုံးသွားရင်ရော ထူးဆန်းတဲ့ သတ္တဝါတွေအပေါ် သက်ရောက်မှုရှိနိုင်မလား။ ဒါက အစွန်းရောက်တဲ့ အတွေးအခေါ်ပေါ့။ ဒုတိယကတော့ ဂိမ်းသီအိုရီအရကြည့်ရင် လောလောဆယ်မှာ S-Class အဆင့်၊ ဖုတ်ကောင်သိုးထိန်း ဒါမှမဟုတ် ကမ္ဘာ့အဆင့်တွေကို တစ်ကိုယ်တော်ရင်ဆိုင်နိုင်တဲ့ စွမ်းအားရှင်မရှိသေးဘူး။ တကယ်လို့ တစ်ယောက်ယောက်က လုပ်နိုင်ခဲ့ရင် စွမ်းအားရှင်တွေရဲ့ မဟာဗျူဟာမြောက်တန်ဖိုးက အဆမတန်မြင့်တက်လာလိမ့်မယ်။ တတိယကတော့ မျှခြေအမြင်အရ ကြည့်ရင် စွမ်းအားရှင်တွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေဟာ တူညီတဲ့ မဟာဗျူဟာမြောက်ဟန့်တားမှုစွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုရင် လူသားတွေရဲ့ နည်းပညာစွမ်းအားက တိုက်ပွဲချိန်ခွင်လျှာကို တိမ်းစောင်းသွားစေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့အချက်တစ်ချက်ဖြစ်လာနိုင်မလား”

လင်းရှန် ခေါင်းကိုက်သွားကာ မျက်လုံးများကို ပိတ်လိုက်ပြီး “ဟာသပဲ။ တကယ်လို့ စွမ်းအားရှင်တွေက ထူးဆန်းတဲ့သတ္တဝါတွေနဲ့တူညီတဲ့ မဟာဗျူဟာမြောက်ဟန့်တားမှုစွမ်းအားကို ထိန်းထားနိုင်ရင် အာရုဏ်ဦးမြို့တော်က ဒီလောက်အထိနာခဲ့မှာ မဟုတ်ဘူး”

တင်းကျန်းရီ၏ အကြည့်များက သူ့ထံတွင် စူးစိုက်နေသည်၊၊

“ဒါက အမှောင်ယဉ်ကျေးမှုက ကျွန်မတို့မှာ ဒီအချက်ကိုနားလည်ထားပြီး တန်ပြန်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတယ်ဆိုတာကို သိထားတဲ့အချက်ပေါ်မှာ အခြေခံထားတာပဲ”

လင်းရှန် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးပွင့်လာပြီး တစ်ကိုယ်လုံးအနည်းငယ် တုန်ရင်သွားကာ တင်းကျန်းရီ၏ အကြည့်နှင့် ဆုံသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူသည် နောက်သို့ ဖြည်းညှင်းစွာ နှစ်လှမ်းခန့်ဆုတ်လိုက်မိပြီး အတွေးများရှုပ်ထွေးသွားသည်။ တင်းကျန်းရီ၏ စကားများက ယူဆချက်မျှသာဖြစ်သော်လည်း ဤအမြင်က ကမ္ဘာပေါ်က နက်နဲလှသည့် လျှို့ဝှက်ချက်များစွာကို တစ်ပြိုင်နက်တည်း အလင်းပြသွားသည်။ သူ့၏မှတ်ဉာဏ်များကို အဆက်မပြတ်ပြန်လည်ရှာဖွေပြီး စဉ်းစားလေ ပို၍ပင် ကြက်သီးထလာလေပင်၊၊

အကယ်၍ တင်းကျန်းရီ ပြောတာသာ မှန်နေရင် လူသားတွေက အမှောင်ထုအပေါ် ဟန့်တားနိုင်တဲ့ သက်ရောက်မှုက ဒါနဲ့ အများကြီးသက်ဆိုင်နေလိမ့်မယ်။

“လရောင်စီမံကိန်း...”

“S-Class အဆင့်နဲ့ ချိတ်ဆက်ခြင်း...”

လင်းရှန်က အသံတိုးတိုးဖြင့် ရေရွတ်ရင်း သူ သမုဒ္ဒရာပတ်လမ်းထဲသို့ ဝင်ရောက်စဉ်က ယဲ့လန်ပြခဲ့သည့် ညလမ်းလျှောက်သူအဖွဲ့အစည်း၏ သလင်းကျောက်မွေးမြူခြင်းစမ်းသပ်မှုမှတ်တမ်းများကို ရုတ်တရက် သတိရမိသွားသည်။

ထိုစမ်းသပ်မှုမှတ်တမ်းထဲတွင် စာရင်း၌ပါသော စွမ်းအားရှင်အားလုံးနီးပါးသည် သလင်းကျောက်ဖြစ်တည်လာပြီးနောက် စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး ၁၀၀၀၀ကို ကျော်လွန်သွားကြပြီး ဗန်နက်ဆာပြောခဲ့သလိုပင် စွမ်းအားအမြင့်ဆုံးတန်ဖိုး နှစ်ဆ သို့မဟုတ် ထိုထက်မက တိုးတက်လာခဲ့ကြသည်။ သို့သော် တစ်ဦးချင်းစီ၏ အချက်အလက်အောက်ခြေရှိ လေ့လာစောင့်ကြည့်မှုမှတ်တမ်းများတွင် သလင်းကျောက်ဖြစ်တည်ပြီးနောက် လူအတော်များများသည် တိုတောင်းသောအချိန်ကာလတစ်ခုအတွင်း ထူးဆန်းသော စိတ်အာရုံချောက်ခြားမှုများကို ကြုံတွေ့ခဲ့ရကြောင်း သူ သတိပြုမိခဲ့သည်။ ထိုစိတ်အာရုံချောက်ခြားမှုများက လင်းရှန် အာရုဏ်ဦးမြို့တော်ရှိ ဖုတ်ကောင်သိုးထိန်းမှတစ်ဆင့်မြင်တွေ့ခဲ့ရသည်များနှင့် အလွန်ဆင်တူနေပြီး အချို့က အမှောင်ထု၊ အချို့က ပင်လယ်နက်… အားလုံးက ထူးဆန်းသော မြင်ကွင်းများချည်းဖြစ်သည်။

ပို၍ ထူးဆန်းသည်က ထင်ရှားစွာ မြင့်မားလှသော စွမ်းအားတန်ဖိုးရှိသည့် လူအချို့မှာမူ... သန္ဓေပြောင်းလဲသွားကြခြင်း ဖြစ်သည်။

“သူတို့ မြင်ခဲ့ရတာတွေက စိတ်အာရုံချောက်ခြားတာမဟုတ်ဘူး...”

လင်းရှန်က ယခုအခါ တင်းကျန်းရီကို ကြည့်လိုက်ပြီး အလွန်လေးနက်သောအမူအရာဖြင့် “တကယ်လို့ မင်းရဲ့ သီအိုရီမှန်ခဲ့ရင် သလင်းကျောက်ဆင့်ကဲပြောင်းလဲထားတဲ့သူတွေ မြင်ခဲ့ရတာက အဲဒီထူးဆန်းတဲ့သတ္တဝါတွေရဲ့ အမြင်ဘက်ခြမ်းဖြစ်ဖို့ အများကြီးသေချာနေတယ်”

တင်းကျန်းရီက မျက်မှောင်ကြုတ်ထားပြီး တိတ်ဆိတ်နေဆဲဖြစ်၏။

လင်းရှန် တစ်ခုခုကို သဘောပေါက်သွားကာ ရုတ်တရက် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း တင်းကျန်းရီက သူ့ကို တားလိုက်သည်။

“ရှင် အခု မိုနီကာရဲ့ သလင်းကျောက်မွေးမြူခြင်းကို ဖျက်သိမ်းလိုက်ရင် သူမ သေသွားနိုင်တယ်။ ရှင့်ရဲ့ အတွေးတွေကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ဒါက ကျွန်မရဲ့ ယူဆချက်တစ်ခုပဲဆိုတာ ရှင်သိပါတယ်။ ပြီးတော့ ကျွန်မရဲ့ ယူဆချက်က မှန်နေတယ်ဆိုရင်တောင် ဒါက သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုနဲ့ ဘာမှမဆိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့စွမ်းအားတွေ နိုးထလာကတည်းက ဒီလိုပုံရိပ်ထင်ဟပ်မှုချိတ်ဆက်မှုက ဖြစ်တည်ပြီးသားဖြစ်နေလို့ပဲ။ ဒါမှမဟုတ် အဲဒီထူးဆန်းတဲ့ သတ္တဝါက သူတို့ကိုရှာတွေ့ထားပြီးသားလို့ ပြောရမယ်”

All Chapters