ရန်သူနှင့် အရင်းအမြစ်တစ်ခုထဲ (၄)
Vol. 65 Ch. 1074
လင်းရှန် ခြေလှမ်းများ ရပ်တန့်သွားပြီး အကြည့်များ ပြောင်းလဲသွားကာ အေးစက်စွာဖြင့် ကျိန်ဆဲမိတော့သည်။
“တကယ့်ကို ရှုပ်ထွေးပွေလီတဲ့ ယဉ်ကျေးမှုပဲ”
သူက တင်းကျန်းရီဘက်သို့ ပြန်လှည့်ကာ “ဒါရိုက်တာတင်း... မင်းရဲ့ သီအိုရီက အကျိုးပြုနိုင်တယ်လို့ ငါထင်တယ်။ ဒီလမ်းကြောင်းအတိုင်းဆက်ပြီး သုတေသနလုပ်နိုင်ပါတယ်။ ငါ့မှာ စိတ်ခံစားမှုတစ်ခုရှိနေတယ်။ ဒီလမ်းကြောင်းအတိုင်းသွားရင် စွမ်းအားတွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေအပေါ် ပိုပြီး နားလည်လာလိမ့်မယ်။ အခု ငါတို့ စွမ်းအားရှင်တွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေကြားက ဒီပုံရိပ်ထင်ဟပ်မှုဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ သေချာအောင် လုပ်ရမယ်။ တစ်ဖက်သတ်လား ဒါမှမဟုတ် နှစ်ဖက်စလုံးလား။ စွမ်းအားရှင်တစ်ဦးချင်းစီရဲ့ ဆင့်ကဲပြောင်းလဲမှုက ထူးဆန်းတဲ့သတ္တဝါတွေအပေါ် သက်ရောက်မှု ရှိလား။ ပြီးတော့ အရေးကြီးဆုံးက စွမ်းအားရှင်တစ်ယောက်သေဆုံးတာက ထူးဆန်းတဲ့သတ္တဝါတွေနဲ့ တကယ်ပဲ သက်ဆိုင်နေမလားဆိုတာပဲ။ ဒါတွေက တကယ်ပဲ ဟန့်တားမှုဆိုင်ရာအချက်အလက်တွေ ဖြစ်လာနိုင်တယ်”
လင်းရှန်က ပြောပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်၊၊
“ဖြစ်နိုင်တာက ဒါကြောင့်လည်း ဟွာရှောင်လင်းက ငါတို့ဆီ ချဉ်းကပ်လာတာဖြစ်လိမ့်မယ်။ ငါနားမလည်တာက ငါတို့ဆီမှာ အဲဒီလိုဟန့်တားမှုစွမ်းအားမျိုးရှိနေတာကို မသိရှိခဲ့ကြပုံပဲ”
“ဖြစ်နိုင်တာက ရှင်သိထားပြီးသားလည်း ဖြစ်နိုင်ပါတယ်”
တင်းကျန်းရီက လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲ ထည့်ကာ တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။
လင်းရှန်က ရယ်မောလိုက်ပြီး “ပွင့်ပွင့်လင်းလင်းပြောရရင် ဆင့်ကဲပြောင်းလဲပြီးနောက် စွမ်းအားရှင်တွေမှာ ဒီလိုစိတ်အာရုံချောက်ခြားမှုတွေရှိလာတယ်ဆိုရင် အဲဒီလိုဖြစ်စဉ်မျိုး၊ ဒါမှမဟုတ် အဲဒီလိုတည်ရှိမှုမျိုး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်းရှိနေတာ အမှန်ပဲပေါ့”
ထို့နောက် လင်းရှန်က လှည့်ထွက်လာခဲ့ပြီး တွဲ ၂ သင်္ဘောကိုယ်ထည်ရှိရာဘက်သို့ ချက်ချင်းပင် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာခဲ့သည်။
ကြယ်သင်္ဘော၏ အတွင်းဘက်စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ လင်းရှန်၏နားထဲတွင်မူ တင်းကျန်းရီ ပြောခဲ့သည့် စကားများကသာ ထပ်ခါတလဲလဲပဲ့တင်ထပ်နေပြီး စဉ်းစားလေ… ပို၍ထိတ်လန့်တုန်လှုပ်မိလေဖြစ်နေ၏။ သူ အနန္တရထားပေါ်တွင်ရှိနေစဉ်တုန်းက စွမ်းအားရှင်တွေရဲ့ စွမ်းအားတွေ ဘာလို့ ရုတ်တရက်ပျောက်ကွယ်သွားရတာလဲဟူသော ကီကီ၏ မေးခွန်းကို ပြန်လည်သတိရမိသွားသည်။ သို့သော် သူ ရှေ့ဆက်လျှောက်လှမ်းလာခဲ့သည့် ခရီးတစ်လျှောက်တွင်မူ စွမ်းအားရှင်တစ်ယောက်ယောက်က ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရသည်ကို အမှန်တကယ်မမြင်တွေ့ခဲ့ဖူးချေ။ သို့မဟုတ် သူကိုယ်တိုင်ကပဲ သတိမထားမိခဲ့ခြင်းလည်းဖြစ်နိုင်သည်။
သူ၏မူလရည်ရွယ်ချက်မှာ မြူမီးခိုးမွန်းစတားထဲမှ သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို အသုံးချကာ ပစိဖိတ်သမုဒ္ဒရာရှိ အမှတ် ၁၃ တွင်းနက်ကို စုံစမ်းစစ်ဆေးရန်နှင့် ဖောင်ဒေးရှင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဖြစ်သည်။ ဖီးနစ်သည် အသက်ရှင်ကျန်ရစ်သူ လူသားများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ‘ဟန့်တားခြင်းခေတ်’ နှင့် ‘စတားဖိုင်းယားစီမံကိန်း’ တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်ချိနေခဲ့သည်။ ယဲ့လန်တွင်လည်း ထိုသို့သော အတွေးမျိုးရှိနေခဲ့၍သာ ချူယန်နှင့်လမ်းခွဲကာ သီးခြားစီလှုပ်ရှားရန် ရွေးချယ်ခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော် ယခုအခါ အခြားရှုထောင့်တစ်ခုမှပြန်ကြည့်မည်ဆိုလျှင် ချူယန်သည် အမှောင်ဂိုဏ်းများ၏ ပစ်မှတ်ထားခြင်းကိုခံခဲ့ရသည်။ ၎င်းမှာ သူတို့က ဓားကိုင်ဆောင်သူ သို့မဟုတ် တောင်ဘက်ကောင်းကင်ဂိတ်ကြောင့်တင် မဟုတ်လောက်တော့ချေ။
ဤအချက်ကို တွေးမိသောအခါ လင်းရှန်၏စိတ်ကူးများ ရှုပ်ထွေးသွားရသည်။ သူသည် ကြယ်နက်ပန်းပဲဖိုမှတစ်ဆင့် ချူယန်ထံသို့ တိုက်ရိုက်ဆက်သွယ်ရန် ပြင်လိုက်သည်။ အစပိုင်းတွင် ရက်အနည်းငယ်ခန့်အနားယူရန် စိတ်ကူးထားသော်လည်း ယခုအခါတွင်မူ ကြက်သွေးရောင်ကောင်းကင်ကို ရင်ဆိုင်ရန် တောင်အမေရိကသို့ သွားမည့်ခရီးစဉ်ကို အရှိန်မြှင့်တင်ရတော့မည် ဖြစ်သည်။
ရှီး၊၊
ရေခဲမှတ်အိပ်စက်ခြင်းခန်း၏ အလိုအလျောက်တံခါးပွင့်သွားပြီး အေးစက်သောလေထုက အပြင်သို့ တိုးဝှေ့ထွက်လာသည်။ လင်းရှန် ချက်ချင်းပင် အတွင်းသို့လှမ်းဝင်လိုက်ပြီး မိုနီကာ၏ အခြေအနေကို အရင်ဆုံးစစ်ဆေးလိုက်၏။
ထိုအချိန်တွင် အအေးခန်းအိပ်စက်အခန်းငယ်ထဲ၌ လှဲလျောင်းနေသော မိုနီကာ၏ ရှင်သန်မှုလက္ခဏာများက ကောင်းမွန်နေပြီး သူမ၏မျက်နှာတွင်လည်း နာကျင်နေသည့်အမူအရာမျိုးမရှိတော့ချေ။ သူမ၏ရင်ဘတ်ပေါ်ရှိ သလင်းကျောက်မွေးမြူခြင်းစက်ပစ္စည်းပေါ်တွင်မူ အနီရောင်သွေးကြောတန်းများက အဆက်မပြတ်လည်ပတ်နေပြီး သေးငယ်သော်လည်း ပြင်းထန်လှသည့် အမှောင်စွမ်းအင်တုန်ခါမှုတစ်ခုက နှလုံးခုန်သံကဲ့သို့ တဒုတ်ဒုတ်လှုပ်ရှားနေသည်။ အိပ်မောကျနေသည့် မိုနီကာကို ကြည့်ရင်း လင်းရှန်၏မျက်နှာတွင် ရှုပ်ထွေးသောအမူအရာတစ်ခုဖြစ်ပေါ်လာကာ စိတ်ထဲ၌ ဖြစ်နိုင်ခြေပေါင်း ထောင်သောင်းချီ၍ စဉ်းစားမိနေလေသည်။
သူက မိုနီကာ၏ အခန်းဘေးတွင် ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူ၏အသိစိတ်ကို ကြယ်နက်ပန်းပဲဖို၏ အာကာသနေရာလွတ်ထဲသို့ ဝင်ကာ ချူယန်ကို ခေါ်လိုက်သည်၊၊
“ချူယန်... ငါပြောတာကြားရလား”
အချိန်အတော်ကြာပြီးနောက် ကြယ်နက်ပန်းပဲဖို၏ အနက်ရှိုင်းဆုံးနေရာဆီမှ တိုးညှင်းသောအသံတစ်ခု နောက်ဆုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ကြားရတယ်...”
သူ၏စိတ်အာရုံက နစ်မြုပ်သွားပြီး သမုဒ္ဒရာကိုဖြတ်ကျော်ကာ တစ်စုံတစ်ခုသောနေရာတစ်ခုဆီသို့ ချက်ချင်းပင် ချိတ်ဆက်သွားခဲ့သည်။ လင်းရှန် မျက်လုံးပွင့်လာသောအခါ ပျက်စီးယိုယွင်းနေသည့် တိုက်ခန်းကျဉ်းလေးတစ်ခုကို မြင်လိုက်ရ၏။ ပြတင်းပေါက်ကို သံချေးတက်နေသည့် သံတံခါးဖြင့် ပိတ်ဆို့ထားပြီး အခန်းတွင်းရှိ အရာအားလုံးက ဆွေးမြည့်ကာ နံစော်နေပြီး တစ်ဝက်တစ်ပျက်ရှိနေသည့် လိုက်ကာများဆီမှ မှိုနံ့များလှိုင်နေသည်။ ကြမ်းပြင်ပေါ်တွင်မူ အလင်းရောင်ရရှိရန်အတွက် အေးစက်သောအလင်းတန်းမီးအိမ်တစ်ခုကိုသာတွေ့ရ၏။ အဆင့်မြင့်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးအပြည့်စွပ်ထားသည့် ချူယန်သည် ပြတင်းပေါက်နားတွင် မတ်တတ်ရပ်ကာ အက်ကြောင်းများကြားမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေသည်။
ဒီဘက်မှာတော့ ညအချိန်ဖြစ်နေပြီပဲ။
ချူယန်က လင်းရှန် ရောက်ရှိလာသည်ကို သတိပြုမိသွားကာ နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“နင်က အချိန်ရွေးတာ တကယ်ကိုကွက်တိပဲ”
လင်းရှန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး “နောက်ဆုံးအကြိမ် မစ်ရှင်မှာ မင်းနဲ့တွေ့တုန်းက မင်း ဌာနချုပ်ကို ပြန်ရောက်တဲ့အထိ စောင့်ပြီးမှ ဆက်သွယ်မလို့ပဲ”
“ပရော်ဖက်ဆာယဲ့ကို ဆက်သွယ်ချင်လို့လား”
ချူယန်က ပြောသည်။
“ငါ အခု ပြန်လာနေပြီ။ ကြယ်တာရာဓာတ်ခွဲခန်းက တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ချိတ်ဆက်ဖို့ တခြားဆက်သွယ်ရေးနည်းလမ်းတွေကို စမ်းသပ်နေတုန်းပဲ။ ဒါပေမဲ့ အခုထိတော့ ဘာတိုးတက်မှုမှ မရှိသေးဘူး”
“ဘာဖြစ်လို့လဲ” လင်းရှန် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
ချူယန်က သူ့ကို လှည့်ကြည့်ကာ “တွင်းနက်က နောက်ထပ်တစ်ကြိမ် လှုပ်ရှားမှုစတင်နေပြီ”
“ချဲ့ထွင်နှုန်းမြန်လာတာလား” လင်းရှန်က မေးသည်။
“မဟုတ်ဘူး”
ချူယန်က ဘေးသို့ အနည်းငယ်ဖယ်ပေးလိုက်ပြီး “အမှောင်ဒီရေနဲ့အတူ ကြက်သွေးရောင်ကောင်းကင်က ဆင်းသက်လာနေတယ်။ အဲဒီမြူထုဖုံးလွှမ်းသွားတဲ့နေရာတွေမှာ ဘယ်တော့မှ အာရုဏ်ဦးဆိုတာ ရှိလာမှာမဟုတ်တော့ဘူး”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး အနားသို့ တိုးကပ်ကာ အက်ကြောင်းကြားမှတစ်ဆင့် အပြင်ဘက်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ့၏မျက်ခုံးများ ပြင်းထန်စွာကျုံ့သွားရတော့သည်။
အပြင်ဘက်က ကမ္ဘာသည် လူသားတို့သိထားသလို ညမမှောင်တော့ချေ။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှာ ကြက်သွေးရောင်နှင့် မင်ရည်ကဲ့သို့ စုတ်ချက်အမည်းရောင် ကွက်တိကွက်ကြားများအဖြစ် စုတ်ပြဲနေပြီး ကတ္တရာစေးလောင်ကျွမ်းသည့်အနံ့အသက်များပါရှိသော ပြင်းထန်လှသည့် မုန်တိုင်းကြီးများက ငရဲပြည်၏ လျှာကြီးက ကမ္ဘာမြေကို လျက်နေသကဲ့သို့ စွန့်ပစ်မြေရိုင်းပြင်ကြီးကို တိုက်ခတ်နေသည်။ သံမဏိစွမ်းအင်တာဝါတိုင်ကြီးများသည် ထိုကြက်သွေးရောင်မုန်တိုင်းထဲတွင် ကောင်းကင်သို့ မော့၍ ငိုကြွေးနေကြသည့် အရိုးစုကြီးများကဲ့သို့ လိမ်တွန့်နေပြီး မြေပြင်မျက်နှာပြင်မှာလည်း အဆက်မပြတ်အက်ကွဲနေကာ ကမ္ဘာကြီးတစ်ခုလုံးသည် တိုက်စားခြင်းအပူပိုင်းမုန်တိုင်းတစ်ခုအောက်တွင် ကျရောက်နေသကဲ့သို့ပင်၊၊
လူသားတို့၏ မြို့ပြကြီးများသည် အက်ကွဲကြောင်းများပြည့်နှက်နေသည့် စွန့်ပစ်မြေရိုင်းပြင်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီး အဝေးက ကမ္ဘာ့အနားသတ်ကောင်းကင်ယံတွင်မူ ကြက်သွေးရောင်များဖြင့် တွန့်ခေါက်နေကာ လောင်ကျွမ်းနေသည့် ဧရာမမိစ္ဆာနတ်ဘုရားကြီးတစ်ပါးကဲ့သို့ ဖော်ပြ၍မရနိုင်သော အရိပ်မည်းကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားတွင် မတ်တတ်ရပ်နေ၏။ ထိုအရာကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ရုံမျှဖြင့် ဦးခေါင်းထဲတွင် မူးဝေလာသကဲ့သို့ ခံစားရစေသည်။ ထိုအရိပ်တိုင်ကြီး၏ ထိပ်ဖျားပိုင်းမှာ ဆဋ္ဌဂံပုံစံ အပေါက်ပေါင်းထောင်သောင်းချီ၍ ကွဲထွက်နေပြီး အခြားတစ်ဖက်တွင်မူ ရူပဗေဒနိယာမများကိုဆန့်ကျင်ကာ အခက်အလက်များစွာအဖြစ် အဆုံးမဲ့ဖြာထွက်နေကာ တည်ဆောက်ပုံအားလုံးက ဖြည်းညှင်းစွာလှုပ်ခတ်နေသည်။ လင်းရှန်လည်း မျက်လုံးများကို ပွတ်သပ်လိုက်မိပြီး သူမြင်နေရသည်မှာ စိတ်အာရုံချောက်ခြားခြင်းလား သို့မဟုတ် အပြင်ဘက်ကမ္ဘာကြီးက တကယ်ပဲ တွန့်လိမ်ပျက်စီးသွားပြီလားဆိုသည်ကို မဝေခွဲနိုင်တော့ချေ။
ထိုအခိုက်အတန့်တွင် သူ၏အကြည့်က အထက်ကောင်းကင်ဆီသို့ ရောက်ရှိသွားရာ မုန်တိုင်း၏ ဗဟိုချက်မှာ ဂလက်ဆီတစ်ဖက်မှ ကြည့်နေသည့် မျက်လုံးကြီးတစ်လုံးကဲ့သို့ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ ရှုပ်ထွေးဆန်းကြယ်လှသော မျက်လုံးကြီးတစ်လုံး သို့မဟုတ် အမှောင်ထုထဲတွင် ပုန်းအောင်းနေသည့် ကြယ်တာရာသက်ရှိတစ်ခုက ကမ္ဘာကြီးကို စိုက်ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် ယခင်က ဟန်ရှန်းတောင်ကြားအပြင်ဘက်တွင် မြင်တွေ့ခဲ့ရသည့် မျက်လုံးတစ်လုံးနှင့် တူလှသော ညကောင်းကင်ယံကို အလိုလိုသတိရမိသွားပြီး တစ်ပြိုင်နက်တည်းမှာပင် ဖီးနစ်၏ Firebook ထဲတွင် မှတ်တမ်းတင်ထားသည်များကိုလည်း ပြန်လည်အမှတ်ရသွားသည်။
အမှတ်စဉ် ၀၂၊၊ အဆင့် - အိုင်းရစ်ကြယ်တာယာကွင်း။
“အကြာကြီး စိုက်မကြည့်နဲ့”
ချူယန်၏ အေးစက်သောအသံက သူ့ကို သတိပြန်ဝင်လာစေခဲ့ပြီး လင်းရှန် လှည့်ကြည့်လိုက်ရာ သူမ၏ အကြည့်နှင့် ဆုံသွားသည်။
“နင်မြင်ရလား... ငါတို့ကမ္ဘာကြီးက ဝါးမြိုခံနေရပြီ”