အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း (၂၆၅) မိစ္ဆာဝံပုလွေအုပ်နှင့် တွေ့ဆုံခြင်း
ပိုင်ရှန် တောင်တန်းအတွင်း၌ ပုံရိပ် ငါးခုသည် တောင်တန်းများကို ဖြတ်သန်း၍ လျင်မြန်စွာ တက်လှမ်းနေကြလေ၏။
ကျိုးယွမ်နှင့် သူ၏ ၅ ယောက်အဖွဲ့ပင် ဖြစ်သည်။
သူတို့ ခရီးသွားနေသည်မှာ ဆယ်ရက်ခန့် ရှိနေပြီဖြစ်သည်။
ရှေ့ရှိ တောင်တန်းများကို ဖြတ်ကျော်သွားပါက သွေးမိစ္ဆာမြက်ခင်းပြင်၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဤငါးဦးအထဲတွင် ခေါင်းဆောင်မှာ သဘာဝကျကျပင် လီရှီးတဲ ဖြစ်ပေသည်။
သူသည် ထိုလူများထဲတွင် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအဖြစ် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားလေ၏။
နောက်ထပ် သုံးဦးမှာ ကျန်းရှူကန်း၊ ဝမ်ကျင်း နှင့် လီတန် တို့ ဖြစ်ကြသည်။
ကျန်းရှူကန်းသည် နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ ဝမ်ကျင်း နှင့် လီတန် တို့မှာမူ အခြေတည်စိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်တွင် ရှိကြလေ၏။
ကျိုးယွမ်မှာ တရားဝင်အားဖြင့် အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့်မျှသာ ဖြစ်ပြီး လူတိုင်းထဲတွင် ကျင့်ကြံမှု အနိမ့်ဆုံး ဖြစ်ပေသည်။
ဤ ၅ ယောက်အဖွဲ့တွင် အမျိုးသမီး အဖော်နှစ်ဦး ပါဝင်လိမ့်မည်ဟု ကျိုးယွမ် ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။
ထို့အပြင် သူတို့နှစ်ဦးမှာ အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသေးသည်။
ထို့ကြောင့် လမ်းတစ်လျှောက်လုံးတွင် ကျိုးယွမ်မှာ သဘာဝကျကျပင် စကားပြောခွင့် အနည်းဆုံးသူ ဖြစ်လာလေ၏။
ကျန်းရှူကန်းသည် ကျိုးယွမ်ကို အလွန် အထင်သေးသော်လည်း ဝမ်ကျင်း နှင့် လီတန် တို့အပေါ် သူ၏ သဘောထားမှာမူ မယုံနိုင်လောက်အောင် ကောင်းမွန်လှပေသည်။
သူသည် သူတို့၏ ခန္ဓာကိုယ်များကို တပ်မက်နေကြောင်း သိသာထင်ရှားလှပေသည်။
ကျိုးယွမ်သည် အေးအေးဆေးဆေး နေရသည်ကို သဘောကျပြီး အရေးမပါသူတစ်ယောက်အဖြစ် နေရခြင်းက အတော်လေး ကောင်းမွန်လှပေသည်။
သူ ဘာကိုမှ စိုးရိမ်ပူပန်နေစရာ မလိုဘဲ သူတို့နောက်သို့သာ လိုက်သွားရုံပင်။
ထိုအခိုက်အတန့်တွင် ကျိုးယွမ်သည် အဖွဲ့ဖွဲ့ခြင်း၏ အကျိုးကျေးဇူးများကို သဘောပေါက်သွားလေ၏။
ဘယ်လိုသွားရမလဲဆိုတာ မေးစရာ မလိုဘူး၊ လမ်းမှားသွားမှာကို ပူစရာ မလိုဘူး၊ အထင်သေးခံရမှာကိုတောင် စိတ်ပူစရာ မလိုသလို၊ သတင်းအချက်အလက်တွေ စုဆောင်းဖို့တောင် ကျိုးယွမ် ကိုယ်တိုင် လုပ်စရာ မလိုဘူးလေ။
အခမဲ့ လမ်းပြလေးယောက် ထပ်ရလိုက်သလို ခံစားရသဖြင့် ကျိုးယွမ် အလွန် ဝမ်းသာနေမိလေ၏။
လီရှီးတဲက သူ၏လက်ကို ဝှေ့ယမ်းကာ အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်လေသည်။
"အားလုံးပဲ... ရှေ့မှာ အဆင့် ၅ မိစ္ဆာသားရဲဖြစ်တဲ့ မိစ္ဆာဆင်ကြီးတွေရဲ့ နယ်မြေရှိတယ်”
"မိစ္ဆာဆင်ကြီးတွေက မယုံနိုင်လောက်အောင် သန်မာတယ်... ငါတောင် သူ့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ မဝံ့ရဲဘူး"
"ဒါကြောင့် နောက်ပိုင်းကျရင် ငါတို့ ပိုပြီး သတိထားကြမယ်... ဒီကောင်ကြီးကို မရန်စဘဲ ရှောင်သွားလို့ရရင် မရန်စတာ အကောင်းဆုံးပဲ"
"ဝမ်လင်း... နောက်ပိုင်းကျရင် ငါ့ဘေးမှာ နေပါ... ဘာပဲဖြစ်ဖြစ် အချိန်မီ စောင့်ရှောက်ပေးလို့ ရတာပေါ့"
ဝမ်လင်း ဆိုသည်မှာ ကျိုးယွမ်၏ နာမည်ဝှက်ပင် ဖြစ်သည်။
နဂါးတောင်နယ်မြေတွင် ရှိစဉ်ကတည်းက ကျိုးယွမ်သည် 'ဝမ်လင်း' ဟူသော နာမည်ကို အသုံးပြုပြီး ချင်းဖုန်း အစောင့်တပ်ထဲသို့ ဝင်ရောက်ခဲ့ဖူးလေ၏။
သဘာဝကျကျပင် သူသည် ကျိုးယွမ် ဟူသော နာမည်ကို အသုံးမပြုနိုင်သဖြင့် ဝမ်လင်း ဆိုသည့် နာမည်ကို ဒုတိယအကြိမ် ပြန်လည် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
လူတိုင်းက လီရှီးတဲ၏ စကားကို သဘောတူကြောင်း ပြသရန် ခေါင်းညိတ်လိုက်ကြလေ၏။
လူတိုင်းသည် အရှိန်လျှော့လိုက်ကြပြီး သူတို့၏ ချီအရှိန်အဝါများကို ဖိနှိပ်ထားလိုက်ကြသည်။
"တာအိုမိတ်ဆွေ ဝမ် နဲ့ တာအိုမိတ်ဆွေ လီ... နောက်ပိုင်းကျရင် မိစ္ဆာဆင်ကြီးနဲ့ တွေ့ခဲ့ရင် အလောတကြီး ထွက်မပြေးကြနဲ့နော်"
"မိစ္ဆာဆင်ကြီးတွေက မယုံနိုင်လောက်အောင် သန်မာရုံသာမက လိုက်ဖမ်းရတာကို အကြိုက်ဆုံးပဲ"
"တကယ်လို့ မင်းတို့ ထွက်ပြေးရင် သူက ချက်ချင်းကို အရူးတစ်ယောက်လို လိုက်ဖမ်းလိမ့်မယ်... သူ့ရဲ့ ခန္ဓာကိုယ် ကြီးမားတာကို ကြည့်ပြီး အထင်မသေးနဲ့... အရမ်းကို မြန်တယ်နော်"
"ဒါ့အပြင် မိစ္ဆာဆင်ကြီးတွေက အသံလှိုင်းနဲ့ တိုက်ခိုက်တာကို အလွန် ကျွမ်းကျင်တယ်... သူ့ရဲ့ ဟိန်းဟောက်သံက စိတ်ဝိညာဉ်အာရုံကိုတောင် ထိုးဖောက်နိုင်တယ်... အရမ်းကို ကြောက်စရာကောင်းတယ်... သတိထားကြ"
"ပြီးတော့ အရေးအကြီးဆုံးက မိစ္ဆာဆင်ကြီးတွေဟာ အုပ်စုလိုက် နေထိုင်တဲ့ သတ္တဝါတွေပဲ... အဆင့် ၅ မိစ္ဆာဆင်ကြီးတွေရဲ့ အနီးအနားမှာ အဆင့် ၄ နဲ့ အဆင့် ၃ မိစ္ဆာဆင်ကြီးတွေ အများကြီး ရှိနေမှာ သေချာတယ်"
"မိစ္ဆာဆင်ကြီးကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ငြိမ်ငြိမ်လေး နေဖို့ပဲ... မင်းတို့ဆီက ခြိမ်းခြောက်မှုကို သူ မခံစားရရင် ထွက်သွားလိမ့်မယ်"
ကျန်းရှူကန်းက ဝမ်ကျင်း နှင့် လီတန် တို့ကို ပြုံးလျက် မိတ်ဆက်ရှင်းပြနေလေ၏။
သူ၏ အမူအရာမှာ ပုံမှန်မဟုတ်ဘဲ ရင်းနှီးဖော်ရွေနေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ အဘိုးကြီးတစ်ဦး၏ မောက်မာမှုမျိုး လုံးဝ မရှိတော့ချေ။
ဝမ်ကျင်း နှင့် လီတန် တို့သည် ဤစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်ကြလေ၏။
ဝမ်ကျင်းက ပြုံးလျက် ပြောဆိုလိုက်လေသည်။
"စီနီယာကျန်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ... ညီမတို့က တကယ်ကို အားကျမိပါတယ်"
ကျန်းရှူကန်းသည် ဝမ်ကျင်း၏ စကားကို ကြားသောအခါ သူ၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်တစ်ခု ရှိနေလေ၏။
ကျိုးယွမ် ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိလေသည်။
'အင်မော်တယ်လောကမှာတောင်မှ အချစ်ကို အရူးအမူး ကိုးကွယ်တဲ့ သူတွေ ရှိနေတာပဲ (Simp များကို ဆိုလိုသည်)... ဒီလောက် ကျင့်ကြံမှုအဆင့်မျိုးနဲ့ ဘာလို့ သူတို့ကို သွားဖားယားနေရတာလဲ... အေးအေးဆေးဆေးနဲ့ မာနကြီးတဲ့ ပုံစံမျိုး နေတာကမှ ဝမ်ကျင်းနဲ့ လီတန်တို့ကို ပိုပြီး လေးစားမှုဖြစ်စေပြီး သဘောကျမှုကို သေချာပေါက် တိုးလာစေမှာကို...'
သို့သော် ကျိုးယွမ်က ကျန်းရှူကန်းကို တားဆီးမည် မဟုတ်ချေ။ ဤအချစ်ရူးကြီး ရှိနေသဖြင့် သူလည်း အများကြီး သင်ယူခွင့် ရနေသည် မဟုတ်ပါလား။
တောအုပ်သည် တဖြည်းဖြည်း ပို၍ တိတ်ဆိတ်လာသော်လည်း လူတိုင်း၏ စိတ်နှလုံးထဲရှိ လေးလံမှုကတော့ ပိုမို ကြီးမားလာလေ၏။
ထိုအခိုက်အတန့်တွင် လီရှီးတဲ ရပ်တန့်သွားရာ လူတိုင်း အလျင်အမြန် ရပ်တန့်လိုက်ကြပြီး လီရှီးတဲ၏ အကြည့်နောက်သို့ အဝေးသို့ လှမ်းကြည့်လိုက်ကြလေ၏။
ထိုနေရာတွင် ဧရာမ အလောင်းကြီးတစ်ခု လဲလျောင်းနေပြီး ခြောက်သွေ့ကာ ပိန်ချုံးနေကာ ဆိုးရွားသော အနံ့အသက်တစ်ခု ထွက်ပေါ်နေလေသည်။
"အဆင့် ၄ မိစ္ဆာဆင်ကြီး!"
လီရှီးတဲက သက်ပြင်းချကာ တီးတိုး ရှင်းပြလိုက်လေ၏။
ဤအရာသည် အဆင့် ၄ သားရဲဖြစ်ကြောင်း လီရှီးတဲ မည်သို့ ဆုံးဖြတ်လိုက်သည်ကို ကျိုးယွမ် မသိသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံက မီတာ ထောင်ပေါင်းများစွာ အကွာတွင် ဤအဆင့် ၄ မိစ္ဆာဆင်ကြီးကဲ့သို့ အလောင်း ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း ခံစားမိလိုက်လေ၏။
အများစုမှာ သူတို့ရှေ့ရှိ အလောင်းနှင့် အရွယ်အစား အတူတူလောက် ဖြစ်သော်လည်း ထိုအလောင်းများအထဲတွင် ဤအလောင်းထက် အနည်းဆုံး နှစ်ဆခန့် ပိုကြီးသော မိစ္ဆာဆင်ကြီး၏ အလောင်းတစ်ခုလည်း ပါဝင်နေလေသည်။
အကယ်၍ ဤအကောင်က အဆင့် ၄ မိစ္ဆာဆင်ကြီးသာ ဖြစ်ပါက ထိုအကောင်ကြီးမှာ အဆင့် ၅ မိစ္ဆာဆင်ကြီး ဖြစ်ရမည်။
ကျိုးယွမ် သိသော်လည်း သတိမပေးခဲ့ချေ။ ဤနေရာသည် အလွန် တိတ်ဆိတ်လွန်းနေသည်ဟု သူ ခံစားရသည်။
ဤတိတ်ဆိတ်မှုက အချက်တစ်ချက်တည်းကိုသာ သက်သေပြနေသည်။
သူတို့သည် အဆင့် ၅ မိစ္ဆာဆင်ကြီးထက် ပိုမို အစွမ်းထက်သော မိစ္ဆာသားရဲတစ်ကောင်၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးသို့ ကျူးကျော်ဝင်ရောက်ပါက အကျိုးဆက်များမှာ မှန်းဆ၍ပင် မရနိုင်ချေ။
ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားလေ၏။
သူ၏ စိတ်ဝိညာဉ်အာရုံ အဝေးသို့ ပျံ့နှံ့သွားရာ အဆင့် ၅ မိစ္ဆာသားရဲ အချို့၏ အလောင်းများကို မြင်တွေ့လိုက်ရသည်။
အခြားအရာများကိုမူ ဘာမျှ ရှာမတွေ့ခဲ့ချေ။
လီရှီးတဲသည် ဤအခိုက်အတန့်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ထို့နောက် သွားကိုက်ကာ လက်ကိုဝှေ့ယမ်းပြီး လူတိုင်းကို ရှေ့သို့ ဆက်သွားရန် ဦးဆောင်လိုက်လေ၏။
ခဏအကြာတွင် လူတိုင်းသည် မိစ္ဆာဆင်ကြီးများ၏ အလောင်းဘေးသို့ ရောက်ရှိလာကြသည်။
သူတို့ရှေ့ရှိ မိစ္ဆာဆင်ကြီးများ၏ အလောင်းပုံကြီးကို ကြည့်ရင်း လီရှီးတဲ၊ ကျန်းရှူကန်း နှင့် အခြားသူများအားလုံး မျက်နှာ ဖြူရော်သွားကြလေ၏။
"တာအိုမိတ်ဆွေလီ... ငါတို့ လမ်းကြောင်း ပြောင်းသင့်သလား... ဒီလမ်းက အရမ်း အန္တရာယ်များတယ်"
ကျန်းရှူကန်းက လီရှီးတဲကို ကြည့်ကာ ပြောဆိုလိုက်ပြီး သူ၏ စကားများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေ၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် အဘိုးကြီးတစ်ဦးအနေဖြင့် သူ၏ အန္တရာယ်အာရုံခံနိုင်စွမ်းမှာ သဘာဝကျကျပင် အလွန် ထက်မြက်လှပေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အခြေအနေက ရှေ့တွင် အန္တရာယ် အလွန်ကြီးမားကြောင်း ကျန်းရှူကန်းကို သဘောပေါက်စေခဲ့လေ၏။
ကျန်းရှူကန်း၏ စကားကို ကြားသောအခါ လီရှီးတဲမှာ မနေနိုင်ဘဲ စဉ်းစားခန်း ဝင်သွားလေ၏။
ဤအဆိုပြုချက်ကို သူ အလေးအနက် စဉ်းစားနေခြင်း ဖြစ်သည်။
ကျိုးယွမ်က လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်လေ၏။
'အရမ်း နောက်ကျသွားပြီ...'
သေချာသည်မှာ ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းမှ မောင်းကြီးများကဲ့သို့ စိမ်းလန်းသော မျက်လုံးအစုံများ ပေါ်လာလေ၏။
ဆင်များကဲ့သို့ သန်မာသော အနီရောင် မိစ္ဆာဝံပုလွေကြီး အကောင်များစွာ ပေါ်လာပြီး တစ်ကောင်စီတိုင်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေလေသည်။
စုစုပေါင်း အနီရောင် မိစ္ဆာဝံပုလွေကြီး ငါးကောင် ရှိသော်လည်း အားလုံးမှာ အဆင့် ၅ မိစ္ဆာသားရဲများ ဖြစ်ကြပေသည်။
"မိစ္ဆာဝံပုလွေ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လီရှီးတဲ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး စကားပင် မပြောနိုင်လောက်အောင် ထိတ်လန့်သွားလေ၏။
မိစ္ဆာဝံပုလွေဆိုသည်မှာ သွေးမိစ္ဆာမြက်ခင်းပြင်၏ သီးသန့် မိစ္ဆာသားရဲဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားကာ သွေးမိစ္ဆာမြက်ခင်းပြင်ကို ကြီးစိုးထားကြောင်း သိထားရမည် ဖြစ်သည်။
နှစ်ပေါင်းတစ်ထောင်နီးပါးအတွင်း မိစ္ဆာဝံပုလွေတစ်ကောင်မျှ သွေးမိစ္ဆာမြက်ခင်းပြင်မှ ထွက်ခွာပြီး ပိုင်ရှန် တောင်တန်းအတွင်းသို့ ဝင်ရောက်လာသည်ဟု မကြားဖူးခဲ့ချေ။
သို့သော် ယနေ့တွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် သူတို့ ကြုံတွေ့လိုက်ရလေပြီ။
ဤသည်မှာ အကြောင်းရင်း တစ်ခုတည်းကိုသာ ရှင်းပြနေသည်။
သွေးမိစ္ဆာမြက်ခင်းပြင်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဤအပြောင်းအလဲက မိစ္ဆာဝံပုလွေများကို သွေးမိစ္ဆာမြက်ခင်းပြင်မှ ထွက်ခွာပြီး နယ်စပ်ရှိ ပိုင်ရှန် တောင်တန်းများဆီသို့ လာရောက်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် လီရှီးတဲ၊ ကျန်းရှူကန်း နှင့် အခြားသူများ၏ စိတ်နှလုံးများမှာ အောက်ခြေအထိ ကျဆင်းသွားလေတော့၏။
‘အဆင့် ၅ မိစ္ဆာဝံပုလွေ ငါးကောင်..’. သူတို့၏ စွမ်းအားများက အဆင့် ၅ အထွတ်အထိပ်သို့ မရောက်သေးလျှင်တောင်မှ သူတို့၏ ခန္ဓာကိုယ်များမှာ သံမဏိကဲ့သို့ မာကျောပြီး တစ်ကောင်စီတိုင်းက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန် လုံလောက်ပေသည်။
‘ဘယ်လို တိုက်ခိုက်ရမလဲ... လုံးဝ အနိုင်ရဖို့ နည်းလမ်း မရှိဘူး’
‘ဒါပေမဲ့ ထွက်ပြေးတာကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး... အကြောင်းမှာ အဆင့် ၅ မိစ္ဆာဝံပုလွေက အခြားသူများထက် ပိုမြန်သောကြောင့် ဖြစ်သည်။’
ဤအခိုက်အတန့်တွင် သူတို့ ၅ ဦးသည် အခက်အခဲနှင့် ရင်ဆိုင်နေရလေပြီ။
အကယ်၍ အမှားတစ်ခုခု လုပ်မိပါက ဤနေရာသည် သူတို့၏ နောက်ဆုံး သင်္ချိုင်းဂူ ဖြစ်သွားနိုင်ပေသည်။
ဝမ်ကျင်း နှင့် လီတန် တို့မှာ မျက်နှာ ဖြူရော်သွားသည်အထိ ကြောက်လန့်နေကြပြီး ကျန်းရှူကန်းဆီသို့ မကြည့်ဘဲ မနေနိုင်ကြတော့ချေ။