အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) ကျန်းရှူကန်း သေဆုံးခြင်း၊ အဖြူအနက် မိစ္ဆာနှစ်ပါး လမ်းပိတ်တားခြင်း
လီရှီးတဲသည် မူလနေရာတွင် ရပ်နေပြီးနောက် သက်ပြင်းချကာ ပြောဆိုလိုက်လေ၏။
"ရှေ့ဆက်သွားလေ ပိုပြီး အန္တရာယ်များလေပဲ... မင်းတို့ကို ရွေးချယ်ခွင့် တစ်ခု ပေးမယ်"
"ဒီအဖွဲ့ကနေ ထွက်သွားချင်တဲ့သူ ဘယ်သူ့ကိုမဆို ငါ တားမှာ မဟုတ်ဘူး... အားလုံးက အချိန်မရွေး ထွက်သွားလို့ရတယ်"
လီရှီးတဲက လူတိုင်း၏ အခြေအနေ ပုံမှန်မဟုတ်ကြောင်း အာရုံခံမိချိန်တွင် ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဤအဖွဲ့ဖွဲ့စည်းခြင်းသည် ယာယီဖြစ်သော်လည်း အသင်းဖော်များအနေဖြင့် အပြန်အလှန် ယုံကြည်မှုသည် မရှိမဖြစ် လိုအပ်ပေသည်။
ယခု ပြဿနာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေချိန်တွင် အခြေအနေကို ပြောင်းလဲရန် အချိန်ရှိနေသေးသဖြင့် သူ ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။
သေချာသည်မှာ ယခု ဆုတ်ခွာရန် မလွယ်ကူတော့ကြောင်းကိုလည်း လီရှီးတဲ ကောင်းစွာ သိရှိထားပေသည်။
သူတို့သည် ထျန်းရှန်း တောင်တန်းများ၏ အနက်ပိုင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
လီရှီးတဲ စကားပြောပြီးချိန်၌ ကျန်းရှူကန်း၊ ဝမ်ကျင်း နှင့် လီတန် တို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသော်လည်း ကျိုးယွမ် တစ်ယောက်တည်းသာ တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့သဖြင့် လီရှီးတဲကို အတော်လေး အံ့အားသင့်သွားစေလေ၏။
ဝမ်ကျင်းနှင့် လီတန်တို့ တီးတိုး ပြောဆိုလိုက်ကြသည်။
ခဏအကြာတွင် ဝမ်ကျင်းက အသံထွက်ပြောဆိုလိုက်သည်။
"စီနီယာလီ... ကျွန်မတို့ ညီအစ်မတွေက ရှင်နဲ့ ကတိပေးထားပြီးပြီမို့ စကားကို ပြန်မရုပ်သိမ်းပါဘူး"
ဝမ်ကျင်း၏ စကားကို ကြားချိန်၌ ကျန်းရှူကန်း၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်စွာ ပြောင်းလဲသွားလေ၏။
နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။
"တာအိုမိတ်ဆွေလီ... တောင်းပန်ပါတယ်"
ကျန်းရှူကန်း စကားပြောပြီးချိန်၌ သူ၏ ခန္ဓာကိုယ်သည် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး အဝေးသို့ ပြေးထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားလေတော့သည်။
သူက ဆုတ်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လီရှီးတဲသည် ကျန်းရှူကန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေပြီး သူ၏ အမူအရာမှာ အနည်းငယ် မှုန်ကုပ်နေလေ၏။
ဤလေးဦးအနက် ကျန်းရှူကန်း၏ ကျင့်ကြံမှုအဆင့်မှာ အမြင့်ဆုံးဖြစ်သဖြင့် သူ့ကို အကျေနပ်ဆုံး ဖြစ်ခဲ့ပေသည်။
သို့သော် တစ်ဖက်လူက ပထမဆုံး ထွက်ခွာသွားသူ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် လီရှီးတဲ၏ စိတ်ထဲတွင် ဒေါသအနည်းငယ် ထွက်သွားစေလေ၏။
ကျိုးယွမ်သည် အနည်းငယ် ပြုံးလိုက်ပြီး ကျန်းရှူကန်း၏ ရွေးချယ်မှုအတွက် လုံးဝ အံ့အားသင့်ခြင်း မရှိခဲ့ချေ။
ထို့နောက် သူက ပြုံးလျက် ပြောဆိုလိုက်လေ၏။
"စီနီယာလီ... ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်"
ကျိုးယွမ်၏ အကြည့်များသည် ကျန်းရှူကန်း ပျောက်ကွယ်သွားရာ အရပ်ဆီသို့ ရောက်ရှိသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေ၏။
အရိပ်ခန်းမကို သူ နားလည်ထားမှုအရ ကျန်းရှူကန်းမှာ သေချာပေါက် သေရတော့မည် ဖြစ်သည်။
အရိပ်ခန်းမမှ လူများသည် ဤလူများကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ဤနေရာရှိ သတင်းများကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖြန့်ဝေခွင့် ပြုမည်မဟုတ်ကြောင်း ထင်ရှားပေသည်။
အကယ်၍ အတွင်းသို့ ဆက်လက် ဝင်ရောက်နေပါက အရိပ်ခန်းမမှ လူများသည် အသက်ရှင်ခွင့် ပေးထားနိုင်သော်လည်း အပြင်သို့ ထွက်ခွာခြင်းမှာမူ လုံးဝ တခြားစီ ဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် စူးရှသော အော်ဟစ်သံတစ်ခု အဝေးမှ ထွက်ပေါ်လာပြီး ထိုနေရာရှိ လေးဦးစလုံးကို ချက်ချင်း တင်းမာသွားစေလေ၏။
"အဲ့ဒါ စီနီယာကျန်းရဲ့ အသံနဲ့ တူတယ်"
လီတန်က ရုတ်တရက် ပြောဆိုလိုက်ပြီး သူမ၏ အသံတွင် ကြောက်ရွံ့မှုများ စွက်ဖက်နေလေသည်။
လီတန် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သွေးသံရဲရဲ ဖြစ်နေသော ပုံရိပ်တစ်ခုသည် အဝေးမှ ပြေးဝင်လာပြီး သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေ၏။
ထိုသူမှာ ကျန်းရှူကန်းပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျန်းရှူကန်း၏ ညာဘက်လက်မောင်းမှာ ပျောက်ဆုံးနေပြီဖြစ်ပြီး ရင်ဘတ်တွင်လည်း အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ သွေးများ စီးကျနေလေ၏။
"တာအိုမိတ်ဆွေလီ... ကျွန်တော့်ကို ကယ်ပါဦး"
ကျန်းရှူကန်းက လီရှီးတဲကို စိုးရိမ်တကြီး ပြောဆိုလိုက်လေသည်။
ထိုအခိုက်အတန့်တွင် အမှောင်ထု လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် ကျန်းရှူကန်း၏ ရှေ့၌ ရုတ်တရက် ပေါ်လာ၏။
ကျန်းရှူကန်း တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် ဓားတစ်လက်သည် သူ၏ နဖူးကို တိုက်ရိုက် ဖောက်ထွင်းသွားလေတော့သည်။
ကျန်းရှူကန်း၏ အခြေတည်စိတ်ဝိညာဉ်သည် ထိတ်လန့်တကြား ထွက်ပြေးသွားသော်လည်း အနက်ရောင်ဝတ် အမျိုးသားက အထက်မှနေ၍ ကျန်းရှူကန်း၏ စိတ်ဝိညာဉ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။
နောက်ဆုံး စူးရှသော အော်ဟစ်သံနှင့်အတူ ကျန်းရှူကန်း၏ စိတ်ဝိညာဉ်သည် အပိုင်းပိုင်းအစစ အက်ကွဲသွားလေတော့သည်။
ဤမြင်ကွင်းမှာ မယုံနိုင်လောက်အောင် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ကျန်းရှူကန်းသည် သူတို့အဖွဲ့၏ ရှေ့မှာတင် သေဆုံးသွားခဲ့ရာ သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေလေ၏။
လီတန်နှင့် ဝမ်ကျင်းတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားပြီး သူတို့၏ ခန္ဓာကိုယ်များ တင်းမာနေကာ အနက်ရောင်ဝတ် အမျိုးသားကို စိုက်ကြည့်နေကြလေသည်။
လီရှီးတဲ၏ လက်ထဲတွင် ကြွေပုလင်း ပြန်လည် ပေါ်လာသည်။ ဤအရာမှာ သူ၏ အသက်လုတိုက်ကွက်တစ်ခု ဖြစ်ပေသည်။
သွေးမြှုပ်နှံခြင်း ဂူခြင်များသည် အရွယ်အစား သေးငယ်ရုံသာမက အလွန်အမင်း အဆိပ်ပြင်းလှပေသည်။
နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများပင် အကိုက်ခံရပါက ခုခံရန် လုံးဝ ခက်ခဲလှပေသည်။
ကျိုးယွမ်သည် အဝေးရှိ အနက်ရောင်ဝတ် အမျိုးသားကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ဖြစ်လေသည်။
ယခုလေးတင် ဤသူသည် ကျန်းရှူကန်း၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာရန် အရိပ်ခုန်ပျံခြင်း ကျင့်စဉ်ကို အသုံးပြုခဲ့သည်ဖြစ်ရာ ဤသူမှာ အရိပ်ခန်းမမှ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။
အနက်ရောင်ဝတ် အမျိုးသားသည် လေးဦးစလုံးကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ကျန်းရှူကန်း၏ သိုလှောင်လက်စွပ်ကို တိုက်ရိုက် ယူဆောင်သွားလေ၏။
ထို့နောက် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားလေတော့သည်။
အနက်ရောင်ဝတ် အမျိုးသားက ဘာမှ မပြောခဲ့သော်လည်း လူတိုင်းက သူ၏ မျက်လုံးများထဲမှ ပြင်းထန်သော သတိပေးချက်တစ်ခုကို မြင်တွေ့ခဲ့ရလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့ကို ထျန်းရှန်း တောင်တန်းများမှ ထွက်ခွာခွင့် မပြုခြင်းသာ ဖြစ်သည်။
လီရှီးတဲသည် တစ်ဖက်လူ၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားပြီး ဘာမျှ ထပ်မပြောတော့ဘဲ သူ၏ လက်ထဲရှိ ကြွေပုလင်းကို သိမ်းဆည်းလိုက်လေ၏။
လေးဦးသား ရှေ့ဆက် သွားခဲ့ကြသော်လည်း ကျန်းရှူကန်း မရှိတော့သဖြင့် အဖွဲ့မှာ ပို၍ တိတ်ဆိတ်သွားလေသည်။
လီရှီးတဲနှင့် ကျိုးယွမ်တို့ တိတ်ဆိတ်နေကြပြီး ဝမ်ကျင်းနှင့် လီတန်တို့မှာမူ အချင်းချင်း စကားအနည်းငယ်သာ ပြောဆိုနိုင်ကြသော်လည်း သူတို့၏ စကားများတွင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေ၏။
နာရီဝက်ခန့် အကြာတွင် လီရှီးတဲ ထပ်မံ ရပ်တန့်သွားပြီး တီးတိုး ပြောဆိုလိုက်လေသည်။
"ရှေ့မှာ လူရှိတယ်... တိတ်တဆိတ် သွားကြည့်ကြရအောင်"
ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံက ရှေ့တွင် လူများ ရှိနေကြောင်း ကြိုတင် သိရှိထားပြီးဖြစ်သည်။
အဘိုးအို တစ်ဦးနှင့် လူငယ် တစ်ဦး ဖြစ်လေသည်။
အဘိုးအို၏ ကိုယ်ပေါ်တွင် အညစ်အကြေးများ၊ ဆီဂျီးများ ဖုံးလွှမ်းနေပြီး အဝတ်အစား မလဲသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ပုံရကာ အရောင်ပင် ပြောင်းနေပြီ ဖြစ်သည်။
ထိုလူငယ်မှာမူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး အညစ်အကြေး ကင်းစင်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ယုတ္တိဗေဒအရ ဤသူနှစ်ဦးမှာ လုံးဝ မတူညီသော ကမ္ဘာနှစ်ခုမှ ဖြစ်သင့်သော်လည်း သူတို့သည် အတူတကွ ရှိနေကြပေသည်။
ထို့ပြင် သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားအသွင်ပြောင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုများ ပိုင်ဆိုင်ထားကြလေသည်။
ကျိုးယွမ်သည် ထိုသူနှစ်ဦးကို မသိသဖြင့် သဘာဝကျကျပင် သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိချေ။
သို့သော် လီရှီးတဲက ထိုသူနှစ်ဦးကို မြင်ချိန်၌ သူ အလွန်အမင်း တုန်လှုပ်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်လေ၏။
"အဖြူအနက် မိစ္ဆာနှစ်ပါး"
လီရှီးတဲ၏ စကားကြောင့် အဘိုးအိုနှင့် လူငယ်တို့ အံ့အားသင့်သွားကြလေသည်။
သူတို့၏ အကြည့်များသည် လေးဦးစလုံးထံသို့ ရောက်ရှိလာပြီး မျက်လုံးများတွင် ရိုင်းစိုင်းကြမ်းတမ်းသော အရိပ်အယောင်များ ပြည့်နှက်နေလေ၏။
ကျိုးယွမ် အံ့အားသင့်သွားပြီး ထိုသူနှစ်ဦးသည် သူတို့ လေးဦးအပေါ် အလွန် ရန်လိုနေပုံရကြောင်း ခံစားလိုက်ရလေသည်။
"လီရှီးတဲ... မင်းက ငါတို့ နှစ်ယောက်ကို မှတ်မိနေတုန်းပဲလို့ မထင်ထားခဲ့ဘူး"
အဘိုးအို၏ မည်းညစ်နေသော လက်က သူ၏ ညစ်ပတ်နေသော အဝတ်အစားများကို ပွတ်သပ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။
လီရှီးတဲ အနည်းငယ် မျက်မှောင်ကြုတ်သွားလေ၏။
စုန်းဟူနယ်မြေမှ အလိုရှိနေသော တရားခံနှစ်ဦး ဤနေရာတွင် တကယ်တမ်း ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
အဖြူအနက် မိစ္ဆာနှစ်ပါးတွင် နာမည်အရင်း မရှိကြချေ။
တစ်ဦးကို ဟေးရှား ဟု ခေါ်ပြီး အခြားတစ်ဦးကို ပိုင်ရှား ဟု ခေါ်လေသည်။
သို့သော် နှစ်ဦးစလုံးမှာ လွန်စွာ ရက်စက်ကြမ်းကြုတ်ကြပေသည်။
ဤသူနှစ်ဦးသည် တစ်ချိန်က လူသောင်းချီ နေထိုင်သော မြို့ငယ်လေး တစ်မြို့ကို မျိုးဖြုတ်သတ်ဖြတ်ခဲ့ပြီး အဆင့်တက်ရန်အတွက် ထိုသူတို့၏ သွေးများဖြင့် သွေးတစ်သောင်း ဆေးလုံးကို ဖော်စပ်ခဲ့ကြလေသည်။
ဤဖြစ်ရပ် ပေါ်ပေါက်သွားပြီးနောက် ဤသူနှစ်ဦးသည် စုန်းဟူနယ်မြေတွင် အလိုရှိနေသော တရားခံများ ဖြစ်လာခဲ့ပြီး လူလုံးမပြတော့ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။
ဤကဲ့သို့သော နေရာမျိုးတွင် သူတို့နှင့် ဆုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ဒီကောင်မလေး နှစ်ယောက်က မဆိုးဘူးပဲ... ကြည့်ရတာ အတော်လေး ချောမွတ်နေတာပဲ... သူတို့က ငါ့အပိုင်ပဲ"
ဟေးရှား၏ မျက်လုံးများ တောက်ပသွားပြီး ဝမ်ကျင်းနှင့် လီတန်တို့ကို စိုက်ကြည့်နေကာ သူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
"တစ်ယောက်စီ ယူတာပေါ့... တကယ်လို့ ငါ ဝင်မကူရင် မင်း တစ်ယောက်တည်း လီရှီးတဲကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ပိုင်ရှားက ပြုံးလျက် ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများက ဝမ်ကျင်းနှင့် လီတန်တို့အပေါ်တွင် တဝဲလည်လည် ဖြစ်နေလေ၏။
သူတို့၏ စကားပြောဆိုမှုမှာ လုံးဝ ပွင့်လင်းလွန်းလှသဖြင့် ဝမ်ကျင်းနှင့် လီတန်တို့ ကြားချိန်၌ မျက်နှာများ ဖြူရော်သွားကာ ခန္ဓာကိုယ်များ အနည်းငယ် တုန်ရီသွားကြလေသည်။
လီရှီးတဲ မျက်မှောင်ကြုတ်သွားလေ၏။
သူသည် အဖြူအနက် မိစ္ဆာနှစ်ပါးနှင့် တကယ်တမ်း မတိုက်ခိုက်ချင်သော်လည်း ဤလူများအားလုံးကို သူက ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အရာအားလုံး အဆင်မပြေဖြစ်သွားပါက ကြေးစားမဟာမိတ်အဖွဲ့နှင့် သူ ဆက်လက် အလုပ်လုပ်ရန် မဖြစ်နိုင်တော့ချေ။
မိမိ၏ အသင်းဖော်များကိုပင် မကာကွယ်နိုင်သော သူနှင့် မည်သူကမျှ ပူးပေါင်းချင်မည် မဟုတ်ချေ။
"တာအိုမိတ်ဆွေ အဖြူအနက် မိစ္ဆာနှစ်ပါး... ငါ့ မျက်နှာကို ထောက်ပြီး လွှတ်ပေးလို့ ရမလား... သူတို့ အားလုံးက ငါ့အဖွဲ့က အသင်းဖော်တွေမို့လို့ပါ"
လီရှီးတဲသည် နတ်ဘုရားအသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ဖြစ်သော်လည်း ဤကဲ့သို့သော သဘောထားမျိုးဖြင့် ပြောဆိုခြင်းမှာ လွန်စွာ နှိမ့်ချလွန်းလှပေသည်။