သစ္စာဖောက်ခြင်း (၁)
Vol. 65 Ch. 1075
နီရဲတောက်နေသော ကမ္ဘာကြီးသည် သွေးစွန်းအိပ်မက်ဆိုးတစ်ခုနှင့် တူလှသည်။ လင်းရှန်သည် မိမိရှေ့မှ ငရဲကဲ့သို့ အခြေအနေကို ငေးကြည့်ရင်း ခြေလှမ်းတို့ တုံ့ဆိုင်းသွား၏။ မိမိကိုယ်တိုင်သတိမထားမိခင်မှာပင် အဆုံးမဲ့ကြောက်ရွံ့မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့က နှလုံးသားထဲ၌ လှိုင်းထန်လာခဲ့သည်၊၊
မျက်စိရှေ့မှ ငရဲဘုံတွင် ခုခံရန် သို့မဟုတ် ရုန်းကန်ရန် ခွန်အားဟူ၍ တစိုးတစိမျှပင်မရှိတော့သလို ခံစားရသည်။ ကျောရိုးတစ်ခုလုံးထုံကျင်သွားပြီး မြင်တွေ့နေရသည့် ပုံရိပ်အားလုံးမှာ မိမိကိုယ်တိုင်စုတ်ပြတ်သတ်နေသော အသားစိုင်များအဖြစ် ဆွဲဖြဲခံရပြီး နာကျင်စွာ သေဆုံးနေရသည့် ပုံရိပ်များ၊ မိမိဘေးနားရှိ အဖွဲ့ဝင်များက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ရုန်းကန်ရင်း အသက်စွန့်သွားကြသည့်ပုံရိပ်များသာဖြစ်နေသည်။
“မကြည့်နဲ့တော့”
ပဲ့တင်ထပ်သွားသော ခေါင်းလောင်းသံကဲ့သို့ အသံတစ်သံက လင်းရှန်၏ လျင်မြန်စွာ ပြိုလဲလုနီးပါးဖြစ်နေသော အသိစိတ်ဆီသို့ ရိုက်ခတ်သွားသည်။ သူ့၏ အမြင်အာရုံထဲရှိ တောက်ပသည့်သွေးနီရောင်ငရဲဆီမှ အေးစက်သောလက်မောင်းတစ်ဖက်က ဆွဲခေါ်သွားသည်ကိုသာ ခံစားလိုက်ရပြီး အသက်ရှူလို့ပင်မဝတော့ပေ၊၊
ဟူး၊၊
နောက်ဆုံးတွင် အသက်ရှူခွင့်ရလိုက်သည့်အခါ လင်းရှန်သည် လေကို အနိုင်နိုငမရှူသွင်းလိုက်ရသည်။ သူ၏ မျက်နှာမှာ လူသေကောင်ကဲ့သို့ ဖြူလျော်နေပြီး ရှေ့တွင်ရှိနေသော ချူယန်ကို ထိတ်လန့်တကြားကြည့်လိုက်မိသည်၊၊
“အမှောင်ကျူးကျော်မှုလား”
“အဲဒါထက် ပိုဆိုးတယ်”
ချူယန်က ပြတင်းပေါက်ဘက်သို့ လှည့်ကာ လက်ကို မြှောက်လိုက်ပြီး ပြတင်းပေါက်ဘောင်တစ်လျှောက်ရှိ အက်ကြောင်းမှန်သမျှကို နာနိုဖြန်းမှုန်များဖြင့် ပိတ်ဆို့လိုက်သည်။ ထိုအခါမှသာ အခန်းတွင်းရှိ အအေးဒဏ်က အတော်အတန်လျော့ပါးသွားခဲ့၏။
“တွင်းနက်လှုပ်ရှားမှု စတင်ပြီးတဲ့နောက်မှာ အမှောင်ဒီရေက ကြက်သွေးရောင်မြူတွေနဲ့အတူရောက်လာခဲ့တယ်၊၊ အဲဒါဖြတ်သန်းတိုက်စားသွားတဲ့နေရာတွေကို အရင်ကထက် ပိုမြန်တဲ့နှုန်းနဲ့ အဆုံးမဲ့ညဇုန်ထဲ ရောက်သွားစေတယ်၊၊ တစ်နည်းပြောရရင် တွင်းနက်ရဲ့ ပြန့်နှံ့ချဲ့ထွင်နှုန်းက ပိုမြင့်တက်လာတာပဲ”
ချူယန်က လင်းရှန်ကို ကြည့်ကာ “ဒါတင်မကသေးဘူး၊ ဒီလိုကြက်သွေးရောင်မြူတွေ ဖုံးလွှမ်းသွားတဲ့နေရာက လုံးဝသေမင်းတမန်နယ်မြေဖြစ်သွားခဲ့တယ်၊၊ အမည်မသိထူးဆန်းတဲ့ သတ္တဝါတွေ ပေါ်လာတတ်တယ်၊၊ အဲဒါတွေက S-Class အဆင့်လည်း မဟုတ်ဘူး၊ ထူးဆန်းတဲ့ လူသားလည်း မဟုတ်ပြန်ဘူး၊ ၊ဒီလိုပတ်ဝန်းကျင်မျိုးမှာ ရှိနေတဲ့ ဘယ်သူမဆို စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု အလျင်အမြန်ကျဆင်းသွားပြီး ခန္ဓာကိုယ်အသားစိုင်တွေက ကင်ဆာလိုသန္ဓေပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်၊၊ အချိန်မိနစ်နှစ်ဆယ်လောက်အတွင်းမှာပဲ ကိုယ်ခံအားစနစ်တစ်ခုလုံး လုံးဝပျက်စီးသွားလိမ့်မယ်၊၊ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာရှိရင်တောင်မှ တားဆီးနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ လင်းရှန် ချက်ချင်း မျက်မှောင်ကြုတ်မိသွားပြီး “ဒီကြက်သွေးရောင်မြူတွေက ဘယ်တုန်းကစပြီး ပေါ်လာတာလဲ”
“လွန်ခဲ့တဲ့ သုံးရက်က… နင်တို့နဲ့ အဆက်အသွယ်ပြတ်သွားတဲ့ အဲဒီညမှာပဲ… တွင်းနက်က အကြီးအကျယ်လှုပ်ရှားမှုစတင်ခဲ့ပြီး ကြက်သွေးရောင်မြူတွေ ကျဆင်းလာခဲ့တယ်၊၊ အခုကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနဲ့ အာရုဏ်ဦးဗဟိုစင်တာရဲ့ လွှဲပြောင်းတပ်ဖွဲ့တွေ အားလုံးက အလက်စကားပင်လယ်ကွေ့ဖြစ်တဲ့ ချုံးကူရေလက်ကြားမှာ ပိတ်မိနေပြီး အကျအဆုံးများပြားနေတယ်၊၊ ပရော်ဖက်ဆာယဲ့က အမိန့်ပေးထားပြီးပြီ၊၊ အာရုဏ်ဦးမြို့တော်က ဆုတ်ခွာလိမ့်မယ်၊၊ မိုးလင်းတာနဲ့ အာရုဏ်ဦးဗဟိုစင်တာက အမြင့်ဆုံးရွှေ့လျားနှုန်းနဲ့ ချီတက်လိမ့်မယ်၊၊ ငါတို့ရဲ့ မြောက်အမေရိကစစ်မျက်နှာကတော့ စတားဖလိ့၊ ညလမ်းလျှောက်သူအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခွဲထွက်အရှိန်မြှင့်ရှာဖွေကယ်ဆယ်ရေးစီမံကိန်းကို စတင်ထားတယ်၊၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးတွေ့နိုင်ဖို့ လှုပ်ရှားနေကြတယ်”
ချူယန်က လင်းရှန်ကို လေးနက်စွာကြည့်ရင်း “ဟန့်တားခြင်းခေတ်က ပျက်ပြားသွားပြီ၊၊ လူသားထုတစ်ခုလုံးက ကာကွယ်ရေးတံတိုင်းတည်ဆောက်ဖို့ ဝင်ရိုးစွန်းဒေသတွေဆီ ထွက်ပြေးနေကြရတယ်”
လင်းရှန် နှုတ်ဆိတ်သွားပြီး မျက်ဝန်းများလှုပ်ခတ်သွားသည်။ သူ နားမလည်နိုင်တော့ပေ။ အမှောင်ယဉ်ကျေးမှုက တွင်းနက်ထဲမှ ဆုတ်ခွာသွားခဲ့သည်၊၊ ဓားကိုင်ဆောင်သူကို လုပ်ကြံခဲ့သည်၊ ဟွာရှောင်လင်းနှင့် အဆက်အသွယ်လုပ်ခဲ့သည်၊ ထိုအရာအားလုံးက ဟန့်တားမှုရှိနေဆဲ သို့မဟုတ် အချို့သောအဆင့်တွင် ရှိနေဆဲဟု သူတို့ကို ယုံကြည်စေခဲ့သည်။ သို့သော်လည်း တွင်းနက်က ဘာကြောင့် ကျူးကျော်မှုကို ရုတ်တရက်အရှိန်မြှင့်လိုက်ရသနည်း။ ကြားထဲမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ…
“ဒါဆို ငါတို့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ” လင်းရှန်က တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။
“ငါတို့လည်း မသိဘူး၊၊ ကြက်သွေးရောင်မြူပြန့်နှံ့တဲ့အကြိမ်ရေက အမှောင်ဒီရေနောက်ကို လိုက်တာပဲ၊၊ ဒါပေမဲ့ သူ့ရဲ့ ချဲ့ထွင်တဲ့ ဧရိယာနဲ့ အကြိမ်ရေကတော့ မတူဘူး၊၊ အဆုံးမဲ့ဝင်ရိုးစွန်းညရဲ့ ချဲ့ထွင်နှုန်းအတိုင်း ဆိုရင်တော့ ငါတို့မှာ တစ်နှစ်ကျော်အချိန်ရှိသေးတယ်၊၊ ဒါပေမဲ့ အမှောင်ဒီရေက ဝင်ရိုးစွန်းနေ့ဇုန်ကလွဲလို့ ကျန်တဲ့ ဒေသအားလုံးကို နေ့တိုင်း လွှမ်းမိုးနေတယ်၊၊ ဒါကြောင့် သီအိုရီအရ ဆိုရင်တော့...”
“တစ်ညတည်းပဲလား”
“ဟုတ်တယ်”
လင်းရှန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ပြတင်းပေါက်ဘက်သို့ မော့ကြည့်ကာ “မင်းတို့ကော အန္တရာယ်ရှိနိုင်မလား”
ချူယန်ကလည်း ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
“စိတ်ဝင်စားဖို့ကောင်းတာက အဆောက်အအုံတွေမှာ ဒီအနီရောင်မြူတွေကို ရုပ်ပိုင်းဆိုင်ရာအရ ပိတ်ဆို့နိုင်တဲ့ စွမ်းရည်ရှိတယ်၊၊ ဒါကြောင့် နင်က အဆောက်အအုံတွေ ဒါမှမဟုတ် ယာဉ်တွေထဲမှာပဲ နေမယ်ဆိုရင် သက်ရောက်မှုက အပြင်ဘက်ထက် ငါးရာခိုင်နှုန်းအောက်ပဲ ရှိလိမ့်မယ်၊၊ အဲဒါက သတင်းကောင်းလို့ ပြောလို့ရတာပေါ့၊၊ ဒါပေမဲ့ မြူထဲမှာရှိတဲ့ သတ္တဝါတွေရဲ့ ပစ်မှတ်ထားတာမခံရဖို့တော့ လိုတယ်၊၊ အဲဒီအကောင်တွေက အမှောင်အမှတ်အသားနဲ့ အလုပ်မလုပ်ဘူး”
ထိုစကားကို ကြားသောအခါ လင်းရှန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်၊၊
“ဒါပေမဲ့ ဒီဒေသကို ကြက်သွေးရောင်မြူတွေက ဝါးမျိုသွားမယ်ဆိုရင် ငါတို့က တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာဖို့ပဲ ကြိုးစားရတော့မယ်၊၊ အဲဒီသဘောက လူသားတွေရဲ့ လှုပ်ရှားမှုနယ်ပယ် လုံးဝအလုခံလိုက်ရတာ မဟုတ်ဘူးလား”
“အတိအကျပဲ”
“ဒါက သေတွင်းပဲ”
လင်းရှန်က အသံတိတ်ကျိန်ဆဲလိုက်ရင်း “ဒါက သောက်ကျိုးနည်း ရေဒီယိုသတ္တိကြွလှိုင်းတွေနဲ့ နျူကလီးယားဆောင်းရာသီ ရောက်လာသလိုပဲ”
“အဲဒီလိုမျိုးပါပဲ၊၊ ငါတို့ရဲ့ သုတေသနအဖွဲ့တွေလည်း အဲဒီလိုလမ်းကြောင်းအတိုင်း စဉ်းစားနေကြတယ်”
“မင်း ဖီးနစ်အဖွဲ့အစည်းဆီ ဘယ်တော့ ပြန်သွားနိုင်မလဲ”
လင်းရှန်က ချူယန်ကို မေးလိုက်သည်၊၊
“ငါ ပရော်ဖက်ဆာယဲ့နဲ့ စကားပြောချင်လို့”
ချူယန်က လင်းရှန်ကို ကြည့်ကာ မျက်ဝန်းများလှုပ်ခတ်သွားပြီးနောက် “အစောဆုံးကတော့ နှစ်ရက်လောက်ပဲ၊၊ ငါ အခုည ဒီမှာသေမသွားဘူးဆိုရင်ပေါ့”
“မင်းရဲ့ အဖွဲ့ဝင်တွေကော”
“ဘလောက်နှစ်ခုအကွာမှာ… အဆက်အသွယ်မရဘူး၊၊ အသက်ရှင်နေသေးလား သေပြီလားမသိဘူး”
“လိုင်းအနှောင့်အယှက်ဖြစ်နေတာလား”
“လုံးဝမရှိဘူး၊၊ ငါတို့က ဒီညလွန်သွားတဲ့အထိ စောင့်ပြီးမှ ကြိုချိန်းထားတဲ့ ဆုံရပ်မှာ လူစုပြီး ဒီဒေသက ထွက်ခွာဖို့ပဲ၊၊ အမှောင်ထုနဲ့ မြူတွေရှိနေတဲ့ အခုလိုအချိန်မှာ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေးမရှိဘူး”
“နင်ကော… နင့်ဘက်မှာ ဘာတွေဖြစ်ခဲ့တာလဲ” ချူယန်က မေးလိုက်သည်။
လင်းရှန် လေတစ်ချက်ရှူသွင်းလိုက်ပြီး မှိန်ပျပျအေးစက်သောအလင်းရောင်အောက်တွင် ဟာဝိုင်အီကျွန်းကို ဖြတ်ကျော်ကာ ပင်လယ်ကျောက်ဆောင်ကျွန်းအထိ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ချူယန်အား ပြောပြလိုက်သည်။ ထိုအထဲတွင် ဟွာရှောင်လင်းနှင့် ဆွေးနွေးခဲ့သည်များအပြင် တင်းကျန်းရီတင်ပြခဲ့သည့် သီအိုရီများလည်း ပါဝင်သည်။
ချူယန်၏ စိတ်အခြေနေသည် ကြက်သွေးရောင်မြူဇုန်၏ သက်ရောက်မှုကို ခံနေရ၍ ဖြစ်နိုင်သည်၊၊ လင်းရှန်ကိုယ်တိုင်ပင် အသက်ရှူကျပ်မတတ် အေးစက်မှုကို ရှင်းလင်းစွာခံစားနေရသည်။ သူ စကားပြောပြီးသွားသည့်အခါတွင်မှ တင်းကျန်းရီ၏ ရန်သူနှင့် လူသားများသည် အရင်းမြစ်တစ်ခုထဲဖြစ်သည်ဟူသော ယူဆချက်အပေါ် ချူယန်က အလွန်အံ့ဩခြင်းမရှိသည်ကို သတိထားမိလိုက်သည်။ ဖီးနစ်မှ ယဲ့လန်နှင့် အခြားသူများသည်လည်း ဤလမ်းကြောင်းအတိုင်း စုံစမ်းစစ်ဆေးပြီးသားဖြစ်ရမည်ကို သူ ချက်ချင်း နားလည်သွားခဲ့၏။ အဆုံးတွင် ဖီးနစ်၏ သလင်းကျောက်အပေါ် သုတေသနပြုမှုက အလွန်နက်ရှိုင်းနေပြီ ဖြစ်သည်။ အတိတ်က အိန်ဂျယ်စီမံကိန်းမှ အချက်အလက်များနှင့် ပေါင်းစပ်လိုက်လျှင် သူတို့၏ သုတေသနပညာရှင်များက ပိုမိုနက်ရှိုင်းသော ရှာဖွေတွေ့ရှိမှုများရှိနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
သို့သော် လင်းရှန်က ဟွာရှောင်လင်းအကြောင်းပြောလိုက်သည့်အခါတွင်မူ ချူယန်က ရုတ်တရက် မေးလာသည်၊၊
“သူက နင့်ကို ဖောင်ဒေးရှင်းထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့သေးလား”
“မခေါ်ပါဘူး… ဘာလို့ အဲဒီလိုမေးတာလဲ”
လင်းရှန်က ပြန်ပြောလိုက်သည်။
ချူယန်က သူမ၏ လက်မောင်းပေါ်ရှိ ကိရိယာတစ်ခုကို နှိပ်လိုက်ရာ ပရိုဂျက်တာပြောင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးရှေ့ရှိ လေထုထဲတွင် ဟိုလိုဂရမ်မျက်နှာပြင်တစ်ခုကို ထုတ်လွှင့်ပြသလိုက်သည်။
မျက်နှာပြင်ပေါ်တွင် လူပုဂ္ဂိုလ်များ၏ အချက်အလက်နှင့် အထောက်အထားဖော်ပြချက်များက ဆက်တိုက်ဆိုသလို လိမ့်တက်လာရာ လင်းရှန်လည်း ကြည့်ရင်းဖြင့် ချက်ချင်း တည်ကြည်လေးနက်သွားသည်။
“ချန်းယွီ၊၊ ကျား/မ- မ၊ ဖီးနစ်အဖွဲ့အစည်း၏ စွမ်းအင်မြင့်ရူပဗေဒ သုတေသနဌာနမှ သိပ္ပံပညာရှင်။ ကိုယ်ရေးရာဇဝင်- ဥရောပနျူကလီးယားသုတေသနဗဟိုဌာန၏ အမာခံအဖွဲ့ဝင်ဟောင်းဖြစ်ပြီး အမှောင်ဒြပ်ထုရှာဖွေရေး ညဇီးကွက်စီမံကိန်းကို ဦးဆောင်ခဲ့သူ။ ဖီးနစ်အဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက် တွင်းနက်၏ လက္ခဏာရပ်များကို ခွဲခြမ်းစိတ်ဖြာရန် တာဝန်ယူခဲ့ပြီး ပထမမျိုးဆက် အမှောင်စွမ်းအင်ဒိုင်း အကာအကွယ်လွှာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဩဂုတ်လ ၂၁ ရက် ကမ္ဘာပျက်ကပ်နေ့တွင် ပျောက်ဆုံးသွားခဲ့သည်”
“မိုက်ရှောင်၊ ကျား/မ- ကျား၊၊ မြောက်အမေရိက အရှေ့တောင်ကာကွယ်ရေးလိုင်း၏ စစ်သေနာပတိချုပ်/ဖီးနစ်အဖွဲ့အစည်း စက်မှုစွမ်းအားကူညီရေးတပ်ဖွဲ့၏ စစ်ဦးစီးအရာရှိ။ ကမ္ဘာပျက်ကပ်နေ့ပြီးနောက် ပထမဆုံးအကြိမ် အကြီးအကျယ်ကျူးကျော်လာသည့် ထူးဆန်းသောသတ္တဝါများကို တားဆီးရန် ‘ဒေါသလှိုင်းကာကွယ်ရေးတံတိုင်း’ ကို ၇၂ နာရီကြာ ကွပ်ကဲခဲ့ပြီး မြောက်အမေရိကပေါင်းစည်းစစ်မျက်နှာ၏ ဆုတ်ခွာမှုအတွက် အရေးကြီးသောအချိန်ကို ဆွဲပေးနိုင်ခဲ့သည်။ ဇူလိုင် ၁၉ ရက် ကမ္ဘာပျက်ကပ်နေ့တွင် စစ်သည်အင်အား ၄၀၀၀၀ ရှိသော တပ်ဖွဲ့နှင့်အတူ သက်ဆင်းခြင်းဂိုဏ်း (အမှောင်ဂိုဏ်း)သို့ ဝင်ရောက်ရန် သစ္စာဖောက်ခွဲထွက်သွားခဲ့သည်”
“စူးလင်း၊၊ ကျား/မ- မ၊၊ ဖက်ဒရေးရှင်းယဥ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဟောင်း/လူမှုဗေဒပညာရှင်နှင့် ဒဿနိကဗေဒပညာရှင်။ ကမ္ဘာပျက်ကပ်နေ့နောက်ပိုင်း ပျက်သုဉ်းလုနီးပါးယဉ်ကျေးမှုထဲက လူသားအန်ကာကျောင်းတော်ကို တည်ထောင်သူဖြစ်ပြီး ‘ပျက်သုဉ်းလုနီးပါး ယဉ်ကျေးမှုထဲက လူသားအန်ကာ’ ကို ရေးသားခဲ့ကာ စွမ်းအားရှင်လူ့အခွင့်အရေးဥပဒေအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်။ ‘စွမ်းအားရှင် စစ်ပွဲကာလ ကျင့်ဝတ်ကွန်ဗင်ရှင်း’ ကို ရေးဆွဲရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုအတွင်း စွမ်းအားရှင်များအား လူသားချင်းစာနာမှုကင်းမဲ့စွာ စမ်းသပ်မှုများ ပြုလုပ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့သဖြင့် အရပ်သားများအကြား ‘အမှောင်ခေတ်၏ ဆိုကရေးတီး’ ဟု လူသိများသည်။ စက်တင်ဘာ ၃ ရက်တွင် လျှို့ဝှက်တပ်ဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဖောင်ဒေးရှင်းအဖွဲ့အစည်းသို့ ဝင်ရောက်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်”
“တုကျန့်၊၊ ကျား/မ- ကျား၊၊ ပြာလဲ့မြွေယာဉ်တန်း၏ ခေါင်းဆောင်၊ ဥရောပ၏ သာလွန်အဆင့် စွမ်းအားရှင်၊ လူဦးရေ ၅၃၀၀ ရှိသော ယာဉ်တန်းကို ဦးဆောင်သူ၊ ဩဂုတ် ၁၃ ရက်တွင် ယာဉ်တန်းတစ်ခုလုံးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည်...”
လင်းရှန်သည် မျက်နှာပြင်ပေါ်တွင် လိမ့်တက်နေသော လူပုဂ္ဂိုလ်များ၏ အချက်အလက်များကို ကြည့်ရင်း တဖြည်းဖြည်းမျက်နှာပျက်ယွင်းလာသည်။ ဤလူများသည် သာမန်လူများမဟုတ်ကြချေ။ အဆင့်မြင့်သိပ္ပံပညာရှင်များ၊ ဒဿနိကဗေဒပညာရှင်များ၊ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးများ၊ အဆင့်မြင့်စွမ်းအားရှင်များ၊ ယာဉ်တန်းကြီး သို့မဟုတ် အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ဖီးနစ်၏ အဓိကအမာခံအဖွဲ့ဝင်အများအပြားပင်ပါဝင်နေသည်။၎၎င်းတို့ကို ဤသို့ မှတ်တမ်းတင်ထားရသည့် အကြောင်းရင်းမှာတစ်ခုတည်းကြောင့်သာဖြစ်သည်။
သစ္စာဖောက်ခြင်း။