← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း (၉၁)

ဝမ်လင်းလင်းသည် မှင်တက်မိလျက် လင်းယန်အား ကြည့်ရှုကာ မေးသည်။

“ဒီရှဉ့်လေးတွေက ခုနက နင်သူတို့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြောဆိုပေးခဲ့တာကို ကျေးဇူးဆပ်နေကြတာလား”

လင်းယန်သည် ပြုံးပြုံးဖြင့် ပြန်ပြော၏။

“အဲလိုထင်တာပဲ”

ရှောင်စစ်ယွီသည်လည်း အံ့ဩချီးကျူးဟန်ဖြင့် ရေရွတ်သည်။

“ဒီရှဉ့်လေးတွေက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်၊ တိရစ္ဆာန်ရုံထဲမှာတောင် ဒီလိုမျိုး ဉာဏ်ပညာရှိတဲ့ ရှဉ့်တွေကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး၊ ဒါက တောတောင်ထဲမှာ ရှင်သန်နေထိုင်တဲ့ တိရစ္ဆာန်တွေက ပိုပြီး အသက်ဝိညာဉ် ရှိကြတယ်လို့ ဆိုလိုတာလား”

လင်းယန်သည် ညင်သာစွာ ပြုံးလိုက်ပြီး နှုတ်ဆိတ်နေလိုက်မိသည်။

ယနေ့သည် ရလဒ်ကောင်းများစွာအား ဆွတ်ခူးနိုင်ခဲ့သော နေ့တစ်နေ့ ဖြစ်သည်။

အိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက်၊ ယန်အာဟူသည် ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ သွား၍ ဟင်းသီးဟင်းရွက်များကို သူခူးမည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောလိုကသည်။

ဝမ်လင်းလင်းသည် တစ်ကြိမ်တစ်ခါမျှ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ မရောက်ဖူးသဖြင့် အလွန် စူးစမ်းလိုစိတ် ပြင်းပြနေ၏။

ထို့ကြောင့် သူမသည် ယန်အာဟူနှင့်အတူ ဟင်းသီးဟင်းရွက်များ ခူးရန် လိုက်သွားသည်။

ချက်ပြုတ်ခြင်း အလုပ်သည် ပြိုင်ပွဲတွင် ဘိတ်ချေးဖြစ်ခဲ့သော ချန်ဟောက်ထျန်း၏ ပခုံးပေါ်သို့ သဘာဝကျကျရောက်သွားတော့သည်။

ထိုအလုပ် လုပ်ဆောင်ရန် ချန်ဟောက်ထျန်းတစ်ယောက် စိတ်မပါလက်မပါ ဖြစ်နေသော်လည်း အခြားရွေးချယ်စရာ မရှိပေ။

“ငါ ဘာကူညီပေးရမလဲ”

ရှောင်စစ်ယွီသည် လင်းယန် ဘေးတွင် ရပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် မေးမြန်းသည်။

လူတိုင်းတွင် ကိုယ်စီအလုပ်များ ရှိနေကြရာ သူမတစ်ယောက်တည်း ဤအတိုင်း ထိုင်နေ၍ အစားအစာ စောင့်နေရန် မဖြစ်နိုင်ကြောင်း တွေးမိ၏။

အကယ်၍ ချန်ဟောက်ထျန်းသာ ဆိုလျှင် ထိုအခြေအနေမျိုးတွင် စိတ်အေးလက်အေး နေထိုင်နေမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

လင်းယန်သည် ပတ်ဝန်းကျင်အား တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုကာ ဆိုသည်။

“ငါကတော့ သစ်အယ်သီးနဲ့ ကြက်သားဆီပြန်ချက်ဖို့အတွက် ကြက်တစ်ကောင်ကို သတ်ရမယ်၊ နင် ငါ့ကို ကူညီတဲ့အနေနဲ့ ကျားမကြီးကို အစာကျွေးပေးလို့ ရမလား၊ ဒီမနက်တင် လတ်လတ်ဆတ်ဆတ် ပို့ထားတဲ့ အမဲသားတွေ ရှိတယ်”

ရှောင်စစ်ယွီသည်လည်း မည်သည့်အခက်အခဲမျှ မရှိကြောင်း ပြန်ပြော၏။

ထိုစဉ် ချန်ဟောက်ထျန်းသည် မြေမီးဖိုကြီး၏ ရှေ့တွင် ထိုင်နေသည်။ သူ၏ မျက်နှာတစ်ပြင်လုံးတွင် ပြာမှုန်များ ပေကျံနေကာ စိတ်ပျက်အားလျော့နေသော မျက်နှာထားဖြင့် မီးဖိုကြီးအား စိုက်ကြည့်နေမိ၏။

ဤအရာသည် အဘယ်ကြောင့် ဤမျှအထိ ရှေးကျလွန်းနေရသနည်း။

သူသည် ယခင် ဗီဒီယိုများ ကြည့်ရှုစဉ်အခါတွင်မူ အခြားသောသူများသည် ခလုတ်တစ်ချက် နှိပ်ရုံမျှဖြင့် မီးမွှေး၍ ချက်ပြုတ်နိုင်သည်အား မြင်တွေ့ဖူးသည်။

ယခု အဘယ်ကြောင့် မိမိကိုယ်တိုင် ထင်းများကို မီးရှို့နေရသနည်း။

သို့သော် သူ မကြာသေးမှီကပင် စကားကြီးစကားကျယ်များ ပြောဆိုခဲ့သဖြင့် ယခုအချိန်တွင် လင်းယန်အား အကူအညီတောင်းခံခြင်းသည် မိမိ၏ မျက်နှာ မိမိပြန် ရိုက်နှက်သကဲ့သို့ ဖြစ်မှာ စိုးရိမ်နေ၏။

ထို့အပြင် သူသည် လင်းရန်အား အလွန်မုန်းတီးသူ ဖြစ်သည်။

တစ်ဖက်လူ၏ ရှေ့တွင် ဦးညွှတ်အရှုံးပေးရန်ကိုမူ သူ၏မာနလွှမ်းစိတ်က လုံးဝခွင့်မပြုနိုင်ချေ။

ထို့ကြောင့် ချန်ဟောက်ထျန်းသည် မိမိ၏ လက်ကိုင်ဖုန်းအား ထုတ်ယူကာ အွန်လိုင်းပေါ်တွင် စတင်ရှာတော့သည်။

မိမိကဲ့သို့ ဉာဏ်ပညာ ထက်မြက်လှသူသည် ဤနေရာ၌ ချက်ချင်း သင်ယူ၍မရနိုင်ကြောင်း သူ လုံးဝမယုံကြည်နိုင် ဖြစ်နေ၏။

“ဒုန်း ဒုန်း ဒုန်း”

ကြက်သား ပြင်ဆင်ပြီးခါစ ဖြစ်သော လင်းယန်သည် မိမိ၏ မီးဖိုချောင်အတွင်းတွင် ကျယ်လောင်လှသော ပေါက်ကွဲသံစဉ်များ ကြားလိုက်ရသည်။

သူ၏ စိတ်တွင် မကောင်းသော အငွေ့အသက် အာရုံတစ်ခု ချက်ချင်း တိုးဝင်လာ၏။

ထိုသူဌေးသားလေးသည် မိမိအတွက် ဒုက္ခတစ်စုံတစ်ရာ ထပ်မံဖန်တီးလိုက်ပြန်ပြီလော။

သူ လက်ရှိကိုင်တွယ်ထားသော ပစ္စည်းများအား အမြန်ချထားကာ ရှေ့ခြံဝင်းဆီသို့ လှမ်းလျှောက်သွားသည်။

ထိုသို့ သွားရာတွင် ရှောင်စစ်ယွီနှင့် ထိပ်တိုက် တိုးမိ၏။ သူတို့နှစ်ဦးသည် အချင်းချင်း စိုက်ကြည့်လိုက်ရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် မကောင်းသော နိမိတ်လက္ခဏာများ မြင်တွေ့လိုက်ကြသည်။

မြေမီးဖိုပေါ်တွင် ရှိခဲ့ဖူးသော သံဒယ်အိုးကြီးသည် ယခုအခါ မြေပြင်ပေါ်သို့ လွင့်စင်ကျရောက်လျက် ရှိသည်။

ပြင်းထန်လှသော မီးခိုးလုံးကြီးများသည် မျက်စိရှေ့မှောက်တွင် လိပ်တက်နေ၏။

ထိုမီးခိုးများသည် မျက်စိ ဖွင့်ရန်ပင် ခက်ခဲလှလောက်အောင် စူးရှမွှန်ထူသည်။

လင်းယန်သည် ရှောင်စစ်ယွီအား အမြန်ဆွဲကာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်ခွာလိုက်၏။

မိမိ၏ မီးဖိုချောင်သည် အဘယ်ကြောင့် ဤမျှအထိ ပျက်စီးယိုယွင်းသွားရသနည်း။

ထိုသူဌေးသားလေးသည် မီးခိုးမွှန်၍ သေဆုံးသွားလေပြီလော။

လင်းယန်တစ်ယောက် သူ့အတွက် စိုးရိမ်ပူပန်နေစဉ်မှာပင် ချန်ဟောက်ထျန်းသည် ပြင်းထန်သော မီးခိုးလုံးကြီးများထဲမှ ချောင်းဆိုးလျက် ထွက်ပေါ်လာသည်။

အစက ဖြူလျော်ပြီး သွေးမရှိသကဲ့သို့ ဖြစ်နေသော သူ၏မျက်နှာသည် ယခုအခါ မီးခိုးပြာများကြောင့် မည်းမှောင်နေကာ သူ၏မျက်လုံးအစုံသာ လျှံထွက်လှုပ်ရှားနေတော့သည်။

သူ၏ လက်အစုံသည်လည်း ကြည့်မကောင်းလောက်အောင် မည်းညစ်နေ၏။

ထိုအခြင်းအရာအား မြင်တွေ့သောအခါ လင်းရန်၏ နှုတ်ခမ်းအစုံသည် တွန့်ကွေးသွားလျက် မေးသည်။

“ငါက မင်းကို မီးမွှေးခိုင်းတာနော်၊ ငါ့မီးဖိုချောင်ကို ဖောက်ခွဲခိုင်းတာမဟုတ်ဘူး”

ထိုစကား ကြားရသောအခါ ချန်ဟောက်ထျန်းသည် ဒေါသအဟုန် ပြင်းထန်သွားကာ ပြောသည်။

“မင်းက ငါ့ကို အပြစ်တင်ရဲသေးတယ်ပေါ့၊ ဒါက မင်းရဲ့ထင်းတွေ ညံ့လို့ဖြစ်တာ သိသာနေတာပဲ၊ ငါ့ကို ဘာဖြစ်အောင် လုပ်လိုက်လဲ ကြည့်စမ်း”

ယခုအချိန်တွင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဆောင်နေခြင်းမှာ ကံကောင်းလှသည်ဟု ဆိုရမည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့သွားလျှင် သူသည် အခြားသူများ၏ ရှေ့တွင် မည်ကဲ့သို့ မျက်နှာပြရမည်နည်း။

ချန်ဟောက်ထျန်း၏ ရင်ဘတ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလျက် အော်ဟစ်သည်။

“ဒါက ဘယ်လို အပန်းဖြေစခန်းလဲ၊ ဘယ်သူက ဘဝကို ဒီလိုမျိုး လာပြီး ခံစားနေမှာလဲ၊ ငါ ဒီမီးကို မမွှေးနိုင်တော့ဘူး၊ မွှေးချင်တဲ့သူကိုပဲ မွှေးခိုင်းလိုက်တော့”

လင်းယန်သည် မိမိ၏ နှုတ်ခမ်းထောင့်များ တက်လာမည့် အပြုံးအား အတင်းအကျပ် ထိန်းချုပ်ထားရင်း ဆို၏။

“မင်း မီးမွှေးနိုင် မမွှေးနိုင် ဆိုတာက အရေးမကြီးပါဘူး၊ ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကို ဒီလိုအခြေအနေမျိုး ရောက်အောင် ဘယ်လိုလုပ်လိုက်လဲဆိုတာ ငါ့ကို အရင်ပြောပြနိုင်မလား”

မီးမတောက်ခဲ့လျှင် ဤကဲ့သို့သော အခြေအနေမျိုးအထိ မဖြစ်ပွားသင့်ကြောင်း တွေးမိသောကြောင့် ဖြစ်သည်။

ချန်ဟောက်ထျန်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ပြောသည်။

“အွန်လိုင်းပေါ်မှာ ထင်းမီးဖို မွှေးတဲ့အဆင့်တွေကို ငါတွေ့ခဲ့တယ်၊ အစပိုင်းမှာ သစ်ရွက်ခြောက်တွေကို မီးရှို့ပြီး အထဲကို ထည့်ရမယ်၊ ပြီးမှ ထင်းတွေကို ဖြည်းဖြည်းချင်း ထည့်ရမယ်လို့ ပြောထားတယ်၊ ဒါပေမဲ့ အဲဒါက နှေးလွန်းတယ်လို့ ငါထင်တယ်၊ ထင်းတွေပေါ်ကို ဆီနည်းနည်း ထည့်လိုက်ရင် မီးလောင်ကျွမ်းမှုကို ပိုပြီး မြန်ဆန်စေတယ်လို့ ပြောကြတယ်မဟုတ်လား”

ထိုစကားများကို ကြားရသောအခါ လင်းယန်သည် အမှန်တကယ် စကားမဲ့သွားတော့သည်။

“ဒါဆို မင်းက ထင်းတွေပေါ်ကို ဆီလောင်းထည့်လိုက်တာပေါ့”

ရှောင်စစ်ယွီသည် မယုံကြည်နိုင်စရာ ဖြစ်လျက် မေးသည်။

ဤသူဌေးသားလေးသည် မချက်ပြုတ်သည်သာမက အခြေခံအကျဆုံး အသိပညာ ဗဟုသုတ ကင်းမဲ့နေသည် မဟုတ်ပါလော။

ချန်ဟောက်ထျန်းသည် မိမိကိုယ်မိမိ မှန်ကန်သည်ဟု ထင်မှတ်နေဟန်ဖြင့် ခေါင်းညိတ်ပြကာ ဆို၏။

“ဟုတ်တယ်၊ အွန်လိုင်းပေါ်မှာ အဲဒီအတိုင်း ရေးထားတာ၊ ဒါက မင်းတို့ သုံးတဲ့ ထင်းတွေမှာ ပြဿနာရှိလို့ ဖြစ်ရတာ”

ထို့ကြောင့် နောက်ပိုင်းတွင် မီးသည် ပြင်းထန်စွာ လောင်ကျွမ်းခဲ့ရာ သူ၏ ရှေ့ဆံပင်များအား လောင်ကျွမ်းစေခဲ့သည်။

ချန်ဟောက်ထျန်းသည် ထိုအကြောင်း တွေးတောမိတိုင်း ဒေါသပုန်ထနေ၏။

သူသည် လင်းယန်နှင့် ရှောင်စစ်ယွီတို့အား ဘေးသို့ တွန်းဖယ်ကာ သူတို့နှစ်ဦး၏ ကြားမှ ဖြတ်သန်းလျှောက်သွားသည်။

သူသည် ရေကန်ကြီး၏ ရှေ့သို့ ရောက်သွားကာ မိမိ၏ လက်ရှိရုပ်သွင်အား မြင်တွေ့လိုက်ရသောအခါ မအောင့်အီးနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

“အားးးးးးးးးး”

ထိုအော်ဟစ်သံအား ကြားရသောအခါ နောက်ဖေးခြံဝင်းအတွင်းရှိ တောဝက်ဘုရင်ကြီးသည် မိမိ၏ ရှေ့ခွာများဖြင့် မြေပြင်ကို ယက်ကန်ရင်း၊ ထိုအသံကို မခံမရပ်နိုင် ဖြစ်လာသဖြင့် မိမိ၏ နားအစုံကို ပိတ်ဆို့ထားလိုက်သည်။

ခြံဝင်း၏ ရှေ့တံခါးဝသို့ ရောက်ရှိခါစ ဖြစ်သော ရန်အာဟူနှင့် ဝမ်လင်းလင်းတို့သည်လည်း သူတို့၏ ခြေလှမ်းများကို ချက်ချင်း ရပ်လိုက်ကြ၏။

“ဒါ ဘာအသံကြီးလဲ”

ယန်အာဟူသည် မျက်မှောင်ကုတ်လျက် ဆိုသည်။

“ငါလည်း မသိဘူး၊ ဒါပေမဲ့ အဲဒီအသံက ချန်ဟောက်ထျန်းရဲ့ အသံနဲ့ ဘာလို့ ဒီလောက်တူနေရတာလဲ”

သူတို့နှစ်ဦးသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြရာ ခြံဝင်းအတွင်း၌ အစွမ်းမဲ့စွာ ဒေါသထွက်နေသော ချန်ဟောက်ထျန်းကို မြင်တွေ့လိုက်ကြသည်။

ဝမ်လင်းလင်းသည် ကဲ့ရဲ့၏။

“နင် ကိုယ့်ကိုကိုယ် ဘယ်လိုဖြစ်အောင် လုပ်လိုက်တာလဲ၊ ပြီးတော့ နင် အော်ငိုနေတာကို ရပ်ပေးလို့ ရမလား၊ အဲဒီအသံက တကယ်ကို နားမခံသာဘူး”

ရှောင်စစ်ယွီသည် ရယ်မောလိုစိတ်အား အတင်းအကျပ် အောင့်အီးထားရင်း ရှင်းပြသည်။

“သူက ခုနက မီးမွှေးရင်းနဲ့ မီးဖိုချောင်ကို ဖောက်ခွဲပစ်လိုက်တာ”

ရန်အာဟူသည် မိမိသောက်သုံးလက်စ ရေများအား ရုတ်ချည်း ထွေးထုတ်လိုက်မိကာ မေး၏။

“ဘာ… သူက မီးဖိုချောင်ကို ဖောက်ခွဲပစ်လိုက်တာ ဟုတ်လား၊ ဒါဆို ငါတို့ အခု ဘယ်လိုလုပ်ပြီး ချက်ပြုတ်စားသောက်ကြမလဲ”

သူသည် ယခုအချိန်တွင် မိမိအချိန်မှန် စားသောက်နိုင်မည်လော ဆိုသည့် အချက်ကိုသာ အလေးဂရုပြုနေမိခြင်း ဖြစ်သည်။

မီးဖိုချောင်အတွင်းမှ ပြင်းထန်လှသော မီးခိုးလုံးကြီးများသည် အများစု ကွယ်ပျောက်သွားပြီ ဖြစ်ရာ၊ လင်းယန်သည် တစ်ချက် ကြည့်ပြီးနောက် ကြီးကြီးမားမား ပျက်စီးခဲ့ခြင်း မဟုတ်ကြောင်း သုံးသပ်လိုက်သည်။

သို့သော် ချန်ဟောက်ထျန်းသည် မိမိ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မာနတရားများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ခံစားနေ၏။

ထိုလူများအားလုံးသည် မိမိအား လှောင်ပြောင်သရော်နေကြသော တရားခံများဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်နေသည်။

“ရယ်ကြ၊ ရယ်ကြ၊ မင်းတို့အားလုံးက ဘာကို ဒီလောက်တောင် ရယ်နေကြတာလဲ၊ ငါတို့ မင်းတို့ကို လာခိုင်းလို့သာ လာခဲ့ရတာ၊ မင်းတို့ကော ဘာများ တတ်နိုင်လို့လဲ”

ဝမ်လင်းလင်းသည် နှာခေါင်းတစ်ချက် ရှုံ့လျက် ပြန်ချေပသည်။

“ငါတို့တွေ ဘာမှမတတ်ရင်တောင်မှ၊ နင့်လိုမျိုး နေရာတကာမှာ ပြဿနာရှာပြီး ပရမ်းပတာတွေ လျှောက်လုပ်မနေဘူး၊ ပြောစမ်းပါဦး၊ နင်က ဘာအသုံးကျလို့လဲ”

ချန်ဟောက်ထျန်းသည် မိမိ၏ မျက်နှာပေါ်မှ ပြာမှုန်များကို သုတ်ဖယ်ကာ တစ်စုံတစ်ရာ ပြန်ပြောချင်သော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေခဲ့ရသည်။

ဝမ်လင်းလင်းသည် မိမိကိုင်ဆောင်ထားသော ဟင်းသီးဟင်းရွက်ခြင်းတောင်းအား ချန်ဟောက်ထျန်း၏ ရင်ခွင်ထဲသို့ အတင်းအကျပ် ထိုးထည့်ပေးလိုက်ရင်း ဆို၏။

“နင် ဟင်းမချက်တတ်ရင်တောင်မှ ဟင်းသီးဟင်းရွက်ကိုတော့ ဆေးတတ်တယ်မဟုတ်လား၊ နင် ဟိုဘက်ကိုသွားပြီး ဟင်းသီးဟင်းရွက်တွေ သွားဆေးလိုက်”

ချန်ဟောက်ထျန်းသည် ထိုခြင်းတောင်းအား ဘေးသို့ လွှင့်ပစ်လိုက်ကာ ပြောသည်။

“ငါ မသွားဘူး”

ချန်မိသားစု၏ အကြီးဆုံးသားဖြစ်သော သူသည် ဤကဲ့သို့သော အရှက်ရမှုအား မည်သည့်အခါမျှ မခံစားခဲ့ဖူးချေ။

ဤအရာသည် နေ့စဉ်ဘဝနှင့် ဟင်းသီးဟင်းရွက် ဆေးကြောခြင်းလော။

ဤအလုပ်သည် အိမ်ရှင်မများသာ လုပ်ဆောင်ရသော အလုပ်မဟုတ်ပါလော။

ဝမ်လင်းလင်းနှင့် ချန်ဟောက်ထျန်းတို့သည် မကြာမီအချိန်အတွင်း အပြင်းအထန် ငြင်းခုံကြတော့မည့် အခြေအနေသို့ ရောက်နေကြောင်း မြင်တွေ့ရ၏။

ထိုအခါ အစတွင် နူးညံ့သိမ်မွေ့သော ရှောင်စစ်ယွီသည် သူတို့နှစ်ဦး၏ ကြားသို့ ဝင်တားသည်။

“တော်ကြပါတော့၊ တော်ကြပါတော့၊ မငြင်းခုံကြပါနဲ့တော့၊ လင်းလင်း၊ နင်နဲ့ ယန်အာဟူက ဟင်းသီးဟင်းရွက်တွေ ခူးရတာ ပင်ပန်းလာခဲ့ပြီ၊ နင်တို့နှစ်ယောက် အနားယူလိုက်ကြပါ၊ ငါ တိရစ္ဆာန်တွေကို အစာကျွေးပြီးရင် နင့်ကို ကူညီပြီး ဟင်းသီးဟင်းရွက်တွေ ဆေးလိုက်ပါ့မယ်၊ နင်လည်း အရင်ဆုံး သွားပြီး မျက်နှာကို စင်အောင် ဆေးကြောလိုက်ပါဦး”

ရှောင်စစ်ယွီသည် ချန်ဟောက်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

ချန်ဟောက်ထျန်းသည် ရုတ်တရက် စိတ်ပြောင်းသွားဟန်ဖြင့် ကမ်လှမ်းလိုက်သည်။

“ဒါမှမဟုတ်... နင်က ဟင်းသီးဟင်းရွက် သွားဆေးလိုက်၊ ငါ နင့်အတွက် တိရစ္ဆာန်တွေကို အစာသွားကျွေးပေးမယ်”

All Chapters