← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ( ၉၂ )

ရှောင်စစ်ယွီသည် သူ့အား သံသယစိတ်ဖြင့် ကြည့်ရှုကာ မေးသည်။

“မင်း တကယ် သေချာလို့လား”

တိရစ္ဆာန်များကို အစာကျွေးမွေးရသည့် အလုပ်သည် လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

လင်းယန်သည် အစားအစာများ ကြိုတင်ပြင်ဆင်ထားသော်လည်း ၎င်းတို့အနေဖြင့် ကျွေးမွေးရန်သာ လိုအပ်သည်။

အခြွေအရံများ ဝန်းရံကာ လိုလေသေးမရှိ နေထိုင်လာခဲ့သည့် ချန်ဟောက်ထျန်းကဲ့သို့သော သခင်လေးတစ်ဦးအဖို့မူ ဤအလုပ်သည် အလွန်ပင်ပန်းမည့် အလုပ်တစ်ခုပင်။

ချန်ဟောက်ထျန်းသည် မျက်လုံးများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရင်း ပြောသည်။

“ငါလည်း မင်းတို့အတွက် တစ်ခုခု ကူညီပေးချင်လို့ပါ”

ရန်အာဟူသည် ထိုစကားကို ကြားရသောအခါ အလွန်တရာ အံ့အားသင့်သွားကာ မေး၏။

“မင်း ချန်ဟောက်ထျန်းတော့ ဟုတ်ပါသေးတယ်နော် “

ဤသို့သော ပြောပုံမျိုးသည် ချန်သခင်လေး၏ ပင်ကိုယ်စရိုက်နှင့် မည်သို့မျှ အံဝင်ခွင်ကျဖြစ်ခြင်း မရှိပေ။

ချန်သခင်လေးသည် မည်သည့်အချိန်ကစ၍ လူထု၏ ဒုက္ခဆင်းရဲအား ဤမျှအထိ စာနာနားလည်တတ်သွားရသနည်း။

ဝမ်လင်းလင်းသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်ကာ ဆိုသည်။

“ချန်ဟောက်ထျန်း၊ နင့်ကို ဆေးရုံခေါ်သွားပြီး ဆေးစစ်ကြည့်ရတော့ထင်တယ်၊ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ”

ချန်ဟောက်ထျန်းမှာမူ ပြောစရာစကား မရှိတော့ပေ။

ဤလူများသည် မည်သည့်သဘောကို ဆောင်နေကြသနည်း။ မိမိက စေတနာအမှန်ဖြင့် ကူညီလိုခြင်းကို သူတို့က မယုံကြည်ကြသည်လော။

“ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မင်းတို့ လျှောက်ပြီး သံသယဝင်နေဖို့ မလိုပါဘူး”

ချန်ဟောက်ထျန်းသည် ဒေါသအမျက်ချောင်းချောင်းထွက်လျက် အစားအစာပုံးအား မကာ အရှေ့မြောက်ကျားကြီးရှိရာသို့ လျှောက်လှမ်းသွားသည်။

ခြေလှမ်းအနည်းငယ် လှောက်လှမ်းပြီးနောက် မိမိသည် ထွားကျိုင်းလှသော အရှေ့မြောက်ကျားကြီးနှင့် မျက်နှာချင်းဆိုင်တွေ့ရတော့မည်အား သတိပြုမိသွားကာ နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်း သံဝေဂစိတ်များ တရိပ်ရိပ် ဝင်လာတော့၏။

အထူးသဖြင့် ထိုအရှေ့မြောက်ကျားကြီးသည် မိမိအား မော့ကြည့်လိုက်သောအခါတွင် မိမိကိုယ်ကို သေမင်း၏ စိုက်ကြည့်ခြင်း ခံရသကဲ့သို့ ခံစားရသည်။

တစ်ခဏအကြာ ထိုကျားကြီး၏ ဆွဲဖြဲဝါးမြိုခြင်းကို ခံရတော့မည်ဟူသော ဝေဒနာလှိုင်းတံပိုးသည် စိတ်အာရုံ၌ ဖြတ်သန်းသွားလေသည်။

‘ထင်ယောင်ထင်မှားပဲ၊ ထင်ယောင်ထင်မှားပဲ’

သူသည် ဤနေရာ၌ တစ်ညလုံး နေထိုင်ခဲ့ဖူး၍ ကျားကြီးသည် ရင်ပြင်ထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ကာ မည်သည့်ရန်မူမည့် အရိပ်အယောင်မျှ မပြခဲ့ချေ။

ထိုအချက်အား ကြည့်ခြင်းဖြင့် ဤအရှေ့မြောက်ကျားကြီးသည် လူသားများအား အကြောင်းမဲ့ ရုတ်တရက် တိုက်ခိုက်မည်မဟုတ်ကြောင်း သေချာသည်။

ချန်ဟောက်ထျန်းသည် စိတ် တည်ငြိမ်အောင် ပြင်ဆင်ပြီးနောက် ကျားမကြီးအနီးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။

ကျားမကြီးသည် အစားအစာ၏ အနံ့ ရရှိသောလည်း မျှော်လင့်ထားသည့်အတိုင်း မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ နေ၏။

ချန်ဟောက်ထျန်းသည် မလုံမလဲစိတ်ဖြင့် နောက်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။

ပြီးခဲ့သည့်ညက တွေ့ဆုံခဲ့သော အမျိုးသားနှင့် အမျိုးသမီးသည် မိမိအား ပစ္စည်းတစ်ခု ပေးအပ်ခဲ့ဖူးသည်။

အရှေ့မြောက်ကျားကြီး၏ အစားအစာထဲသို့ ထိုဆေးမှုန့်ထုပ်ကို ထည့်သွင်းလိုက်ပါက အချိန်အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ ကျားကြီးသည် အသိစိတ်လွတ်မြောက်ကာ သောင်းကျန်းရူးသွပ်သည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု ဆိုသည်။

ထိုသို့ဖြစ်ပွားပါက လင်းယန်အနေဖြင့် ဤအရှေ့မြောက်ကျားကြီးအား အိမ်၌ ဆက်လက်မွေးမြူထားရန် အကြောင်းပြချက် ရှိတော့မည်မဟုတ်ပေ။

သစ်တောဦးစီးဌာနသည်လည်း ဤကိစ္စအား ဒီအတိုင်း ကြည့်နေမည်မဟုတ်သည်မှာ ဧကန်မလွဲပင် ဖြစ်၏။

ထိုအချိန်တွင်မူ ချန်ဟောက်ထျန်းသည် စွန့်စားရလွန်းလှသည်ဟု ခံစားရသောကြောင့် ဤအမှုအား မပြုလုပ်လိုခဲ့ချေ။

အကယ်၍ အချိန်အတိုင်းအတာကို သေချာစွာ မထိန်းချုပ်နိုင်ဘဲ ကျားကြီး သောင်းကျန်းလာပါက မိမိသည်သာ ပထမဆုံး အသက်ပျောက်ရမည့်သူ ဖြစ်မသွားနိုင်ပါသလော။

ထို့အပြင် ထိုအမျိုးသားနှင့် အမျိုးသမီးတို့ ကိုယ်တိုင်ပင် မလုပ်ရဲသောအလုပ်အား မိမိကဲ့သို့သော သခင်လေးအား ခိုင်းစေခြင်းသည် မရိုးသားသော မသမာကြံစည်မှုရှိကြောင်း ထင်ရှားလှသည်။

သို့သော် ထိုသူတို့နောက်ကွယ်မှ အမျိုးသားသည် လင်းယန်သာ ဤအတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းပါက ချန်ဟောက်ထျန်းအနေဖြင့် အင်တာနက်အသုံးပြုသူများ၏ ရှေ့မှောက်တွင် မည်သည့်အခါမျှ ခေါင်းမော့နိုင်တော့မည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။

လင်းယန်၏ ဂုဏ်ရှိန်ဂုဏ်ဝါများကို ‌မှေးမှိန်အောင်လုပ်နိုင်မှသာ အခြားသူများသည် လင်းယန်အား အာရုံမစိုက်ကြတော့ဘဲ မိမိ၏ ပါရမီနှင့် အရည်အချင်းကို မြင်တွေ့နိုင်မည် ဖြစ်၏။

ဤပြောစကားသည် ချန်ဟောက်ထျန်း၏ နှလုံးသားအား ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။

မိမိ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်အတွက် ဤတစ်ကြိမ်တော့ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့ရာတွင် ယခုအချိန်၌ လူတိုင်း၏ အကြည့်များသည် မိမိထံသို့သာ ကျရောက်နေသည်အား ခံစားနေရသဖြင့် ဤမသမာမှုအား ပြုလုပ်ရန် လွယ်ကူလှသည်မဟုတ်ပေ။

ကျားမကြီးသည် မိမိ၏ အစာခွက်ထဲသို့ အစားအစာများ လောင်းထည့်မပေးသည်အား မြင်သောအခါ အနည်းငယ် စိတ်မရှည်ဖြစ်လာကာ အစာခွက်အား ခြေဖဝါးဖြင့် တဒုန်းဒုန်း ပုတ်ခတ်နေသည်။

ချန်ဟောက်ထျန်းသည် သူတပါးမျက်ကွယ်၌ ဆေးမှုန့်ထုပ်အား လောင်းထည့်ရန် အခွင့်အရေးကိုသာ တိတ်တဆိတ် စောင့်မျှော်ကြည့်နေ၏။

ထိုသို့ အချိန်ဆွဲနေသော အပြုအမူသည် ဝမ်လင်းလင်းအား စိတ်ပျက်သွားစေကာ အော်ငေါက် ဆိုသည်။

“မင်းက ဘာတွေ အချိန်ဆွဲနေတာလဲ၊ ယောက်ျားတစ်ယောက် ဟုတ်ကော ဟုတ်ရဲ့လား၊ ကျားမကြီးကို အစာကျွေးရတာ မင်းအသက်ကို တောင်းနေသလို ဖြစ်နေတာလား၊ ကျားမကြီး စိတ်မရှည်ဖြစ်နေတာ မမြင်ဘူးလား၊ သတိထားဦး၊ အစာမစားရရင် မင်းကိုပဲ ကိုက်စားပစ်လိုက်မယ်”

ဤစကားသည် ချန်ဟောက်ထျန်းအား တစ်စုံတစ်ခုအား သတိရသွားစေကာ ကြောက်လန့်တုန်လှုပ်သွားစေသဖြင့် အစားအစာများ ကျားမကြီး၏ အစာခွက်ထဲသို့ သုတ်သီးသုတ်ပျာ လောင်းထည့်လိုက်တော့၏။

ရန်အာဟူနှင့် ဝမ်လင်းလင်းတို့သည် ထိုအရာ မြင်သောအခါ အော်ဟစ်ရယ်မောကြသည်။

“မင်းကတော့ တကယ့် လူပြက်ပဲ၊ ကြောက်တတ်လိုက်တာ၊ ကဲ... ချန်သခင်လေးရေ၊ တာဝန်ကျေပါတယ်ဗျာ၊ သွားပြီး အနားယူလိုက်ပါတော့”

ဝမ်လင်းလင်းသည် ပျော်ရွှင်မြူးထူးသော မျက်နှာထားဖြင့် ဆိုနေသော်လည်း မိမိအား ကျောခိုင်းထားသော ချန်ဟောက်ထျန်း၏ မျက်နှာမှာမူ အိုးသူခိုးမျက်နှာကဲ့သို့ မည်းမှောင်နေကြောင်း မသိကြချေ။

သိခဲ့လျှင်လည်း ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ကျားမကြီးသည် ခွက်ထဲမှ အစားအစာများကို ဖြည်းညှင်းစွာ စားသုံးနေ၏။

လူတိုင်းသည်လည်း မိမိတို့၏ အလုပ်ကိုယ်စီဖြင့် နေ့လည်စာ ပြင်ဆင်ရန် အလုပ်ရှုပ်သွားကြသည်။

ထိုအခွင့်အရေးအား မြင်သောအခါ ချန်ဟောက်ထျန်းသည် အခါခွင့်သင့်ပြီဟု တွေးတောကာ ဆေးမှုန့်ထုပ်အား ကျားမကြီး၏ အစာခွက်ထဲသို့ တိုက်ရိုက် ဖြန်းပက်လိုက်သည်။

ကျားမကြီးသည် အစာစားနေရာမှ ရုတ်တရက်အော်ဟစ်လေတော့သည်။

“အဝူး... အဝူး”

အဘယ်ကြောင့် ဤမျှ စူးရှသော အနံ့ဆိုး ထွက်ပေါ်လာရသနည်း။

ဤအနံ့သည် အလွန်ရွံရှာဖွယ်ကောင်းလှကာ အစာစားချင်စိတ် လုံးဝ ပျောက်သွားစေသည်။

ချန်ဟောက်ထျန်းသည် ကျားမကြီး၏ ဟောက်သံမှ ဆိုလိုရင်းကို မည်သို့မျှ နားမလည်နိုင်ချေ။

မိမိ စိုးရိမ်သည်မှာ ဤဟောက်သံကြောင့် လင်းယန်နှင့် အခြားသူများ ရောက်လာပါ မိမိ၏ လျှို့ဝှက်ချက်အား သိသွားမည်ကိုသာ ဖြစ်၏။

ထိုသူသည် ပျာပျာသလဲ ဖြစ်သွားကာ လေသံတိုးတိုးဖြင့် ပြောသည်။

“ဘာလို့ ရုတ်တရက် အော်နေတာလဲ၊ ဒါ အသားအကြီးကြီးပဲလေ၊ စားစမ်းပါ၊ မင်း မစားရင် ငါ သွန်ပစ်မှာနော်”

ကျားမကြီး၏ မျက်နှာသည် ချက်ချင်းပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အသွင်သို့ ပြောင်းလဲသွား၍ ရုတ်တရက် မတ်တတ်ရပ်ကာ ချန်ဟောက်ထျန်းအား အပေါ်စီးမှ ငုံ့ကြည့်သည်။

ထိုအချိန်၌ ချန်ဟောက်ထျန်း၏ မျက်နှာတွင် သွေးရောင်ဟူ၍ မရှိတော့ပေ။

မိမိသည် ထွားကျိုင်းလှသော အရှေ့မြောက်ကျားကြီးနှင့် ရင်ဆိုင်နေရသည်ကို လောလောလောလောဖြင့် မေ့လျော့သွားခဲ့သည်။

မိမိကဲ့သို့ လူသားတစ်ဦးသည် ထိုသို့ သတ္တဝါကြီးအား ဤမျှ ရဲတင်းစွာ အော်ဟစ်မိသည်။ ချန်ဟောက်ထျန်းသည် ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်ခွာသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျားမကြီးသည် ရှေ့သို့ ထပ်မံတိုး၍ ရန်မမူဘဲ ထိုနေရာ၌ပင် ရပ်တန့်ကာ မိမိအား စူးစိုက်ကြည့်ရှုနေ၏။

“အဝူး...”

‘အသားထဲမှာ ဘာတွေထည့်ထားတာတုန်း၊ အနံ့က တော်တော်ဆိုးတာဘဲ၊ ခဏတုန်းက ထည့်လိုက်တာကို မြန်မြန် ဖယ်ပေးပါလား’

ဤအနံ့သည် ကျားတစ်ကောင်အား အန်အော့ချင်စိတ် ဖြစ်ပေါ်စေသည့် ခံစားချက်မျိုး ဖြစ်၏။

ကျားမကြီး၏ နားကွဲမတတ် ပြင်းထန်သော အော်သံကြောင့် ချန်ဟောက်ထျန်း၏ နှလုံးသားသည် တုန်လှုပ်ချောက်ချားသွားသည်။

သွားပြီ... သွားပြီ။ ဤသတ္တဝါကြီးသာ ဆက်လက်အော်ဟစ်နေပါက လင်းယန်သည် ဧကန်မလွဲ ရောက်ရှိလာတော့မည်။ သို့သော် ချန်ဟောက်ထျန်း၌ ကျားမကြီး၏ အော်ဟစ်သံအား တားဆီးနိုင်မည့် သတ္တိနှင့် နည်းလမ်း မရှိပေ။

အပြင်ဘက်မှ ဆူညံသံများ ကြားရသောအခါ လင်းယန်သည် ရေဇလုံတစ်ခုအား ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။ ထိုသူသည် ရေဇလုံအား ဘေး၌ချထားကာ လက်များကို သန့်စင်အောင် သုတ်၍ မေးမြန်းသည်။

“ဘာဖြစ်တာလဲ၊ ကျားမကြီးက ဘာလို့ ရုတ်တရက်ကြီး အော်နေရတာလဲ”

ကျားမကြီးသည် လင်းယန်အား ဝမ်းနည်းသော မျက်နှာထားဖြင့် ကြည့်ကာ မိမိ၏ ခြေဖဝါးဖြင့် ရှေ့မှောက်ရှိ အသားခွက်ကြီးအား ညွှန်ပြသည်။

လင်းယန်သည် ဇဝေဇဝါဖြစ်လျက် ဆို၏။

“ဒီအသားမှာ တစ်ခုခု မှားယွင်းနေလို့လား၊ မဟုတ်ပါဘူး၊ ဒါ မင်းအမြဲစားနေကျ အမဲသားပဲလေ၊ ဒါက ဒီနေ့မှ မြို့ကနေ လတ်လတ်ဆတ်ဆတ် ပို့ပေးထားတာမို့ မင်းအမြဲစားနေကျ ရေခဲရိုက်ထားတဲ့ အမဲသားထက် ပိုပြီးတော့တောင် ကျန်းမာရေးနဲ့ ညီညွတ်သေးတယ်”

ကျားမကြီးသည် ဦးခေါင်း ခါယမ်းကာ အသားခွက်အား တွန်းဖယ်လိုက်သည်။

ထိုကျားကြီးသည် နောက်ထပ် တစ်ကိုက်မျှပင် ထပ်မံမစားသုံးလိုတော့သည့် အသွင် ဆောင်နေ၏။

“အဝူး”

‘ဒီအသားက ပုပ်နေပြီ၊ ဘယ်လို စားလို့ရတော့မှာလဲ’

လင်းယန်သည် အံ့အားသင့်သွားကာ ရှေ့သို့ တိုး၍ အနံ့ခံကြည့်သည်။

မည်သည့် အပုပ်အနံ့မျှ မရရှိချေ။

သို့သော် တိရစ္ဆာန်များသည် လူသားများထက် အနံ့ခံအာရုံ ပိုမိုထက်မြက်သည်အား သတိပြုမိလိုက်သည်။

“မဖြစ်နိုင်တာ၊ ဒီနေ့ ပို့တဲ့အသားက ဘယ်လိုလုပ် ပုပ်မှာလဲ၊ ဒီအသားက အထက်ကနေ မှာယူပေးထားတာမို့ သူတို့ ငါတို့ကို လိမ်ဖို့ အကြောင်းမရှိပါဘူး”

အကြောင်းရင်းအား ပိုမိုသိရှိနိုင်ရန်အတွက် လင်းယန်သည် အသားတစ်တုံးအား ကောက်ယူကာ သေချာစွာ အနံ့ခံကြည့်လိုက်သည်။

အနည်းငယ် ထူးဆန်းသော အနံ့တစ်မျိုး ရှိနေသည်။

သို့သော် ဤအသားများအားလုံးသည် အစိမ်းလိုဖြစ်ကာ မိမိအနေဖြင့် မည်သည့်အရာကိုမျှ ထည့်သွင်းထားခြင်း မရှိပေ။

ဤအနံ့သည် မည်သို့ကြောင့် ပေါ်ပေါက်လာရသနည်း။

လင်းရန်၏ အကြည့်သည် ဘေးနားတွင် အကူအညီမဲ့စွာ ရပ်တန့်နေသော ချန်ဟောက်ထျန်းထံသို့ ကျရောက်သွားကာ မေးလိုက်သည်။

“မင်း အထဲကို တစ်ခုခု ထည့်လိုက်တာလား”

All Chapters