← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃)

“မဟုတ်... မဟုတ်ပါဘူး”

ချန်ဟောက်ထျန်းသည် စိတ်ထဲတွင် အပြစ်မကင်းသဖြင့် လင်းယန်၏ မျက်လုံးများအား တည့်တည့်မကြည့်ဝံ့တော့ပေ။

ထိုအခြင်းအရာအား မြင်လျှင် လင်းယန်သည် စိတ်တွင်း၌ အဖြေအား ရိပ်မိလိုက်ကာ တစ်စုံတစ်ရာကိုမျှ ထပ်မံ၍ မမေးမြန်းတော့ဘဲ ဆိတ်ဆိတ်သာ နေသည်။

သို့သော် ချန်ဟောက်ထျန်းသည် တစ်ဖက်လူအား စကားမဆိုဘဲ နှုတ်ဆိတ်နေသည်အား မြင်သောအခါ စိုးရိမ်စိတ်များ ပိုမိုကြီးစိုးလာကာ မိမိကိုယ်မိမိ သတ္တိမွေးသည့်အနေဖြင့် အသံအား မြှင့်ကာ စိတ်ထဲရှိရာ ပြောလိုက်တော့သည်။

“ကျွန်တော်က ခင်ဗျားတို့ရဲ့ ‘ယာတောအိမ်’ အပန်း‌ဖြေစခန်း ကို လာတဲ့ ဧည့်သည်နော်၊ စေတနာအလျောက် ဒီအရှေ့မြောက်ကျားကြီးကို အစာကျွေးတာကို ဘာမှမပြောလိုပေမဲ့ အခု ကျားကြီးမှာ ပြဿနာရှိပြီး အစာမစားတာကို ပိုင်ရှင်ဖြစ်တဲ့ ခင်ဗျားက ကျွန်တော့်ကို သံသယဝင်နေတာလား၊ ဒါက ခင်ဗျားတို့ရဲ့ အမှားလားဆိုတာ အရင်စဉ်းစားသင့်တာ မဟုတ်ဘူးလား၊ အစာကျွေးတာ စနစ်မကျလို့ ကျားကြီးက အစာငြင်းဆင်နေတာလည်း ဖြစ်နိုင်တာပဲ”

ချန်ဟောက်ထျန်းသည် အပြစ်အားလုံး တစ်ဖက်လူအပေါ်သို့ လွှဲချရန် ကြံစည်နေသည်။

မည်သို့ပင်ဖြစ်စေ တိရစ္ဆာန်ဟူသည် စကားပြောနိုင်သည် မဟုတ်ပေ။

သူ ဘာလုပ်ခဲ့သည်အား မည်သူက သိနိုင်မည်နည်း။

ထိုသို့ တွေးတောမိသည်နှင့် ချန်ဟောက်ထျန်းသည် ချက်ချင်းပင် စိတ်အေးသွားကာ တည်ငြိမ်သွားသည်။

လင်းယန်သည် သူ့အား အေးစက်စက် မျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ကာ ဆိုသည်။

“မင်း အဲဒီအထဲကို ဘာမှမထည့်ခဲ့ဘူးဆိုတာ တကယ်ပဲလား”

ယခုတစ်ကြိမ်တွင်မူ ချန်ဟောက်ထျန်းသည် အပြစ်မကင်းသည့် စိတ်အလုံးစုံ ပျောက်ဆုံးသွားကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

“ခင်ဗျားက ကျွန်တော့်ကို သံသယဝင်တာလား၊ ကျွန်တော်က ဘာလို့ အရှေ့မြောက်ကျားရဲ့ အစာထဲကို တစ်ခုခု ထည့်ရမှာလဲ၊ ကျွန်တော့်မှာ အရှေ့မြောက်ကျားနဲ့ ဘာရန်ငြိုးမှမရှိဘူး”

ထိုအချိန်တွင် ဝမ်လင်းလင်းနှင့် ရှောင်စစ်ယုတို့သည် အနားသို့ ရောက်လာကြသည်။

“ဘာတွေဖြစ်နေတာလဲ၊ အနောက်ဘက်ခြံထဲကနေ ခင်ဗျားတို့ အရှေ့မြောက်ကျားအကြောင်းနဲ့ ရန်ငြိုးမရှိတဲ့အကြောင်း ပြောနေသံတွေကို ကြားလို့”

ဝမ်လင်းလင်းသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

လူယုတ်မာစိတ်ရှိသော ချန်ဟောက်ထျန်းသည် လင်းယန်အား လက်ညှိုးထိုးကာ ပြောသည်။

“ဒါ... နင် အမြဲတမ်းလာချင်နေတဲ့ ‘ယာတောအိမ်’ အပန်း‌ဖြေစခန်း ရဲ့ ပိုင်ရှင်ပဲ၊ ဒီလို ကျင့်ဝတ်မဲ့တာကို ကြည့်စမ်းပါဦး၊ သူတို့ရဲ့ အရှေ့မြောက်ကျား အစာမစားတာကို ငါ့အပေါ် လွှဲချပြီး အပြစ်ပုံချချင်နေတာ၊ အဲဒီကျားအတွက် အစာကို ငါ ပြင်ဆင်ခဲ့တာလည်း မဟုတ်ဘူး၊ ငါက အစာတွေကို ခွက်ထဲ ထည့်ပေးရုံပဲ တာဝန်ယူခဲ့တာ၊ ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါ့ကို လင်းလင်း ပြောဖူးတယ်၊ ဒီလိုနေရာမျိုးမှာ ဆက်နေဖို့ အဓိပ္ပာယ်မရှိဘူးတဲ့၊ နင်က တိရစ္ဆာန်လေးတွေကို မွေးရတာ ဝါသနာပါရင် အိမ်ပြန်ရောက်တဲ့အခါ ဒီထက်ပိုပြီး ရှားပါးဆန်းပြားတဲ့ တိရစ္ဆာန်တွေကို ငါ ရှာပေးမယ်၊ အိမ်တစ်အိမ်လုံး ပြည့်နေအောင် ခွေးတွေ၊ ကြောင်တွေ မွေးပေးလို့ရတယ်၊ ခွေးလေး၊ ကြောင်လေးတွေက ပိုပြီး ချစ်စရာမကောင်းဘူးလား၊ ဒီက တိရစ္ဆာန်တွေက စိတ်မှန်းလို့မရဘူး၊ ဘယ်အချိန်မှာ လူကို ရန်မူမလဲ မသိနိုင်ဘူး၊ ငါတို့ အမြန်ဆုံး ပြန်ကြရအောင်”

ချန်ဟောက်ထျန်းသည် စကားပြောရင်း ဝမ်လင်းလင်း၏ လက် လှမ်း ဆွဲရန် ပြင်သော်လည်း သူမသည် တွန်းဖယ်လိုက်သည်။

“ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်စမ်းပါ၊ ကိုလင်း... ဘာဖြစ်လို့လဲဟင်၊ အရှေ့မြောက်ကျားက တကယ်ပဲ အစာမစားဘူးလား”

လင်းယန်သည် အမဲသားအိုးအား စူးစိုက်စွာ ကြည့်ကာ ပြောသည်။

“ထိုအမဲသားအိုးထဲမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ငါ သံသယရှိတယ်၊ အသေးစိတ်ကို သိရအောင် ရွာလူကြီးကို သစ်တောရေးရာဦးစီးဌာနဆီ စစ်ဆေးဖို့အတွက် ခဏနေရင် ယူသွားခိုင်းရမယ်”

ထိုစကားကို ကြားလျှင် ချန်ဟောက်ထျန်း၏ မျက်ခွံများ တုန်လှုပ်သွားကာ စိတ်တွင်း၌ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွား၏။ သူသည် ပျာပျာသလဲဖြင့် ပြောသည်။

“ဒါက လိုအပ်လို့လား၊ ဒီလို ကိစ္စအသေးအဖွဲလေးကို တကယ်ပဲ စစ်ဆေးဖို့ လိုလို့လား၊ ဒီအရှေ့မြောက်ကျားက ဒီနေ့ အစာစားချင်စိတ် မရှိလို့ မစားတာလည်း ဖြစ်နိုင်တာပဲလေ”

လင်းယန်သည် သူ့အား အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။

“တကယ်လို့ အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့၊ အချို့သောသူတွေက အစာထဲကို မထည့်သင့်တဲ့အရာတွေ ထည့်ထားမှာကိုပဲ ငါ စိုးရိမ်တာ၊ အရှေ့မြောက်ကျားက တရုတ်နိုင်ငံရဲ့ ပထမအဆင့် ကာကွယ်ရမယ့် တိရစ္ဆာန်ဖြစ်တဲ့အတွက် သူ့ရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လာရင် ဘယ်အရာမှ အသေးအဖွဲ မဟုတ်ဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က မသမာတဲ့စိတ်နဲ့ အဆိပ်ခတ်ခဲ့မယ်ဆိုရင် ဥပဒေအရ အရေးယူခံရလိမ့်မယ်”

ချန်ဟောက်ထျန်းသည် တံတွေး အနိုင်နိုင် မျိုချလိုက်ကာ လင်းယန်၏ စကားအနည်းငယ်ကြောင့် အလွန် ထိတ်လန့်သွားသည်။

သူသည် မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းထားရန်နှင့် ပျာယာမခတ်ရန် စိတ်ထဲမှ အထပ်ထပ် သတိပေးနေသည်။

သို့သော် သူသည် တစ်နေ့လုံး စိတ်မအေးနိုင်ဘဲ ဂယောက်ဂယက် ဖြစ်နေတော့သည်။

ထိုအမဲသားပန်းကန်ထဲမှ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိသွား၍ မိမိတွင် အပြစ်ရှိကြောင်း ပေါ်ပေါက်သွားမည်အား သူ အလွန်အမင်း ကြောက်နေမိသည်။

ထမင်းစားချိန်တွင်လည်း နှစ်လုပ်၊ သုံးလုပ်ခန့်သာ အမြန်ခပ်စား၍ ဗိုက်ပြည့်ပြီဟု ဆိုကာ ရပ်လိုက်သည်။

ချန်ဟောက်ထျန်း၏ စိတ်လွင့်မျောနေသော ပုံစံကို မြင်ရသဖြင့် ရန်အာဟူသည် အံ့သြစွာ ပြောသည်။

“ဒီနေ့ သခင်လေးချန် ဘာဖြစ်နေတာလဲ မသိဘူး၊ သူ့ရဲ့ ကြွားလုံးတွေကိုလည်း မကြားရတော့ဘူး၊ နည်းနည်း ထူးဆန်းနေသလိုပဲ”

လင်းယန်သည် အဓိပ္ပာယ်ပါပါဖြင့် ဆိုသည်။

“သူ့စိတ်ထဲမှာ အပြစ်မကင်းလို့ ဖြစ်လိမ့်မယ်”

ဝမ်လင်းလင်းနှင့် ရှောင်စီယုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ နောက်ဆုံးတွင် ဝေခွဲမရသည့် လေသံဖြင့် ပြောသည်။

“ကိုလင်း... ချန်ဟောက်ထျန်းက အဲဒီအမဲသားပန်းကန်ထဲကို တကယ်ပဲ တစ်ခုခု ထည့်ခဲ့တာလားဟင်”

“ဒါကတော့ ဖြစ်နိုင်ခြေ အရှိဆုံးပဲ၊ ကျားမကြီးက ပုံမှန်ဆိုရင် အစားအစာ ဂျီကျတတ်တဲ့ ကောင်မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ အစားအစာက အနံ့ဆိုးထွက်နေတယ်ဆိုပြီး ခဏခဏ ညည်းညူနေတယ်၊ ငါလည်း အထဲက အနံ့တစ်ခုကို ရလိုက်တယ်၊ ဒါပေမဲ့ ဘာအနံ့လဲဆိုတာတော့ သဲသဲကွဲကွဲ မသိရဘူး”

“အားလုံးကတော့ သစ်တောရေးရာဦးစီးဌာနရဲ့ စစ်ဆေးချက် ရလဒ်အပေါ်မှာပဲ မူတည်ပါတယ်”

အခြေအနေများသည် ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အတွက် ထိုအမဲသားတုံးနှင့် ထိတွေ့ခဲ့သူမှာ ရှောင်စစ်ယုနှင့် ချန်ဟောက်ထျန်း နှစ်ဦးတည်းသာ ရှိသည်။

ထိုအချက်အား ထောက်ပြရလျှင် ချန်ဟောက်ထျန်းသည် မိမိ၏ သံသယဖြစ်ဖွယ် အပြုအမူအား မည်သို့မျှ မချေပနိုင်တော့ပေ။

ဝမ်လင်းလင်းသည် ဘာလုပ်ရမှန်း မသိတော့ဘဲ ဆိုသည်။

“ငါတို့ ရဲပဲ ခေါ်လိုက်ကြမလား”

လင်းရန် နှင့် ရန်အာဟူ မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ဤအမျိုးသမီးငယ်သည် စကားအနည်းငယ် အဆင်မပြေရုံဖြင့် ရဲခေါ်ရန် ကြံစည်နေသည်မှာ အလွန် ပွင့်လင်းလွန်းလှသည် မဟုတ်ပါလော။

သို့သော် ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေလျှင် ချန်ဟောက်ထျန်း ပြုလုပ်ခဲ့သောအရာသည် ပြစ်မှုကျူးလွန်ရန် ကြံစည်မှုအဆင့် ဖြစ်သည်။

သူတို့အနေဖြင့် ချန်ဟောက်ထျန်းအား တိုက်ရိုက် အရေးယူရန် မတတ်နိုင်သေးပေ။

ထမင်းစားပြီးနောက် ချန်ဟောက်ထျန်းသည် အခန်းထဲသို့ ပြန်၍ တစ်ယောက်တည်း အနားယူသည်။

မည်သို့ပင်ဖြစ်စေ သူသည် မနေ့ညက ကောင်းစွာ အိပ်စက်ခဲ့ရခြင်း မရှိသဖြင့် ယနေ့ မွန်းတည့်ချိန်တွင် အိပ်ရေးဝအောင် အိပ်စက်ရန် ကြံစည်နေသည်။

အိပ်ရာပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီးနောက် နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့သည်။

သို့သော် သူသည် အိမ်မက်ဆိုးတစ်ခု ထပ်မက်ပြန်သည်။

သူ ပြုလုပ်ခဲ့သမျှ အရာအားလုံးအား အရှေ့မြောက်ကျားကြီးသည် အစမှ အဆုံး မြင်တွေ့နေခဲ့သည်ဟု အိမ်မက်မက်သည်။

သို့သော် ထိုကျားကြီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပန်းကန်ထဲမှ အမဲသားအားလုံး ကုန်အောင် စားခဲ့သည်။

အစာစားပြီး မကြာမီ အရှေ့မြောက်ကျားကြီးသည် သောင်းကျန်းရူးသွပ်သွားတော့သည်။

ထိုကျားကြီးသည် အခန်းထဲတွင် အနားယူနေသော သူ့အား ဦးစွာ လိုက်လံရှာဖွေခဲ့သည်။

ကျားကြီး၏ လက်သည်းဖြင့် တစ်ချက်မျှ ပုတ်လိုက်ရုံဖြင့် သူသည် သွေးအန်ကာ အနောက်ဘက် နတ်ပြည်သို့ တိုက်ရိုက် ရောက်သွားတော့သည်။

“ကယ်ကြပါဦး”

ချန်ဟောက်ထျန်းသည် အလွန် ထိတ်လန့်ချောက်ချားသွားသဖြင့် ချွေးစေးများ ထွက်ကာ အိမ်မက်ဆိုးမှ လန့်နိုးလာခဲ့သည်။

ပတ်ဝန်းကျင်အား သေချာစွာ ကြည့်မိမှသာ အိမ်မက်တစ်ခု ဖြစ်မှန်း သိလိုက်ရသည်။

သို့သော် ထိုအိမ်မက်ကြောင့်ပင် သူသည် အလွန်အမင်း စိတ်မချမ်းမမြေ့ ဖြစ်ရသည်။

ခြံထဲတွင် အရှေ့မြောက်ကျားကြီးသည် ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာကာ သူ့အား ကိုက်ဖြတ်ပစ်မည်ကို သူ အလွန် ကြောက်နေမိသည်။

သူသည် ဝတ်ဆင်ထားသော အဝတ်အစားများ သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ခြံထဲတွင် ရန်အာဟူ စကားပြောနေသည်ကို သွားတွေ့သည်။

“အို... သခင်လေးချန် နိုးပြီလား၊ သူ အိပ်ပျော်သွားတာ မိနစ်နှစ်ဆယ်တောင် မပြည့်သေးဘူး၊ ဘာလို့ ဒီလောက် မြန်မြန် နိုးလာရတာလဲ၊ ငါတို့ရဲ့ အိပ်ရာမှာ အိပ်ရတာ အသားမကျလို့လား၊ ဒါလည်း ဟုတ်တာပဲ၊ ငါတို့ရဲ့ အခြေအနေက မြို့ပြက အခြေအနေတွေနဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ၊ သခင်လေးချန် လှဲလျောင်းဖို့အတွက် သိန်းတစ်ထောင်ကျော်တန် အော်ဒါမှာထားတဲ့ မွေ့ရာမျိုး ငါတို့ဆီမှာ မရှိဘူးလေ”

ရန်အာဟူ၏ သရော်စာ စကားလုံးများသည် ချန်ဟောက်ထျန်း ယနေ့နံနက်က ညည်းညူခဲ့သော စကားများသာ ဖြစ်သည်။

ယခုမူ ထိုစကားများအား အသပြာတွက်သကဲ့သို့ အသပြာအတိုင်း ပြန်လည် ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ချန်ဟောက်ထျန်းသည် ရန်အာဟူအပေါ် ထိုကဲ့သို့ ကိစ္စရပ်အတွက် ရန်ငြိုးမထားနိုင်သည်မှာ ရှားသည်။

“ရန်အာဟူ... ငါ ဒီည မင်းနဲ့အတူ အိပ်လို့ရမလား”

လင်းရန်၊ ဝမ်လင်းလင်း နှင့် ရှောင်စစ်ယု တို့မှာ ဆွံ့အသွားကြသည်။

ရန်အာဟူ ကိုယ်တိုင် လုံးဝ ဝေခွဲမရ ဖြစ်သွားရကာ ပြောသည်။

“မဟုတ်မှလွဲ‌ရော... မင်း ငါ့ကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်၊ ငါက ယောက်ျားအချင်းချင်း စိတ်ဝင်စားတဲ့သူတွေကို အမုန်းဆုံးပဲ၊ မဟုတ်ဘူး... မဟုတ်ဘူး... ယောက်ျားကြီး နှစ်ယောက် အတူတူ အိပ်ဖို့ တွေးလိုက်ရုံနဲ့တင် ငါ့မှာ ကြက်သီးတွေ ထသွားပြီ”

“ရန်အာဟူ... မင်း ‌ဂေါက်များ‌ဂေါက်သွားတာလား၊ အဓိပ္ပာယ်မရှိတာတွေ ဘာလို့ လျှောက်ပြောနေတာလဲ၊ ငါက ယောက်ျားချင်း စိတ်ဝင်စားရင်တောင် မင်းလို လူမျိုးကို စိတ်ဝင်စားမှာ မဟုတ်ဘူး”

All Chapters