အခန်း ၉၅
Vol. 10 Ch. 95
အခန်း ( ၉၅ )
“မရဘူး၊ ငါလည်း လိုက်မှာပဲ”
ချန်ဟောက်ထျန်းသည် ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သည်။
ဝမ်လင်းလင်းသည် လန့်ဖျပ်သွားကာ သူ့အား မျက်စောင်းထိုးလျက် ဆို၏။
“တောင်းပန်ပါတယ်၊ အချိန်ပြည့် အော်ဟစ်မနေပါနဲ့လား၊ တကယ် ကြောက်ဖို့ကောင်းလွန်းလို့ပါ၊ ဒါနဲ့ သခင်လေးက ဘာဖြစ်လို့ တို့နဲ့အတူ လိုက်ဖို့ ပြန်တွေးမိတာလဲ”
ချန်ဟောက်ထျန်းသည် ပျာပျာသလဲ ဖြစ်နေဟန်ဖြင့် ဟိုဘက်ရှိ အရှေ့မြောက်ကျားကြီးထံ မျက်လုံးများ အမြန်ဝေ့ဝဲကြည့်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောသည်။
“ငါ ဒီလိုတောင်တက်မျိုး တစ်ခါမှ မလုပ်ဖူးလို့ပါ၊ လိုက်ကြည့်တာ အပြစ်ရှိလို့လား”
လင်းယန်သည် အရာအားလုံး ရိပ်မိသော်လည်း မည်သို့မျှ ပြောဆိုခြင်းမရှိဘဲ ပြုံး၍သာ နေတော့သည်။
ရန်အာဟူသည် သစ်အယ်သီးတစ်လုံး စားရင်း နောက်လိုက်၏။
“ဟေ့ကောင်လေး၊ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရမှာ ကြောက်လို့ မဟုတ်လား”
မိမိ၏ အတွေးအား အကဲဖြတ်ခံလိုက်ရသဖြင့် ချန်ဟောက်ထျန်းသည် မျက်နှာပျက်ကာ အော်ပြောလိုက်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက ယောက်ျားရင့်မာကြီးပဲ၊ ဘာကို ကြောက်ရမှာလဲ”
“ကဲပါ၊ တို့တွေ တောင်ပေါ်တက်ကြတော့မလား၊ ဒီမှာ ဘာတွေ အချိန်ဆွဲနေကြတာလဲ”
ဝမ်လင်းလင်းသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းမဲ့လျက် လွယ်အိတ်အား ပခုံးတွင်လွယ်၊ နေကာဦးထုပ် ဆောင်း၍ ထွက်ခွာရန် ပြင်ဆင်သည်။
လင်းယန်သည် ပိုင်မောင်နှင့် ဟွမ်မောင် နှစ်ကောင်အား အိမ်စောင့်အဖြစ် ချန်ထားခဲ့ကာ ဟန်ဟော့ကိုသာ တောင်ပေါ်သို့ ခေါ်ခဲ့သည်။
ထိုအကောင်ငယ်လေး နှစ်ကောင်သည် အလွန် ဆော့ကစားတတ်သဖြင့် ထိုအချိန်တွင် မိမိအနေဖြင့် အားလုံး ထိန်းကျောင်းနိုင်လိမ့်မည်မဟုတ်ကြောင်း စိုးရိမ်မိသောကြောင့် ဖြစ်၏။
ဟန်ဟော့သည် လွန်ခဲ့သော နှစ်ရက်ခန့်ကပင် စိတ်မပါလက်မပါ ဖြစ်နေသော်လည်း အနည်းဆုံးတော့ လျှောက်ပြေးခြင်းမရှိပေ။
“လွန်ခဲ့တဲ့ နှစ်ရက်က မိုးရွာထားတော့ တောင်ပေါ်မှာ မှိုတွေ ရှိနေဦးမှာပဲ၊ ခဏနေရင် မှိုတွေ့ရင် ခူးပြီး ခြင်းတောင်းထဲ ထည့်ကြတာပေါ့၊ ညကျရင် မှိုစွပ်ပြုတ် သောက်ကြမယ်”
လင်းယန် ဆို၏။
ရှောင်စစ်ယွီသည် မျက်တောင်ခတ်လျက် မေးသည်။
“ဒါပေမဲ့ တို့က ဘယ်မှိုက စားလို့ရပြီး ဘယ်မှိုက အဆိပ်ရှိလဲဆိုတာ မခွဲခြားတတ်ဘူးလေ”
“ဒါက လွယ်ပါတယ်၊ အားလုံးကို ခြင်းတောင်းထဲသာ ထည့်ခဲ့ကြ၊ အိမ်ပြန်ရောက်မှ ငါ ခွဲပေးမယ်”
လင်းယန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။
အနီးတွင် ရပ်နေသော ချန်ဟောက်ထျန်းသည် ထိုစကား ကြားကြားချင်း ဗီဇအတိုင်း ပြန်ချေပသည်။
“ဒီတောမှိုတွေကို မစားဖို့ ငါ အကြံပြုချင်တယ်၊ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ဒီလို ဝေးလံခေါင်သီပြီး ဆင်းရဲတဲ့ ဒေသမှာ ဆရာဝန် ဘယ်က ရှာမလဲ၊ ပြီးတော့ တို့တွေက တောမှိုစားရလောက်အောင်အထိ မဆင်းရဲပါဘူး ဟုတ်တယ်မလား”
ရန်အာဟူသည် နှာခေါင်းရှုံ့လျက် ကဲ့ရဲ့သည်။
“မင်းကတော့ တကယ့် သခင်လေး အချောအမွပဲ၊ တို့ရွာက မျိုးဆက်ပေါင်းများစွာ ဒီတောင်တွေကိုပဲ မှီခိုလာခဲ့တာ၊ ငါတောင် အဆိပ်မှိုနဲ့ စားလို့ရတဲ့မှိုကို ခွဲခြားနိုင်သေးတယ်၊ တို့တွေ ဒါတွေကို စားလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဘယ်သူမှ မသေဘူး၊ မင်းကတော့ တစ်ခုစားပြီးရင် ပြဿနာဖြစ်မယ်လို့ပဲ တကယ် ထင်နေတာလား”
“ကဲပါ သခင်လေးရယ်၊ အကျိုးမရှိတဲ့ ကိစ္စတွေကို ငြင်းခုံမနေပါနဲ့တော့၊ သွားကြစို့”
ထိုလူစုသည် လင်းယန်၏ နောက်မှ လိုက်ပါလျက် ယိုင်တိုင်တိုင်ဖြင့် တောင်ပေါ်သို့ တက်ခဲ့ကြသည်။
တောင်တက်ရသော ခရီးသည် သူတို့ စိတ်ကူးထားသည်ထက် ပိုပင်ပန်း၏။
လင်းယန်သည် သူတို့တစ်ဦးစီအတွက် တောင်ဝှေးတစ်ချောင်းစီ ပြင်ဆင်ပေးထားခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဤတောင်ဝှေးသည် ခန္ဓာကိုယ် တည်ငြိမ်စေရန်နှင့် ချော်လဲခြင်းမှ ကာကွယ်ရန်အတွက် အသုံးဝင်သည်။
ဆောင်းဦးရာသီ ရောက်ရှိနေပြီဖြစ်သဖြင့် တောင်တက်လမ်းတစ်ခုလုံး သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေကာ ၎င်းတို့သည် မြက်ရိုင်းများအား နင်းခြေလျက် ချုံနွယ်ပိတ်ပေါင်းများကြားမှ သတိထား၍ ဖြတ်ကြရသည်။
ရွာသားအနည်းငယ်သာ ဤတောင်တက်လမ်း အသုံးပြုသဖြင့် ၎င်းကို လမ်းဟု ခေါ်ဆိုရန်ပင် အတိအကျ မမှန်ကန်နိုင်ပေ။
ရှေ့ဆုံးမှ ဦးဆောင်လမ်းပြနေသော လင်းယန်သည် အပင်ပန်းဆုံးဖြစ်၍ မိမိနောက်မှ လိုက်ပါလာသူများအတွက် ရှေ့ရှိ ဆူးချုံများ ခုတ်ထွင်ရှင်းလင်းပေးရ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ဓားကောက်တစ်ချောင်း ယူလာခဲ့သည်။
“ငါ မှိုတစ်ပွင့် တွေ့ပြီ ထင်တယ်”
ဝမ်လင်းလင်းသည် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်ပြီးနောက် ရှောင်စစ်ယွီ၏ လက်အား အမြန်လွှတ်ကာ အခြားတစ်ဖက်သို့ ပြေးသွားသည်။
“တကယ်ပဲ မှိုတစ်ပွင့်ပဲ၊ လာကြည့်ကြဦး၊ ဒါပေမဲ့ ဒီမှိုစိမ်းတွေကိုတော့ စားလို့မရဘူး မဟုတ်လား”
ဝမ်လင်းလင်းသည် သိချင်စိတ်ဖြင့် မေး၏။
သူမသည် မှိုအမျိုးမျိုး စားဖူးသော်လည်း မှိုစိမ်းကိုမူ တစ်ခါမျှ မမြင်ဖူးပေ။
ဤကဲ့သို့ တောက်ပသော အရောင်ရှိသည့် မှိုများသည် အဆိပ်ရှိကြောင်း မသိစိတ်တွင် ခံစားနေရသည်။
“ဒါက ပဲနောက်မှိုပဲ၊ စားလို့ရတယ်”
လင်းယန်သည် ပြုံးလျက် မှိုအား ခူးကာ ခြင်းတောင်းထဲသို့ ထည့်လိုက်ရင်း ဆိုသည်။
“ပဲနောက်မှိုနဲ့ ပဲနီမှိုတွေက စားလို့ရပြီး အဆိပ်အတောက် မရှိပါဘူး၊ မင်း မျက်စိတော်တော် ကောင်းတာပဲ၊ သစ်ရွက်ခြောက်တွေအောက်မှာ ပုန်းနေတာကိုတောင် မြင်တယ်”
ဝမ်လင်းလင်းသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ပြောသည်။
“သစ်ရွက်ခြောက်တွေကြားမှာ အစိမ်းရောင်က တော်တော်လေးထင်းနေလို့ပါ”
“ငါလည်း တစ်ပွင့် တွေ့ပြီ”
မကြာမီ ရှောင်စစ်ယွီသည်လည်း မှိုဖြူတစ်ပွင့် ခူးခဲ့၏။
လူတိုင်း ရပ်လိုက်ကြသောအခါ သူတို့၏ ပတ်ဝန်းကျင်တွင် မှိုများစွာ ပုန်းကွယ်နေသည်အား တွေ့ရှိကြသည်။ သို့သော် သစ်ရွက်များအား စိတ်ရှည်စွာ ဖယ်ရှားလျက် သေချာစွာ ရှာဖွေကြရသည်။
လင်းယန် အကြံပေးသည်။
“ဒါဆိုရင် တို့တွေ ဒီနားမှာ ခဏလောက် မှိုရှာကြတာပေါ့”
“မင်း လမ်းလျှောက်ရတာ မောနေလောက်ပြီ၊ နားလိုက်ဦး”
ထိုစကားကို ကြားလျှင် ချန်ဟောက်ထျန်းသည် သစ်ငုတ်တိုတစ်ခုပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်တော့သည်။
ထိုသစ်ငုတ်တိုသည် အတော်ပင် သက်တမ်းရင့်နေပြီဖြစ်ရာ သူ၏ တင်ပါးထက်ပင် တစ်ဆခွဲခန့် ပိုကြီးမားနေ၏။
“ငါတော့ ပင်ပန်းနေပြီ”
တောင်ပေါ်တက်ဖို့ စိတ်ကူး ဘယ်သူ စတွေးခဲ့သည်ကို သူ မသိပေ။
ဤသည်မှာ မိမိကိုယ်ကို မတတ်နိုင်ဘဲနှင့် ဒုက္ခရှာခြင်း သက်သက်မျှ မဟုတ်ပါလော။
ဤကဲ့သို့သော ရာသီဥတုမျိုးသည် အခန်းထဲတွင် လှဲလျောင်းလျက် လေအေးပေးစက် ဖွင့်ကာ ဗီဒီယိုဂိမ်းကစားရန် အကောင်းဆုံး ဖြစ်သည်။
ချန်ဟောက်ထျန်းသည် ယခုတစ်ကြိမ် လာခဲ့ရသည့် မိမိ၏ ရည်ရွယ်ချက်အား မေ့လျော့ခြင်းမရှိပေ။
သို့သော် ဤနှစ်ရက်တာ ရုန်းကန်လှုပ်ရှားခဲ့ရပြီးနောက်တွင် ဝမ်လင်းလင်း၏ စိတ်ကျေနပ်မှုအား ရရှိရန် ကြိုးစားလိုစိတ် လုံးဝ မရှိတော့ပေ။
သူသည် မိမိ၏ အဆင့်အတန်းနှင့် မည်သည့်အမျိုးသမီးကိုမဆို ရနိုင်ပါလျက်နှင့် အဘယ်ကြောင့်
ဤကဲ့သို့ ဝေးလံခေါင်သီသော ဒေသအခြေအထိ အမျိုးသမီးတစ်ဦးနောက်သို့ လိုက်နေရသနည်းဟု တွေးလာမိသည်။
သူတို့သည် အပြစ်မဲ့လျက်နှင့် ဒုက္ခရှာနေကြခြင်းသာ ဖြစ်၏။
ချန်ဟောက်ထျန်း၏ မရေမတွက်နိုင်သော နောင်တများ ရနေသည်။
သို့သော် သူတို့သည် ဤအတိုင်း လက်လျှော့သွားရန် ဝန်လေးနေကြသည်။
ထို့ကြောင့် ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် ဆက်နေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
“ဟေ့... အဝေးကြီး မသွားကြနဲ့ဦး”
မှိုခူးရင်း သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မျက်စိရှေ့မှ ပျောက်သွားကြရာ ချန်ဟောက်ထျန်းသည် အနည်းငယ် ထိတ်လန့်လာသည်။
အထူးသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် သစ်ရွက်ခြောက်များပေါ်တွင် နင်းလျှောက်သံ ပြန်လည်ကြားရလောက်အောင်အထိ တိတ်ဆိတ်လွန်းနေသောကြောင့် ဖြစ်၏။
နောက်ဆုံးမှ လျှောက်လာသော ရန်အာဟူသည် လက် ဝှေ့ယမ်းလျက် ဆိုသည်။
“မင်းက ဘာကို ကြောက်နေတာလဲ၊ ဟန်ဟော့လည်း မင်းနဲ့အတူ ရှိနေတာပဲ မဟုတ်လား၊ သခင်လေးက တို့နဲ့အတူ ချုံပုတ်တွေထဲ မတိုးချင်ရင်လည်း အဲဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပါ”
ချန်ဟောက်ထျန်းသည် အစပိုင်းတွင် လိုက်ရန် စိတ်အားထက်သန်သော်လည်း သူတို့သည် ချုံနွယ်များကြားမှ တွားသွားရမည်အား မြင်သောအခါ လိုက်ပါလိုစိတ် လုံးဝပျောက်သွားခဲ့ရသည်။
ခွေးကြီးသည် သူ၏ အနားတွင် လိမ္မာယဉ်ကျေးစွာ ဝပ်နေသည်။
၎င်းတို့သည် ယုံကြည်နိုင်လောက်အောင် အကျင့်စာရိတ္တ ကောင်းမွန်ကြ၏။
“မင်းက တကယ်ပဲ ဟတ်စကီတစ်ကောင် ဟုတ်ရဲ့လား”
ချန်ဟောက်ထျန်းသည် မိမိဘာသာ ရေရွတ်လိုက်သည်။
ယခုအခါတွင် ၎င်းသည် ဟတ်စကီတစ်ကောင်နှင့် ဘာမျှ ခြားနားခြင်းမရှိတော့ပေ။
ထိုညက အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေခဲ့ရသနည်း။
မိမိအနေဖြင့် အရက်သောက်ထားခြင်းလည်း မရှိသဖြင့် စိတ်အာရုံချောက်ချားခြင်းလည်း မဖြစ်နိုင်ပေ။
ထိုညက မြင်ကွင်းအား ပြန်လည်တွေးမိသောအခါ ချန်ဟောက်ထျန်းသည် တုန်ရင်သွားကာ မိမိ၏ လက်မောင်းရှိ ကြက်သီးမွေးညင်းများအား ပွတ်သပ်မိသည်။
ပတ်ဝန်းကျင်၏ ရှုခင်းများသည် ပိုခြောက်ခြားဖွယ် ကောင်းလာသကဲ့သို့ ခံစားရ၏။
သူသည် ချက်ချင်းပင် မျက်စိမှိတ်လျက် မဟာကရုဏာတော်ဂါထာအား ရွတ်ဆိုတော့သည်။
“နမော အမိတာဘ ဗုဒ္ဓဿ”
ထိုအရာသည် အာနိသင်မရှိကြောင်း သိရှိသွားပြီးနောက် သူသည် ဟန်ဟော့အား ကြည့်ကာ ပြောသည်။
“မင်းနာမည်က ဟန်ဟော့ ဟုတ်တယ်မလား၊ မင်း ငါ့ကို သေချာကာကွယ်ပေးရမယ်၊ မဟုတ်ရင် မင်းသခင်ကို မင်းရဲ့ညစာ ဖြတ်ခိုင်းလိုက်မယ်”
“ဝုတ် ဝုတ် ဝုတ်”
ဟန်ဟော့သည် သူ့အား အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဤလူသားသည် အဘယ်ကြောင့် ဤမျှ သတ္တိနည်းရသနည်း။
နောက်ဖေးခြံထဲက ငန်းဖြူကြီးလောက်တောင် ကစား၍ မကောင်းချေ။
သူတို့သခင် ထွက်သွားသည်မှာ ဘယ်လောက်မှ မကြာသေးဘဲ သူသည် ကြောက်လန့်တုန်ရင်နေ၏။
၎င်းသည် မိမိတစ်သက်တွင် တွေ့ဖူးသမျှ အကြောက်တတ်ဆုံးသော လူသား ဖြစ်သည်။
*ဟူး*
ဟန်ဟော့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ တစ်စုံတစ်ခုသော အနံ့အား ရုတ်တရက် ရလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် ချန်ဟောက်ထျန်း၏ တားဆီးမှုများအား ဂရုမစိုက်ဘဲ အခြားတစ်ဖက်သို့ အပြင်းအထန် ပြေးသွားတော့သည်။
ချန်ဟောက်ထျန်းသည် ထိုမြင်ကွင်းအား မြင်လျှင် မှင်တက်သွား၏။
ဤအချိန်တွင် လင်းယန်နှင့် အခြားသူများသည် ပျောက်သွားကြသည်။
“မင်း ဘယ်သွားတာလဲ၊ အခုချက်ချင်း ပြန်လာခဲ့စမ်း၊ ဟတ်စကီ…သူဌေးလင်း၊ မင်းရဲ့ခွေး ပြေးသွားပြီ၊ မင်း ဘာမှမလုပ်တော့ဘူးလား၊ လင်းလင်း၊ မင်းတို့ ဘယ်မှာလဲ”
ချန်ဟောက်ထျန်းသည် ယခုအခါတွင် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
မိမိကို အဘယ်ကြောင့် ဤနေရာတွင် တစ်ယောက်တည်း ထားခဲ့ကြသနည်း။
“ကယ်ကြပါဦး”
သူ တစ်ယောက်တည်း မနေလိုတော့ပေ။
သို့သော် ဤအချိန်တွင် သူသည် လင်းယန်နှင့် အခြားသူများ မည်သည့်ဘက်သို့ ထွက်ခွာသွားသည်ကို လုံးဝ မေ့သွားသည်။
သူ ဖုန်းဖွင့်ကြည့်လိုက်သောအခါ လိုင်းမမိသောကြောင့် အံ့အားသင့်သွား၏။
ဤသည်မှာ တကယ်ပင် မြေခလောက် ကြွက်တိုး၊ အားကိုးရာမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ချန်ဟောက်ထျန်းသည် လက်များ တုန်ရင်လျက် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်ရာ ရုတ်တရက် မျက်နှာချင်းဆိုင်ရှိ ချုံပုတ်များကြားမှ အသံတစ်သံ ကြားလိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကာ သစ်ပင်တစ်ပင်၏ နောက်ကွယ်သို့ အမြန်ပုန်းလိုက်တော့သည်။
သူသည် သတိထားလျက် ချောင်းကြည့်လိုက်၏။
ထိုအခါ သတ္တဝါအချို့၏ မျက်လုံးပေါင်းများစွာနှင့် ဆုံတွေ့လိုက်ရတော့သည်။