← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇)

လင်းယန်သည် အားလုံးကို ခေါ်၍ ထိုသူတို့ ပထမဆုံး ရပ်နားခဲ့ကြသော နေရာသို့ ပြန်လည်ရောက်လာသည်။

သစ်ငုတ်တိုသည်ကား ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။

ဟန်‌ဟော့ ပျောက်သွားသည်မှလွဲ၍ ကျန်ရှိသော ပတ်ဝန်းကျင် ရှုခင်းများအားလုံးမှာမူ ဖြစ်ပျက်ခဲ့သည့်အတိုင်း မပြောင်းမလဲ ရှိနေသည်။

ထို့ပြင် ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံးကို အသေအချာ လှည့်လည်ကြည့်သော်လည်း ချန်ဟောက်ထျန်း ပြောဆိုခဲ့သော ဝံပုလွေအုပ်မှာ အဘယ်အရပ်သို့ ရောက်ရှိနေမှန်း မသိရပေ။

လင်းယန်သည် ထိုနယ်မြေတစ်ခုလုံးအား စစ်ဆေးကြည့်သော်လည်း ဝံပုလွေတစ်ကောင်တစ်လေမျှမတွေ့ရတော့ပေ။

ချန်ဟောက်ထျန်းသည် အံ့အားသင့်ကာ စကားမဆိုနိုင် ဖြစ်သွားရ၍ သစ်ငုတ်တို၏ ဆန့်ကျင်ဘက်တွင် ရှိသော သစ်ပင်ကြီးအား လက်ညှိုးထိုးပြလျက် ပြောသည်။

“ခဏကတင် ဒီနေရာမှာ ဝံပုလွေအုပ်ကြီး တကယ်ရှိနေတာဗျ၊ အဲဒီသစ်ပင်ရဲ့ အကွယ်မှာတင်၊ တကယ်ကို ဝံပုလွေ ခြောက်ကောင်တောင် ရှိနေတာဗျာ၊ ကျွန်တော်ဖြင့် ကြောက်လွန်းလို့ လိပ်ပြာလွင့်မတတ် ဖြစ်သွားရတယ်”

ဝမ်လင်းလင်းသည် နှာခေါင်းရှုံ့လျက် ရယ်မောကာ ဆိုသည်။

“နင့်ခေါင်းကို ဆေးစစ်ဖို့ တကယ်လိုအပ်နေပြီ ထင်တယ်၊ ဝံပုလွေအုပ် ရှိတယ်လို့ ဇွတ်ငြင်းနေတာပဲ၊ ဒါဆိုရင် အခု ဘယ်မှာလဲ ရှာပြလေ၊ ဒါမှမဟုတ် အဲဒီဝံပုလွေအုပ်က နင့်ကိုပဲ လာပြီး ခြောက်နေတာလား၊ ငါတို့ ရောက်လာတာနဲ့ တစ်ပြိုင်နက် ဘာလို့ ချက်ချင်း ပျောက်ခြင်းမလှ ပျောက်သွားရတာလဲ၊ ဝံပုလွေတွေက အခုလောက်ထိတောင် ဉာဏ်ကောင်းသွားကြပြီလား”

ပြင်းထန်သော ကဲ့ရဲ့ပြစ်တင်မှုကြောင့် စကားပြန်မဆိုနိုင်ဘဲ ဆွံ့အသွားသော ချန်ဟောက်ထျန်းသည် ပတ်ဝန်းကျင်သို့ သဲသဲမဲမဲ ရှာဖွေကြည့်ပြန်သော်လည်း ဘာမျှရှာမတွေ့သဖြင့် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။

“သူတို့လည်း အရေးကြီးတဲ့ ကိစ္စရှိလို့ ထွက်သွားကြတာ ဖြစ်မှာပေါ့”

သို့ရာတွင် သူ၏ စကားသံသည် အားနည်းလှသဖြင့် မိမိကိုယ်တိုင် ထိုစကားအား ယုံနိုင်စွမ်း မရှိချေ။

ထိုစကားကို ကြားရသောအခါ ဝမ်လင်းလင်းသည် အသက်ရှူရခက်လှသည်အထိ တဟားဟား အော်ဟစ်ရယ်မောလျက် ဆိုသည်။

“အဲဒီစကားကို နင်ကိုယ်တိုင်ရော ယုံရဲ့လား၊ ဝံပုလွေအုပ်မှာ ဘာအရေးကြီးကိစ္စတွေ ရှိနိုင်မှာလဲ၊ ဝံပုလွေခေါင်းဆောင်ကြီးက သူတို့ကို အစည်းအဝေးခေါ်လို့ သွားကြတာလို့ပဲ နင်က ပြောဦးမလို့လား”

ရှောင်စစ်ယွီသည်လည်း လိုက် ပြုံးလိုက်ရာ ၎င်းတို့နှစ်ဦးစလုံးသည် ချန်ဟောက်ထျန်း၏ ဆင်ခြေအား အမှန်တကယ် မယုံကြည်ကြကြောင်း ထင်ရှားလှသည်။

ရန်အာဟူသည် မျက်စိတစ်ဖက် မှိတ်ပြလျက် နောက်ပြောင်လိုက်သည်။

“မင်းတစ်ယောက်တည်းပဲ ဝံပုလွေအုပ်ကို မြင်တွေ့နိုင်တယ်ဆိုတာ ထူးခြားတဲ့ စွမ်းအားတစ်ခုမဖြစ်နိုင်ဘူးလား”

လင်းယန် တစ်ဦးတည်း မည်သည့်စကားမျှ မဆိုဘဲ ရှိနေ၏။ ထိုသူသည် မျက်မှောင်ကြုတ်လျက် လေထဲရှိ အနံ့အား ရှူကြည့်ပြီးနောက် ပြောသည်။

“သူ လိမ်ပြောနေတာ မဟုတ်ဘူး၊ ဒီပတ်ဝန်းကျင်မှာ ဝံပုလွေတွေ အမှန်တကယ် ရှိခဲ့တယ်”

၎င်း၏ အနံ့ခံအာရုံသည် သာမန်လူသားတို့ထက် ဗီဇအရပင် ပိုမိုထက်မြက် စူးရှလှသည်။

အကယ်၍ ထိုပတ်ဝန်းကျင်၌ ဝံပုလွေတစ်ကောင်တည်းသာ လှုပ်ရှားသွားလာခဲ့ပါက ဝံပုလွေတို့၏ ထူးခြားသော ညှီစို့စို့ အနံ့အသက်ကို ခွဲခြားသိမြင်နိုင်ရန် ခဲယဉ်းလိမ့်မည်။

သို့ရာတွင် လေထုထဲ၌ ပြင်းထန်စွာ လွင့်ပျံနေသော အနံ့အသက်များအရ ထိုအနီးအနားတွင် ဝံပုလွေတစ်ကောင်ထက်မက လှုပ်ရှားကျက်စားခဲ့ကြောင်း သေချာလှသည်။

ထိုအချက်သည် ချန်ဟောက်ထျန်း လိမ်ညာပြောဆိုခြင်း မဟုတ်ကြောင်း သက်သေပြနေ၏။

ချန်ဟောက်ထျန်းသည် လင်းရန်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလျက် လင်းယန်သည် မိမိအပေါ် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း သဘောထားပြည့်ဝသူဖြစ်ကြောင်း ခံစားလိုက်ရပြီး ကာ ဆိုသည်။

“ကြားကြတယ် မဟုတ်လား၊ သူဌေးလင်းကိုယ်တိုင်က ဒီမှာ ဝံပုလွေတွေ ရှိတယ်လို့ ပြောနေတာပဲ၊ မင်းတို့ ဘာငြင်းချင်သေးလဲ၊ ငါက ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးကို မင်းတို့ကို လိမ်ပြောရမှာလဲ”

ရှောင်စစ်ယွီသည် စူးစမ်းလိုစိတ်အား မအောင့်နိုင်တော့ဘဲ မေး၏။

“အစ်ကိုလင်း... ဒီနေရာမှာ ဘာဖြစ်လို့ ဝံပုလွေတွေ ရှိနေရတာလဲဟင်”

ဤမေးခွန်း မေးမြန်းရခြင်း အကြောင်းမှာ ခရီးမထွက်မီကတည်းက လင်းယန်သည် ယခုခရီးစဉ်၌ ဘေးအန္တရာယ် အတိုင်းအတာတစ်ခုအထိ ရှိနိုင်သော်လည်း စိုးရိမ်ရလောက်အောင် မကြီးမားကြောင်း ပြောပြခဲ့ဖူးသောကြောင့် ဖြစ်သည်။

လင်းယန်သည် ၎င်းတို့အား တောနက်တောင်နက်ထဲသို့ ခေါ်ဆောင်သွားမည် မဟုတ်သဖြင့် စိုးရိမ်ပူပန်ခြင်း မရှိကြရန် ပြောပြထားခဲ့ဖူးသည်။

အမှန်တကယ်လည်း ထိုသူတို့သည် တောင်ပေါ်သို့ အနည်းငယ်မျှသာ တက်လှမ်းခဲ့ကြကာ ယခုနေရာသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်၏။

အနီးအနားတွင် မှိုများ တွေ့ရှိရသဖြင့် တောတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခြင်း မပြုခဲ့ပေ။

ကျိုးကြောင်းဆင်ခြင်ကြည့်ပါက ဝံပုလွေများသည် လူသားများနှင့် ဝေးရာတွင်သာ ရှောင်ကွင်းကျက်စားတတ်သည်။

အသက်ရှင်သန်ရန် ရုန်းကန်နေရသည့် အခြေအနေမျိုးမှတစ်ပါး ၎င်းတို့သည် အစာရှာဖွေရန် တောင်အောက်သို့ ဆင်းသက်လာမည့် အကြောင်းမရှိပေ။

လင်းယန်သည် ခေါင်းခါလျက် ပြန်ဖြေသည်။

“ငါလည်း အသေအချာ မပြောပြတတ်ဘူး”

ထိုဝံပုလွေများသည် ရုတ်တရက် ရောက်ရှိလာကြကာ ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားကြသည်။

ချန်ဟောက်ထျန်းမှတစ်ပါး အခြားသူတစ်ဦးမျှ ၎င်းတို့အား မမြင်တွေ့လိုက်ရပေ။

“ဒါနဲ့... ဟန်ဟော့ကရော ဘယ်နေရာကို ပြန်သွားပြန်ပြီလဲ၊ ဟန်ဟော့... မင်းအခုချက်ချင်း ထွက်မလာရင် မင်းဘဝမှာ အဲဒီဝံပုလွေမလေးကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးနော်”

လင်းယန်သည် လည်ချောင်းကွဲမတတ် အားရပါးရ အော်ဟစ်လိုက်သည်။

ထိုအခါ ပဲ့တင်သံများသည် အရပ်မျက်နှာ အဖုံဖုံသို့ ပျံ့လွင့်သွား၏။

ချန်ဟောက်ထျန်းသည် ဆွံ့အသော မျက်နှာထားဖြင့် ကြည့်လျက် ဆိုသည်။

“သူဌေးလင်း၊ ကျွန်တော့်အထင်တော့ မင်းရဲ့ခွေးက တကယ်ကို အားကိုးလို့မရလွန်းဘူးဗျာ၊ သခင်ဖြစ်သူရဲ့ အမိန့်မရှိဘဲနဲ့ အဲဒီလို လျှောက်ပြေးရဲတယ်လို့လား”

လင်းယန်သည် မျက်မှောင်ကြုတ်သွား၏။

ဟန်ဟော့သည် ယခင်က ဤကဲ့သို့ ပြုမူတတ်သူ မဟုတ်ပေ၊ ထွက်ခွာသွားလျှင်ပင် အလွန်အမင်း ဝေးကွာသော နေရာသို့ သွားလေ့မရှိချေ။

“မင်းတို့ ဒီနေရာမှာ ခေတ္တခဏလောက် အနားယူနေကြပါ၊ ငါ ဒီအနီးအနားမှာ ဟန်ဟော့ကို သွားရှာလိုက်ဦးမယ်”

ယခုနေရာသည် မိမိအတွက် ပြင်းထန်သော စိတ်ဒဏ်ရာနှင့် အကြောက်တရားများ ပေးစွမ်းခဲ့သဖြင့် ထိုနေရာတွင် မနေလိုကြောင်း ပြောဆိုရန် ကြံရွယ်သော်လည်း ဝမ်လင်းလင်းနှင့် ရှောင်စစ်ယွီတို့သည် တစ်စုံတစ်ရာ ဖွင့်ဟပြောဆိုခြင်း မရှိကြသည်အား တွေးမိသောအခါ မိမိသည် ဦးစွာ ထွက်ခွာလိုကြောင်း ပြောဆိုပါက သတ္တိ ကင်းမဲ့သူဟု ထင်မှတ်ခံရမည်အား စိုးရိမ်သဖြင့် ချန်ဟောက်ထျန်းသည် သတ္တိမွေးကာ နှုတ်ဆိတ်နေလိုက်သည်။

ရန်အာဟူသည် မနေ့က လှော်ထားသော သစ်အယ်သီးများ ထိုသူသုံးဦးအား ဝေမျှပေးလျက် ဆိုသည်။

“ငါတို့လည်း ပျင်းနေတာနဲ့အမျှ ဗိုက်ဖြည့်တဲ့အနေနဲ့ သစ်အယ်သီးလေး ဘာလေး စားနေကြတာပေါ့၊ ဒီနေ့ ငါတို့ မှိုတွေ တော်တော်များများ ခူးနိုင်ခဲ့တယ်၊ အကယ်၍ တောကြက်တစ်ကောင်လောက်ပါ ရှာတွေ့ရင် သိပ်ကောင်းမှာပဲ”

ရန်အာဟူသည် စိတ်ကူးယဉ်ကာ ပြောလိုက်သည်။

ချန်ဟောက်ထျန်းသည် ထိုစကား ကြားသောအခါ သရော်သံဖြင့် ကျယ်လောင်စွာ ရယ်မောလျက် ဆိုသည်။

“တောကြက် ရှာမယ် ဟုတ်လား၊ မင်း တကယ်ကို အိပ်မက်မက်နေတာပဲ၊ မင်းကိုယ်တိုင်ပဲ သွားဖမ်းပေးပါလား၊ မင်းက ကျေးလက်တောရွာမှာ ကြီးပြင်းလာတာ မဟုတ်ဘူးလား၊ ဒီလောက် အရည်အချင်းလေးတောင် မရှိဘူးလို့တော့ မပြောနဲ့လေ”

ဝမ်လင်းလင်းသည် ချန်ဟောက်ထျန်းအား တွန်းထုတ်လိုက်ကာ ပြောသည်။

“နင်က စကားသိပ်များတာပဲ မဟုတ်လား၊ မြို့ပေါ်မှာ ကြီးပြင်းလာရုံနဲ့တင် နင့်ကိုယ်နင် သိပ်ပြီး ဟုတ်လှပြီလို့ မထင်လိုက်နဲ့”

ချန်ဟောက်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားကာ မေးတော့သည်။

“နင်က ဘာဖြစ်လို့ အမြဲတမ်း ဒီကောင့်ဘက်ကပဲ ပါနေရတာလဲ၊ ငါတို့ အထက်တန်းကျောင်းကတည်းက သိလာခဲ့ကြတာကို နင်မေ့သွားပြီလား”

ချန်ဟောက်ထျန်းမှာ စိတ်ထဲမှလည်း ဝမ်လင်းလင်းကို မကျေမနပ်ဖြစ်နေတော့သည်။

‘ငါ အရင်က တကယ်ပဲ မျက်စိကန်းခဲ့တာ ဖြစ်ရမည်၊ ဒီလိုမိန်းမမျိုးကို ဘာဖြစ်လို့ သဘောကျမိခဲ့တာလဲ၊ မြို့ကို ပြန်ရောက်တာနဲ့ စိတ်သစ်ကိုယ်သစ်နဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် ပြောင်းလဲပစ်ရမယ်၊ မျက်စိဆေးရုံကို သွားပြီးတော့ ငါ့မျက်စိကိုလည်း သေသေချာချာ စစ်ဆေးရဦးမယ်’

သို့ရာတွင် ၎င်းတို့နှစ်ဦး စကားအနည်းငယ် ငြင်းခုံပြီးနောက် ချန်ဟောက်ထျန်းသည် ဝံပုလွေအုပ်ကြောင့် ဖြစ်ခဲ့သော အကြောက်တရားများ လျင်မြန်စွာပင် မေ့လျော့သွားသည်။

ဆယ်မိနစ်ခန့် ကြာသွားသော်လည်း လင်းယန်သည် ပြန်ရောက်မလာသေးပေ။

ချန်ဟောက်ထျန်းသည် ရန်အာဟူ ပေးထားသော သစ်အယ်သီးအားလုံး စားသုံးပြီးနောက် မကျေမနပ် ညည်းတွားလိုက်သည်။

“ဘာဖြစ်လို့ သူဌေးလင်း အခုထိ ပြန်မလာသေးတာလဲ၊ ဟင်းချက်ဖို့ တောင်အောက်ကို ဆင်းရဦးမှာ မဟုတ်ဘူးလား၊ ဒီထက်ပိုစောင့်နေရင်တော့ နေ့လယ်စာငတ်တော့မှာပဲ”

ရှောင်စစ်ယွီသည် စိုးရိမ်ပူပန်သော လေသံဖြင့် အကြံပြသည်။

“တစ်ခုခုများ ဖြစ်နေတာများလား၊ ငါတို့ သုံးယောက်ပဲ ဒီမှာ စောင့်နေခဲ့ပြီး ရန်အာဟူ... မင်းပဲ သွားပြီး ရှာကြည့်ပါလား”

လူအားလုံး စု၍ သွားရောက်မရှာဖွေစေချင်ခြင်းမှာ ၎င်းတို့သည် နယ်ဝေးမှ လာသူများဖြစ်၍ ဤနယ်မြေအား ကျွမ်းကျင်မှု မရှိကြသဖြင့် လမ်းပျောက်နိုင်ကာ လင်းယန်အတွက် ပိုမို ဒုက္ခရောက်စေနိုင်သောကြောင့် ဖြစ်၏။

ရန်အာဟူသည် လုံးဝ စိုးရိမ်ပူပန်ခြင်းမရှိဘဲ သစ်အယ်သီး ဝါးစားရင်း အေးအေးလူလူ ဆိုသည်။

“စိုးရိမ်စရာ ဘာမှမရှိပါဘူး၊ သူက ဒီနယ်မြေကို အကုန်အလွတ်ရနေတာ၊ ငါတို့သာ တစ်ခုခုဖြစ်ရင်ဖြစ်မယ်၊ သူကတော့ ဘာမှမဖြစ်နိုင်ဘူး”

ထိုသို့ဆိုပြီး ခဏအကြာတွင် ဝမ်လင်းလင်းက ထိတ်လန့်တကြားအော်သည်။

“အဲဒါ ဘာကြီးလဲ ကြည့်ကြပါဦး”

All Chapters