← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ( ၉၈ )

ဝမ်လင်းလင်းသည် မလှမ်းမကမ်းတွင် ရှိသော မီးခိုးရောင် ဝံပုလွေကြီးများအား ကြက်သေသေကာ စိုက်ကြည့်နေ၏။ သူမ၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားကာ ချန်ဟောက်ထျန်း ပြောခဲ့သည့် စကားများ အမှန် ဖြစ်နေကိုဟု မယုံနိုင်ခဲ့ပေ။

“ဝံပုလွေအုပ်ကြီးလား”

ရန်အာဟူသည် အစားစားနေသည်အား ရုတ်တရက် ရပ်လိုက်ကာ မျက်လုံးများပြူးကာ ရေရွတ်လိုက်၏။

“မဟုတ်နိုင်တာ၊ ဒီလိုနေရာမျိုးမှာ ဝံပုလွေအုပ် ရှိနေနိုင်ပါ့မလား”

ရှောင်စစ်ယွီသည် မျက်မှောင်ကုတ်လျက် တိုးတိုး သတိပေးလိုက်သည်။

“အားလုံးပဲ အသံကျယ်ကျယ် မပြောကြပါနဲ့၊ သူတို့ကို အနှောင့်အယှက် ဖြစ်မသွားစေဖို့ပါ”

ထိုအခြေအနေတွင် အပျော်ရွှင်ဆုံး ဖြစ်နေသူမှာ ချန်ဟောက်ထျန်း ဖြစ်၏။

“အခုမှ ငါပြောတာ အမှန်ဆိုတာ မင်းတို့ သိကြပြီ မဟုတ်လား၊ ဒါပေမဲ့ မင်းတို့ ထွက်ပြေးဖို့ အချိန်နှောင်းသွားပြီ၊ ဒီနေရာမှာ ဝံပုလွေတွေ ရှိတယ်လို့ ငါအခုတင် ပြောခဲ့တာကို မင်းတို့က မယုံကြဘူး၊ အခု ဘာဖြစ်သလဲ ကြည့်ကြစမ်း၊ ဝံပုလွေတွေ ပြန်ရောက်လာပြီ”

ချန်ဟောက်ထျန်း ဆိုသည်။

ဝမ်လင်းလင်းသည် သူ့အား ဒေါသတကြီး စိုက်ကြည့်ကာ ပြောသည်။

“ပါးစပ်ပိတ်ထားစမ်း”

ဝံပုလွေ ခြောက်ကောင်သည် သူတို့ထံသို့ တဖြည်းဖြည်း တိုးလာသော်လည်း ရန်ပြုတိုက်ခိုက်မည့် အရိပ်အယောင်မျိုး မပြဘဲ တစ်စုံတစ်ခု ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကိုသာ ဝေ့ဝဲကြည့်နေကြသည်။

သို့သော် သူတို့သည် တိရစ္ဆာန်စကားကို နားမလည်ကြသဖြင့် ဝံပုလွေများ သွားဖြဲလိုက်သည်အား မြင်သောအခါ မိမိတို့အား စတင်တိုက်ခိုက်တော့မည်ဟုသာ ထင်မှတ်၍ ထိတ်လန့်နေကြ၏။

ချန်ဟောက်ထျန်းသည် ခဏ ရယ်ပြီးနောက် စတင်တုန်လှုပ်လာ၍ စကားများ ထစ်ထစ်အအဖြင့် ပြောသည်။

“မဟုတ်... မဟုတ်ပါဘူး၊ ဝံပုလွေအစ်ကိုကြီးတို့ရာ... ငါတို့အချင်းချင်း ဘာရန်ငြိုးမှ မရှိကြပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မလုပ်ပါနဲ့၊ ငါ့အသားက လုံးဝ မစားကောင်းပါဘူး၊ တကယ်လို့ အသားစားချင်တယ်ဆိုရင် ငါတို့ကို တောင်အောက်ကို ခဏ ပေးဆင်းပါ၊ တောင်အောက်ရောက်ရင် အသားအချို့ ယူခဲ့ပေးပါ့မယ်၊ စိတ်ချပါ၊ ငါတို့ ကတိတည်မှာပါ”

ရှောင်စစ်ယွီ၊ ဝမ်လင်းလင်း နှင့် ရန်အာဟူ တို့မှာ ချန်ဟောက်ထျန်းကို ကြောင်ကြည့်နေကြသည်။

ဝမ်လင်းလင်းသည် လှောင်ပြောင်သော မျက်နှာထားဖြင့်ပြောသည်။

“တိရစ္ဆာန်တွေနဲ့ ဆက်သွယ် စကားပြောနိုင်တယ်လို့ တွေးဝံ့လောက်အောင် မင်းကိုယ်မင်း ဘယ်လောက်တောင် ယုံကြည်ချက်တွေ လွန်ကဲနေရတာလဲ၊ မင်းကိုယ်မင်း အကိုလင်းလို့ ထင်နေတာလား”

ချန်ဟောက်ထျန်း၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွား၍ ပြန်ချေပသည်။

“ဘာသဘောလဲ၊ သူက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ငါကကျတော့ မပြောနိုင်ရဘူးလား၊ ဒီဝံပုလွေတွေက ငါပြောတာကို တကယ် နားလည်နေတာလည်း ဖြစ်နိုင်တာပဲ”

ဝမ်လင်းလင်းသည် တစ်ဖက်လူ၏ ရိုးအသော အပြုအမူအား ထပ်မံလှောင်ပြောင်ရန် ပြင်ဆင်လိုက်စဉ် ထိုဝံပုလွေ ခြောက်ကောင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်အား တွေ့လိုက်ရ၏။

ထိုသတ္တဝါများသည် အခြားမည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ဘဲ အဝေးတစ်နေရာမှ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ထိုအရာကို မြင်လျှင် ချန်ဟောက်ထျန်းသည် ဘဝင်မြင့်သွားကာ ဆိုသည်။

“တွေ့လား၊ တွေ့ကြလား၊ သူတို့ ငါပြောတာကို နားလည်သွားလို့ နောက်ဆုတ်သွားတာ၊ ဒီလို တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ စွမ်းရည်ဆိုတာ ထူးဆန်းတဲ့ အရာမှ မဟုတ်တာ၊ သူတို့လည်း ငါပြောတာကို နားလည်နိုင်တာပဲ မဟုတ်လား”

ရန်အာဟူသည် အနည်းငယ် ဆွံ့အသွားကာမေးလိုက်၏။

“တိရစ္ဆာန်တွေနဲ့ ဆက်သွယ်တယ်ဆိုတာ သူတို့က မင်းပြောတာကို နားလည်ဖို့တင် မဟုတ်ဘူး၊ မင်းကကော သူတို့ပြောတာကို နားလည်လို့လား”

ချန်ဟောက်ထျန်း၏ မျက်နှာအမူအရာ တင်းမာသွားကာ ပြောသည်။

“အဲဒါက ဘာခက်တာမှတ်လို့... ငါ အသေအချာ လေ့လာပြီးရင် နားလည်သွားမှာပေါ့”

“ဟားဟားဟား”

ဝမ်လင်းလင်းသည် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

ရှောင်စစ်ယွီက အခြေအနေကို ပြေလည်အောင် ဝင်ပြောပေးသည်။

“ကဲပါ... ငါတို့အားလုံး အပြင်မှာ ပျော်ပျော်ရွှင်ရွှင် လာလည်ကြတာပဲ၊ ဘာလို့ ငြင်းနေကြတာလဲ၊ ဒါ့အပြင် ဒီဝံပုလွေတွေက ထွက်မသွားသေးဘူး၊ ဘယ်အချိန်မှာ ငါတို့ကို ခုန်အုပ်မလဲ ဘယ်သူမှ မသိနိုင်ဘူး၊ ငါတို့ သတိမပေါ့ကြဘဲ ဒီနေရာကနေ ဖြည်းဖြည်းချင်း ထွက်ခွာနိုင်မလားဆိုတာ စမ်းကြည့်ကြရအောင်”

ရန်အာဟူသည် သူမပြောသည့် စကားမှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ယူဆကာ သဘောတူလိုက်၏။

“ဒါဆိုရင် စမ်းကြည့်ကြတာပေါ့”

သူသည် ယခု တောင်ပေါ်ရွာငယ်လေးတွင် ကြီးပြင်းလာခဲ့သော်လည်း ဤမျှများပြားသော ဝံပုလွေများ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

နောက်ဆုံးအကြိမ် ဝံပုလွေအုပ် မြင်ဖူးခဲ့သည်မှာ တိရစ္ဆာန်ရုံတွင် ဖြစ်သည်။

သို့သော် တိရစ္ဆာန်ရုံအတွင်းရှိ ဝံပုလွေများနှင့် တောတောင်ထဲမှ တောရိုင်းဝံပုလွေများသည် လုံးဝ ကွဲပြားလှ၏။

ထိုသတ္တဝါများသည် လူကို အမှန်တကယ် အသက်အန္တရာယ် ပေးနိုင်သည်။

သူတို့သည် နောက်သို့ သတိကြီးစွာဖြင့် ဆုတ်ခွာခဲ့ကြရာ ဝံပုလွေများသည်လည်း အလွန်မနီးမဝေးသော အကွာအဝေးတစ်ခုမှ အစဉ်တစိုက် လိုက်ပါလာကြသည်။

သူတို့သည် ခြေရာဖျောက်ရန် ပတ်ပြီးသွားကြသော်လည်း နောက်ဆုံးတွင် မူလစခဲ့သည့် နေရာသို့ ပြန်ရောက်ရှိသွားကြ၏။

ထိုအခါ ချန်ဟောက်ထျန်းသည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ အော်ဟစ်ဆဲဆိုလေတော့သည်။

“မင်းတို့က ငါတို့နောက်ကို ဒီလိုမျိုး ဘာလို့ တကောက်ကောက် လိုက်နေကြတာလဲ၊ ငါတို့ကို တကယ်ပဲ အစာလို့ ထင်နေတာလား”

ဝမ်လင်းလင်းသည် အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်ကာ မေး၏။

“မင်းက ဘယ်အချိန်ကစပြီး ဒီလောက်တောင် သတ္တိတွေ ကောင်းသွားရတာလဲ ကောင်လေး၊ တောရိုင်းဝံပုလွေတွေကိုတောင် အော်ဟစ်ဆဲဆိုရဲတယ်ပေါ့၊ သူတို့ မင်းကို ခုန်အုပ်ပြီး ကိုက်စားပစ်မှာကို မကြောက်ဘူးလား”

ချန်ဟောက်ထျန်းသည် နှာခေါင်းရှုံ့လျက် ဆိုသည်။

“ကြောက်စရာ ဘာရှိလဲ၊ ငါ ယောက်ျားပါဟ၊ ဘာလို့ ဝံပုလွေပေါက်စလေးတွေကို ကြောက်နေရမှာလဲ”

အမှန်တကယ် သူ၏ စိတ်တွင် အလွန် ထိတ်လန့်တုန်လှုပ်နေသော်လည်း ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေခြင်းသည် သူ့ကို သတ္တိရှိစေ၏။

ထိုဝံပုလွေများ အမှန်တကယ် ခုန်အုပ်လာလျှင် သူသည် ချက်ချင်း အရင်ဆုံး ထွက်ပြေးမည် ဖြစ်သည်။

“အလို... ဒါကတော့ တကယ့်ကို ထူးခြားတာပဲ၊ သခင်လေးချန်က တကယ့်ကို သတ္တိခဲကြီးပဲနော်”

ဝမ်လင်းလင်းသည် ရွဲ့စောင်းပြောလိုက်၏။

“ဘာတွေ ပြောနေကြတာလဲ”

လင်းယန်သည် ဘေးပတ်ဝန်းကျင်ရှိ သစ်ကိုင်းများ ဖယ်ရှားလျက် လျှောက်လာခဲ့သည်။ သူနှင့်အတူ ဟန်ဟော့ သာမက ဝံပုလွေတစ်ကောင်လည်း အတူတကွ ပါလာ၏။

ထိုအရာကို မြင်လျှင် ရန်အာဟူ မေးသည်။

“ဒီဝံပုလွေက ဘာလဲ၊ ငါတို့ တကယ်ပဲ ဝံပုလွေတွင်းထဲကို ကျရောက်သွားတာလား”

လင်းယန်သည်လည်း မလှမ်းမကမ်းရှိ ဝံပုလွေအုပ်အား မြင်သောအခါ အံ့အားသင့်သွားကာ မေးလိုက်၏။

“ဒီဝံပုလွေတွေ ပြန်ရောက်လာတာလား၊ သူတို့ မင်းတို့ကို ရန်မူကြသေးလား”

ရှောင်စစ်ယွီသည် ခေါင်းခါလျက် ပြန်ဖြေသည်။

“သူတို့က... တော်တော်လေး လိမ္မာကြပါတယ်”

တောရိုင်းဝံပုလွေတစ်ကောင်ကို “လိမ္မာသည်” ဟူ၍ပြောဆိုခြင်းမှာ အနည်းငယ် မသင့်လျော်သော်လည်း ရှောင်စစ်ယွီသည် ထိုသို့ ပြောဆိုလိုစိတ် ရှိနေ၏။

ထိုဝံပုလွေများသည် အလွန် ယဉ်ပါးလွန်းလှသည်။

“အူးဝူး...”

လင်းယန်၏ နောက်မှ ပါလာသော ဝံပုလွေမလေးသည် မိမိ၏ အနွယ်တူများ မြင်သောအခါ ချက်ချင်းပင် ခေါင်းမြင့်မြင့် မော့လျက် ဝင့်ကြွားသော ဟန်ဖြင့် လျှောက်လှမ်းသွားသည်။

ထိုဝံပုလွေမလေးအား မြင်သည်နှင့် တပြိုင်နက် ဝံပုလွေ ခြောက်ကောင်စလုံးသည် မည်သည့်စကားမျှ မဆိုဘဲ မြေပြင်ပေါ်တွင် ချက်ချင်း ဝပ်စင်း၍ အရိုအသေ ပြုကြတော့သည်။

ထိုမြင်ကွင်းသည် ရှောင်စစ်ယွီနှင့် အခြားသူများကို ဆွံ့အမှင်တက်သွားစေ၏။

“ဒါက ဘာဖြစ်တာလဲ”

အဘယ်ကြောင့် ဤဝံပုလွေကြီးများသည် ဝံပုလွေပေါက်စလေးတစ်ကောင်အား ဤမျှအထိ ရိုသေခန့်နေကြသနည်း။

“မဟုတ်မှလွဲရော... ဒီဝံပုလွေလေးက ဝံပုလွေဘုရင် ဖြစ်နေတာလား၊ ဝံပုလွေဘုရင် မဟုတ်ရင်တောင်မှ ဒီဝံပုလွေအုပ်ထဲမှာ အဆင့်အတန်း အလွန်မြင့်မားတဲ့ အရိုက်အရာ ရှိပုံရတယ်”

ရန်အာဟူသည် လင်းယန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးသည်။

“မင်း ဒီဝံပုလွေလေးကို ဘယ်ကနေ ခေါ်လာတာလဲ”

လင်းယန်သည် အကူအညီမဲ့သော မျက်နှာထားဖြင့် ရှင်းပြ၏။

“ဒါက အရင်တုန်းက သစ်တောရေးရာဦးစီးဌာနက ငါတို့အိမ်ကနေ လာခေါ်သွားတဲ့ ဝံပုလွေမလေးပဲလေ”

သူသည် မူလက ဟန်ဟော့ကို လိုက်ရှာရန် ရည်ရွယ်ခဲ့သော်လည်း ထိုကောင်လေး ဘယ်နေရာသို့ သွားရောက် ဆော့ကစားနေသည်အား မသိခဲ့ပေ။ ထိုစဉ် သစ်တောရေးရာဦးစီးဌာန ရှောင်ဝမ်ထံမှ ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့ရာ ၎င်းတို့သည် မြေခွေးနှင့် ဝံပုလွေမလေးကို တောရိုင်းသဘာဝထဲသို့ ပြန်လည်စေလွှတ်လိုက်ကြောင်း၊ ထို့ကြောင့် စိုးရိမ်ပူပန်ခြင်းမရှိရန် ပြောခဲ့သည်။

ဖုန်းချပြီးနောက် သူသည် ဟန်ဟော့အား ဆက်လက်ရှာဖွေခဲ့၏။

ရှာဖွေနေရင်း လင်းယန်သည် ဝံပုလွေမလေး မြေပြင်ပေါ်တွင် အိပ်ပျော်နေသည်အား တွေ့ရှိခဲ့ရာ ဟန်ဟော့သည် သူမ၏ ဘေးတွင်ကော်ကပ်ထားသည့်အလား ကပ်မြှောင်နေခဲ့သည်။

ဟန်ဟော့ တစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။သူသည် ဤဝံပုလွေမလေး၏ အနံ့ကို ရရှိခဲ့ခြင်း ဖြစ်၏။

သူသည် ဟန်ဟော့အား ခေါ်သွားရန် ကြံရွယ်သော်လည်း မတော်တဆ ဝံပုလွေမလေးအား နိုးသွားစေခဲ့သည်။ သူမသည် လင်းယန်ကို မြင်သောအခါ သူ၏ ဘေးတွင်သာ ကပ်တွယ်နေပြီး ခွာသွားရန် ငြင်းဆန်ခဲ့လေသည်။

ထို့ကြောင့် လင်းယန်သည် အခြားရွေးချယ်စရာ မရှိဘဲ ၎င်းတို့နှစ်ကောင်စလုံးကို အတူခေါ်ဆောင်လာခဲ့ရခြင်း ဖြစ်၏။

လင်းယန်၏ စကားကို ကြားရသောအခါ အားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။

ချန်ဟောက်ထျန်းသည် လုံးဝ အထင်သေးသော လေသံဖြင့် ဆိုသည်။

“မင်း ပုံပြင်ဆင်ပြီး ပြောမယ်ဆိုရင်လည်း အနည်းဆုံးတော့ ယုံရလောက်အောင်တော့ ပြောစမ်းပါ၊ ဒီဝံပုလွေမလေးက မင်းနောက်ကို အရှက်မရှိ ကပ်တွယ်နေတာလို့ ပြောချင်တာလား၊ ဒါက မင်းကိုယ်မင်း အမွမ်းတင်လွန်းရာ မကျဘူးလား၊ မင်းကိုယ်မင်း တိရစ္ဆာန်တွေနဲ့ သဘာဝအလျောက် ရင်းနှီးကျွမ်းဝင်နိုင်တဲ့ ပါရမီပါလာတဲ့ နတ်ဘုရားတစ်ပါးလို့ တကယ် ထင်နေတာလား၊ မင်း ဒီဝံပုလွေမလေး မင်းနောက်လိုက်လာအောင် မရိုးသားတဲ့ နည်းလမ်းတွေကို သုံးထားတာ သေချာတယ်”

ဝမ်လင်းလင်းသည် ချန်ဟောက်ထျန်း၏ ခေါင်းအား ရိုက်နှက်လိုက်ကာ ငေါက်လိုက်၏။

“မင်း မသိရင် လျှောက်မပြောနဲ့ ဟုတ်ပြီလား၊ မင်းနဲ့ တစ်တန်းတည်း ရပ်နေရတာတောင် ငါ ရှက်လှပြီ၊ တကယ်လို့ အစ်ကိုကြီးလင်းမှာ စွမ်းရည်မရှိဘူးဆိုရင် အိမ်မှာ အဲဒီ အရှေ့မြောက်ကျားတွေကို ဘယ်လိုလုပ် မွေးထားနိုင်မှာလဲ၊ ငါ့အမြင်တော့ မင်းကသာ တကယ့် မျက်စိကန်းနေတဲ့သူပဲ၊ ကဲ... ပါးစပ်ပိတ်ထားစမ်း၊ ဒီမှာ မင်းစကားကို ဘယ်သူမှ မကြားချင်ဘူး”

ချန်ဟောက်ထျန်းသည် မကျေမနပ်ဖြင့် ပြန်လည်ချေပသည်။

“အဲဒါက ဘာဆန်းလို့လဲ၊ တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ရုံတင်ဥစ္စာ၊ ငါလည်း သူတို့နဲ့ အချိန်အကြာကြီး အတူနေရင် ပြောနိုင်တာပဲ”

ထိုစကားများကြောင့် သူ၏ ဘေးတွင် ရပ်နေသော ရှောင်စစ်ယွီသည် အော်ဟစ်ရယ်မောမိတော့သည်။

ချန်ဟောက်ထျန်းသည် သူမအား ချက်ချင်း စိုက်ကြည့်ကာ မေးလိုက်၏။

“မင်း ဘာလို့ ရယ်တာလဲ၊ ငါပြောတာကို မယုံဘူး မဟုတ်လား”

ရှောင်စစ်ယွီသည် ပြုံးရယ်နေသည်အား ချက်ချင်းရပ်လိုက်ကာ တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။

“ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ”

လင်းယန်သည် ဝံပုလွေမလေး၏ ခေါင်း ပွတ်သပ်ပေးရင်း မေး၏။

“မင်း ဒီဝံပုလွေတွေကို အကုန်လုံး သိနေတာလား”

ဝံပုလွေမလေးသည် ခေါင်းညိတ်ပြလျက် အော်မြည်သည်။

“အူးဝူး”

‘သူတို့အားလုံးက ငါ့ရဲ့ လက်အောက်ငယ်သားတွေပဲ’

ထိုအရာသည် လင်းယန်အား အံ့အားသင့်သွားစေကာ ရေရွတ်မိ၏။

“မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝံပုလွေမျိုးနွယ်စုရဲ့ အကြီးအကဲ ဖြစ်နေပြီပေါ့လေ”

တိရစ္ဆာန်လောကတွင် ရွေးချယ်မှုဟူသည် မျိုးရိုးလိုက်ခြင်းအပေါ် မည်သည့်အခါမျှ အခြေမခံဘဲ စွမ်းရည်ရှိသူသည်သာ မိမိ၏ ရာထူးနေရာကို ခိုင်မာစွာ ရယူနိုင်ခြင်း ဖြစ်သည်။

ဝံပုလွေမလေးသည် အသက်နှစ်နှစ်ခန့်သာ ရှိသေးပုံ၍ အထီးဝံပုလွေကြီးများသည် ထင်ရှားစွာ သက်တမ်းရင့်ကာ ထွားကျိုင်းကြသည်။

သို့သော် သူသည် ဤဝံပုလွေမလေး၏ စွမ်းရည်အား အထင်သေးမိခဲ့ပုံရ၏။

လင်းယန်သည် ဟန်ဟော့အား သနားကရုဏာစိတ် အနည်းငယ်ဖြင့် ကြည့်လိုက်ကာဆိုသည်။

“မင်း အဲဒီစိတ်ကူးကို လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်”

ဝံပုလွေမလေးသည် ဝံပုလွေမျိုးနွယ်စု၏ အကြီးအကဲ ဖြစ်နေသည်။ ဟက်စကီးခွေးတစ်ကောင်အား မည်ကဲ့သို့ မျက်စိကျနိုင်ပါမည်နည်း။

All Chapters